News @ M-Media

Blog

  • ၁၉၉၈ ကမ္ဘာ့ဖလားအရှုံးအတွက် နာကျင်နေဆဲဟု ဘရာဇီးနည်းပြ ဒွန်ဂါဆို

    ၁၉၉၈ ကမ္ဘာ့ဖလားအရှုံးအတွက် နာကျင်နေဆဲဟု ဘရာဇီးနည်းပြ ဒွန်ဂါဆို

    မတ် ၂၆၊ ၂၀၁၅
    M-Media

    dunga-selecao-brazil_1vwnkjc6hy13f1a24wa3dwa04c

    – ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပြင်သစ်အသင်းအား ရှုံးနိမ့်ခဲ့ရမှုအတွက် ယခုအချိန်အထိ နာကျင်နေရသည်ဟု ဘရာဇီးလ်အသင်း၏ နည်းပြဖြစ်သူ ဒွန်ဂါက ပြောကြားလိုက်သည်။

    ပြင်သစ်နှင့် ဘရာဇီးလ်တို့မှာ ယနေ့တွင် Stade de France ၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဒွန်ဂါမှာ လွန်ခဲ့သည့် ၁၇ နှစ်က ပြိုင်ဘက်အသင်းခေါင်းဆောင်အဖြစ် ရင်ဆိုင်ခဲ့ရသည့် ပြင်သစ်နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ်နှင့် ပြန်လည် ဆုံတွေ့ရခြင်းလည်း ဖြစ်သည်။

    ဒွန်ဂါကမူ ၁၉၉၈ ခုနှစ်က Stade de France တွင် ကစားခဲ့ပြီး ပြင်သစ်အား ၃ ဂိုး ပြတ်ဖြင့် ရှုံးနိမ့်ခဲ့မှုအတွက် နာကျင်နေဆဲဟု ၀န်ခံခဲ့ပြီး ၁၉၉၀ ကမ္ဘာ့ဖလားတွင် အောင်မြင်မှု မရယူနိုင်ခဲ့သည့်အတွက် အလွန်အမင်း ဝေဖန်ခံခဲ့မရမှုကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    “အရှုံးဆိုတာ အမြဲတမ်း တော်တော်လေး နာကျင်တဲ့အရာပါ။ အထူးသဖြင့် ကမ္ဘာ့ဖလားဖိုင်နယ်မှာပေါ့ဗျာ။ ဒါပေမယ့် ၁၉၉၀ ပြည့်နှစ်က ကျွန်တော့်ကို ပိုပြီး နာကျင်စေပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ တာဝန်ယူမှုအားလုံးဟာ နောက်ထပ်လေးနှစ်လောက် ကျွန်တော်ခေါင်းပေါ်မှာပဲ ရှိနေလို့ပါ” ဟု ဒွန်ဂါက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ပြီးခဲ့သည့် ဘရာဇီးလ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်၌ ဂျာမနီအသင်းအား ၇ ဂိုး ၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့မှုမှ ရရှိခဲ့သည့် သင်ခန်းစာကို ဂရုစိုက်ရမည်ဟုလည် ပြောကြားခဲ့သည်။

    “ဖြစ်ခဲ့တာတွေကနေ ကျွန်တော်တို့ သင်ယူရမှာဖြစ်ပြီး ခြားနားသွားအောင်လုပ်ဖို့လည်း ကြိုးစားရပါမယ်။ တကယ်တော့ ဘောလုံးလောကမှာ ပါဝင်သူတိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မှီခိုနေရတာပါ။ ကျွန်တော်တို့ဟာ အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးကို လက်ခံရပါမယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့က အရာရာတိုင်းကို မမြင်နိုင်လို့ပါ”

    ပြင်သစ်နည်းပြ ဒက်စ်ချမ့်စ်ကမူ ဘရာဇီးလ်မှာ ကမ္ဘာ့ဖလားတွင် အရှက်တကွဲဖြစ်မှုကို ပြန်လည် ကုစားနိုင်ခဲ့ပြီဟု ပြောကြားခဲ့သည်။

