News @ M-Media

Blog

  • သီရိလင်္ကာသမ္မတ၏ ညီ ပုဆိန်ခုတ်ခံရ၍ သေဆုံး

    သီရိလင်္ကာသမ္မတ၏ ညီ ပုဆိန်ခုတ်ခံရ၍ သေဆုံး

    မတ် ၂၈၊ ၂၀၁၅
    M-Media

    sri-lankas-main (1)

    – သီရိလင်္ကာသမ္မတ မိုင်သရီပါလာ ဆရီစီနာ၏ ညီအငယ်ဆုံး ဖြစ်သူမှာ ပုဆိန်ဖြင့် ခုတ်ခံရသည့် ဒဏ်ရာကြောင့် ယနေ့တွင် မြို့တော်ကိုလံဘိုရှိ ဆေးရုံ၌ ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

    သားသမီး ၃ ယောက်၏ ဖခင်ဖြစ်သူ ပရီယန်သာ ဆီရီစီနာမှာ ၎င်း၏ ဇာတိမြို့ ပိုလွန်နာရူဝါတွင် ပြီးခဲ့သည့် ၂ ရက်အရင်က ပုဆိန်ဖြင့် အခုတ်ခံခဲ့ရခြင်းဖြစ်ပြီး ဦးခေါင်း၌ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီးနောက် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ အဆိုပါတိုက်ခိုက်မှုနှင့် ဆက်နွယ်နေသည့် လူတစ်ဦးကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။ အစိုးရမှ ထုတ်ပြန်သော ကြေညာချက်တွင် စီးပွားရေးသမားတစ်ဦးဖြစ်သူ ပရီယန်သာမှာ ကြာသာပတေးနေ့ ညနေပိုင်းတွင် သူငယ်ချင်းတစ်ဦးနှင့် အငြင်းအခုံဖြစ်ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး အရေးပေါ် ကုသမှုများ ပြုလုပ်ခဲ့သော်လည်း သတိပြန်လည်လာခြင်းမရှိတော့ဟု ဖော်ပြခဲ့သည်။ တရားဝင်အထောက်အထားများအရ ပရီယန်သာမှာ သားသမီး ၁၂ ယောက်တွင် အငယ်ဆုံးဖြစ်သည်။

    သမ္မတ မိုင်သရီပါလာမှာ ယခုအချိန်တွင် တရုတ်နိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိနေသည်။ ၎င်းမှာ ဇန်န၀ါရီရွေးကောက်ပွဲတွင် ခက်ခက်ခဲခဲအနိုင်ရရှိခဲ့ပြီး ယခင် သီရိလင်္ကာ သမ္မတများကဲ့သို့ ညီအစ်ကိုမောင်နှမများအတွက် လုံခြုံရေးများ ထားခြင်းမရှိဘဲ၊ ၎င်း၏ လုံခြုံရေးတပ်ဖွဲ့ကိုလည်း သိသိသာသာ လျှော့ချခဲ့သည်။

    Ref: channelnewsasia

  • “ဗြိတိသျှပြတိုက်” တွင် အစ္စလာမ့်အနုပညာလက်ရာ ပြခန်းများ ထည့်သွင်းမည်

    “ဗြိတိသျှပြတိုက်” တွင် အစ္စလာမ့်အနုပညာလက်ရာ ပြခန်းများ ထည့်သွင်းမည်

    မတ် ၂၈၊ ၂၀၁၅
    M-Media

    27-3-15_British-Museum-Showcases-True-Islam

    – IS အဖွဲ့က ၎င်းတို့ ထိန်းချုပ်ရာဒေသများတွင် သမိုင်းဝင်နေရာများအား ဖျက်ဆီးနေချိန်တွင် အစ္စလာမ်နှင့်ပတ်သက်၍ ရှိနေသည့် နားလည်မှုလွဲမှားခြင်းများအား ဖယ်ရှားရန်အတွက် လန်ဒန်ရှိ “ဗြိတိသျှပြတိုက်” တွင် အစ္စလာမ့် အနုပညာလက်ရာများ စုစည်းပြသမည့် ပြခန်း ၂ ခုကို ထည့်သွင်းရန် စီစဉ်နေသည်ဟု သိရသည်။

    အဆိုပါ ပြခန်းများကို ပြတိုက်၏ တောင်ဘက်ခြမ်းတွင် ပြသသွားမည်ဖြစ်ပြီး မလေးရှား အလ်ဘူခါရီ ဖောင်ဒေးရှင်းမှ ရန်ပုံငွေ ထောက်ပံ့သွားမည်ဖြစ်သည်။

