News @ M-Media

Blog

  • မွတ်စလင်လူငယ်များ လမ်းမမှားစေရေး ဘာသာရေးဆရာများ ပိုမိုစုဆောင်းသင့်သည်ဟု ဘယ်လ်ဂျီယံ မွတ်စလင်  လူ့အဖွဲ့အစည်း ပြော

    မွတ်စလင်လူငယ်များ လမ်းမမှားစေရေး ဘာသာရေးဆရာများ ပိုမိုစုဆောင်းသင့်သည်ဟု ဘယ်လ်ဂျီယံ မွတ်စလင် လူ့အဖွဲ့အစည်း ပြော

    မတ် ၂၁၊ ၂၀၁၅
    M-Media

    be

    – မွတ်စလင်လူငယ်များအား အမှောင်ထဲသို့ သွားစေမည့်အစား ၎င်းတို့၏ အယူဝါဒနှင့်ပတ်သက်၍ အသိပညာပေးရန်အတွက် ဘာသာရေးဆရာများကို စုဆောင်းရန် ဘယ်လ်ဂျီယံ မွတ်စလင် လူ့အဖွဲ့အစည်းက ဥရောပ တာဝန်ရှိသူများကို တိုက်တွန်းပြောကြားလိုက်သည်။

    ဥရောပတစ်ဝှမ်း မွတ်စလင်ဆန့်ကျင်ရေး လှုံ့ဆော်မှုများ မြင့်မားလာချိန်တွင် ဘရက်ဆဲလ်မြို့၌ အင်္ဂါနေ့က ကျင်းပပြုလုပ်ခဲ့သည့် အစွန်းရောက်ဆန့်ကျင်ရေး ညီလာခံတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    “ဘယ်လ်ဂျီယံက မွတ်စလင်လူငယ်တွေဟာ အလုပ်လက်မဲ့ပုံစံမျိုးနဲ့သာမက သူတို့ရဲ့ဘာသာတရား၊ ယဉ်ကျေးမှုကို ဖော်ပြတဲ့ပုံစံမျိုးနဲ့ပါ လူ့အဖွဲ့အစည်းကနေ ခွဲထုတ်ခံထားရတယ်လို့ ခံစားနေရပါတယ်” ဟု ဘရက်ဆဲလ်မြို့ရှိ ရှေ့ဆောင်အီမာမ်တစ်ဦးဖြစ်သူ ကာစစ် မွတ်စ်တာဖာက အဆိုပါ ညီလာခံတွင် ပြောကြားခဲ့သည်။

    ဥရောပတာဝန်ရှိသူများက လုံခြုံရေးနှင့် အစွန်းရောက်ဆန့်ကျင်ရေး နည်းလမ်းများကို တိုးမြှင့်ရန် တိုက်တွန်းခဲ့သောကြောင့် အဆိုပါ ညီလာခံကို ကျင်းပခဲ့ခြင်းဖြစ်ပြီး လူမှုအစေးကပ်ရေး ဥရောပမွတ်စလင် ရှေ့ဆောင်အဖွဲ့ EMISCO မှ ဘုတ်အဖွဲ့ဝင်ဖြစ်သူ ကမာလ် မက်ဇီတီအပါအ၀င် ဘရက်ဆဲလ်ရှိ မွတ်စလင်ခေါင်းဆောင်များက ဥရောပတွင် မွတ်စလင်လူငယ်များအတွက် ဘာသာရေးနှင့်ပတ်သက်၍ အသိပညာပေးမည့် ဘာသာရေးဆရာများ မရှိခြင်းကြောင့် အဆိုပါ ဘာသာရေးဆရာများကို
    စုဆောင်းသင်တန်းပေးခြင်းမှာ အရေးကြီးသည်ဟု ပြောကြားခဲ့ကြသည်။

