News @ M-Media

Blog

  • ဘာသာရေးအသွင်ဆောင် ပဋိပက္ခများသည် ယခင်စစ်အစိုးရ အဖွဲ့ဝင်များ လက်ချက်ဟု Justice Trust အဖွဲ့ထုတ်ပြန်

    ဘာသာရေးအသွင်ဆောင် ပဋိပက္ခများသည် ယခင်စစ်အစိုးရ အဖွဲ့ဝင်များ လက်ချက်ဟု Justice Trust အဖွဲ့ထုတ်ပြန်

    ဧရာဝတီမှ ကူးယူဖော်ပြသည်။
    10464354_1491339591083252_5668154329372377568_n
    မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသည့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများနှင့် အရပ်ဝတ် အင်အားစုများ၏ အကြမ်းဖက်မှုများသည် ယခင် စစ်အစိုးရ အဖွဲ့ဝင်များက လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တဖွဲ့ဖြစ်သော Justice Trust က ပြောဆိုလိုက်သည်။

    မတ်လ ၂၃ ရက်က ထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံ၏ အဓိကရုဏ်များ အကြောင်း ဆန်းစစ်ချက်များ အစီရင်ခံစာတွင် ဖော်ပြထား ခြင်း ဖြစ်သည်။

    “၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်ကနေ ၂၀၁၄ ခုနှစ် မန္တလေး ဖြစ်ရပ်အထိ ဘာသာရေး အကြမ်းဖက်မှုတွေကို လှုံ့ဆော်နေတာက အရင် စစ်အစိုးရဟောင်းက ခေါင်းမာဂိုဏ်းသားတွေရဲ့ အာဏာတည်မြဲဖို့၊ သူတို့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ပြောင်းမှုအပေါ် ချုပ် ကိုင် ဖို့ ကြိုးပမ်းတာတွေကို ဖော်ပြနေပါတယ်”ဟု Justice Trust ၏ အမှုဆောင် ဒါရိုက်တာ Mr.Roger Normand က ပြောသည်။

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းစာဆရာများ ကလပ်(FCCT- Foreign Correspondents Club of Thailand) ၌ မတ်လ ၂၃ ရက်တွင် ပြုလုပ်သည့် အစီရင်ခံစာနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် Mr.Roger Normand က ပြောဆိုခြင်း ဖြစ်သည်။

    ထိုအစီရင်ခံစာကို အစိုးရသစ် သမ္မတ ဦးသိန်းစိန် တာဝန်ယူပြီး နောက်ပိုင်း ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည် နယ် ပဋိပက္ခ၊ ၂၀၁၄ ခုနှစ်က မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် အစ္စလမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အကြား ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများ၏ ဖြစ်စဉ် အပေါ်တွင် စစ်တမ်းကောက်ယူ၍ အစီရင်ခံစာ ရေးသားထားခြင်း ဖြစ်ကြောင်း သိရ သည်။

    သမ္မတ ဦးသိန်းစိန် လက်ထက်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မိထ္ထီလာမြို့နှင့် မန္တလေးမြို့တို့တွင် ဖြစ်ပွားခဲ့သည့် ဘာသာ ရေး ပဋိပက္ခ အသွင်ဆောင်သည့် အကြမ်းဖက်မှုများတွင် ဒေသခံတို့၏ အိုးအိမ်များ၊ အစ္စလမ် ဘာသာဝင်တို့၏ နေအိမ်များကို ၀င်ရောက် ဖျက်ဆီးသူတို့သည် ဒေသခံများ မဟုတ်ဘဲ အကြမ်းဖက်ဂိုဏ်းများမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ဒေသခံ အချင်းချင်း ကို ဘာသာရေးအရ ပဋိပက္ခ ဖြစ်ပွားသည့်အသွင် ဖော်ဆောင်ခံရခြင်း ဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ရေးသားထားသည်။

    လက်ရှိအစိုးရ အဖွဲ့အနေဖြင့် ပြုပြင်ပြောင်းလဲမှု အမှန်တကယ် လုပ်ဆောင်နေကြောင်းနှင့် ပြည်သူများအပေါ် အစိုးရက ကာကွယ် ပေးမှုရှိကြောင်း ပြသရန် အတွက် ပဋိပက္ခ ဖြစ်ပွားစေရန် ဖန်တီးနေသည့် လူတစုကို ဖော်ထုတ်အရေးယူရန် လိုအပ်သည်ဟုလည်း Mr. Roger Normand က ပြောဆိုသည်။

