News @ M-Media

Blog

  • ဘာသာရေး သည်းခံမှု ပျောက်ဆုံးလာသည့် ယူကရိန်းအရှေ့ပိုင်း (သို့) ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံ

    ဘာသာရေး သည်းခံမှု ပျောက်ဆုံးလာသည့် ယူကရိန်းအရှေ့ပိုင်း (သို့) ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံ

    မတ် ၂၅ ၊ ၂၀၁၅
    M-Media
    src.adapt.960.high.donetsk_religion_dog_tags.1426553887130
    – ရုရှားထောက်ခံသူ ခွဲထွက်ရေးသမားများက ဒွန်ညက်ဒေသအား ပြည်သူ့သမ္မတနိုင်ငံအဖြစ်  ပြီးခဲ့သည့်နှစ် ဧပြီလ ကြေညာပြီးကတည်းက Church of Christ အသင်းတော်၏ ခေါင်းဆောင်ဖြစ်သူ လီယွန်နစ် ကရီဇန်နောဗ့်စကီးမှာ ကျီလန့်စာ စားနေရသည်။

    ရုရှားကျောထောက်နောက်ခံပြု သူပုန်များက ရုရှားအော်သိုဒေါ့စ်အသင်းတော်ကို ဒွန်ညက်ဒေသ၏ တရားဝင်ဘာသာတရားအဖြစ် အလျင်အမြန်ပင် ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ ယူကရိန်းမှ ဂိုဏ်းအုပ်ဘုန်းတော်ကြီးများမှလွဲ၍ ရုရှား ဂိုဏ်းအုပ်ဘုန်းတော်ကြီးများကို ပယ်ချသော ယူကရိန်းရှိ အော်သိုဒေါ့စ်အသင်းတော်များ အပါအ၀င် ရုရှားအော်သိုဒေါ့စ်အယူဝါဒ၏ အပြင်ဘက်မှ ဘာသာတရားများမှာ ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံ၏ ရန်သူအလောင်းအလျာအဖြစ် သူပုန်များ၏ မျက်စိစပါးမွှေးစူးခြင်းကို ခံခဲ့ရလေတော့သည်။

    ဒွန်ညက်ဒေသတွင် ဘာသာရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှု ပေါ်ပေါက်လာခြင်းက ကရီဇန်နော့ဗ်စကီးကဲ့သို့ သူများကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်စေခဲ့သည်။

    ဒွန်ညက်နှင့် သူပုန်များ သိမ်းပိုက်ထားသော မြို့များတွင် ပရိုတက်စတင့်နှင့် ကက်သလစ်ခေါင်းဆောင်များကို လက်နက်ကိုင် သူပုန်များက ဖမ်းဆီးသည်။ အနောက်နိုင်ငံများ၏ အေးဂျင့်များ သို့မဟုတ် ဖက်စစ်အစိုးရဟု ၎င်းတို့ခေါ်ဆိုသည့် ယူကရိန်းအစိုးရ၏ သူလျှိုများဖြစ်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးကြခြင်းဖြစ်သည်။ ဘာသာရေးခေါင်းဆောင်များနှင့် နောက်လိုက်အမြောက်အများမှာ ရိုက်နှက်ခံကြရပြီး KGB ပုံစံ မြေအောက် အကျဉ်းစခန်းများတွင် အကျဉ်းချထားခြင်း ခံရလေသည်။

    ဒွန်ညက်၏ အနောက်ဘက်အစွန်ပိုင်းရှိ ပက်ထရော့ဗ်စကီးဒေသတွင် ယေဟောဝါသက်သေ(ခရစ်ယာန်အသင်းတော်တစ်ခု) ၏ ခန်းမကို ပြီးခဲ့သည့်နွေရာသီက သူပုန်များ ၀င်ရောက်လုယက် ဖျက်ဆီးခဲ့ကြသည်။ ထို့နောက် Church of Christ အသင်းတော်၏ သေးငယ်သော ဘုရားကျောင်းတည်ရှိရာ လမ်းတစ်ဖက်တွင်ရှိသည့် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကိုလည်း သူပုန်များက အပိုင်စီးခဲ့ကြသည်။

    src.adapt.960.high.donetsk_religion_catholic_church

    ပတ်ဝန်းကျင်တွင် ထိုကဲ့သို့ ဖြစ်ပွားနေစဉ်တွင် ယခင် မိုင်းတွင်းအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ယခုတွင် ဘုန်းတော်ကြီးတစ်ပါးအဖြစ် ဆောင်ရွက်နေသည့် ကရီဇန်နော့ဗ်စကီးတစ်ယောက် လွတ်မြောက်ရေးအတွက် မည်သည့်အခွင့်အရေးမှ မရခဲ့ဘဲ သြဂုတ်လနှင့် စက်တင်ဘာလများတွင် ၎င်းမှာ ပုန်း၍သာ နေရသည်။ သူပုန်များက ၎င်းနှင့် အခြား အော်သိုဒေါ့စ်မဟုတ်သည့် ခရစ်ယာန်ခေါင်းဆောင်များကို ရှာဖွေရာတွင် ကရီဇန်နော့ဗ်စကီးမှာ မြို့တွင်းရှိ ဆွေမျိုးအိမ် တစ်ခုမှတစ်ခုသို့ ကူးပြောင်းကာ ပုန်းရှောင်ရသည်။

    သို့သော်လည်း အောက်တိုဘာလတွင် သူပုန်များက ကရီဇန်နော့ဗ်စကီး၏ အရှိုက်ကို ထိုးနှက်လိုက်သည်။

