မတ် ၂၆၊ ၂၀၁၅
M-Media
– ပြင်သစ်ရှိ အဲလ်ပ်စ်တောင်တန်းပေါ် အင်္ဂါနေ့က ပျက်ကျသွားခဲ့သည့် ဂျာမန်လေကြောင်းလိုင်း Germanwings မှ Airbus A320 လေယာဉ်၏ နောက်ဆုံးအချိန်တွင် လေယာဉ်မှူးအခန်းတွင် လေယာဉ်မှူး ၁ ဦးသာရှိနေပြီး အခန်းကိုလည်း သော့ပိတ်ထားသည်ဟု နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့သည်။
လေယာဉ်မှူးအခန်းထဲမှ အသံမှတ်တမ်းကို စစ်ဆေးရာတွင် ပါဝင်ခဲ့သူ အကြီးတန်း စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အပြင်သို့ထွက်သွားသည့် လေယာဉ်မှူးမှာ လေယာဉ်မှူးအခန်းသို့ ပြန်လာစဉ် တံခါးဖွင့်၍ မရတော့ဟု ဆိုသည်။
“အပြင်ကလေယာဉ်မှူးက တံခါးကို ဖြည်းဖြည်းလေး ခေါက်ပါတယ်။ ဒါပေမယ့် ပြန်ထူးသံမကြားရပါဘူး။ အဲဒီနောက်မှာ ခပ်ပြင်းပြင်းထုတော့လည်း ဘာသံမှမကြားရပါဘူး။ သူ (လေယာဉ်မှူး) တံခါးကိုဖျက်ဝင်ဖို့ ကြိုးစားနေတဲ့အသံကို ကြားနိုင်ပါတယ်” ဟု အဆိုပါ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
သို့သော်လည်း လေယာဉ်မှူးတစ်ဦးမှာ မည်သည့်အတွက်ကြောင့် အပြင်သို့ထွက်သွားပြီး၊ ကျန်ခဲ့သည့် လေယာဉ်မှူးမှာလည်း အဘယ့်ကြောင့် မြေပြင်နှင့် ဆက်သွယ်မှု မပြုလုပ်ခဲ့သည်ကို မသိရှိကြောင်း ၎င်းဆိုသည်။
“ဒါပေမယ့် သေချာတာတစ်ခုကတော့ လေယာဉ်ရဲ့နောက်ဆုံးအချိန်မှာ လေယာဉ်မှူးတစ်ဦးထဲသာ လေယာဉ်မောင်းခန်းမှာရှိပြီး တံခါးကိုလည်း ဖွင့်မထားပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းကိုမူ ဆက်လက်စုံစမ်းလျက် ရှိနေသည်။
စပိန်နိုင်ငံ ဘာစီလိုနာမြို့မှ ဂျာမနီသို့ ပျံသန်းလာသည့် အဆိုပါ လေယာဉ်မှာ အမြင့်ပေ ၃၈၀၀၀ မှ ၁၀ မိနစ်အတွင်း မြေပြင်ပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်လိုက်ပါလာသူ ၁၅၀ စလုံး သေဆုံးခဲ့သည်။
ပြင်သစ် မတော်တဆ စုံစမ်းစစ်ဆေးရေးဗျူရိုမှ အကြီးအကဲ ရီမီ ဂျူတီကလည်း အသံမှတ်တမ်းတွင် အော်ဟစ်သံများကို ကြားခဲ့ရသည်ဟု ပြောကြားခဲ့သည်။
နယူးယောက်တိုင်းမ်စ်၏ ထိုသို့ဖော်ပြမှုနှင့်ပတ်သက်၍ Germanwings ၏ မိခင်ကုမ္ပဏီဖြစ်သော Lufthansa က ထိုကိစ္စနှင့်ပတ်သက်၍ သိရှိရခြင်းမရှိသေးဘဲ၊ မေးမြန်းမှုများ ပြုလုပ်နေသည် ဟုဆိုသည်။
လေယာဉ်မှူးအခန်းမှ အသံမှတ်တမ်းမှာ လေယာဉ်ပေါ်တွင်ပါရှိသည့် Black Box နှစ်ခုထဲမှ တစ်ခုတွင် ပါရှိခြင်းဖြစ်ပြီး အခြား Black Box တစ်ခုကိုမူ ဆက်လက်ရှာဖွေနေသည်။
Ref: CNN
Leave a Reply
You must be logged in to post a comment.