    ဘာသာရေး အသွင်ဆောင် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ Justice Trust မှ စစ်တမ်း ကောက်ယူရာတွင် သက်ဆိုင်ရာ အာဏာ ပိုင်များက မည်သူလုပ်ဆောင်သည်ကို အတည်ပြုပေးခြင်းမရှိဘဲ ပြင်ပမှလူများဟု စွပ်စွဲပြောဆိုခြင်း၊ အစ္စလမ် ဘာသာ ၀င်များဟု စွပ်စွဲ၍ အစ္စလမ် ဘာသာဝင်များကို လက်စားချေရန် လူမှုကွန်ရက်(Facebook) မှ တဆင့် ဒေသခံများကို တိုက်တွန်းခြင်း၊ ရဲအမြောက်အမြားကို အဓိကရုဏ်း ဖြစ်ပွားသည့် နေရာများ၌ အဓိကရုဏ်း မဖြစ်မီ နေရာချ ပေးထားသော်လည်း အချိန်မီ ဥပဒေအရ ကာကွယ်နိုင်ခြင်း ပျက်ကွက်ခဲ့သည့် အချက်တို့ကို ပဋိပက္ခတိုင်း၌ တူညီစွာ တွေ့ရှိခဲ့ရသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

    သမ္မတ အကြံပေးလည်း ဖြစ်သည့် ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်ကမူ Justice Trust အစီရင်ခံစာပါ စွပ်စွဲချက်များကို လက်မခံကြောင်း၊ လက်ရှိတာဝန်ယူနေသော အစိုးရအဖွဲ့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များအရ တည် ဆဲ ဥပဒေပါ ပြ ဌာန်းချက်များ အတိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

    “တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ရတဲ့ အဖွဲ့အစည်း တခုလုံးအနေနဲ့ ဥပဒေအတိုင်း ဆောင်ရွက်ပေမယ့် အဖွဲ့ဝင် တဦးချင်းမှာတော့ မှားယွင်းမှုရှိကောင်း ရှိနိုင်တာပေါ့၊ အဲ့ဒါမျိုးတွေကို အဖွဲ့အစည်းက ပြန်သုံးသပ် ပြင်ဆင်သွားမှာပါ”ဟုလည်း ၎င်းက ပြောဆို သည်။

    အဆိုပါ အစီရင်ခံစာကို Hidden Hands Behinds Communal Violence in Myanmar : Case Study of the Mandalay Riots ဟု အမည်ပေးထားပြီး Justice Trust မှ နိုင်ငံတကာ ရှေ့နေများ အပါအ၀င် မြန်မာနိုင်ငံရှိ ရှေ့နေများ ကွန်ရက်မှ ရှေ့နေများ၊ ပဋိပက္ခ ဖြစ်ပွားရာဒေသမှ ဒေသခံများနှင့် ပူးပေါင်း၍ ၆ လခန့် မှတ်တမ်းများ ကောက်ယူပြုစုထားခြင်း ဖြစ်သည်ဟု သိရသည်။

    အစီရင်ခံစာတွင် ပါဝင်ကူညီခဲ့သည့် ရှေ့နေများ ကွန်ရက်မှ ရှေ့နေ ဦးသိန်းသန်းဦးက“ယူနီဖောင်းဝတ် စစ်သားတွေအစား အရပ် ၀တ် အင်အားစုတွေကို အသုံးချပြီး နိုင်ငံနဲ့တ၀န်း အကြမ်းဖက်မှုတွေကို လုပ်နေတဲ့ ကိစ္စပါ၊ နိုင်ငံမှာ လိုအပ်နေတဲ့ အမှန်တကယ် လိုအပ်ချက်တွေကို အာရုံလွှဲနိုင်ဖို့ လူနည်းစုတွေကို ဓားစာခံလုပ် အသုံးချနေတဲ့ ကိစ္စပါ”ဟု ပြောသည်။

    ထိုတွေ့ရှိချက်များသည် အာဏာတည်မြဲရေး ကြိုးပမ်းလိုသည့် အင်အားစုတစုက နောက်ကွယ်မှ လုပ်ဆောင်နေသည့် သက်သေများရှိနေပြီး အကြမ်းဖက်မှုကို လှုံ့ဆော်ရာတွင် ရဟန်းဖြစ်သည့် အရှင်ဝီရသူကလည်း တိုက်ရိုက် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အစီရင် ခံစာတွင် ရေးသားထားသည်။