    “ကျွန်တော်တို့ ဘုရားကျောင်းကို သူပုန်အဖွဲ့က ဖျက်ဝင်ဖို့ ကြိုးစားမယ်ဆိုပြီး ဖုန်းရပါတယ်။ ဒါ့ကြောင့် ကျွန်တော် အဲဒီကို ပြေးသွားတယ်။ သူတို့ တံခါးကို ဖျက်ဖို့ ကြိုးစားနေတာကို ကျွန်တော်တွေ့တဲ့အခါ သူတို့ကို ကျွန်တော်က သော့တွေ ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ဘုရားကျောင်းလေးကို ဖျက်ဆီးတာထက် သူတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ၀င်သွားနိုင်တာက ပိုကောင်းပါတယ်” ဟု ကရီဇန်နော့ဗ်စကီးက ပြောကြားခဲ့သည်။

    အထဲရောက်သွားသည့် အချိန်မှာတော့ သူပုန်အဖွဲ့မှ တပ်မှူးတစ်ဦးက Church of Christ မှာ အမေရိကန်မှ လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်ဟု စွပ်စွဲကာ ထိုဘုရားကျောင်းအတွင်း တပ်စွဲမည်ဟု ပြောဆိုခဲ့ကြောင်း ကရီဇန်နောဗ့်စကီးက ပြန်ပြောပြသည်။ သူပုန်တစ်ဒါဇင်ခန့်မှာ စကွဲယားပေ ၃၀၀၀ ခန့်ကျယ်သော အဆိုပါ ဘုရားကျောင်းအတွင်းသို့ ၀င်ရောက်ကာ ၀တ်ပြုခန်းမတွင် စခန်းချ၍ ၀တ်ပြုရာခုံများတွင် ၎င်းတို့၏ ကာလာရှင်ကော့ဗ် ရိုင်ဖယ်များ တင်ကြသည်။

    ဘုရားကျောင်းရှိ ကျမ်းစာအုပ်များနှင့် ဆန်းဒေးစကူးလ်စာအုပ်များကို နောက်ဘက်ရှိ စတိုခန်းထဲသို့ သွားရောက်သိမ်းဆည်းခွင့်ကိုတော့ သူပုန်များက ပေးသည်။ ဘုရားကျောင်း၏ မီးဖိုဆောင်နှင့် အခြားသော အသုံးအဆောင်များကို ၎င်းတို့က စိတ်ကြိုက်သုံးစွဲကြတော့သည်။

    သီတင်း ၂ ပတ်ကြာပြီးနောက် သူပုန်များ အခြားနေရာသို့ ရွှေ့ရမည်ဟု အမိန့်ရကြောင်း တပ်မှူးက ကရီဇန်နော့ဗ်စကီးအား ဖုန်းဖြင့်ပြောသည်။ ထွက်မသွားခင်အလျှင် ၎င်းတို့က အနက်ရောက် အရိုးခေါင်းနှင့် ကြခြေခတ်အရိုး ၂ ချောင်း (အန္တရာယ်အမှတ်အသား)၊ ၎င်းတို့၏ တိုက်ပွဲအမည်ဖြစ်သည့် Oplot တို့ကို ဘုရားကျောင်း၏ အပြင်ဘက်နံရံတွင် ရေးချယ်သွားလေသည်။

    src.adapt.960.high.donetsk_religion_church_exterior.1426553887130

    သို့သော်လည်း ဘုရားကျောင်း၏ လွတ်မြောက်မှုက မကြာလိုက်။ အခြား သူပုန်အဖွဲ့တစ်ခုက သီတင်းပတ် ၃ ပတ်အကြာတွင် ရောက်လာကြပြီး ဂိုဏ်းအုပ်ဘုန်းတော်ကြီးအား သော့အပ်ရန် တောင်းဆိုကြသည်။ ဤအချိန်တွင်တော့ တပ်မှူးက ပို၍ ရန်လိုပြီး တိုက်ခိုက်ရေးသမားအရေအတွက်လည်း ပိုပါလာသည်ဟု ကရီဇန်နော့ဗ်စကီးက ဆိုလေသည်။

    “အခု သူပုန်ခေါင်းဆောင်က ကျွန်တော်တို့ကို သဘောမကျချင်ပါဘူး။ ပိုဆိုးလာမှာပါ။ စစ်ပွဲက ခဏနဲ့ ပြီးမယ့်ပုံမရှိတော့ ဒါတွေ ပိုဆိုးလာမယ်လို့ ကျွန်တော် ထင်ပါတယ်”

    အနောက်ယိမ်းသည့် ယူကရိန်းအစိုးရကို တိုက်ခိုက်နေသည့် ခွဲထွက်ရေးသမားများမှာ ရှေးရိုးစွဲ ရုရှားအော်သိုဒေါ့စ်ဝါဒ၏ တင်းကျပ်သော လိုက်နာမှုပါဝင်သည့် အယူအဆကို နာခံကြသူများဖြစ်သည်။ သူပုန်ခေါင်းဆောင်များ၏ မိန့်ခွန်းများနှင့် ၀ါဒဖြန့်စကားများတွင် ရုရှားအော်သိုဒေါ့စ်အသင်းတော်ကို ဒွန်ဘက်စ်ဒေသ သမိုင်းနှင့် ယဉ်ကျေးမှုတို့၏ ရှိရင်းစွဲ အစိတ်အပိုင်းတစ်ခုအဖြစ် ဖော်ပြကြသည်။ ထိုသို့ ဖော်ပြခြင်းက ယူကရိန်းအရှေ့တောင်ပိုင်းရှိ ဒေသများအားလုံးပါဝင်သည့် ရုရှားသစ် သို့မဟုတ် နိုဗိုရိုစီးယား နိုင်ငံကို သူပုန်များ တည်ထောင်လိုခြင်း၏ နောက်ကွယ်အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။