    Ref: Goal.com

  • ယီမင်သူပုန်များအား ဆော်ဒီနှင့် မဟာမိတ်နိုင်ငံများက လေကြောင်းမှတိုက်ခိုက်

    ယီမင်သူပုန်များအား ဆော်ဒီနှင့် မဟာမိတ်နိုင်ငံများက လေကြောင်းမှတိုက်ခိုက်

    မတ် ၂၆၊ ၂၀၁၅
    M-Media

    saudi.si

    – ဆော်ဒီအာရေဗျနှင့် ဒေသတွင်း မဟာမိတ်နိုင်ငံများမှာ ယီမင်ရှိ ဟူသီသူပုန်များကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုကို စတင်လိုက်ပြီဟု အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအတ်ကြီး အဒဲလ် အလ်- ဂျူဘီရ်က ပြောကြားခဲ့သည်။

    အဆိုပါ တိုက်ခိုက်မှုတွင် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ GCC မှ နိုင်ငံများ အပါအ၀င် စုစုပေါင်း ၁၀ နိုင်ငံပါဝင်ခဲ့ပြီး ဒေသစံတော်ချိန် ယမန်နေ့ည ၇ နာရီက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    “ဒီစစ်ဆင်ရေးဟာ ယီမင်အစိုးရရဲ့ တရားဝင်မှုကို ထောက်ခံအားပေးဖို့နဲ့ အစွန်းရောက် ဟူသီသူပုန်တွေ တိုင်းပြည်သိမ်းပိုက်တာကို တားဆီးဖို့ဖြစ်ပါတယ်” ဟု ဂျူဘီရ်က ၀ါရှင်တန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ ယီမင်သမ္မတအိမ်တော်၊ မြို့တော်ဆန်နာအတွင်းရှိ ရဲတပ်ဖွဲ့နှင့် အထူးတပ်ဖွဲ့ဝင်များ၏ ဌာနချုပ်အဆောက်အုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    ထိုတိုက်ခိုက်မှုများအတွင်း ဟူသီသူပုန်တပ်မှူး ၃ ဦး သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဟူသီသူပုန်များကလည်း အဆိုပါတိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး ၎င်းတို့ကမှာ လေကြောင်းကာကွယ်ရေး ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီ၊ ကာတာ၊ ကူဝိတ်၊ ဘာရိန်းနှင့် ယူအေအီးနိုင်ငံတို့၏ အမည်ဖြင့် ရီယာ့ဒ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ယီမင်သမ္မတ အဘ်ဒ် ရာဘူ မန်ဆူရ် ဟာဒီ၏ ဒုက္ခပတ်လည်ဝိုင်းနေသော အစိုးရမှ တောင်းဆိုမှုကြောင့် ထိုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

    အီဂျစ်ကလည်း ထိုတိုက်ခိုက်မှုအတွက် နိုင်ငံရေးနှင့် စစ်ရေးအရ အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း၊ လိုအပ်ပါက အီဂျစ်လေတပ်၊ ရေတပ်နှင့် မြေပြင်တပ်များကလည်း ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    အဆိုပါတိုက်ခိုက်မှုများတွင် အမေရိကန်က နည်းပညာပိုင်းဆိုင်ရာနှင့် ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုးများဖြင့် အနီးကပ် ပါဝင်နေသည်။

    ပြီးခဲ့သည့်လအတွင်း ဟူသီသူပုန်များက မြို့တော်ဆန်နာအား သိမ်းပိုက်ပြီးနောက်ပိုင်း ယီမင်နိုင်ငံအတွင်း မငြိမ်သက်မှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။

    Ref: Aljazeera

  • ဗြိတိန်နှင့်သြစတေးလျ တို့  ရခိုင်ကမ်းရိုးတန်းရှိ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရှာဖွေရေး တွင် မှ ဒေါ်လာ ၁.၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်။

    ဗြိတိန်နှင့်သြစတေးလျ တို့ ရခိုင်ကမ်းရိုးတန်းရှိ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရှာဖွေရေး တွင် မှ ဒေါ်လာ ၁.၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်။

    မတ် ၂၆ ရက် ၂၀၁၅
    M-Media
    1-rakhine-state-myanmar

    မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကမ်းရိုးတန်းရှိ လုပ်ကွက် ၄ ခု၌ ဗြိတိန်မှ BG အုပ်စုနှင့် သြစတေးလျမှ Woodside Petroleum Ltd(WPL.AX) တို့သည် အမေရိကန်ဒေါ်လာ ၁.၀၈ ဘီလီယံ (ပေါင် ၀.၇၂ သန်း)တန်ဖိုးရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေး လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံတော့မည်ဟု စွမ်းအင်ဝန်ကြီးဌာန အထက်တန်းအရာရှိ တစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားသည်။

