News @ M-Media

Blog

  • အကြမ်းဖက်ဝါဒအား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု တူနီးရှားပြည်သူများ ပြုလုပ်

    အကြမ်းဖက်ဝါဒအား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု တူနီးရှားပြည်သူများ ပြုလုပ်

    မတ် ၃၀၊ ၂၀၁၅
    M-Media

    tunisia-protest

    – နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုနှင့် အစွန်းရောက်ဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုကို တူနီးရှားပြည်သူများက ယမန်နေ့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    မြို့တော်တူနစ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါဆန္ဒပြပွဲတွင် တူနီးရှားပြည်သူ ထောင်သောင်းချီ ပါဝင်ခဲ့ပြီး တူနီးရှားအလံများကို ကိုင်ဆောင်ကာ “တူနီးရှားက လွတ်လပ်ပြီ။ အကြမ်းဖက်ဝါဒ ထွက်သွား” ဟု ကျွေးကြော်ခဲ့ကြသည်။

    ဆန္ဒပြသူများမှာ မတ်လ ၁၈ ရက်နေ့ အကြမ်းဖက်သမားများက နိုင်ငံခြား ခရီးသွားများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သော အမျိုးသားပြတိုက်သို့လည်း ချီတက်ခဲ့ကြသည်။ အဆိုပါ ချီတက်ဆန္ဒပြပွဲကို တူနီးရှားသမ္မတ၊ ပြင်သစ်သမ္မတ ဟော်လန်ဒေး၊ အီတလီဝန်ကြီးချုပ် မက်တီယို ရန်ဇီနှင့် ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်တို့အပါအ၀င် နိုင်ငံရပ်ခြားမှ ခေါင်းဆောင်များလည်း ပါဝင်ခဲ့သည်။

    “တူနီးရှားပြည်သူတွေဟာ အကြမ်းဖက်ဝါဒမှာ ပါဝင်မှာ မဟုတ်ဘူးဆိုတာ သက်သေပြလိုက်ပါပြီ။ ပြည်သူတွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ တူနီးရှားပြည်သူတွေကို ကျွန်တော်ပြောချင်တာက ‘ရှေ့ဆက်သွားပါ’ ဆိုတာပါပဲ” ဟု တူနီးရှားသမ္မတ ဘီဂျီ ကာအစ်ဒ် အက်ဆက်ဘ်စီက ဆန္ဒပြပွဲပြီးနောက် ပြောကြားခဲ့သည်။

    ကမ္ဘာလှည့်ခရီးသွား အများစုအပါအ၀င် လူ ၂၂ ဦး သေဆုံးခဲ့သော တူနစ်ရှိ အမျိုးသားပြတိုက်အား တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သည်ဟု ယူဆရသူ အလ်ဂျီးရီးယားနိုင်ငံသား တစ်ဦးကို စနေနေ့ညက ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း ချေမှုန်းနိုင်ခဲ့သည်ဟု တူနီးရှား အာဏာပိုင်များက ယမန်နေ့စောစာပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါ စစ်ဆင်ရေးအတွင်း အခြား အကြမ်းဖက်သမား ၉ ဦးကိုလည်း သုတ်သင်နိုင်ခဲ့သည်ဟု ဆိုသည်။ တူနီးရှားမှာ အာဏာရှင်များကို ဖြုတ်ချသည့် အာရပ်နွေဦးတော်လှန်ရေး အစပြုရာ နေရာလည်း ဖြစ်သည်။

    Ref: Channelnewsasia

  • အင်္ဂလန်ပြန်လာပါက လီဗာပူးလ်မှလွဲ၍ အခြားအသင်း မသွားဟု ဆွာရက်ဇ်ပြော

    အင်္ဂလန်ပြန်လာပါက လီဗာပူးလ်မှလွဲ၍ အခြားအသင်း မသွားဟု ဆွာရက်ဇ်ပြော

    မတ် ၃၀၊ ၂၀၁၅
    M-Media

    luis-suarez-liverpool-charity-match-29032015_ktsn94rrstin1sqi14g49mpj6

    – ဘာစီလိုနာတိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က တစ်နေ့လျှင် ပရီးမီးယားလိဂ်သို့ လာရောက်ကစားမည်ဆို သတင်းကို ငြင်းဆိုခဲ့ခြင်းမရှိဘဲ ထိုကဲ့သို့ လာရောက်ကစားပါကလည်း လီဗာပူးလ်မှလွဲ၍ အခြားအသင်းသို့ သွာရောက်ကစားမည်မဟုတ်ဟု ဆိုသည်။