    ဒွန်ဘက်စ်ဒေသမှာ ရုရှားအော်သိုဒေါ့စ်တိုင်းပြည်အဖြစ် သူပုန်များက ဖော်ပြနေကြခြင်းကြောင့် အဆိုပါ ဒေသကို ပို၍ လစ်ဘရယ်ကျပြီး အထိန်အချုပ်မဲ့လွန်းသော ဥရောပအနောက်ပိုင်းမှ ဘာသာတရားများ လွှမ်းမိုးသည့် ယူကရိန်းအနောက်ပိုင်းနှင့် ပေါင်းစည်းနိုင်မည်မဟုတ်။

    ပဋိ့ပက္ခများ တစ်နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် ယူကရိန်းအရှေ့ပိုင်းတွင် ဘာသာတရားမှာ ရုရှားအော်သိုဒေါ့စ် စစ်တပ်ဟုခေါ်သည့် သူပုန်တပ်ရင်းဆိုသော ၀ါဒဖြန့်မှုတွင် ထင်ရှားသည့် အခန်းကဏ္ဍမှ ပါဝင်နေလေသည်။ ဒေသတစ်ဝှမ်း စစ်ရေးဂိတ်များရှိ ရုရှားကော့ဆက်များက ၎င်းတို့မှာ ရုရှားပြည်သူလူထု၏ ဘုရားသခင် ကာကွယ်ရေးတပ်သားများဟု ပြောကြသည်။ ၎င်းတို့၏ လည်ပင်းတွင် လက်ဝါးကပ်တိုင်များကို ဂုဏ်ယူစွာ ချိတ်ဆွဲကြပြီး ၎င်းတို့၏ အိတ်ထောင်များတွင်လည်း ရွှေရောင် လက်ဝါးကပ်တိုင်များကို တပ်ဆင်ထားကြသည်။

    ခွဲထွက်ရေးသမားများ၏ အယူအဆတွင် ရုရှားအော်သိုဒေါ့စ် ဘာသာတရားကို အသုံးပြုခြင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရုရှားအမျိုးသားရေးဝါဒီများ အသုံးပြုကြသော နည်းနာဖြစ်သည်။ ၎င်းတို့ ရုရှားနိုင်ငံအား ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုအဖြစ် တည်ဆောက်ရေး ဆောင်ရွက်ရာတွင် အစိုးရကို ပြည်သူလူထုက ထောက်ခံရန် ဘာသာတရားကို အသုံးပြုကြသည်ဟု ရုရှားနှင့် ယူကရိန်းမှ အမျိုးသားရေးအဖွဲ့များ အကြောင်းကို အထူးပြုလေ့လာနေသည့် လန်ဒန်တက္ကသိုလ်မှ သုတေသနပညာရှင် အန်တန် ရှက်ခေါ့ဗ်စတော့ဗ်က ဆိုသည်။

    “ဒါမျိုးဟာ ရုရှားရဲ့ ဇီယွန်ဝါဒလိုမျိုးပါပဲ” ဟု သူကဆိုပြီး ဆိုဗီယက်အလွန် ရုရှားတွင်တော့ အာဏာရှင်ဆန်သည့် အစိုးရကောင်းစားရေးဝါဒသာ ရှိတော့သည်ဟု ပြောကြားခဲ့သည်။

    “ဒါ့ကြောင့် ပူတင်နဲ့ ရုရှားတည်ဆောက်မှုမှာ နောက်လိုက်တွေကို သူတို့ရဲ့အသုံးပြုကြတဲ့ အမှတ်သညာ တစ်ခုခုနဲ့ ဖော်ပြရပါတယ်။ နောက်ပိုင်းမှာ သူတို့ဟာ အဲဒီအမှတ်သညာကို စုပေါင်းထောက်ခံမှုနဲ့ သူတို့ရဲ့ အာဏာကို ထိန်းသိမ်းဖို့ အသုံးပြုနိုင်ပါတယ်” ဟု ရှက်ခေါ့ဗ်စတော့ဗ်က ပြောကြားခဲ့သည်။

    သူပုန်ခေါင်းဆောင်များက ၎င်းတို့အစိုးရမှာ အခြားသော ဘာသာတရားများ၊ လူမျိုးစုများနှင့် ဘာသာစကားများအား သည်းခံမှုရှိသည်ဟု ကြေညာထားသော်ငြား ကရီဇန်နော့ဗ်စကီးကဲ့သို့ ခေါင်းဆောင်များကတော့ ဒွန်ညက်၏ လက်တွေ့အခြေအနေမှာ အလွန်ကွဲပြားခြားနားနေသည်ဟု ဆိုကြသည်။

    တိုက်ခိုက်မှုနှင့် ငြင်းပန်းနှိပ်စက်မှုများ ဖြစ်လာမည်ကို ကြောက်ရွံ့သောကြောင့် ဂျူးများ၊ မွတ်စလင်များနှင့် အခြားသော ဘာသာရေးလူနည်းစုများမှာ သူပုန်များ ထိန်းချုပ်ထားရာဒေသများမှ စွန့်ခွာ ထွက်ပြေးခဲ့ကြသည်။ Church of Christ ပါအ၀င် အခြားသော ခရစ်ယာန်ဘုရားကျောင်းများမှာလည်း ဗုံးကြဲမှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည်။ သူပုန်များ လျှို့ဝှက်နေရာအဖြစ်အသုံးပြုခြင်း သို့မဟုတ် နေထိုင်ခြင်းတို့ မရှိသည့် ဘုရားကျောင်းများကိုတော့ သော့ပိတ်ထားသည်။