    အဓိကရုဏ်းတွင် ကျူးလွန်ခဲ့သူများကို ဥပဒေကြောင်းအရ ရှာဖွေဖော်ထုတ်မှု အစိုးရက ပျက်ကွက်ခဲ့သည့် အပြင် အဓိကရုဏ်းများ ဖြစ်ပွားချိန်မှာ လူထုက တရားမျှတမှု၊ ဒီမိုကရေစီ အခွင့်အရေးများ အရှိန်မြှင့် တောင်းဆိုနေသည့် အချိန်နှင့် အချိန်ကိုက် ဖြစ်နေသဖြင့် အစိုးရက ဒီမိုကရေစီ တောင်းဆိုမှုများကို အာရုံလွှဲလိုက်ခြင်း ဖြစ်သည်ဟုလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

    Justice Trust သည် အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တဖွဲ့ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံရှိ ရှေ့နေများ ကွန်ရက်၊ သတင်းသမားများနှင့် ဆက်သွယ်၍ မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းပြုစုခြင်း၊ လူ့အခွင့် အရေး ချိုးဖောက်ခံနေရသည့် ဖြစ်ရပ်များတွင် အကူအညီပေးခြင်းများ ပြုလုပ်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့်အဖွဲ့ ဖြစ်သည်။

    http://burma.irrawaddy.org/news/2015/03/25/73078.html

  • ပါကစ္စတန်ထုတ် တိုက်လေယာဉ်ကို မြန်မာဝယ်ယူမည်

    ပါကစ္စတန်ထုတ် တိုက်လေယာဉ်ကို မြန်မာဝယ်ယူမည်

    မတ် ၂၅၊ ၂၀၁၅
    M-Media

    CB09N0081H_2012資料照片_N71_copy1

    – တရုတ်လေကြောင်းကုမ္ပဏီ Chengdu Aircraft Industry နှင့် ပါကစ္စတန်တို့ ပူးတွဲထုတ်လုပ်သည့် JF-17 Thunder စွယ်စုံသုံး တိုက်လေယာဉ်ကို ၀ယ်ယူရန် မြန်မာနိုင်ငံနှင့် ပါကစ္စတန်တို့ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းရင်းမြစ်ကို ကိုးကား၍ ပါကစ္စတန် Capital တီဗီမှ မတ်လ ၁၈ ရက်နေ့တွင် ဖော်ပြခဲ့သည်။

    အဆိုပါလေယာဉ်မှာ F 16 နှင့် ဥရောပမှ တိုက်လေယာဉ်များကဲ့သို့ အဆင့်ရှိပြီး ထိုလေယာဉ်များထက် ဈေးနှုန်း ပို၍ ချိုသာသောကြောင့် နိုက်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ တာဂျစ်ကစ္စတန်နှင့် မြန်မာတို့က ၀ယ်ယူရန် အလွန်အမင်း စိတ်ဝင်စားခဲ့သည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။ မြန်မာ့တိုင်မ်းစ်၏ အဆိုအရ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကတည်းက ၀ယ်ယူရန် စိတ်ဝင်စားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

    ထို့ပြင် တရုတ်နှင့် ပါကစ္စတန်တို့၏ အကူအညီဖြင့် မြန်မာနိုင်ငံမှာ တိုက်လေယာဉ်များကို ကိုယ်တိုင် ထုတ်လုပ်ချင်သည့် ဆန္ဒလည်း ရှိနေသည်။ ယခင်က တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံမှာ J-7 တိုက်လေယာဉ်နှင့် Q-5 တိုက်ခိုက်ရေး လေယာဉ်များ ထုတ်လုပ်မှုတွင် အတွေ့အကြုံ ရှိပြီးဖြစ်သည်။

    စွယ်စုံသုံး JF-17 Thunder လေယာဉ်ကို ၀ယ်ယူရန်နှင့်ပတ်သက်၍ မြန်မာအာဏာပိုင်များက တရားဝင် အတည်ပြုခြင်း မရှိသေးပေ။ ပါကစ္စတန်မှာ ၎င်းတို့ထုတ်လုပ်သော တိုက်လေယာဉ်များကို ပြည်ပဈေးကွက်၌ ရောင်းချရန် အင်တိုက်အားတိုက် ဆောင်ရွက်နေသော်လည်း အထက်တွင် ဖော်ပြခဲ့သည့် နိုင်ငံများကမူ ၀ယ်ယူရန် ဆုံးဖြတ်ချတ် မချရသေးပေ။

