News @ M-Media

“ဗြိတိသျှပြတိုက်” တွင် အစ္စလာမ့်အနုပညာလက်ရာ ပြခန်းများ ထည့်သွင်းမည်

မတ် ၂၈၊ ၂၀၁၅
M-Media

27-3-15_British-Museum-Showcases-True-Islam

– IS အဖွဲ့က ၎င်းတို့ ထိန်းချုပ်ရာဒေသများတွင် သမိုင်းဝင်နေရာများအား ဖျက်ဆီးနေချိန်တွင် အစ္စလာမ်နှင့်ပတ်သက်၍ ရှိနေသည့် နားလည်မှုလွဲမှားခြင်းများအား ဖယ်ရှားရန်အတွက် လန်ဒန်ရှိ “ဗြိတိသျှပြတိုက်” တွင် အစ္စလာမ့် အနုပညာလက်ရာများ စုစည်းပြသမည့် ပြခန်း ၂ ခုကို ထည့်သွင်းရန် စီစဉ်နေသည်ဟု သိရသည်။

အဆိုပါ ပြခန်းများကို ပြတိုက်၏ တောင်ဘက်ခြမ်းတွင် ပြသသွားမည်ဖြစ်ပြီး မလေးရှား အလ်ဘူခါရီ ဖောင်ဒေးရှင်းမှ ရန်ပုံငွေ ထောက်ပံ့သွားမည်ဖြစ်သည်။

“ကမ္ဘာမှာဖြစ်နေတာတွေက အစ္စလာမ်ရဲ့ သမိုင်းအမွေအနှစ်တွေ၊ အစ္စလာမ်မဟုတ်တဲ့ ရှေးဟောင်း ပစ္စည်းတွေကို ဖျက်ဆီးနေတာတွေပါ။ ဒါတွေဟာ ဆိုးရွားတဲ့ ပုံရိပ်တစ်ခုပါပဲ။ “ဗြိတိန်ပြတိုက်” မှာတော့ ဒါတွေကို စုဆောင်းနေပါတယ်။ ဒါတွေမရှိဘဲနဲ့ ကျွန်တော်တို့မှာ သမိုင်းလည်း ရှိမှာမဟုတ်တော့ပါဘူး” ဟု မလေးရှား အလ်ဘူခါရီဖောင်ဒေးရှင်းမှ ဥက္ကဌဖြစ်သူ ဆရဒ် မုခ်တာရ် အလ်ဘူခါရီက ပြောကြားခဲ့သည်။

အဆိုပါပြခန်းများတွင် အစ္စလာမ်ကမ္ဘာမှ သမိုင်းဝင်၊ ရှေးဟောင်း အနုပညာလက်ရာ အမြောက်အများ ပါဝင်မည်ဖြစ်ပြီး ပြတိုက်မြောက်ပိုင်းတွင် ရှိခဲ့သည့် ပြခန်းတစ်ခုအတွက် အစားထိုး ပြသခြင်းလည်း ဖြစ်မည်ဖြစ်သည်။

IS အဖွဲ့မှာ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များအပြင် ၎င်းတို့ထိန်းချုပ်ထားသော ဆီးရီးယားနှင့် အီရတ်တို့ရှိ ရှေးဟောင်း နေရာများကို ပစ်မှတ်ထားခြင်းအားဖြင့် ရာစုနှစ်နှင့်ချီ၍ သက်တမ်းရင့်နေသော ယဉ်ကျေးမှုအမွေအနှစ်များကို ဖျက်ဆီးလျက် ရှိနေသည်။

ထိုအထဲတွင် သမိုင်းပညာရှင်များ၊ ဂီတပညာရှင်များနှင့် ကဗျာဆရာများ၏ ရုပ်ထုများ၊ ဗလီဝတ်ကျောင်းတော်များ၊ ခရစ်ယာန်ဘုရားကျောင်းများလည်း ပါဝင်သည်။

ယဉ်ကျေးမှု ဆက်နွယ်ခြင်း

ယခုပြုလုပ်မည့် ပြခန်းများ၏ ပြတိုက်မှူးများက အဆိုပါ ပြခန်းသစ်နှစ်ခုတွင် ပြတိုက်၏ အစ္စလာမ့် အနုပညာလက်ရာများနှင့် ဥရောပမှ အနုပညာလက်ရာများအကြား ဆက်နွယ်မှုကို ပထမဆုံး ဖော်ပြသွားမည်ဟု ဆိုသည်။

“တကယ့်အရေးပါတဲ့ အရာက အစ္စလာမ့်အနုပညာလက်ရာ စုစည်းမှုကို ပြတိုက်ရဲ့ အဓိကနေရာမှာ သေသေချာချာထားဖို့ပါပဲ” ဟု အဆိုပါစီမံကိန်းကို ဦးဆောင်ရသူ ဗန်နက်တီယာ ပေါ်တာက ပြောကြားခဲ့သည်။

ယခုကဲ့သို့ အစ္စလာမ့်အနုပညာလက်ရာများကို ပြသခြင်းမှာ အစ္စလာမ့် သမိုင်းအမွေအနှစ်များကို “ဗြိတိသျှပြတိုက်” ၌ ပထမဆုံး ပြသခြင်းမဟုတ်ပေ။

၂၀၁၂ ခုနှစ် ဧပြီလကလည်း ဟာဂ်ျခရီးစဉ်နှင့်သက်ဆိုင်သည့် ကမ္ဘာ့အကြီးဆုံး ပြပွဲကြီးတစ်ခုကိုလည်း အဆိုပါ ပြတိုက်တွင် ကျင်းပပြုလုပ်ခဲ့သေးသည်။ ထိုပြပွဲတွင် သမိုင်းဆိုင်ရာ ပစ္စည်းများ၊ လက်ရေးမူများ၊ အ၀တ်အထည်ဓာတ်ပုံများနှင့် သမိုင်းတစ်လျှောက် ဟဂ်ျခရီးစဉ် သွားရောက်မှုများနှင့် ဆက်နွယ်နေသည့် ခေတ်ပြိုင် အနုပညာလက်ရာများကိုလည်း ပြသခဲ့သည်။

“ဟဂ်ျ- အစ္စလာမ့်နှလုံးသည်းပွတ်ဆီသို့ ခရီး” ဟု အမည်ပေးထားသည့် အဆိုပါပြပွဲကို လူပေါင်း ၁၅၀၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ကြသည်။

Ref: Onislam

Comments

Leave a Reply