    “ကမ္ဘာမှာဖြစ်နေတာတွေက အစ္စလာမ်ရဲ့ သမိုင်းအမွေအနှစ်တွေ၊ အစ္စလာမ်မဟုတ်တဲ့ ရှေးဟောင်း ပစ္စည်းတွေကို ဖျက်ဆီးနေတာတွေပါ။ ဒါတွေဟာ ဆိုးရွားတဲ့ ပုံရိပ်တစ်ခုပါပဲ။ “ဗြိတိန်ပြတိုက်” မှာတော့ ဒါတွေကို စုဆောင်းနေပါတယ်။ ဒါတွေမရှိဘဲနဲ့ ကျွန်တော်တို့မှာ သမိုင်းလည်း ရှိမှာမဟုတ်တော့ပါဘူး” ဟု မလေးရှား အလ်ဘူခါရီဖောင်ဒေးရှင်းမှ ဥက္ကဌဖြစ်သူ ဆရဒ် မုခ်တာရ် အလ်ဘူခါရီက ပြောကြားခဲ့သည်။

    အဆိုပါပြခန်းများတွင် အစ္စလာမ်ကမ္ဘာမှ သမိုင်းဝင်၊ ရှေးဟောင်း အနုပညာလက်ရာ အမြောက်အများ ပါဝင်မည်ဖြစ်ပြီး ပြတိုက်မြောက်ပိုင်းတွင် ရှိခဲ့သည့် ပြခန်းတစ်ခုအတွက် အစားထိုး ပြသခြင်းလည်း ဖြစ်မည်ဖြစ်သည်။

    IS အဖွဲ့မှာ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များအပြင် ၎င်းတို့ထိန်းချုပ်ထားသော ဆီးရီးယားနှင့် အီရတ်တို့ရှိ ရှေးဟောင်း နေရာများကို ပစ်မှတ်ထားခြင်းအားဖြင့် ရာစုနှစ်နှင့်ချီ၍ သက်တမ်းရင့်နေသော ယဉ်ကျေးမှုအမွေအနှစ်များကို ဖျက်ဆီးလျက် ရှိနေသည်။

    ထိုအထဲတွင် သမိုင်းပညာရှင်များ၊ ဂီတပညာရှင်များနှင့် ကဗျာဆရာများ၏ ရုပ်ထုများ၊ ဗလီဝတ်ကျောင်းတော်များ၊ ခရစ်ယာန်ဘုရားကျောင်းများလည်း ပါဝင်သည်။

    ယဉ်ကျေးမှု ဆက်နွယ်ခြင်း

    ယခုပြုလုပ်မည့် ပြခန်းများ၏ ပြတိုက်မှူးများက အဆိုပါ ပြခန်းသစ်နှစ်ခုတွင် ပြတိုက်၏ အစ္စလာမ့် အနုပညာလက်ရာများနှင့် ဥရောပမှ အနုပညာလက်ရာများအကြား ဆက်နွယ်မှုကို ပထမဆုံး ဖော်ပြသွားမည်ဟု ဆိုသည်။

    “တကယ့်အရေးပါတဲ့ အရာက အစ္စလာမ့်အနုပညာလက်ရာ စုစည်းမှုကို ပြတိုက်ရဲ့ အဓိကနေရာမှာ သေသေချာချာထားဖို့ပါပဲ” ဟု အဆိုပါစီမံကိန်းကို ဦးဆောင်ရသူ ဗန်နက်တီယာ ပေါ်တာက ပြောကြားခဲ့သည်။

    ယခုကဲ့သို့ အစ္စလာမ့်အနုပညာလက်ရာများကို ပြသခြင်းမှာ အစ္စလာမ့် သမိုင်းအမွေအနှစ်များကို “ဗြိတိသျှပြတိုက်” ၌ ပထမဆုံး ပြသခြင်းမဟုတ်ပေ။

    ၂၀၁၂ ခုနှစ် ဧပြီလကလည်း ဟာဂ်ျခရီးစဉ်နှင့်သက်ဆိုင်သည့် ကမ္ဘာ့အကြီးဆုံး ပြပွဲကြီးတစ်ခုကိုလည်း အဆိုပါ ပြတိုက်တွင် ကျင်းပပြုလုပ်ခဲ့သေးသည်။ ထိုပြပွဲတွင် သမိုင်းဆိုင်ရာ ပစ္စည်းများ၊ လက်ရေးမူများ၊ အ၀တ်အထည်ဓာတ်ပုံများနှင့် သမိုင်းတစ်လျှောက် ဟဂ်ျခရီးစဉ် သွားရောက်မှုများနှင့် ဆက်နွယ်နေသည့် ခေတ်ပြိုင် အနုပညာလက်ရာများကိုလည်း ပြသခဲ့သည်။