    ၂၀၁၄ ခုနှစ် ဇူလိုင်လနှောင်းပိုင်း ယူကရိန်းအရှေ့ပိုင်း စလော့ဗ်ညက်ဒေသရှိ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာတစ်ခုတွင် ခရစ်ယာန် ဧ၀ံဂေလိအသင်းတော်မှ ဘုန်းတော်ကြီးတစ်ဦး၏ သားလေးယောက်အလောင်းကို တွေ့ရှိခဲ့ရသည်။ ဧ၀ံဂေလိအသင်းတော်မှာ အမေရိကန်မှ အသင်းတော်ဖြစ်သည်ဟု စွပ်စွဲ၍ သူပုန်များက ၎င်းတို့အား သတ်ဖြတ်ကာ စလော့ဗ်ညက်မြို့အား ခွဲထွက်ရေးသမားများက ၃ လကြာ သိမ်းပိုက်ထားစဉ်အတွင်း အသတ်ခံရသူများနှင့် ရော၍ မြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

    Church of Christ အသင်းဝင် ၂၀၀ မှ ထက်ဝက်ကျော်မှာ ခွဲထွက်ရေးသမားများ၏ ရန်ကြောင့် ဒွန်ညက်မြို့မှ ထွက်ပြေးခဲ့ရသည်။ ယခုအချိန်တွင် ကရီဇန်နော့ဗ်စကီးတစ်ယောက် တနင်္ဂနွေနေတိုင်း ဒွန်ညက်မြို့တစ်ဝှမ်း ၀တ်ပြုဆုဆောင်းမှု ၃ ခုကို ဦးဆောင်ပေးနေရ၏။ အသင်းဝင်များ နေထိုင်ရာတိုက်ခန်းများတွင် ပြုလုပ်သော ၀တ်ပြုဆုတောင်းမှုများတွင် ဖြစ်သည်။

    မိမိအားလိုအပ်သော အခြားခရစ်ယာန်များကို ကူညီရန် ဒွန်ညက်မြို့တွင် နေခဲ့ခြင်းဖြစ်သည်ဟု ကရီဇန်နော့ဗ်စကီးက ဆိုပြီး ဘတ်စ်ကားစီးသည့်အချိန်၊ လိုင်းစီသည့်အချိန်များတွင် ဘာသာရေးနှင့်ပတ်သက်၍ ပြောဆိုမှုကို ထိန်းသိမ်းကြရန် ခရစ်ယာန်များကို ၎င်းက သတိပေးထားသည်။ ထိုကဲ့သို့ ခိုးကြောင်ခိုးဝှက် နေရခြင်းက သူ့အတွက် ဆိုဗီယက်ခေတ်ကို သတိပြန်ရစေသည။် ထိုခေတ်က ဘာသာတရားဟူ၍မရှိဘဲ ကွန်မြူနစ်ဝါဒနှင့် ဘုရားမဲ့ဝါဒသာရှိသည်ဟု ကရီဇန်နော့ဗ်စကီးက ဆိုသည်။

    ပြီးခဲ့သည့်နှစ် ပဋိပက္ခများမစတင်ခင် ဆိုဗီယက်အလွန် ယူကရိန်းနိုင်ငံမှာ ဘာသာတရားများအကြား သည်းခံမှု အရသာကို ၂၃ နှစ်ကြာ ခံစားခဲ့ရသည်ဟု ၎င်းကပြောသည်။ ကွန်မြူနစ်အစိုးရ၏ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရသည့် ဘာသာတရားအများစုမှာ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားသည့်အခါ လွတ်လပ်စွာ ကျင့်သုံးခွင့်ရခဲ့သည်။ ဂရိကက်သလစ်၊ နှစ်ခြင်း၊ ဧ၀ံဂေလိနှင့် ဂျူးဘာသာတရားများမှာ ဘုရားကျောင်းသစ်များကို တည်ဆောက်ခဲ့ကြပြီး ပိတ်ထားသော ဘုရားကျောင်းများကိုလည်း ပြန်လည် ဖွင့်လှစ်ခဲ့ကြသည်။

    ယူကရိန်းယဉ်ကျေးမှုဝန်ကြီးဌာန၏ အဆိုအရ ၂၀၁၄ ခုနှစ်က ဒွန်ညက်ဒေသရှိ ဘာသာရေးအုပ်စုများမှ ၄၂ ရာခိုင်နှုန်းမှာ ရုရှားအော်သိုဒေါ့စ်ဘာသာဝင်များဖြစ်ကြပြီး ကျန်အုပ်စုများမှာ ဧ၀ံဂေလိ၊ ဂျူး၊ အစ္စလာမ်၊ ပရိုတက်စတင့်နှင့် အခြားဘာသာဝင်များဖြစ်ကြသည်ဟု သိရသည်။ ယူကရိန်း တစ်နိုင်ငံလုံး အတိုင်းအတာအရဆိုလျှင် ၃၇ ရာခိုင်နှုန်းမှာ ရုရှားအော်သိုဒေါ့စ်များ ဖြစ်ကြလေသည်။

    ဖေဖော်ဝါရီနှောင်းပိုင်းက Church of Christ ဘုရားကျောင်း၏ မီးဖိုဆောင်တွင် ကရီဇန်နော့ဗ်စကီးတစ်ယောက် ဗစ်တာ (အမည်လွှဲ) ဆိုသည့် သူပုန်တစ်ယောက်နှင့် နောက်ခဲ့ပြောင်ခဲ့ကြသည်။ ဗစ်တာက အခြားသော သူပုန်များစားရန်အတွက် စွပ်ပြုတ်ကို ပြင်ဆင်ချက်ပြုတ်ပေးသည်။ သူပုန်များအား ဒေါသထွက်မည့်အစား ၎င်းတို့နှင့် မိတ်ဆွေဖြစ်ရန်နှင့် ၎င်း၏ ဘုရားကျောင်းအကျိုးငှာ ဆက်ဆံရေးတစ်ခုဖြစ်လာရန် အကောင်းဆုံး ဆောင်ရွက်သည်ဟု ကရီဇန်နော့ဗ်စကီးက ပြောကြားခဲ့သည်။