    အစွန်းရောက်မှုနှင့် နိုင်ငံရေးအကြမ်းဖက်ခြင်း လေ့လာမှုဆိုင်ရာ နိုင်ငံတကာစင်တာမှ ထုတ်ပြန်သော စာရင်းအရ ပြီးခဲ့သည့် ၂ နှစ်အတွင်း ဥရောပမှ အစွန်းရောက်အဖွဲ့များနှင့် သွားရောက်ပူပေါင်းသူမှာ ၃၀၀ နီးပါးရှိပြီး ဘယ်လ်ဂျီယံနိုင်ငံမှာ အနောက်ဥရောပတွင် ထိခိုက်မှုအရှိဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ဖော်ပြထားသည်။

    လန်ဒန်ရှိ တတ်သိပညာရှင်များအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗေဆဲလ် ဖိလစ်ဇ်က မွတ်စလင်လူ့အဖွဲ့အစည်းမှ ကလေးငယ်များအား အစွန်းရောက်အခြေခံများမှ ဝေးကွာစေပြီး တာဝန်ယူတတ်သော အပြုအမူများမွေးမြူလာနိုင်ရေး သွန်သင်ညွှန်ကြားပေးသည့် ကျောင်းပညာရေးစနစ်ကလည်း အရေးပါသည်ဟု ပြောကြားခဲ့သည်။

    အဲဒီလို ပညာရေးက မွတ်စလင်ကလေးငယ်တွေကို သူတို့ရဲ့ ကိုယ်ပိုင် ဘာသာအယူယုံကြည်သက်ဝင်မှုရဲ့ အသိတရားနဲ့ မွတ်စလင်မဟုတ်တဲ့ကလေးငယ်တွေအတွက် သတင်းအချက်အလက်တွေကို ပိုမိုရရှိစေပါတယ်” ဟု ဖီလစ်ဇ်က ပြောကြားခဲ့သည်။

    ဘယ်လ်ဂျီယံနိုင်ငံ၏ ၁၁.၂ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ ၆ သိန်းကျော်ရှိနေသည်ဟု Pew Research Center မှ ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်သော စာရင်းများအရ သိရသည်။

    ဘရက်ဆဲလ်မြို့တွင်ပင် ဗလီဝတ်ကျောင်းတော်ပေါင်း ၇၇ လုံးရှိပြီး ဘယ်လ်ဂျီယံနိုင်ငံတစ်ဝှမ်းတွင် ၃၀၀ ကျော် ရှိနေသည်။

    Ref: Onislam

  • ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အတွက် မဲခွဲ

    ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အတွက် မဲခွဲ

    မတ် ၂၁၊ ၂၀၁၅
    M-Media

    2225343_w2

    – ဥရောပ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အတွက် ယမန်နေ့က မဲခွဲခဲ့ရာ စိတ်ဝင်စားစရာကောင်းသည့် ရလဒ်များ ထွက်ပေါ်လာခဲ့သည်။

    လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းမှာ ယမန်နှစ် ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့သည့် မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းနှင့် တွေ့ဆုံနေသည်။ ယခုနှစ်ရာသီတွင် ၎င်းတို့ ၂ သင်းမှာ ၆ ပွဲ တွေ့ဆုံယှဉ်ပြိုင်ထားပြီး အက်သလက်တီကိုက ၄ ပွဲနိုင်ထားက ၂ ပွဲမှာ သရေကျခဲ့သည်။

    ဘာစီလိုနာအသင်းကလည်း ချယ်ဆီးအား ဖြုတ်ချကာ တက်လာခဲ့သည် ပီအက်စ်ဂျီအသင်းနှင့် တွေ့ဆုံနေသည်။ ၎င်းတို့ ၂ သင်းမှာ ၂၀၁၂-၂၀၁၃ ချန်ပီယံလိဂ်တွင်လည်း ကွာတားဖိုင်နယ်၌ တွေ့ဆုံခဲ့ဖူးပြီး အဝေးဂိုးဖြင့် ဘာစီလိုနာက နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