    ပြီးခဲ့သည့်နှစ် ဇူလိုင်လက လီဗာပူလ်းမှ ပေါင် ၇၅ သန်းဖြင့် ဘာစီလိုနာသို့ ပြောင်းရွှေ့သွားခဲ့သည့် ဆွာရက်ဇ်မှာ စတီဗင်ဂျရတ် ဦးဆောင်သည့်အသင်းနှင့် ဂျင်မီကာရေဂါ ဦးဆောင်သည့်အသင်းတို့ တနင်္ဂနွေနေ့က ကစားခဲ့သည့် ရန်ပုံငွေပွဲတွင် ၀င်ရောက်ကစားရန် အန်ဖီးလ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

    ထိုပွဲအပြီး၌ လီဗာပူးလ် ၀ဘ်ဆိုက်က ဆွာရက်ဇ်အား အသင်းတွင် တစ်ကျော့ပြန် လာရောက်ကစားနိုင်ဖွယ်ရှိလာဟု မေးမြန်းရာ

    “ဘောလုံးလောကမှာ ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး။ ဒါပေမယ့် တကယ်လို့ အင်္ဂလန်မှာ ပြန်ကစားဖြစ်မယ်ဆိုရင်တော့ လီဗာပူးလ်အင်္ကျီကိုသာ ၀တ်ဆင်ပြီး ကစားသွားမှာပါ။ အခြားအသင်းရဲ့ အင်္ကျီကို ၀တ်မှာ မဟုတ်ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    လီဗာပူးလ်တွင် ၁၃၃ ပွဲကစားပြီး ၈၂ ဂိုးသွင်းယူပေးခဲ့သည့် ဆွာရက်ဇ်မှာ ယမန်နေ့ပွဲတွင် ဂျရတ်၏ အသင်း၌ တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်နှင့် တွဲဖက်ကစားခဲ့သည်။

    “ကျွန်တော့အတွက် သိပ်ကောင်းပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ် အန်ဖီးလ်ကို စရောက်တုန်းက ဖာနန်ဒို (တောရက်စ်) နဲ့ တွဲကစားဖို့ ဆုတောင်းခဲ့ပါတယ်။ ကျွန်တော် လက်မှတ်ထိုးပြီး ၃ ရက်မှာပဲ သူက အသင်းပြောင်းသွားပါတယ်။ ဒီနေ့တော့ ကစားသမားအားလုံးအတွက် ကောင်းမွန်တဲ့ နေ့တစ်နေ့ပါပဲ။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ ဖာနန်ဒိုနဲ့ အတူတကွ ကစားရတာဟာ အခွင့်အရေးကောင်းတစ်ခုပါပဲ” ဟု တောရက်စ်က ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါ ရန်ပုံငွေပွဲတွင် ဟင်နရီ၊ တယ်ရီ၊ ဒရော့ဘာ၊ ဘာလော့တယ်လီ စသဖြင့် ပရီးမီးယားလိဂ်ကစားသမား ဟောင်းများနှင့် လက်ရှိကစားနေသည့် ကစားသမားများ ပါဝင်ခဲ့ကြပြီး ၂ ဂိုးစီ သရေကျခဲ့သည်။

    Ref: Goal.com

  • တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းရန် အာရပ်ခေါင်းဆောင်များ သဘောတူ

    တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းရန် အာရပ်ခေါင်းဆောင်များ သဘောတူ

    မတ် ၃၀၊ ၂၀၁၅
    M-Media

    Egyptian President Abdel Fattah al-Sisi looks on to Egypt's Foreign Minister Sameh Shoukry and Arab League Secretary-General Nabil Elaraby before the start for the closing session of the Arab Summit in Sharm el-Sheikh

    – ယမန်နေ့က အီဂျစ်နိုင်ငံ ရှာမ် အလ်-ရှိခ်တွင် ပြုလုပ်ခဲ့သည့် အာရပ်လိဂ် ထိပ်သီးအစည်းအဝေးတွင် အာရပ်နိုင်ငံများ တပ်ပေါင်းစု ဖွဲ့စည်းရန် သဘောတူညီခဲ့သည်ဟု အီဂျစ် သမ္မတ အဘ်ဒဲလ် စီစီက ကြေညာလိုက်သည်။