    Ref: Wantchinatimes

  • ၂၂ နှစ်ကြာပြီးမှ အမေရိကန်အမျိုးသမီးတစ်ဦး သေဒဏ်မှ လွတ်မြောက်

    ၂၂ နှစ်ကြာပြီးမှ အမေရိကန်အမျိုးသမီးတစ်ဦး သေဒဏ်မှ လွတ်မြောက်

    မတ် ၂၅၊ ၂၀၁၅
    M-Media

    150324153608-bts-arizona-death-sentence-debra-milke-exonerated-00023723-large-169

    – အာမခံငွေကြေး ရယူလိုမှုအတွက် သားဖြစ်သူအား အခြားအမျိုးသား ၂ ဦးနှင့်အတူ ပူးပေါင်းကြံစည် သတ်ဖြတ်မှုဖြင့် သေဒဏ်ကျခံနေရသော အမေရိကန် အမျိုးသမီး ဒီဘရာ မီလ်ကီအား အပြစ်မရှိဟု ဆုံးဖြတ်၍ အရီဇိုးနားတရားရုံးက တနင်္လာနေ့တွင် တရားသေလွှတ်ပေးခဲ့သည်ဟု သိရသည်။

    ၁၉၈၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အမှုအတွက် မီလ်ကီမှာ သေဒဏ်ကျခံနေရခြင်းဖြစ်ပြီး ထောင်တွင်း၌ ၂၂ နှစ်တာ ကုန်ဆုံးခဲ့ရကာ မီလ်ကီကမူ သူမအနေဖြင့် အပြစ်မရှိကြောင်း ဥပဒေကြောင်းအရ ရင်ဆိုင်လာခဲ့ခြင်း ဖြစ်သည်။

    သားဖြစ်သူအား သတ်ဖြတ်ခဲ့ကြောင်း မျက်မြင်သက်သေ သို့မဟုတ် မှတ်တမ်းမှတ်ရာများ မရှိသော်လည်း စုံထောက်တစ်ဦးဖြစ်သူ အာမန်ဒို ဆာလ်ဒိတ်က မီလ်ကီမှာ ပြစ်မှုကျူးလွန်ကြောင်း ၎င်းထံ ဖြောင့်ချက်ပေးခဲ့သည်ဆိုသည့် အထောက်အထားဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး တရားသူကြီးများက ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ထိုအမှုမှာ တရားရေးဆိုင်ရာ မှားယွင်းမှုအဖြစ် သတ်မှတ်ခဲ့ကာ မီလ်ကီအပေါ် စွဲဆိုထားသည့် စွဲချက်များအားလုံးကို ဖယ်ရှားပေးခဲ့သည်။

    ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် မီလ်ကီ၏ သားဖြစ်သူ ခရစ္စတိုဖာက ရှော့ပင်းမောလ်တစ်ခုတွင် ဆန်တာကလော့စ်အား ကြည့်ရှုခဲ့ပြီး နောက်တစ်နေ့တွင် ထပ်မံကြည့်ရှုချင်သည်ဟုဆိုကာ မိခင်ဖြစ်သူအား တောင်းဆိုခဲ့သည်။

    ထို့နောက် မီလ်ကီ၏ အခန်းဖော်ဖြစ်သူ ဂျိမ်းစ်စတိုင်ယာက ခရစ္စတိုဖာအား ခေါ်ဆောင်သွားပြီးနောက် ၎င်း၏ သူငယ်ချင်းဖြစ်သူ ရော်ဂျာစကော့နှင့်အတူ မြို့ပြင်သို့မောင်းကာ ခရစ္စတိုဖာအား သေနတ်ဖြင့် ပစ်သတ်၍ မီလ်ကီကို သားဖြစ်သူ ပျောက်သွားသည်ဟု ပြောကြားခဲ့သည်။