    အုပ်စုပွဲစဉ်များတွင် ရုန်းကန်ခဲ့ရပြီး ကွာတားဖိုင်နယ်အထိ ရောက်ရှိလာခဲ့သည့် ဂျူဗင်တပ်စ်မှာမူ ကွာတားဖိုင်နယ် တက်လာသည့် ၈ သင်းတွင် အင်အားအနည်းဆုံးဖြစ်သည့် မိုနာကိုအသင်းနှင့် တွေ့ဆုံနေပြီး နောက်တစ်ဆင့်တက်ရန် အခြေအနေ ကောင်းနေသည်။

    ဘိုင်ယန်မြူးနစ်ကမူ ပေါ်တိုနှင့် တွေ့ဆုံနေသည်။ ပေါ်တိုမှာ ၁၉၈၇ ခုနှစ် ဥရောပ ချန်ပီယံကလပ်အသင်းများဖလား ပြိုင်ပွဲ နောက်ဆုံးဗိုလ်ပွဲတွင် ဘိုင်ယန်အား နောက်ဆုံး ၁၃ မိနစ် သွင်းဂိုး ၂ ဂိုးသွင်း၍ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရကာ ၎င်းတို့၏ ပထမဆုံး ဥရောပဖလားကို ဆွတ်ခူးနိုင်ခဲ့ဖူးသည်။

    Ref: uefa.com

  • ချန်ပီယံလိဂ်တွင် ထွက်ရခြင်းက ပရီးမီးယားလိဂ်အတွက် ကောင်းချီးဟု မော်ရင်ဟို ဆို

    ချန်ပီယံလိဂ်တွင် ထွက်ရခြင်းက ပရီးမီးယားလိဂ်အတွက် ကောင်းချီးဟု မော်ရင်ဟို ဆို

    မတ် ၂၁၊ ၂၀၁၅
    M-Media

    morinho

    – ချန်ပီယံလိဂ်တွင် ထွက်ခဲ့ရခြင်းက ပရီးမီးယားလိဂ်အတွက် ကောင်းချီးတစ်ခုဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယခုသီတင်းပတ်အစောပိုင်းက ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ကစားပြီးနောက် ချယ်ဆီးမှာ အဝေးဂိုးဖြင့် ထွက်ခဲ့ရပြီး မော်ရင်ဟိုကမူ မိမိတို့အသင်း ချန်ပီယံလိဂ်မှ ထွက်ခဲ့ရခြင်းမှာ ပရီးမီးယားလိဂ်ဖလား ဗိုလ်စွဲရေး ကြိုးစားမှုအတွက် ကောင်းမွန်သော အခြေအနေဖြစ်ပြီး အခြားဖိအားများမရှိဘဲ ပရီးမီးယားလိဂ် တစ်ခုတည်းသာ အာရုံစိုက်ရတော့မည်ဟု ဆိုသည်။

    “ချယ်ဆီးဟာ ပရီးမီးယားလိဂ်ဖလားကို ၃ ကြိမ်ရခဲ့ပြီး လူတွေဟာ ဒီဂဏန်းကို ရှင်းရှင်းလင်းလင်း သိကြပါတယ်။ ဒါပေမယ့် အခြားနည်းလမ်းနဲ့လည်း လေ့လာဆန်းစစ်နိုင်ပါသေးတယ်။ ပြီးခဲ့သည့် ၉ နှစ်အတွင်းမှာ အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၁ ကြိမ်ပဲ ရထားပါတယ်။ ဒါ့ကြောင့် ပရီးမီးယားလိဂ်ဟာ ရဖို့ မလွယ်ပါဘူး။ ပြီးတော့ ဒီ ၉ နှစ်အတွင်း ချယ်ဆီးဟာ မတ်လ အကုန်လောက်မှာ ဒုတိယနေရာကအသင်းကို ၆ မှတ်ဖြတ်ထားတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး” ဟု မော်ရင်ဟိုက လက်ရှိ ပရီးမီးယားလိဂ် အခြေအနေကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ချန်ပီယံလိဂ်တွင် ဆက်ရှိနေချင်သော်လည်း ထိုပြိုင်ပွဲက ပြည်တွင်းလိဂ်များအတွက် မကြာခဏ အဆုံးအဖြတ်ပေးသည့် အကြောင်းအရင်း ဖြစ်တတ်သည်ဟု ဆိုသည်။ ချန်ပီယံလိဂ်မှ ထွက်ခဲ့ရသော်လည်း မိမိတို့အသင်းအနေဖြင့် ယခုနှစ်ရာသီကို မြင့်မြင့်မားမားဖြင့် အဆုံးသတ်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဂျူဗင်တပ်စ်တိုက်စစ်မှူး ပေါ့ဘာအား ချယ်ဆီးက ပြောင်းရွှေ့ကြေး ကြီးကြီးမားမားပေး၍ ခေါ်ယူတော့မည်ဆိုသည့် သတင်းကိုလည်း မော်ရင်ဟိုက ငြင်းဆိုခဲ့ပြီး မိမိတို့အသင်းတွင် ပေါ့ဂ်ဘာ မလိုအပ်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • ကုရ်အာန်ကျမ်းအား မလေးမစားလုပ်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်သူများအား အာဖဂန်ဖမ်းဆီး