    အဆိုပါလုပ်ကွက်များအတွင်း ရေတိမ်ပိုင်း ရှာဖွေတူးဖော်ရေးလုပ်ငန်းစဉ်အတွက် ဒေါ်လာ ၅၄၅.၅ သန်းကိုလည်းကောင်း၊ ရေနက်ပိုင်း လုပ်ငန်းစဉ်အတွက် ဒေါ်လာ ၅၃၅.၁ သန်းကိုလည်းကောင်း အနိမ့်ဆုံး အသုံးပြုသွားမည်၊ ၎င်းပြင် နောက်ထပ် ၇ သို့မဟုတ် ၈ နှစ် အချိန်ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။ ထိုသူသည် တရားဝင်ပြောဆိုခွင့်ရ ပုဂ္ဂိုလ် မဟုတ်သဖြင့် အသေးစိတ်ကိုမူ မပြောကြားချေ။

    လွန်ခဲ့သော သောကြာနေ့က အဆိုပါ ကုမ္ပဏီနှစ်ခုသည် နေပြည်တော်ရှိစွမ်းအင်ဝန်ကြီးဌာနနှင့် အတူတစ်ကွပူးပေါင်းထုတ်လုပ်ရေး ကန်ထရိုက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

    မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့အခန်းကဏ္ဍသည် ကိုးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း ဒေါ်လာ ၆.၆ ဘီလီယံ၏ ၄၀ ရာခိုင်နှုန်း(တန်ဖိုး ဒေါ်လာ ၂.၆ ဘီလီယံခန့်) နေရာယူထားသည်ဟု  Central Statistical Organisation (CSO)  ၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြသည်။

    BP’s Statistical Review of World Energy ၏အဆိုအရ ၂၀၁၃ ခုနှစ်အကုန်တွင် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့သိုက်ပမာဏမှာ ကုဗပေပေါင်း ၁၀ ထရီလီယံရှိခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံက မြန်မာနိုင်ငံထွက် သဘာဝဓာတ်ငွေ့၏ ငါးပုံတစ်ပုံခန့်ကို တင်သွင်းလျက်ရှိသည်။

    Ref : Reuters

  • ဂျာမန်လေယာဉ် ပျက်မကျမီ လေယာဉ်မောင်းခန်းတွင် လေယာဉ်မှူး တစ်ဦးသာရှိပြီး အခန်းကိုလည်း  သော့ပိတ်ထား

    ဂျာမန်လေယာဉ် ပျက်မကျမီ လေယာဉ်မောင်းခန်းတွင် လေယာဉ်မှူး တစ်ဦးသာရှိပြီး အခန်းကိုလည်း သော့ပိတ်ထား

    မတ် ၂၆၊ ၂၀၁၅
    M-Media

    1427199246_germanwings-article

    – ပြင်သစ်ရှိ အဲလ်ပ်စ်တောင်တန်းပေါ် အင်္ဂါနေ့က ပျက်ကျသွားခဲ့သည့် ဂျာမန်လေကြောင်းလိုင်း Germanwings မှ Airbus A320 လေယာဉ်၏ နောက်ဆုံးအချိန်တွင် လေယာဉ်မှူးအခန်းတွင် လေယာဉ်မှူး ၁ ဦးသာရှိနေပြီး အခန်းကိုလည်း သော့ပိတ်ထားသည်ဟု နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့သည်။

    လေယာဉ်မှူးအခန်းထဲမှ အသံမှတ်တမ်းကို စစ်ဆေးရာတွင် ပါဝင်ခဲ့သူ အကြီးတန်း စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အပြင်သို့ထွက်သွားသည့် လေယာဉ်မှူးမှာ လေယာဉ်မှူးအခန်းသို့ ပြန်လာစဉ် တံခါးဖွင့်၍ မရတော့ဟု ဆိုသည်။