    “ယူကရိန်း စစ်သားတွေကို ကျွန်တော်ချစ်သလို သူတို့ကိုလည်း ကျွန်တော်ချစ်တယ်ဆိုတာ ဒီကောင်လေးတွေကို ပြောပြပါတယ်။ ကျွန်တော်တို့အားလုံးဟာ ညီအစ်ကိုတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် သတ်နေကြတာလို့ သမ္မာကျမ်းစာက ဆိုထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    ကရီဇန်နော့ဗ်စကီးတစ်ယောက် ၎င်း၏ ဘုရားကျောင်းကို ပြန်လိုချင်ပြီး သို့မှသာ အသင်းဝင်များက ဘုရားကျောင်း၌ အပတ်စဉ်ပေးသော စွပ်ပြုတ်များကို လာယူနိုင်မည်ဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်းတွင် ပဋိပက္ခများ ၀င်လာခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုလိုအပ်လာသည်ဟု ဗစ်တာကို ၎င်းက ရှင်းပြသည်။

    ဗစ်တာကလည်း စွပ်ပြုတ်များဝေငှမည့်အစီအစဉ်ကို သဘောကျသည်။ သူ၏ တပ်မှူးက ဘုရားကျောင်းအား စွန့်လွှတ်ရေးအတွက် အထက်ကို တင်ပြပေးမည်ဟု ကရီနောဗ့်စကီးကို ကတိပေးသည်။

    သို့သော်လည်း ယခုအချိန် ဒွန်ညက်ဒေသတွင် ထိုဘုရားကျောင်းနှင့် အခြားသော ဘာသာရေးအုပ်စုများမှ ဘုရားကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးကတော့ အလွန်အန္တရာယ်များသည်ဟု ဗစ်တာက ပြောသည်။

    “ဒီဘုရားကျောင်းတွေကို အမေရိကန်က ထောက်ပံ့တယ်ဆိုတာ ခင်ဗျားသိလား။ ကျွန်တော်တို့ ဒါကို ခွင့်မပြုနိုင်ဘူး။ စစ်ပြီးလို့ ၅ နှစ်လောက်ကြာရင်တော့ ဖြစ်ကောင်းဖြစ်နိုင်မှာပါ။ အဲဒီအချိန်ကျရင် ဖက်ဆစ်တွေကို တိုက်ထုတ်တာထက် အခြားအရာတွေကို ကျွန်တော်တို့ ပိုအာရုံစိုက်နိုင်မှာပါ” ဟု ဗစ်တာက ပြောကြားခဲ့လေသည်။

    ref: aljazeera
    လေးမောင် ဘာသာပြန်သည်။

  • ယူကရိန်းမှ ကုရ်အာန်အာဂုံဆောင်သူ ပထမဆုံး အမျိုးသမီး

    ယူကရိန်းမှ ကုရ်အာန်အာဂုံဆောင်သူ ပထမဆုံး အမျိုးသမီး

    မတ် ၂၅၊ ၂၀၁၅
    M-Media

    24-3-15_First-Ukrainian-Woman-Memorizes-Quran

    – လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်လာခဲ့တဲ့ ယူကရိန်း မွတ်စလင်အမျိုးသမီးတစ်ယောက်ဟာ ဘာသာစကားအခက်အခဲနဲ့ အချိန်ကန့်သတ်ချတ်တွေကို ကျော်လွန်ပြီး ကုရ်အာန်ကျမ်းတော်မြတ်ကို အာဂုံဆောင်နိုင်ခဲ့ပြီးတဲ့နောက် အခုဆိုရင် ယူကရိန်းရဲ့ ပထမဆုံး အမျိုးသမီး ဟာဖီဇာ (ကုရ်အာန်ကျမ်းတော်မြတ်ကို အာဂုံဆောင်နိုင်သူ) ဖြစ်လာခဲ့ပါတယ်။

    “ကျွန်မ အာရဘီဘာသာစကားကို လေ့လာတာကနေ စတင်ခဲ့ပြီး ကုရ်အာန်ကို နားလည်ဖို့၊ အာဂုံဆောင်နိုင်ဖို့အတွက် ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ ပါဒတော်တွေနဲ့ သူတို့ရဲ့ အဓိပ္ပါယ်တွေကို ချရေးလေ့ရှိပါတယ်။ အလုပ်မလုပ်ခင်၊ အိမ်ထောင်ပြုပြီး ကလေးမရခင် တက္ကသိုလ်ကျောင်းသူ ဘ၀ကတည်းက စခဲ့တာကြောင့် အချိန်တော့ တော်တော်လေး ကြာခဲ့ပါတယ်” လို့ ကုရ်အာန်ကျမ်းတော်မြတ်ကို အာဂုံဆောင်နိုင်ခဲ့တဲ့ ဗီရာ ဗာရီနက်က ပြောကြားခဲ့ပါတယ်။

    အထူးသဖြင့် ဘာသာစကား အခက်အခဲ၊ အချိန်ကန့်သတ်ချတ်တွေကို စဉ်းစားတွေးတောခဲ့စဉ်က အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဗီရာတစ်ယောက် ကုရ်အာန်ကျမ်းတော်မြတ်တစ်အုပ်လုံးကို အာဂုံဆောင်နိုင်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။