    “ဟဂ်ျ- အစ္စလာမ့်နှလုံးသည်းပွတ်ဆီသို့ ခရီး” ဟု အမည်ပေးထားသည့် အဆိုပါပြပွဲကို လူပေါင်း ၁၅၀၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ကြသည်။

    Ref: Onislam

  • အင်္ဂလန်အား ဥရောပအသင်းများက ကြောက်နေမည်ဟု ရူနီပြော

    အင်္ဂလန်အား ဥရောပအသင်းများက ကြောက်နေမည်ဟု ရူနီပြော

    မတ် ၂၈၊ ၂၀၁၅
    M-Media

    1151502_heroa

    – ဥရောပအသင်းများမှာ မိမိတို့အသင်းအား ရင်ဆိုင်ရန် ကြောက်ရွံ့နေကြမည်ဟု အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    ယနေ့နံနက်က လစ်သူယေးနီးယားနှင့် ကစားခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အင်္ဂလန်မှာ ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး ရူနီ၊ ၀ဲလ်ဘတ်၊ စတာလင်နှင့် ဟယ်ရီကိန်းတို့က ၁ ဂိုးစီ သွင်းပေးခဲ့ကြသည်။ ထိုပွဲအနိုင်မှာ အင်္ဂလန်၏ ယူရို ၂၀၁၆ ခြေစစ်ပွဲ ရာနှုန်းပြည့်နိုင်ပွဲလည်း ဖြစ်ခဲ့သည်။

    ရူနီကမူ ၎င်းတို့အသင်းအား အခြားအသင်းများက ကြောက်ရွံ့နေကြမည်ဟု ယုံကြည်နေသည်။

    “ကမ္ဘာ့ဖလားပြီးတဲ့နောက်ပိုင်းကစလို့ ကျွန်တော်တို့ တော်တော်လေးကောင်းနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ နိုင်ပွဲကြီးတွေ ရှိခဲ့တယ်။ ဂိုးတွေသွင်းနေတယ်။ တကယ့်ကို အားပြည့်လန်းဆန်းနေပြီး ခပ်သွက်သွက်လေး လှမ်းနေပါတယ်။ ဥရောပက အသင်းတွေဟာ ကျွန်တော်တို့ကိုကြည့်ပြီး ကြောက်နေမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ရူနီက ပွဲအပြီးတွင် ITV Sport သို့ ပြောကြားခဲ့သည်။

    ပွဲထွက်ကစားခွင့်ရခဲ့သည့် ရူနီကို ၇၁ မိနစ်တွင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနှင့် လူစားလဲခဲ့သည်။ ဟယ်ရီကိန်းမှာ ကွင်းထဲဝင်လာပြီး စက္ကန့် ၈၀ အကြာ ၎င်း၏ တတိယမြောက် ဘောလုံးထိသည့်အချိန်၌ပင် ဂိုးသွင်းယူနိုင်ခဲ့သည်။

    ရူနီကမူ ကိန်းအား ချီးကျူးခဲ့ပြီး နိုင်ငံတကာပွဲများတွင် ၀င်ရောက်ပြီး စက္ကန့် ၈၀ အကြာတွင် ဂိုးသွင်းနိုင်ခြင်းမှာ မယုံကြည်နိုင်လောက်ဖွယ်ဖြစ်သည်ဟု ဆိုသည်။ ကိန်းကလည်း ထိုကဲ့သို့ ဂိုးသွင်းနိုင်ခဲ့ခြင်းမှာ အိပ်မက်များ
    အမှန်တစ်ကယ်ဖြစ်လာခြင်းဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    “ကျွန်တော့် အိပ်မက်ရဲ့ အစပါပဲ။ ပြီးတော့ အဲဒီအိပ်မက် အမှန်တစ်ကယ်ဖြစ်လာတာကို မြင်ရတာ အံ့သြစရာပါပဲ”

    Ref: Goal.com

  • ထိုင်း ငါးဖမ်း စက်လှေများတွင် ကျွန်ပြုခိုင်းစေ ခံနေရသည့် မြန်မာအလုပ်သမားများ

    ထိုင်း ငါးဖမ်း စက်လှေများတွင် ကျွန်ပြုခိုင်းစေ ခံနေရသည့် မြန်မာအလုပ်သမားများ

    မတ် ၂၈ ၊ ၂၀၁၅
    M-Media
    11
    – အင်ဒိုနီးရှားရှိ ကျွန်းငယ်လေးတစ်ခုပေါ်တွင် ကျေးကျွန်များသဖွယ် နေရသောသူများအား အတင်းအဓမ္မ ငါးဖမ်းခိုင်းခြင်းမှ ရရှိလာသော ပင်လယ်စာများမှာ အမေရိကန်တစ်ဝှမ်းရှိ စူပါမားကတ်ကြီးများ၊ စားသောက်ဆိုင်များနှင့် အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်များတွင် အဆုံးသတ်ကြရသည်ဟု AP မှ တစ်နှစ်ကြာ ပြုလုပ်ခဲ့သော စုံစမ်းမှုက ဖော်ပြနေသည်။