    ထိုသတ်ဖြတ်မှုတွင် မီလ်ကီမှာ ရော်ဂျာစကော့၏ ထွက်ချက်ကြောင့် ပါဝင်လာခြင်းဖြစ်သော်လည်း ၂၂ နှစ်တာကြာမြင့်ခဲ့ပြီးနောက် သူမ၏ အပြစ်ကင်းစင်မှုမှာ ပေါ်လွင်ထင်ရှားလာခဲ့သည်။ မီလ်ကီမှာ အမေရိကန်တွင် သေဒဏ်ကျခံနေရာမှ လွတ်မြောက်လာခဲ့သည့် ဒုတိယမြောက် အမျိုးသမီးလည်း ဖြစ်သည်။

    စတိုင်ယာနှင့် စကော့တို့မှာ ၎င်းတို့၏ သေဒဏ်ပြစ်ဒဏ်ကို ဆက်လက်ကျခံနေရသည်။

    Ref: CNN

  • အင်တာအောင်မြင်ရန် အချိန်ယူရမည်ဟု မန်စီနီဆို

    အင်တာအောင်မြင်ရန် အချိန်ယူရမည်ဟု မန်စီနီဆို

    မတ် ၂၅၊ ၂၀၁၅
    M-Media

    mancini

    – အသင်းအား ယခင်အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက် အချိန်နှင့် စိတ်ရှည်သည်းခံမှု လိုအပ်ပြီး ဖာဂူဆန်ပင် မန်ယူအား ၇ နှစ်ခန့် အချိန်ယူတည်ဆောက်ခဲ့ရသည်ဟု အင်တာမီလန်နည်းပြ မန်စီနီက ပြောကြားလိုက်သည်။

    ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း အင်တာမီလန်နည်းပြအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခဲ့စဉ်က မန်စီနီမှာ စီးရီးအေဖလားသုံးကြိမ် (တစ်ကြိမ်မှာ လုပ်ပွဲပြဿနာများကြောင့် ရရှိခဲ့)နှင့် ကိုပါ အီတာလီယာဖလား ၂ ကြိမ်ကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာက ပြန်လည်ရောက်ရှိလာပြီး နောက်ပိုင်းတွင် ရုန်းကန်နေရသည်။

    အင်တာမီလန်မှာ လက်ရှိအချိန်တွင် စီးရီးအေအမှတ်ပေးဇယား၌ အဆင့် ၁၀ နေရာတွင် ရှိနေပြီး စုစုပေါင်း ၅ ပွဲသာ အနိုင်ရရှိထားသည်။ မန်စီနီကမူ ၎င်းမှာ အသင်းအတွက် လူမှန်ဖြစ်ပြီး မည်သည့် ဖိအားမှ ခံစားရခြင်းမရှိဟု ဆိုသည်။

    “စရောက်တဲ့အခါမှာ ခက်ခဲမယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။ ဒါပေမယ့် အရမ်းကြီး ဆိုးမယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ပထအကြိမ် နည်းပြတုန်းက ပြည့်ဝတဲ့ လူစာရင်းရှိပါတယ်။ အခုတော့ အဲလို မဟုတ်ပါဘူး။ မန်ယူကို အသင်းကောင်းတစ်သင်းဖြစ်ဖို့ ဖာဂူဆန်ဟာ ၇ နှစ်လောက် လုပ်ယူခဲ့ရပါတယ်။ အင်တာကတော့ ၇ နှစ်မလိုပါဘူး။ ဒါပေမယ့် အချိန်နဲ့ သည်ခံမှုအနည်းငယ်တော့ လိုပါတယ်” ဟ မန်စီနီက Tuttosport သို့ ပြောကြားခဲ့သည်။

    ဝေဖန်မှုများအတွက်လည်း မန်စီနီက တုံ့ပြန်ခဲ့ပြီး မိမိအနေဖြင့် ပဉ္စလက်ပညာရှင်မဟုတ်ကြောင်း၊ အီတလီတွင် လိုအပ်သည်များကို ချက်ခြင်းရရှိနေပြီး မိမိတို့မှာ အလုပ်ကြိုးစားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ဖာဂူဆန်မှာ ၁၉၈၆ ခုနှစ်တွင် မန်ယူအား တာဝန်ယူခဲ့ပြီး ၁၉၉၀ ပြည့်နှစ် FA ဖလား မရရှိမီ ထုတ်ပယ်ခံရရန် နီးစပ်ခဲ့သည်။ ထို့နောက် ၁၉၉၃ ခုနှစ်တွင် နှစ်ပေါင်း ၂၆ နှစ်အတွင်း ပထမဆုံး အမှတ်ပေးဖလားကို ဆွတ်ခူးရရှိခဲ့သည်။