    ဒါပေမယ့် အာရဘီဘာသာစကားကို သင်ယူလေ့လာခဲ့တာက ရည်ရွယ်ချက်ကြီးမားတဲ့ ဒီသစ်လွင်မွတ်စလင်အမျိုးသမီးအတွက် ကြီးမားတဲ့ အကူအညီ ဖြစ်စေခဲ့ပါတယ်။

    “ကိဗ်မြို့က အစ္စလာမ့်ယဉ်ကျေးမှုစင်တာမှာ အာရဘီဘာသာစကားကို သင်ယူပြီးနောက်ပိုင်းမှာ ကုရ်အာန်ကျမ်းတော်မြတ်ကို အာဂုံဆောင်ဖို့ ကျွန်မအချိန်ဇယားတစ်ခုကို ရေးဆွဲခဲ့ပြီး ကျမ်းတော်မြတ် တစ်အုတ်လုံးကို ၉ လ လောက်နဲ့ အာဂုံဆောင်နိုင်ခဲ့ပါတယ်” လို့ ဗီရာက ဆိုပါတယ်။

    သူမဘ၀ရဲ့ အိပ်မက်တစ်ခု အောင်မြင်ပြီးတဲ့နောက်ပိုင်းမှာတော့ ဗီရာက သူမဟာ မွတ်စလင်တွေကို ကုရ်အာန်ကျမ်းတော်မြတ် ပြန်လည်သင်ပေးဖို့ စိတ်အားထက်သန်နေပြီး အဲဒီလိုပဲ မွတ်စလင်မဟုတ်သူတွေ အကြားမှာလည်း စစ်မှန်တဲ့အစ္စလာမ်ကို ပြန့်နှံ့အောင် ဆောင်ရွက်သွားဖို့လည်း ရည်ရွယ်နေပါတယ်။

    ဗီရာဟာ သူရဲ့ မောင်၊ မိခင်နဲ့ ညီမလေးယောက်စလုံး အစ္စလာမ်ကို သက်ဝင်ယုံကြည်လာအောင် ကူညီနိုင်ခဲ့သူ ဖြစ်ပြီး အစ္စလာမ်နဲ့ ပတ်သက်လို့ အသိပညာတွေ ရှာဖွေရာမှာ လူငယ်တွေကို ဖေးမနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

    အစ္စလာမ်ကို ပြောင်လဲသက်ဝင်လာသူ ယူကရိန်းအမျိုးသမီးငယ် ဂျာနာက ဗီရာနဲ့တွေ့ခဲ့ပြီးတဲ့နောက် အစ္စလာမ်ဟာ ဘာသာတရားတစ်ခုသာမက ဘ၀နေထိုင်မှုလမ်းစဉ်ဖြစ်တယ်ဆိုတာကို သိရှိယုံကြည်လာခဲ့ပြီး အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့တာလို့ ဆိုပါတယ်။

    ၂၀၁၂ ခုနှစ်မှတ်တမ်းများအရ ယူကရိန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ ၅ သိန်းလောက်ရှိတယ်လို့ ခန့်မှန်းထားပြီး အဲဒီအထဲက ၃ သိန်းခန့်က ခရိုင်းမီးယား တာတာလူမျိုးတွေ ဖြစ်ပါတယ်။

    ယူကရိန်းမွတ်စလင်ဘုတ်အဖွဲ့ရဲ့ အဆိုအရတော့ ၂၀၀၉ ခုနှစ်မှာတင် ယူကရိန်းက အစ္စလာမ်ဘာသာဝင်ဦးရေဟာ ၂ သန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

    ဘုရားသခင်က ကောင်ကင်တမန်ကြီး ဂျစ်ဗရာအီလ်ကနေတစ်ဆင့် တမန်တော် မုဟမ္မဒ်သခင်ထံ ချပေးခဲ့တယ်လို့ ယုံကြည်တဲ့ ကုရ်အာန်ကျမ်းတော်မြတ်ကို တည်တံ့အောင်ထိန်းသိမ်းရာမှာ အာဂုံဆောင်ခြင်းဟာ အရေးပါဆုံး နည်းလမ်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    Ref: Onislam

  • ဂျာမန် ခရီးသည်တင်လေယာဉ် ပြင်သစ် ဆီးနှင်းတောင်တန်းပေါ်ပျက်ကျ ၊ လေယာဉ်ပေါ်လိုက်ပါသူ ၁၅ဝ လုံးအသက်ရှင်ဖွယ်မရှိဟု ပြင်သစ်သမ္မတပြော

    မတ် ၂၄၊ ၂၀၁၅
    M-Media

    စပိန် ဘာစီလိုနာကနေ ဒွတ်ဆယ်ဒေါ့ဖ် မြိုကို ဦးတည်ပျံသန်းခဲ့တဲ့ ဂျာမနီလေကြောင်းလိုင်း Germanwings  ရဲ့ A320 လေယျာဉ်ဟာ ပြင်သစ် ဆီးနှင်းတောင်တန်းပေါ်ပျက်ကျခဲ့ပါတယ်။  လေယာဉ်အမှတ် 4U9525 ဖြစ်တယ်လို့ လေကြောင်းလိုင်းက အတည်ပြုပြောကြားပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၄၄ ဦးနဲ့ လေယာဉ် ဝန်းထမ်း ၆ ဦးတို့ လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။

    1427199246_germanwings-article

    လေယာဉ်ဟာ နှင်းလျှောစီး၊ တောင်တက် စတာတွေနဲ့ကျော်ကြားတဲ့တောင်တန်းပေါ်မှာပျက်ကျခဲ့တာဖြစ်ပေမယ့် ကယ်ဆယ်ရေးအတွက်တော့ ခက်ခဲ့တဲ့နေရာဖြစ်ပါတယ်။
    ” ဒီညနေမှာ တိမ်ထူနေမှာဖြစ်ပြီး၊ မီတာ ၁၈ဝဝ အမြင့်မှာ မုန်တိုင်းငယ်လေးတွေလည်းရှိနေမှာ၊ တိမ်တွေကလည်း နိမ့်နိမ့်လေးဖြစ်နေမှာလို့ ”  ဒေသ မိုးလေဝသဌာနက ပြောဆိုပါတယ်။