    AP မှာ ဘန်ဂျီနာရွာတွင် ကျေးကျွန်အဖြစ် ယခင်က နေထိုင်ခဲ့ဖူးသော ယခု နေထိုင်လျက်ရှိသော လူ ၄၀ အား တွေ့ဆုံမေးမြန်းခဲ့ပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သာ မြန်မာနိုင်ငံမှ အများစုအပါအ၀င် လူ ရာပေါင်းများစွာမှာ ချုပ်နှောင်ခံထားရကာ အနီးရှိ ပင်လယ်ပြင်တွင် ငါးဖမ်းရန် အတင်းအဓမ္မခိုင်းစေခြင်း ခံနေရသည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။

    ၎င်းတို့ ဖမ်းသည့်ငါးများကို မည်သည့်နေရာသို့ ယူဆောင်သွားသည်ကို ၎င်းတို့ကိုယ်တိုင်လည်း မသိရဟု မေးမြန်းခံရသူများက AP သို့ ပြောကြားခဲ့သည်။ ၎င်းတို့သိသည်က ထိုငါးများမှာ အလွန်အဖိုးတန်ပြီး ၎င်းတို့အား မစားရန် တားမြစ်ထားခြင်းပင်ဖြစ်သည်။

    22ငါးဖမ်းစက်လှေများမှ ကပ္ပတိန်များက ၎င်းတို့အား ၂၄ နာရီလုံးလုံး အတင်းအဓမ္မခိုင်းစေပြီး နားရက်လည်းမပေးဟု ဆိုသည်။ ထိုမျှမက အနားယူရန်ကြိုးစားပါက ၎င်းတို့မှာ ထိုးကြိတ်ကန်ကျောက်ခြင်း၊ လိပ်ကျောက်မြီးဖြင့် ရိုက်နှက်ခြင်းတို့ကိုလည်း ခံရသေးသည်။ ပြည်ကြီးငါးများ၊ ပုဇွန်ထုတ်များ၊ ငါးသေးငါးနုပ်များနှင့် အခြားသော ငါးမျိုးစုံကို ပိုက်ကြီးပိုက်ငယ်တို့ဖြင့် အမြောက်အမြား ဖမ်းဆီးပေးရသော်လည်း ၎င်းတို့မှာ ငွေကြေးဆို၍လည်း မရသလောက်ပင်ဖြစ်၏။

    “အိမ်ပြန်ချင်တယ်ဗျာ။ အားလုံးအဲဒီလိုပဲ။ ကျွန်တော်တို့အကြောင်းကို မိဘတွေမကြားရတာ နှစ်ချီနေပြီ။ သူတို့ကတော့ ကျွန်တော်တို့ သေသွားပြီလို့ ထင်နေမှာသေချာတယ်” ဟု ထိုကျွန်းတွင် ပိတ်မိနေသူတစ်ဦးက ဆိုသည်။

    အခြားတစ်ဦးကလည်း “နှိပ်စက်ခံရတယ်။ ကျွန်တော်တို့အရိုက်ခံရတဲ့အခါ ဘာမှပြန်မလုပ်နိုင်ဘူး။ ကျွန်တော်တို့ရဲ့ ဘ၀တွေဟာ သေမင်းလက်ထဲရောက်နေတယ်လို့ပဲ ကျွန်တော်ထင်တယ်” ဟု ၎င်းတို့၏ ဘ၀ကို ဖွင့်ဟပြောပြခဲ့သည်။

    “ကျွန်တော်တို့ဖမ်းတဲ့ဒီငါးတွေကို အမေရိကန်နဲ့ ဥရောပသားတွေ စားကြမယ်ဆိုရင် သူတို့အနေနဲ့ ကျွန်တော်တို့ကို သတိရသင့်ပါတယ်။ အဲဒီပင်လယ်အောက်မှာ (လူ)အရိုးတွေက တောင်လိုပုံနေမှာပါ။ အဲဒီအရိုးတွေက ကျွန်းတစ်ကျွန်းစာလောက်တောင် ရှိနိုင်တယ်။ အဲလောက်ကို များပါတယ်” ဟု ဘန်ဂျီနာမှ ထွက်ပြေးလာခဲ့သည့် လှိုင်မင်းက ဆိုသည်။