    ကုရ်အာန်ကျမ်းအား မလေးမစားလုပ်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်သူများအား အာဖဂန်ဖမ်းဆီး

    မတ် ၂၁၊ ၂၀၁၅
    M-Media

    face78cdb574451090705bc3e69c2e88_18

    – ကုရ်အာန်ကျမ်းတော်မြတ်အား မီးရှို့သည်ဟု စွပ်စွဲကာ အမျိးသမီးတစ်ဦးအား ရိုက်နှက်သတ်ဖြတ်၍ အလောင်းကို မီးရှို့မှုနှင့် ပတ်သက်၍ သံသယရှိသူ ၉ ဦးကို အာဖဂန် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    အဆိုပါ အမျိုးသမီး၏ အလောင်းကို ကဘူးလ်မြစ်ထဲတွင် တွေ့ခဲ့ရပြီးနောက် ယမန်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အာဖဂန်ရဲတပ်ဖွဲ့ ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲက ဗိုလ်ချုပ် ဖာရစ် အက်ဖ်ဇာလီက ပြောကြားခဲ့သည်။

    သေဆုံးသွားသူမှာ အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသမီးဖြစ်ပြီး စိတ်ရောဂါနှင့်ပတ်သက်၍ ကုသမှုခံယူနေရသူဖြစ်ကာ မြို့တော်ကဘူးလ်တွင် အမျိုးသားအုပ်စု၏ ရိုက်နှက်မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု အက်ဖ်ဇာလီက ဆိုသည်။

    အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီကမူ ထိုအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အမိန့်ပေးခဲ့ပြီး ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချကြောင်း သမ္မတရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    “ကိုယ်ဟာကိုယ် စီရင်ဆုံးဖြတ်တာမျိုး၊ အခြားသူတွေကို အရှက်ရစေတဲ့ပုံစံမျိုးနဲ့ အပြစ်ပေးဖို့ အကြမ်းဖက်မှုကို အသုံးချတာမျိုးတွေကို ဘယ်သူ့ကိုမှ ခွင့်မပြုပါဘူး” ဟု အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    အာဖဂန်ရှိ အကြီးဆုံးအစ္စလာမ်ဘာသာရေးအဖွဲ့ဖြစ်ပြီး အစ္စလာမ့်ဥပဒေကို အထူးပြုပြဌာန်းသော အိုလမာကောင်စီကမှ အဖွဲ့ဝင် အဟ်မဒ် အလီ ဂျက်ဘရယ်လီက အဆိုပါအကြမ်းဖက်သတ်ဖြတ်မှုကို ရှုတ်ချခဲ့ပြီး အစ္စလာမ်သာသနာကို ဆန့်ကျင်ဖောက်ဖျက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကုရ်အာန်ကျမ်းတော်မြတ်ကို မလေးမစားပြုလုပ်သည့်လုပ်ရပ်များနှင့် ပတ်သက်၍ အာဖဂန်တွင် ပြင်းပြင်းထန်ထန် တုံ့ပြန်လေ့ရှိပြီး ၂၀၁၂ ခုနှစ်ကလည်း အမေရိကန်စစ်တပ်မှ ထိန်းချုပ်ထားသည့် ဘာဂရမ်အကျဉ်းထောင်တွင် ကုရ်အာန်ကျမ်းတော်မြတ်အား မီးရှို့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အာဖဂန်တစ်ဝှမ်းတွင် ၅ ရက်ကြာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ လူပေါင်း ၃၀ ခန့် သေဆုံးခဲ့သည်။