    အဆိုပါ ထိပ်သီးအစည်းအဝေးတွင် ဆော်ဒီဦးဆောင်ကာ ဟူသီသူပုန်များကို လေကြောင်းမှ တိုက်ခိုက်နေသော ယီမင်အရေးမှာ လွှမ်းမိုးခဲ့ပြီး နောက်ဆုံးကြေညာချက်တွင် အာရပ်နိုင်ငံများပေါ် လုံခြုံရေးအရ စိန်ခေါ်မှုများ ရှိလာပါက ၀င်ရောက်စွက်ဖက်နိုင်ရန်အတွက် အာရပ်တပ်ပေါင်းစုတစ်ခု တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု၊ အားထုတ်မှုများနှင့် ခြေလှမ်းများအတွက် တိုက်တွန်း
    ဆော်သြခဲ့သည်။

    စီစီကမူ အဆိုပါတပ်ပေါင်းစု ဖွဲ့စည်းရေး တည်ဆောက်ပုံနှင့် နည်းလမ်းများအတွက် အာရပ်နိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်သော အဆင့်မြင့်အဖွဲ့တစ်ဖွဲ့က ဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ တပ်ပါင်းစု ဖွဲ့စည်းမှုမှာ လေးလခန့် ကြာမြင့်မည်ဖြစ်သည်။

    ထိုတပ်ပေါင်းစုကို အာရပ်နိုင်ငံများမှ အကြမ်းဖျင်းအားဖြင့် တပ်သားစုစုပေါင်း ၄၀၀၀၀ ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး စစ်လေယာဉ်များ၊ စစ်သင်္ဘောများနှင့် အပေါ့စား စစ်သုံးယာဉ်များဖြင့် ပံ့ပိုးသွားမည်ဖြစ်သည်။

    သို့သော်လည်း ၂၂ နိုင်ငံပါသော အာရပ်လိဂ် အဖွဲ့ဝင်နိုင်ငံအားလုံးမှ ပါဝင်မည်လားဆိုသည်နှင့်ပတ်သက်၍ မသေမချာ ဖြစ်နေသည်။

    Ref: RT

  • ရီယဲလ်အသင်းကြီးတွင် နည်းပြချင်သည်ဟု ဇီဒိန်းဖွင့်ဟ

    ရီယဲလ်အသင်းကြီးတွင် နည်းပြချင်သည်ဟု ဇီဒိန်းဖွင့်ဟ

    မတ် ၃၀၊ ၂၀၁၅
    M-Media

    zinedine-zidane-real-madrid_13cu3276qvq3b1sn2nida8y4c9 (1)

    – အသင်းကြီးအား နည်းပြရန် အသင်းက ကမ်းလှမ်းခဲ့ပါက မိမိအနေဖြင့် လက်ခံသွားမည်ဟု ရီးယဲလ်ကွင်းလယ်လူဟောင်း ဇီဒိန်းက ပြောကြားလိုက်သည်။

    ဇီဒိန်းမှာ ယခုလက်ရှိတွင် ရီးယဲလ်အရန်အသင်းကို ကိုင်တွယ်နေပြီး ယခုနှစ်အစပိုင်းကတည်းက ရုန်းကန်နေရသည့် ရီးယဲလ်အသင်းကြီးနည်းပြ အန်ဆယ်လော့တီ၏ အနာဂတ်နှင့်ပတ်သက်၍ ကောလဟာလများ ထွက်ခဲ့ပြီးနောက်ပိုင်း အသင်းကြီးနည်းပြဖြစ်လိုသော ၎င်း၏ ဆန္ဒကို ဇီဒိန်းက ပထမဆုံးအကြိမ် ဖွင့်ဟ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    “ရီးယဲလ်အသင်းနည်းပြအဖြစ် ကျွန်တော့်ကို ကမ်းလှမ်းလာမယ်ဆိုရင် ကျွန်တော် အသေအချာကို သဘောတူမှာပါ။ ဒါပေမယ့် အခုလက်ရှိမှာတော့ ကောင်းမွန်စွာ ကိုင်တွယ်နေတဲ့ နည်းပြ ရှိနေပါတယ်။ ပြီးတော့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို တည်ဆောက်နေပြီး သင်ယူနေဆဲ အဆင့်မှာသာ ရှိပါသေးတယ်” ဟု ဇီဒိန်းက Canal+ သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် အဆင်သင့်မဖြစ်သေးကြောင်း ကစားသမားဘ၀တွင် ၂ နှစ်လောက်မှာ တဖြည်းဖြည်းဖြင့် တည်ဆောက်ခဲ့ရပြီး နည်းပြဘ၀တွင်လည်း ထိုကဲ့သို့ဖြစ်ကြောင်း၊ ဇီဒိန်းက ထည့်သွင်းပြောကြားခဲ့ကာ နည်းပြ အန်ဆယ်လော့တီကိုလည်း ချီးကျူးခဲ့သည်။