    အမည်မဖော်လိုသည့် ပွဲစားဟောင်းတစ်ဦး၏ AP သို့ ပြောပြချက်အရ ဘန်ဂျီနာကျွန်းတွင် တွေ့ရလေ့ရှိသော မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းအမျိုးသားများကို လုပ်ခနည်းနည်းဖြင့် အန္တရာယ်ရှိသော ငါးဖမ်းသမားအလုပ်ကို လုပ်ကိုင်ရန် စည်းရုံးသိမ်းသွင်းမှုမှာ လွန်ခဲ့သည့် နှစ်များအတွင်း ခက်ခဲလာသည်ဟု ဆိုသည်။ ရလဒ်အနေဖြင့် အေးဂျင့်များက စိတ်ပျက်လာကြပြီး ကလေးများနှင့် မသန်စွမ်းသူများကို စုဆောင်းလာကြခြင်း၊ လုပ်ခလစာနှင့် ပတ်သက်၍ လိမ်လည်ခြင်း၊ စိတ်ကြွဆေးများ အသုံးပြုခိုင်းစေခြင်း၊ ပြောင်းရွှေ့အခြေချသူများကို ပြန်ပေးဆွဲခြင်းတို့ကိုပင် ပြုလုပ်လာကြသည်။ ထိုကျေးကျွန်တစ်ယောက်လျှင် ကန်ဒေါ်လာ ၁၀၀၀ တန်သည်ဟု အကျိုးအမြတ်မယူသည့် အလုပ်သမားအခွင့်အရေး မြှင့်တင်ပေးရေး ကွန်ယက် ဖောင်ဒေးရှင်းမှ မန်နေဂျာဖြစ်သူ Tungpuchayakul က ဆိုသည်။ တရားမ၀င်အလုပ်သမားများကို မမှန်ကန်သော အထောက်အထားများ ပေးထားပြီး ၎င်းတို့အပေါ် တင်နေသည့် အကြွေးကို လုပ်အားဖြင့် ဆပ်ရမည်ဟု ပြောဆိုခံထားရကာ ထိုသို့ ဆပ်ခြင်းကလည်း လချီ၍၊ နှစ်ချီ၍ မကျေနိုင်။

    aptopix-seafood-slaves

    “သူတို့ကျွန်တော့်ကို လှည့်စားခဲ့တယ်။ လိမ်ခဲ့တယ်။ သူတို့ စာရွက်စာတမ်းအတုတွေလုပ်ပြီး ကျွန်တော့်ကို ဒီလှေပေါ် ပို့လိုက်တယ်။ အခု ကျွန်တော် အင်ဒိုနီးရှား ရောက်နေပြီလေ” ဟု ဘန်ဂျီနာရှိ ကျေးကျွန်များသဖွယ် ဖြစ်နေသူများထဲမှ တစ်ဦးဖြစ်သူ မောင်စိုးက AP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံသားတစ်ယောက်၏ သင်္ဘောသားလက်မှတ် အထောက်အထားများကို ၎င်းအား ပေးခဲ့ပြီး အဆိုပါ ငါးဖမ်းလှေ ထိုင်းရေပိုင်နက်ထဲတွင် ရှိနေမှ အလုပ်လုပ်ရန် သဘောတူခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ငါးဖမ်းလှေများပေါ်တွင် စော်ကားနှိပ်စက်ခံရမှု အခြေအနေက ကပ္ပတိန်နှင့် ၎င်း၏ လက်ထောက်များအပေါ်တွင် မူတည်သည်ဟု ကျေးကျွန်ဖြစ်နေသူများက ဆိုသည်။ လွန်ခဲ့သည့် ၂ နှစ်က မြန်မာနိုင်ငံတွင် ဇနီးနှင့် ကလေးနှစ်ယောက်ကို ထားကာ ထွက်လာခဲ့သည့် အောင်နိုင်ဝင်းက အချို့သော ငါးဖမ်းသမားများမှာ အလွန်အမင်း စိတ်ဓာတ်ကျကာ ရေထဲသို့ခုန်ဆင်း အဆုံးစီရင်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    33အများစုမှာ ထိုင်းမှတစ်ဆင့် အင်ဒိုနီးရှားသို့ ရောက်လာကြခြင်းဖြစ်သည်။ ၎င်းတို့၏ ဖမ်းဆီးရမိသမျှကို ထုတ်ပိုးသန့်စင်သည့် စက်ရုံများအပါအ၀င် အခြားသော နေရာများမှ ဖမ်းဆီးရမိသော ငါးများနှင့်အတူရောနှောကာ ထိုင်းနိုင်ငံသို့ ပြန်ပို့သည်။ AP သတင်းဌာနမှ ရရှိခဲ့သည့် အမေရိကန်၏ အကောက်ခွန်အချက်အလက်များက အဆိုပါ ထိုင်းရေလုပ်ငန်းစက်ရုံများမှ အများစုမှာ အမေရိကန်သို့ တင်ပို့ကြသည်ဟု ပြသနေသည်။ အထင်းအဓမ္မခိုင်းစေမှုများနှင့် အမြတ်ထုတ်မှုများ စွန်းထင်းနေသော အဆိုပါ ငါးများကို စားသောက်ဆိုင်များနှင့် အမေရိကန်၏ အကြီးဆုံး လက်ကားအရောင်းဆိုင် Wal-Mart နှင့် အကြီးဆုံး အစားအသောက်ဖြန့်ဖြူးသူ Sysco တို့အား ကုန်ထောက်ပံ့ပေးနေသည့် ဒိုင်များတွင် တွေ့ရသည်။