    “အပြင်ကလေယာဉ်မှူးက တံခါးကို ဖြည်းဖြည်းလေး ခေါက်ပါတယ်။ ဒါပေမယ့် ပြန်ထူးသံမကြားရပါဘူး။ အဲဒီနောက်မှာ ခပ်ပြင်းပြင်းထုတော့လည်း ဘာသံမှမကြားရပါဘူး။ သူ (လေယာဉ်မှူး) တံခါးကိုဖျက်ဝင်ဖို့ ကြိုးစားနေတဲ့အသံကို ကြားနိုင်ပါတယ်” ဟု အဆိုပါ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    သို့သော်လည်း လေယာဉ်မှူးတစ်ဦးမှာ မည်သည့်အတွက်ကြောင့် အပြင်သို့ထွက်သွားပြီး၊ ကျန်ခဲ့သည့် လေယာဉ်မှူးမှာလည်း အဘယ့်ကြောင့် မြေပြင်နှင့် ဆက်သွယ်မှု မပြုလုပ်ခဲ့သည်ကို မသိရှိကြောင်း ၎င်းဆိုသည်။

    “ဒါပေမယ့် သေချာတာတစ်ခုကတော့ လေယာဉ်ရဲ့နောက်ဆုံးအချိန်မှာ လေယာဉ်မှူးတစ်ဦးထဲသာ လေယာဉ်မောင်းခန်းမှာရှိပြီး တံခါးကိုလည်း ဖွင့်မထားပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းကိုမူ ဆက်လက်စုံစမ်းလျက် ရှိနေသည်။

    စပိန်နိုင်ငံ ဘာစီလိုနာမြို့မှ ဂျာမနီသို့ ပျံသန်းလာသည့် အဆိုပါ လေယာဉ်မှာ အမြင့်ပေ ၃၈၀၀၀ မှ ၁၀ မိနစ်အတွင်း မြေပြင်ပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်လိုက်ပါလာသူ ၁၅၀ စလုံး သေဆုံးခဲ့သည်။

    ပြင်သစ် မတော်တဆ စုံစမ်းစစ်ဆေးရေးဗျူရိုမှ အကြီးအကဲ ရီမီ ဂျူတီကလည်း အသံမှတ်တမ်းတွင် အော်ဟစ်သံများကို ကြားခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    နယူးယောက်တိုင်းမ်စ်၏ ထိုသို့ဖော်ပြမှုနှင့်ပတ်သက်၍ Germanwings ၏ မိခင်ကုမ္ပဏီဖြစ်သော Lufthansa က ထိုကိစ္စနှင့်ပတ်သက်၍ သိရှိရခြင်းမရှိသေးဘဲ၊ မေးမြန်းမှုများ ပြုလုပ်နေသည် ဟုဆိုသည်။

    လေယာဉ်မှူးအခန်းမှ အသံမှတ်တမ်းမှာ လေယာဉ်ပေါ်တွင်ပါရှိသည့် Black Box နှစ်ခုထဲမှ တစ်ခုတွင် ပါရှိခြင်းဖြစ်ပြီး အခြား Black Box တစ်ခုကိုမူ ဆက်လက်ရှာဖွေနေသည်။

    Ref: CNN

  • ဘာသာရေးအသွင်ဆောင် ပဋိပက္ခများသည် ယခင်စစ်အစိုးရ အဖွဲ့ဝင်များ လက်ချက်ဟု Justice Trust အဖွဲ့ထုတ်ပြန်

    ဘာသာရေးအသွင်ဆောင် ပဋိပက္ခများသည် ယခင်စစ်အစိုးရ အဖွဲ့ဝင်များ လက်ချက်ဟု Justice Trust အဖွဲ့ထုတ်ပြန်

    ဧရာဝတီမှ ကူးယူဖော်ပြသည်။
    10464354_1491339591083252_5668154329372377568_n
    မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသည့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများနှင့် အရပ်ဝတ် အင်အားစုများ၏ အကြမ်းဖက်မှုများသည် ယခင် စစ်အစိုးရ အဖွဲ့ဝင်များက လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တဖွဲ့ဖြစ်သော Justice Trust က ပြောဆိုလိုက်သည်။

    မတ်လ ၂၃ ရက်က ထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံ၏ အဓိကရုဏ်များ အကြောင်း ဆန်းစစ်ချက်များ အစီရင်ခံစာတွင် ဖော်ပြထား ခြင်း ဖြစ်သည်။