    A320 လေယာဉ်တွေဟာ ကမ္ဘာ့လေကြောင်းလိုင်းတွေမှာ အကြမ်းခံဆုံးလေယာဉ်တွေဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အသုံးအများဆုံး ဂျက်အင်ဂျင်သုံး ခရီးသည်တင် လေယာဉ်ဖြစ်ပြီး အန္တရာယ်ကင်းစိတ်ချရမှုမှာ မှတ်တမ်းကောင်းရှိတဲ့လေယာဉ်တွေဖြစ်ပါတယ်။

    Source :Reuter

  • တရုတ်၏ လက်နက်တင်ပို့မှုက အမေရိကန်၏ သြဇာကို လျော့ကျနိုင်

    တရုတ်၏ လက်နက်တင်ပို့မှုက အမေရိကန်၏ သြဇာကို လျော့ကျနိုင်

    မတ် ၂၄၊ ၂၀၁၅
    M-Media

    16.si

    – တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် အဆင့်မြင့်လက်နက်များမှာ နိုင်ငံတကာဈေးကွက်တွင် နောက်ထပ် ၁၀ နှစ်ခန့် ဆက်လက် ပြန့်နှံ့နေပါက မတည်မငြိမ် ဖြစ်လာနိုင်ပြီး အခြားသော နိုင်ငံများတွင် အမေရိကန်၏ ၀င်ရောက်စွက်ဖက်မှုမှာ ပို၍ ခက်ခဲသွားစေမည်ဟု Foreign Policy မဂ္ဂဇင်းတွင် ရေးသားဖော်ပြခဲ့သည်။

    China’s Weapons of Mass Consumption ခေါင်းစဉ်ဖြင့် ရေးသားထားသော ဆောင်းပါးတွင် ထိုကဲ့သို့ သုံးသပ်ထားခြင်းဖြစ်ပြီး နိုင်ငံတကာ လက်နက်ဈေးကွက်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ တိုးမြင့်လာမှုကိုလည်း ဆန်းစစ်ထားသည်။

    လက်နက်ငယ်များမှ အဆင့်မြင့်လက်နက်များအထိ တရုတ်နိုင်ငံ၏ တင်ပို့မှုကို ၂၀၁၁ ခုနှစ်က အာဖရိကနှင့် အရှေ့အလယ်ပိုင်းသို့ ဒရုန်းလေယာဉ်များ တင်ပို့ရောင်းချမှုက သက်သေပြနေပြီး ၂၀၁၂ ခုနှစ်က အလ်ဂျီးရီးယားသို့ ဖရီးဂိတ်သင်္ဘော ၃ စီး ရောင်းချရန်စာချုပ်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သော တူရကီနိုင်ငံက အမေရိကန်၊ ရုရှားနှင့် ဥရောပနိုင်ငံများ၏ ကမ်းလှမ်းမှုကိုကျော်က တရုတ်ထုတ် လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရွေးချယ်မှုများကလည်း ထင်သာ မြင်သာ ရှိနေသည်။

    မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံမှာ နိုင်ငံခြားလက်နက်များအား ပုံတူပြုလုပ်ခြင်း၊ ပြည်တွင်း လက်နက် သုတေသနနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များ ဖော်ဆောင်ခြင်း စသည်တို့တွင် ငွေကြေးအမြောက်အများ ရင်းနှီးမြှုပ်နှံခြင်းဖြင့် နိုင်ငံ၏ ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်မှုကဏ္ဍတွင် ကိုယ်တိုင်ဆောင်ရွက်နိုင်အောင် ကြိုးစားအားထုတ်ခဲ့သည်။

    ထိုကဲ့သို့ ကြိုးစားမှုက အောင်မြင်ခဲ့ပြီး လက်ရှိအချိန်တွင် အမေရိကန်နှင့် ရုရှားတို့ပြီးလျှင် တရုတ်နိုင်ငံမှာ ကမ္ဘာ့ တတိယအကြီးဆုံး လက်နက် တင်ပို့သည့်နိုင်ငံ ဖြစ်လာခဲ့သည်။

    တရုတ်နိုင်ငံမှ လက်နက်များမှာ ဈေးပေါပြီး အရည်အသွေးမှာ အခြားသော လက်နက်တင်ပို့သည့် နိုင်ငံများထက် ပိုမကောင်းသော်လည်း အသုံးပြုရန်အတွက် လုံလောက်အောင် ကောင်းသည်ဟု Foreign Policy က ဆိုသည်။

    ကျွမ်းကျင်သူ ဂျိုးဆက်ပ် အီ လင် ကမူ လာမည့်နှစ်များတွင် တရုတ်နိုင်ငံ၏ အဆင့်မြင့်လက်နက်များ၏ အရည်အသွေးမှာ တိုးတက်လာမည်ဖြစ်ပြီး ဈေးမှာလည်း ဆက်လက် လျော့ကျမည်ဟု ဆိုသည်။