    အမေရိကန် ပင်လယ်စာလုပ်ငန်း၏ ၇၅ ရာခိုင်နှုန်းကို တာဝန်ယူကိုင်တွယ်နေသော အမျိုးသားငါးလုပ်ငန်းအသင်းမှ ပြေားရေးဆိုခွင့်ရှိသူ ဂါဗင် ဂစ်ဘွန်စ်က ထိုကဲ့သို့ စော်ကားအမြတ်ထုတ်မှုများရှိနေသည်ဆိုသည့် ဖော်ပြမှုများကို ကြားရခြင်းက စိုးရိမ်စရာနှင့် စိတ်ပျက်စရာကောင်းနေသည်ဟု ပြောကြားခဲ့သည်။

    “ဒါပေမယ့် ဒါမျိုးကိစ္စတွေက အမှောင်ထဲမှာ ဖြစ်ပျက်နေတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    အဆိုပါကျေးကျွန်များ ဖမ်းဆီးပေးသော ပင်လယ်စာများ တင်ပို့မှုတစ်ချို့မှာ Kingfisher နှင့် ၎င်း၏ လက်အောက်ခံ KF Foods လိမိတက်တို့မှ ပိုင်ဆိုင်သော ထရပ်ကားများတွင် အဆုံးသတ်သည်။ ထိုကုမ္ပဏီများမှာ နှစ်စဉ် ပင်လယ်စာတန်ချိန် မက်ထရစ်တန် ၁၀၀ ခန့်ကို ထိုင်းနိုင်ငံမှ အမေရိကန်သို့ တင်သွင်းကြသည်ဟု အမေရိကန်၏ အကောက်ခွန်အထောက်ထားများအရ သိရသည်။ ထိုသို့ တင်ပို့မှုများက  Santa Monica Seafood၊ Stavis Seafoods နှင့် အခြားသော ပင်လယ်စာဖြန့်ချီရေးလုပ်ငန်းများမှ တစ်ဆင့် သွားခြင်းဖြစ်သည်။

    “အမှန်ကိုပြောရရင် ဒီအကြောင်းအရာတွေဟာ ညဘက်အိမ်မပျော်စေမယ့် အကြောင်းအရာတွေပါပဲ။ ပြီးတော့ ကျွန်တော် ရပ်တန့်ချင်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ဒီကိစ္စတွေကို တတ်နိုင်သလောက် ဂရုတစ်စိုက် ဆောင်ရွက်နေတဲ့ ကျွန်တော်တို့လို ကုမ္ပဏီတွေလည်း ရှိနေပါတယ်” ဟု စီအီးအို ရစ်ချက် စတာဗစ်က ဆိုသည်။

    AP မှ လိုက်ခဲ့သည့် အခြားပို့ဆောင်မှုတစ်ခုက Thai Union ကုမ္ပဏီလက်အောက်ခံ ကုမ္ပဏီများတွင် အဆုံးသတ်သည်။ Thai Union မှာ Chicken of the Sea လုပ်ငန်းကိုလည်း ပိုင်ဆိုင်ပြီး အဆိုပါလုပ်ငန်းမှ တိုက်ရိုက်ယူသည့် ဖောက်သည်များတွင် Wal-Mart လည်း ပါဝင်သည်။ Thai Union မှာ Fancy Feast၊ Meow Mix နှင့် Iams စသည့် တံဆိပ်များအပါအ၀င် ကြောင်စာဘူး ထောင်ပေါင်းများစွာကိုလည်း အမေရိကန်သို့ တင်ပို့သည်။ အဆိုပါ ကြောင်စာဘူးများက Kroger, Safeway၊ Albertsons နှင့် အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်များတွင် အဆုံးသတ်လေသည်။