    “၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်ကနေ ၂၀၁၄ ခုနှစ် မန္တလေး ဖြစ်ရပ်အထိ ဘာသာရေး အကြမ်းဖက်မှုတွေကို လှုံ့ဆော်နေတာက အရင် စစ်အစိုးရဟောင်းက ခေါင်းမာဂိုဏ်းသားတွေရဲ့ အာဏာတည်မြဲဖို့၊ သူတို့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ပြောင်းမှုအပေါ် ချုပ် ကိုင် ဖို့ ကြိုးပမ်းတာတွေကို ဖော်ပြနေပါတယ်”ဟု Justice Trust ၏ အမှုဆောင် ဒါရိုက်တာ Mr.Roger Normand က ပြောသည်။

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းစာဆရာများ ကလပ်(FCCT- Foreign Correspondents Club of Thailand) ၌ မတ်လ ၂၃ ရက်တွင် ပြုလုပ်သည့် အစီရင်ခံစာနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် Mr.Roger Normand က ပြောဆိုခြင်း ဖြစ်သည်။

    ထိုအစီရင်ခံစာကို အစိုးရသစ် သမ္မတ ဦးသိန်းစိန် တာဝန်ယူပြီး နောက်ပိုင်း ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည် နယ် ပဋိပက္ခ၊ ၂၀၁၄ ခုနှစ်က မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် အစ္စလမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အကြား ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများ၏ ဖြစ်စဉ် အပေါ်တွင် စစ်တမ်းကောက်ယူ၍ အစီရင်ခံစာ ရေးသားထားခြင်း ဖြစ်ကြောင်း သိရ သည်။

    သမ္မတ ဦးသိန်းစိန် လက်ထက်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မိထ္ထီလာမြို့နှင့် မန္တလေးမြို့တို့တွင် ဖြစ်ပွားခဲ့သည့် ဘာသာ ရေး ပဋိပက္ခ အသွင်ဆောင်သည့် အကြမ်းဖက်မှုများတွင် ဒေသခံတို့၏ အိုးအိမ်များ၊ အစ္စလမ် ဘာသာဝင်တို့၏ နေအိမ်များကို ၀င်ရောက် ဖျက်ဆီးသူတို့သည် ဒေသခံများ မဟုတ်ဘဲ အကြမ်းဖက်ဂိုဏ်းများမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ဒေသခံ အချင်းချင်း ကို ဘာသာရေးအရ ပဋိပက္ခ ဖြစ်ပွားသည့်အသွင် ဖော်ဆောင်ခံရခြင်း ဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ရေးသားထားသည်။

    လက်ရှိအစိုးရ အဖွဲ့အနေဖြင့် ပြုပြင်ပြောင်းလဲမှု အမှန်တကယ် လုပ်ဆောင်နေကြောင်းနှင့် ပြည်သူများအပေါ် အစိုးရက ကာကွယ် ပေးမှုရှိကြောင်း ပြသရန် အတွက် ပဋိပက္ခ ဖြစ်ပွားစေရန် ဖန်တီးနေသည့် လူတစုကို ဖော်ထုတ်အရေးယူရန် လိုအပ်သည်ဟုလည်း Mr. Roger Normand က ပြောဆိုသည်။

    ဘာသာရေး အသွင်ဆောင် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ Justice Trust မှ စစ်တမ်း ကောက်ယူရာတွင် သက်ဆိုင်ရာ အာဏာ ပိုင်များက မည်သူလုပ်ဆောင်သည်ကို အတည်ပြုပေးခြင်းမရှိဘဲ ပြင်ပမှလူများဟု စွပ်စွဲပြောဆိုခြင်း၊ အစ္စလမ် ဘာသာ ၀င်များဟု စွပ်စွဲ၍ အစ္စလမ် ဘာသာဝင်များကို လက်စားချေရန် လူမှုကွန်ရက်(Facebook) မှ တဆင့် ဒေသခံများကို တိုက်တွန်းခြင်း၊ ရဲအမြောက်အမြားကို အဓိကရုဏ်း ဖြစ်ပွားသည့် နေရာများ၌ အဓိကရုဏ်း မဖြစ်မီ နေရာချ ပေးထားသော်လည်း အချိန်မီ ဥပဒေအရ ကာကွယ်နိုင်ခြင်း ပျက်ကွက်ခဲ့သည့် အချက်တို့ကို ပဋိပက္ခတိုင်း၌ တူညီစွာ တွေ့ရှိခဲ့ရသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