    မဂ္ဂဇင်းက တရုတ်နှင့် အိန္ဒိယနိုင်ငံများမှာ ကမ္ဘာ့လက်နက်တင်ပို့သည့် နိုင်ငံများအဖြစ် မြင့်တက်လာခြင်းက စိုးရိမ်စရာကောင်းသည့် လားရာ၏ အစိတ်အပိုင်းဖြစ်သည်ဟု ရေးသားထားသည်။ လင်ကလည် လက်နက်များ ဈေးပေါပေါနှင့် အလွယ်တကူ ရနိုင်ခြင်းက ကမ္ဘာ့နိုင်ငံများတွင် တည်ငြိမ်မှု ယိုယွင်းလာမည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် တရုတ်နိုင်ငံ၏ လက်နက်တင်ပို့မှုများက နိုင်ငံတကာတွင် အမေရိကန်၏ လွတ်လပ်စွာ ပြိုင်ဘက်မရှိ လှုပ်ရှားမှုခေတ်ကိုလည်း ကုန်ဆုံးစေမည်ဖြစ်ကြောင်း တရုတ်နှင့် အိန္ဒိယတို့မှ ဈေးပေါသည့် လက်နက်များက ကမ္ဘာ့လက်နက်ဈေးကွက်ကို နှောက်ယှက်မည်ဖြစ်ပြီး အမေရိကန်၊ ရုရှားနှင့် ဥရောပတို့မှ လက်နက်မှာယူမှုများကို လျော့ကျသွားစေမည်ဖြစ်ကြောင်း လင်က ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီလက်နက်တွေဟာ ကာကွယ်ရေးအသုံးစားရိတ် အကန့်အသတ်ရှိတဲ့ နိုင်ငံတွေတောင်မှ ကာကွယ်ရေးလုပ်နိုင်စွမ်းကို ရရှိစေနိုင်ပါတယ်။ ပြီးတော့ အထိအခိုက် သိသိသာသာမရှိဘဲနဲ့ အမေရိကန်က စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုကိုလည်း ပိုပြီး ခက်ခဲသွားစေနိုင်ပါတယ်” ဟု အဆိုပါ မဂ္ဂဇင်းတွင် နိဂုံးချုပ် ရေးသားခဲ့သည်။

    Ref: RT

  • လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်နေသည်ဟု ဂျရူးဆို

    လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်နေသည်ဟု ဂျရူးဆို

    မတ် ၂၄၊ ၂၀၁၅
    M-Media

    1131962_heroa

    – မိမိအနေဖြင့် အာဆင်နယ်ကစားသမား သက်တမ်းတစ်လျှောက်တွင် လက်ရှိအချိန်အ၌ အကောင်းဆုံးခြေစွမ်းဖြင့် ကစားနေပြီး ဂိုးရှေ့တွက် မတည်မငြိမ်ဖြစ်သည်ဆိုသည့် ဝေဖန်မှုများက မိမိအား သက်ရောက်မှုမရှိဟု အာဆင်နယ်တိုက်စစ်မှူး ဂျရူးက ပြောကြားလိုက်သည်။

    စနေနေ့က နယူးကာဆယ်အား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဂျရူးမှာ အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့ပြီး နောက်ဆုံး ၁၀ ပွဲတွင် ၉ ဂိုးအထိ သွင်းယူပေးထားနိုင်ကာ အာဆင်နယ်၏ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ဆက်လက်သေချာစေခဲ့သည်။

    ပရီးမီးယားလိဂ်တွင်မှာ ဂျရူးသွင်းယူထားသည်ဂိုးမှာ ၁၃ ဂိုးရှိပြီး ၎င်းထက် မိနစ် ၅၀၀ ပိုကစားထားကာ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးစာရင်းကို ဦးဆောင်နေသည့် ဒီယေဂိုကော်စတာနှင့် ဟယ်ရီကိန်းတို့ထက် ၅ ဂိုးသာ ကွာဟနေသည်။

    “ကျွန်တော် အာဆင်နယ်ကို စရောက်တည်းက အခုအချိန်ဟာ ကျွန်တော့်ရဲ့ အကောင်းဆုံးအချိန် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော် ဒီအတိုင်းပဲ ဆက်သွားရပါမယ်။ ဒီမှာတင် ရပ်တန့်မနေချင်ပါဘူး။ ပြီးခဲ့တဲ့နှစ်က ပရီးမီးယားလိဂ်မှာ ၁၆၊ ၁၇ ဂိုးလောက် သွင်းနိုင်ခဲ့ပါတယ်။ (ဒီနှစ်မှာ) ဒီထက်ပိုသွင်းချင်ပြီး အထူးသဖြင့် အသင်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် ကြိုးစားရာမှာ ကျွန်တော်ကူညီချင်ပါတယ်” ဟု ဂျရူးက RMC Sport သို့ ပြောကြားခဲ့သည်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ မိုနာကိုအား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အပိုင်လုံး ၂ လုံးအား လွဲချော်ခဲ့သည့်အတွက် ဂျရူးမှာ ဝေဖန်မှုများကို ခံခဲ့ရပြီး ၎င်းကမူ ထိုအဖြစ်အပျက်မှ ရုန်းထွက်ရန် လိုအပ်သည့် စိတ်ဓာတ်ကြံ့ခိုင်မှုကို ရရှိခဲ့သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    “ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီပွဲမှာ ကျွန်တော်ဟာ စွမ်းဆောင်ရည် မပြည့်ဝခဲ့တာကြောင့် ကောင်းမွန်တဲ့ အနေအထားမှာမရှိခဲ့ပါဘူး။ ကျွန်တော် နည်းနည်း ကပျက်ကချော် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပိုကောင်းတဲ့ ပုံစံမျိုးနဲ့ ပြန်လာနိုင်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုမျိုးကို ပြသနိုင်ခဲ့ပြီး ဝေဖန်မှုတွေကို ကျွန်တော် မမှုဘူးဆိုတာကိုလည်း သက်သေပြနိုင်ခဲ့ပါတယ်”

    Ref: Goal.com