    အင်တာဗျူးလုပ်ရန် ငြင်းဆိုခဲ့သည့် Wal-Mart က အီးမေးလ်ဖြင့် ပေးပို့သောကြေညာချက်တွင် “ကျွန်တော်တို့ကို ကုန်စည်ထောက်ပံ့နေတဲ့ ဒိုင်တွေက အမျိုးသားတွေ၊ အမျိုးသမီးတွေကို ဂရုစိုက်ပါတယ်။ ပြီးတော့ အလုပ်သမား စုဆောင်းမှု ကျင့်ဝတ်ဆိုင်ရာတွေကိုလည်း ကျွန်တော်တို့ အလေးထားပါတယ်” ဟု ဖော်ပြခဲ့သည်။

    Wal-Mart က ထိုင်းနိုင်ငံ၏ ပို့ကုန်အလေးပေးသော စက်ရုံများတွင် အတင်းအဓမ္မ အလုပ်ခိုင်းစေမှုများကို တွန်းလှန်တိုက်ဖျက်ရန် ရည်ရွယ်သည့် Project Issara အဖွဲ့မှ ဒါရိုက်တာဖြစ်သူ လီဆာ ရန်ဒီ တေလာကို ညွှန်းသည်။ တေလာက ကျေးကျွန်ကဲ့သို့ ဖြစ်နေသူများ ဖမ်းဆီးသည့် ငါးများမှာ ငါးဖမ်းလှေများအကြား ရောင်းဝယ်ခြင်း သို့မဟုတ် ထုတ်ပိုးသည့် နေရာများတွင် သန့်စင်သောငါးများဖြင့် ရောနှောသွားခြင်းတို့ ဖြစ်လာသည့်အခါ ကုန်စည်ဒိုင်များတွင် သိရှိခြင်းမရှိတော့ဘဲ အမှတ်တမဲ့ ပါဝင်လာနိုင်သည်ဟု ဆိုသည်။ ထို့ပြင် သူမက AP မှ နောက်ကြောင်းလိုက်ခဲ့သည့် Talay Thai ဈေးကွက်တွင် ရောင်းချနေသော ပင်လယ်စာများမှာ နိုင်ငံတကာ ကုန်စည်ထောက်ပံ့ရေး ဒိုင်များသို့ ၀င်ရောက်နိုင်သည်ဟု အတည်ပြုခဲ့သည်။

    “ထိုင်းပင်လယ်စာ ဖြန့်ဖြူးရေး ဒိုင်တွေရဲ့ လုပ်ငန်းတွေကို အမြဲတမ်းလိုလို ကောင်းကောင်းမွန်မွန် မှတ်တမ်းတင်ထားတာမျိုး မရှိတာက ကမ္ဘာတစ်ဝှမ်းက စူပါမားကတ်တွေမှာ လူကုန်ကူးမှုနဲ့ အတင်းအဓမ္မခိုင်းစေတဲ့လုပ်အား စွန်းထင်းနေတဲ့ ပင်လယ်စာတွေ ဘယ်လောက်များများရှိလဲဆိုတာကို အတိအကျတွက်ချက်ဖို့ ခက်ခဲပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံမှာ အမေရိကန်သို့ ပင်လယ်စာတင်ပို့သည့် အဓိကနိုင်ငံတစ်ခုဖြစ်ပြီး တင်ပို့မှုတန်ဖိုး ၇ ဘီလီယံမှ ၂၀ ရာခိုင်နှုန်းမှာ အမေရိကန်မှ ရရှိခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က လူကုန်ကူးမှု တားဆီးဟန့်တားရေးတွင် အောင်မြင်အောင် မဆောင်ရွက်နိုင်သောကြောင့် ထိုင်းနိုင်ငံအား အမေရိကန်အစိုးရက အမည်ပျက်စာရင်း သွင်းခဲ့သည်။ သို့သော်လည်း ထပ်ဆောင်းပိတ်ဆို့မှုများကိုတော့ပြုလုပ်ခဲ့ခြင်းမရှိ။