    “ကာလို (အန်ဆယ်လော့တီ)ဆီက ကျွန်တော် အများကြီး သင်ယူခဲ့ပါတယ်။ ပြီးတော့ သူ့ကို ကျွန်တော် ဘယ်လိုထင်လဲဆိုတာ သူသိပါတယ်။ လူတွေက ဘာတွေပဲပြောနေပြောနေ သူဟာ မက်ဒရစ်အတွက် အသင့်တော်ဆုံးနည်းပြပါပဲ”

    ဇီဒိန်းမှာ ၂၀၀၆ ခုနှစ် ကစားသမားဘ၀မှ အနားယူခဲ့စဉ်မှ စ၍ ပထမအသင်းကို ကိုင်တွယ်ဖူးခြင်း မရှိသေးဘဲ ရီးယဲလ်အား မော်ရင်ဟိုကိုင်တွယ်စဉ်က လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ပြီးခဲသည့်နှစ်ကလည်း အန်ဆယ်လော့တီ၏ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သည်။

    ဇီဒိန်းက ၎င်းမှာ မော်ရင်ဟိုထံမှ အရှုံးမပေးသည့် စိတ်ဓာတ်ကို သင်ယူနိုင်ခဲ့ပြီး မော်ရင်ဟိုမှာ ပြတ်သားသော်လည်း ကစားသမားများအတွက် အရာအားလုံးကို လုပ်ပေးသူဖြစ်ကြောင်း အန်ဆယ်လော့တီမှာ ပို၍သည်ခံမှုရှိပြီး ပြတ်သားရမည့်နေရာတွင်လည်း ပြတ်သားရမည်ကို သိရှိကြောင်း ပြောကြားခဲ့သည်။

    Ref: Goal.com

  • စင်ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယု၏ ဈာပနအခမ်းအနား ကျင်းပ

    စင်ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယု၏ ဈာပနအခမ်းအနား ကျင်းပ

    မတ် ၃၀၊ ၂၀၁၅
    M-Media

    commonwealth-cortege-lky-data

    – စင်ကာပူနိုင်ငံကို တံငါကျွန်းကလေးဘ၀ကနေ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုဖြစ်လာအောင် ဦးဆောင်လမ်းပြ ပေးခဲ့ပြီး စင်ကာပူရဲ့ ဖခင်ကြီးလို့ တင်စားခံရတဲ့ မစ္စတာ လီကွမ်ယုရဲ့ နိုင်ငံတော် ဈာပနအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ပါတယ်။

    အဆုတ်ရောဂါနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကွယ်လွန်သွားခဲ့တဲ့ မစ္စတာလီကွမ်ယုအတွက် မိသားစု ဈာပနအခမ်းအနား ကျင်းပခဲ့ပြီးတဲ့နောက် ရုပ်ကလပ်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစလို့ ပါလီမန်အဆောက်အဦးမှာ ထားခဲ့ပြီး တစ်ကာပူတစ်နိုင်ငံလုံးနဲ့ အခြားနိုင်ငံက အကြီးအကဲတွေ လာရောက် ဂါရ၀ပြုခွင့် ပေးခဲ့ပါတယ်။

    တရားဝင်စာရင်းအရ လာရောက် ဂါရ၀ပြုသူအရေအတွက်ဟာ တစ်နာရီကို ပျမ်းမျှ ၆၅၀၀ ခန့်ရှိပြီး ဗုဒ္ဓဟူးနေ့ကနေ စနေနေ့အထိ လူပေါင်း ၄၅၄၆၈၇ ဦးအထိ ရှိခဲ့ပါတယ်။

    မနေ့က ကျင်းပခဲ့တဲ့ ဈာပနအခမ်းအနားမှာ မစ္စတာလီကွမ်ယုရဲ့ ရုပ်ကလပ်ကို ပါလီမန်အဆောက်ဦးကနေ ဂုဏ်ပြုတပ်ဖွဲ့၊ သားဖြစ်သူ လက်ရှိဝန်ကြီးချုပ် လီရှန်လွန်းအပါအ၀င် မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက် အဟောင်းတွေနဲ့အတူ တက္ကသိုလ် ယဉ်ကျေးမှုစင်တာ UCC ကို သယ်ဆောင်ခဲ့ကြပါတယ်။