    Ref: Aljazeera

  • နျူလက်နက်ဖြင့် အချိန်မရွေးတိုက်ခိုက်နိုင်စွမ်းရှိသည်ဟု မြောက်ကိုရီးယားပြော

    နျူလက်နက်ဖြင့် အချိန်မရွေးတိုက်ခိုက်နိုင်စွမ်းရှိသည်ဟု မြောက်ကိုရီးယားပြော

    မတ် ၂၁၊ ၂၀၁၅
    M-Media

    a-north-korean-soldier

    – မိမိတို့နိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ပစ်လွှတ်နိုင်သည့် စွမ်းရည်ရှိနေပြီး မိမိတို့တိုက်ခိုက်ခံရပါက နျူလက်နက်ကို အသုံးပြုသွားမည်ဟု ဗြိတိန်ဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “နျူကလီးယားလက်နက် အသုံးပြု တိုက်ခိုက်မှုနဲ့ပတ်သက်လို့ အမေရိကန် တစ်နိုင်ငံတည်းက လက်ဝါးကြီး အုပ်ထားတာ မဟုတ်ပါဘူး” ဟု သံအမတ်ကြီး ဟွန် ဟက်ဘွန်က ဆိုပြီး နျူလက်နက်ပြန့်ပွားမှုထိန်းချုပ်ရေး သဘောတူစာချုပ်မှ ၁၉၉၃ ခုနှစ်တွင် နှုတ်ထွက်သွားခဲ့သည့် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူလက်နက် ပစ်လွှတ်နိုင်သည့် စွမ်းရည် ရှိနေပြီလားဟု မေးမြန်းရာ ၎င်းက “ရှိပါတယ်။ ဘယ်အချိန်မဆိုပါပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ထို့ပြင် အမေရိကန်အနေဖြင့် မိမိတို့အား တိုက်ခိုက်ပါက မိမိတို့ကလည်း ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သမရိုးကျစစ်ပွဲအတွက် သမရိုးကျစစ်ဖြင့်လည်းကောင်း၊ နျူကလီးယားစစ်ပွဲအတွက် နျူးကလီးယားစစ်ဖြင့်လည်းကောင်း တုန့်ပြန်ရန် အဆင်သင့်ရှိနေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    မတ်လ ၃ ရက်နေ့က ပြောကြားခဲ့သည့် မိန့်ခွန်းတွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီဆုယုံက အမေရိကန်၏ နျူးကလီးယားဖြင့် ခြိမ်းခြောက်မှု တိုးလာခြင်းကို တားဆီးရန်အတွက် လိုအပ်ပါက တင်ကြိုတိုက်ခိုက်မှုလုပ်ဆောင်ရန် အင်အားရှိနေသည်ဟု ပြောကြားခဲ့ဖူးသည်။ ထို့ပြင် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင်မှုကို ရှုတ်ချခဲ့ပြီး ရန်စသောလုပ်ရပ်ဟု ၎င်းက ဆိုသည်။

    အမေရိကန်ပြည်ထောင်စုကမူ မြောက်ကိုရီးယား၏ နျူကလီးယား ဆောင်ရွက်ချက်ကို အလွန်အမင်း စိုးရိမ်မိသည်ဟု ဆိုပြီး နိုင်ငံတကာ သဘောတူညီချက်များကို ဖောက်ဖျက်ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။

    Ref: Channelnewsasia