    Ref: Goal.com

  • ရုရှား၏ အကူအညီဖြင့် ဂျော်ဒန်တွင် နျူးဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

    ရုရှား၏ အကူအညီဖြင့် ဂျော်ဒန်တွင် နျူးဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

    မတ် ၂၅၊ ၂၀၁၅
    M-Media

    f7cd575271474d3f83f0fbba338d55a0_18

    – နိုင်ငံအတွင်း ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန်အတွက် ကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်တစ်ခုကို ဂျော်ဒန်နိုင်ငံက ရုရှားနှင့် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ဂျော်ဒန်နိုင်ငံ မြို့တော် အမ်နန်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး လုံလောက်သောစွမ်းအင် ရရှိရန် ရုန်းကန်နေရကာ ဒေသတွင်းမှ စွမ်းအင်တင်သွင်းမှု လျော့ကျနေသည့် ဂျော်ဒန်နိုင်ငံအတွက် စွမ်းအင်ရရှိရေး ကြိုးပမ်းမှုလည်း ဖြစ်သည်။

    ဂျော်ဒန်နိုင်ငံမှာ ၎င်း၏ လျှင်စစ်ဓာတ်အား လိုအပ်ချက်၏ ၉၆ ရာခိုင်နှုန်းကို ဒေသတွင်းနိုင်ငံများမှ တင်သွင်းနေရပြီး ရုရှားအစိုးရပိုင် Rosatom ကုမ္ပဏီနှင့် ယခု သဘောတူညီချက်အရ နိုင်ငံမြောက်ပိုင်းတွင် ၁၀၀၀ မီဂါဝပ်စီ ဓာတ်အားထုတ်လုပ်နိုင်မည့် ဓာတ်ပေါင်းဖို ၂ လုံးကို တည်ဆောက်သွားမည်ဖြစ်သည်။

    အီရတ်နှင့် အီဂျစ်ရှိ ဆိုင်းနိုင်းကျွန်းဆွယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများက ကိစ္စရပ်အများအပြားကို ခြိမ်းခြောက်နေပြီး ဂျော်ဒန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား အထောက်အပံ့များကို လုံးဝ ပြတ်တောက်သွားစေနိုင်သည်။

    အဆိုပါ နျူကလီးယား ဓာတ်အားပေးစက်ရုံကို ၂၀၂၂ ခုနှစ်တွင် ပြီးစီးရန် စီစဉ်ထားပြီး၊ ထိုဓာတ်ပေါင်းဖိုတွင် အသုံးပြုရန် လောင်စာအတွက် ဂျော်ဒန်ရှိ ယူရေနီယံမိုင်းတွင်းမှ ရရှိရန် မျှော်လင့်နေသည်။

    “ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကျွန်တော်တို့ဟာ အီရတ်က ရေနံကို ဆုံးရှုံးနေပြီး အီဂျစ်က သဘာဝဓာတ်ငွေ့ကိုလည်း ဆုံးရှုံးနေပါတယ်။ ပြီးတော့ နိုင်ငံက တစ်နှစ်ကို ဒေါ်လာ ၃ ဘီလီယံလောက် အလဟာသ ဆုံးရှုံးနေပါတယ်။ နျူကလီးယားစွမ်းအင်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့အပေါ် လုံးဝ မှီခိုနေရတာတွေကို တစ်ဖြည်းဖြည်းလျှော့ချဖို့ သေချာတဲ့ အဖြေတွေထဲက တစ်ခုပါပဲ။ ကုန်ကြမ်းကတော့ ဂျော်ဒန်ကနေပဲ ရမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်” ဟု ဂျော်ဒန်နျူကလီးယားစွမ်းအင် ကော်မရှင် အကြီးအကဲ ခါလစ် တူကန်က ပြောကြားခဲ့သည်။

    ထို့ပြင် နိုင်ငံအတွင်း ယူရေနီယမ်သတ္တုရှိသည့်နေရာကို ၂၀၀၇ ခုနှစ်က စတင် တွေ့ခဲ့ရသော်လည်း ယခုအချိန်အထိ တူးဖော်ထုတ်လုပ်မှု မပြုရေသေးဟု ၎င်းက ဆိုသည်။

    Ref: Aljazeera