    အဲဒီလိုသယ်ဆောင်စဉ်အတွင်းမှာ မစ္စတာလီကွမ်ယု အလုပ်လုပ်ခဲ့တဲ့ ပါလီမန်ဟောင်း အဆောက်အအုံ၊ အမျိုးသားနေ့ စစ်ရေးပြမှု ပထမဆုံးပြုလုပ်ခဲ့တဲ့ Padang ကွင်းပြင်၊ ၁၉၅၉ ခုနှစ်မှာ မစ္စတာ လီကွမ်ယုရဲ့ PAP ပါတီအစိုးရ အနိုင်ရပြီး ချီတက်ခဲ့တဲ့ မြို့တော်ခန်းမအဟောင်း စသဖြင့် သမိုင်းဝင်နေရာတွေကို ဖြတ်သန်း သွားခဲ့ပါတယ်။

    တစ်ချိန်တည်းမှာပဲ စစ်ကာပူစစ်တပ်ကလည်း သေနတ် ၂၁ ချက်ပစ်ဖောက် အလေးပြုခဲ့ကြပါတယ်။ Esplanade တံတားကို ဖြတ်သန်းသွားတဲ့အချိန်မှာတော့ စင်ကာပူရေတပ်က ချီတက်ခုတ်မောင်းကာ ဥသြဆွဲ ဂါရ၀ ပြုခဲ့ကြပြီး လေတပ်က တိုက်လေယာဉ်တွေကတော့ လေပေါ်မှာ ပျံဝဲကာ ဂါရ၀ ပြုခဲ့ကြပါတယ်။

    မစ္စတာလီကွမ်ယုရဲ့ ရုပ်ကလပ်ကို တင်ဆောင်တဲ့ယာဉ်တန်းဟာ မြို့ရဲ့အခြားနေရာတွေကို ဖြတ်သန်းပြီးနောက်ပိုင်းမှာတော့ စင်ကာပူရဲ့ သံယဇာတရင်းမြစ်ဟာ လူ့စွမ်းအားအရင်းအမြစ်ဖြစ်တယ်ဆိုတဲ့ လီကွမ်ယုရဲ့ သဘောထား အခြေတည် ဖော်ဆောင်ခဲ့ရာ စင်ကာပူအမျိုးသားတက္ကသိုလ်ထဲကို ၀င်ရောက်သွားခဲ့ပါတယ်။

    တက္ကသိုလ်ထဲက UCC မှာပြုလုပ်တဲ့ နိုင်ငံတော် ဈပနာအခမ်းအနားကို မိသားစုဝင်တွေ၊ စင်ကာပူခေါင်းဆောင်တွေ၊ နိုင်ငံရပ်ခြားက အကြီးအကဲတွေနဲ့ သာမန် စင်ကာပူနိုင်ငံသားတွေ စုစုပေါင်း ၂၂၀၀ ကျော်လောက် တက်ရောက်ခဲ့ကြပြီး မစ္စတာလီကွမ်ယုကို တစ်နိုင်ငံလုံး တစ်မိနစ်ခန့် ငြိမ်သက် ဂါရ၀ ပြုခဲ့ကြပါတယ်။

    ဈာပနအခမ်းအနား ပြုလုပ်မယ့် နေရာကို သယ်ဆောင်သွားတဲ့ လမ်းဘေးဝဲယာ တစ်လျှောက်လုံးမှာ သိန်းနဲ့ ချီတဲ့ စင်ကာပူပြည်သူတွေဟာ သူတို့ရဲ့ ခေါင်းဆောင်ကြီးကို မိုးတစ်ဖွဲဖွဲကြားမှာ နောက်ဆုံး နှုတ်ဆက်ခဲ့ကြပါတယ်။

    သားဖြစ်သူ လီရှန်လွန်းကတော့ မစ္စတာလီကွမ်ယု တည်ထောင်ပေးခဲ့တဲ့ ကြွယ်ဝတဲ့ စင်ကာပူနိုင်ငံကြီးဟာ သူ့ရဲ့ အထိမ်းအမှတ် အဆောက်အဦးပဲဖြစ်တယ်လို့ ဈာပနအခမ်းနားမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    မစ္စတာလီကွမ်ယုကို နောက်ဆုံးဂါရပြုဖို့အတွက် စင်ကာပူတစ်နိုင်ငံလုံးမှာ နေရာ ၁၈ နေရာသတ်မှတ်ပေးခဲ့ပြီး အဲဒီနေရာတွေကို လာရောက် ဂါရ၀ပြုကြသူအရေအတွက်ဟာ ပြီးခဲ့တဲ့ ၆ ရက်အတွင်းမှာ ၁.၂ သန်းလောက် ရှိခဲ့ပါတယ်။