    ထိုင်းအစိုးရက တရားမ၀င်ရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံလုံးဆိုင်ရာ မှတ်ပုံတင်မှုတစ်ခု ပြုလုပ်မည်ဟု ကတိပြုခဲ့ပြီး အင်ဒိုနီးရှားအာဏာပိုင်များကလည်း နိုင်ငံ၏ ရေပိုင်နက်မှ ဒေါ်လာ ဘီလီယံနှင့်ချီ၍ ထုတ်ယူနေသော နိုင်ငံခြား ငါးခိုးဖမ်းသူများကို တိုက်ဖျက်ရေးအတွက် ငါးဖမ်းစက်လှေအများစုကို ပိတ်ပင်ထားရန် ဆော်သြတိုက်တွန်းထားသည်။ ရလဒ်အနေဖြင့် ဘန်ဂျီနာရွာလေးတွင် ငါးဖမ်းစက်လှေပေါင်း ၅၀ ကျော်ခန့် လွန်းတင်ထားပြီး ကျေးကျွန်သာသာရှိသည့် အလုပ်သမား ၁၀၀၀ ကျော်မှာလည်း သောင်တင်နေကြသည်။

    အင်ဒိုနီးရှား ရေလုပ်ငန်းဝန်ကြီး ဆူဆီ ပက်ဒ်ဂျီယက်စ်တူတီ က သူမအနေဖြင့် ငါးဖမ်းကုမ္ပဏီများမှာ လုပ်သားများကို အကျဉ်းခန်းထဲ ထည့်ထားသည်ဟု ကြားခဲ့ရကြောင်း ပြောကြားခဲ့သည်။

    “ကျွန်မ တော်တော်လေး ၀မ်းနည်းမိပါတယ်။ အစားပျက်၊ အအိပ်ပျက်ပါပဲ။ သူတို့ဟာ ကျွန်သဘောက် အင်ပါယာ၊ သူခိုးအင်ပါယာ၊ ငါးဖမ်းအင်ပါယာကို တည်ဆောက်နေတာဖြစ်ပြီး ပင်လယ်စာတစ်ပန်းကန်အတွက် သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုကိုလည်း ဆောင်ရွက်နေကြတာပါ”

    ref: AP

    လေးမောင် မြန်မာပြန်ဆိုသည်။

  • ရန်ကုန်ရှိ တက္ကသိုလ် အချို့တွင် အစ္စလာမ်ဆန့်ကျင်ရေး လှုံဆော်သည့် စာများဖြန့်ဝေခဲ့

    ရန်ကုန်ရှိ တက္ကသိုလ် အချို့တွင် အစ္စလာမ်ဆန့်ကျင်ရေး လှုံဆော်သည့် စာများဖြန့်ဝေခဲ့

    မတ် ၂၈ ၊ ၂၀၁၅
    M-Media
    သူရိန်
    11008454_865142746879670_842832965467443959_n
    ရန်ကုန်တက္ကသိုလ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်အချို့တွင် မတ်လ ၂၅ ရက်နေ့က အစ္စလာမ်သာသနာနှင့် မွတ်စလင်များအား  မုန်းတီး ဆန့်ကျင်ရေးဖြစ်ပွားစေမည့် လှုံဆော်သည့် စာရွက်များ ဖြန့်ဝေမှု ဖြစ်ခဲ့ကြောင်းသိရပါတယ်။

    တက္ကသိုလ်တခုမှ တာဝန်ရှိသူများမှ အဆိုပါ လှုံဆော်သည့် စာရွက်ဝေသူသာ ဖမ်းဆီး၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်အာဏာပိုင်များ သို့ အပ်နှံခဲ့သော်လည်း ဦးဆောင်လှုပ်ရှားသူနှင့် စာဝေသူများမှာ အေးဆေးစွာရှိကြောင်း၊ ထိရောက်စွာ တားမြစ် အရေးယူသည့် အနေအထား မတွေ့ရကြောင်း   အဆိုပါ တက္ကသိုလ်မှ ဆရာတဦး၏ ပြောကြားချက်အရ သိရှိရပါတယ်။

    ဦးဝီရသူ ဦးဆောင်တဲ့ ၉၆၉ အမည်ပြောင်း မ.ဘ.သ တရားပွဲများ၊ သာကီသွေး အပါဝင် တရားဝင် ထုတ်ဝေသည့် သတင်းမီဒီယာဂျာနယ် အချို့ နှင့် နိုင်ငံရေးပါတီ အချို့မှ ခေါင်းဆောင်များ ဟောပြောပွဲများတွင် အစ္စလာမ်မုန်းတီးရေး လှုံဆော်ဟောပြော ရေးသားမှုများကို သက်ဆိုင်ရာ အာဏာပိုင်များမှ ထိရောက်စွာ အရေးယူဆောင်ခြင်းမရှိသည့် အပေါ်  ကုလသမဂ္ဂမှ အပါဝင် နိုင်ငံတကာ အစိုးရနှင့် လူအခွင့် အရေး စောင့်ကြည့်လေ့လာသူများမှ မြန်မာအစိုးရအား မကြာခဏ သတိပေး ထောက်ပြမှုများ ရှိခဲ့ပါတယ်။