    သမ္မတ အကြံပေးလည်း ဖြစ်သည့် ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်ကမူ Justice Trust အစီရင်ခံစာပါ စွပ်စွဲချက်များကို လက်မခံကြောင်း၊ လက်ရှိတာဝန်ယူနေသော အစိုးရအဖွဲ့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များအရ တည် ဆဲ ဥပဒေပါ ပြ ဌာန်းချက်များ အတိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

    “တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ရတဲ့ အဖွဲ့အစည်း တခုလုံးအနေနဲ့ ဥပဒေအတိုင်း ဆောင်ရွက်ပေမယ့် အဖွဲ့ဝင် တဦးချင်းမှာတော့ မှားယွင်းမှုရှိကောင်း ရှိနိုင်တာပေါ့၊ အဲ့ဒါမျိုးတွေကို အဖွဲ့အစည်းက ပြန်သုံးသပ် ပြင်ဆင်သွားမှာပါ”ဟုလည်း ၎င်းက ပြောဆို သည်။

    အဆိုပါ အစီရင်ခံစာကို Hidden Hands Behinds Communal Violence in Myanmar : Case Study of the Mandalay Riots ဟု အမည်ပေးထားပြီး Justice Trust မှ နိုင်ငံတကာ ရှေ့နေများ အပါအ၀င် မြန်မာနိုင်ငံရှိ ရှေ့နေများ ကွန်ရက်မှ ရှေ့နေများ၊ ပဋိပက္ခ ဖြစ်ပွားရာဒေသမှ ဒေသခံများနှင့် ပူးပေါင်း၍ ၆ လခန့် မှတ်တမ်းများ ကောက်ယူပြုစုထားခြင်း ဖြစ်သည်ဟု သိရသည်။

    အစီရင်ခံစာတွင် ပါဝင်ကူညီခဲ့သည့် ရှေ့နေများ ကွန်ရက်မှ ရှေ့နေ ဦးသိန်းသန်းဦးက“ယူနီဖောင်းဝတ် စစ်သားတွေအစား အရပ် ၀တ် အင်အားစုတွေကို အသုံးချပြီး နိုင်ငံနဲ့တ၀န်း အကြမ်းဖက်မှုတွေကို လုပ်နေတဲ့ ကိစ္စပါ၊ နိုင်ငံမှာ လိုအပ်နေတဲ့ အမှန်တကယ် လိုအပ်ချက်တွေကို အာရုံလွှဲနိုင်ဖို့ လူနည်းစုတွေကို ဓားစာခံလုပ် အသုံးချနေတဲ့ ကိစ္စပါ”ဟု ပြောသည်။

    ထိုတွေ့ရှိချက်များသည် အာဏာတည်မြဲရေး ကြိုးပမ်းလိုသည့် အင်အားစုတစုက နောက်ကွယ်မှ လုပ်ဆောင်နေသည့် သက်သေများရှိနေပြီး အကြမ်းဖက်မှုကို လှုံ့ဆော်ရာတွင် ရဟန်းဖြစ်သည့် အရှင်ဝီရသူကလည်း တိုက်ရိုက် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အစီရင် ခံစာတွင် ရေးသားထားသည်။

    အဓိကရုဏ်းတွင် ကျူးလွန်ခဲ့သူများကို ဥပဒေကြောင်းအရ ရှာဖွေဖော်ထုတ်မှု အစိုးရက ပျက်ကွက်ခဲ့သည့် အပြင် အဓိကရုဏ်းများ ဖြစ်ပွားချိန်မှာ လူထုက တရားမျှတမှု၊ ဒီမိုကရေစီ အခွင့်အရေးများ အရှိန်မြှင့် တောင်းဆိုနေသည့် အချိန်နှင့် အချိန်ကိုက် ဖြစ်နေသဖြင့် အစိုးရက ဒီမိုကရေစီ တောင်းဆိုမှုများကို အာရုံလွှဲလိုက်ခြင်း ဖြစ်သည်ဟုလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

    Justice Trust သည် အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တဖွဲ့ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံရှိ ရှေ့နေများ ကွန်ရက်၊ သတင်းသမားများနှင့် ဆက်သွယ်၍ မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းပြုစုခြင်း၊ လူ့အခွင့် အရေး ချိုးဖောက်ခံနေရသည့် ဖြစ်ရပ်များတွင် အကူအညီပေးခြင်းများ ပြုလုပ်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့်အဖွဲ့ ဖြစ်သည်။

    http://burma.irrawaddy.org/news/2015/03/25/73078.html