News @ M-Media
Blog
  • အီဘိုလာအရေး တုန့်ပြန်မှုနှေးကွေးခြင်းကြောင့် မသေသင့်သူများ သေခဲ့ရသည်ဟု MSF ပြော
    အီဘိုလာအရေး တုန့်ပြန်မှုနှေးကွေးခြင်းကြောင့် မသေသင့်သူများ သေခဲ့ရသည်ဟု MSF ပြော
    မတ် ၂၃၊ ၂၀၁၅
    M-Media
    Liberia Races To Expand Ebola Treatment Facilities, As U.S. Troops Arrive
    – အနောက်အာဖရိကနိုင်ငံတွင် ကူးစက်ပြန့်နှံ့ခဲ့သည့် အီဘိုလာဗိုင်းရပ်စ်ပိုးနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ တုံ့ပြန်မှု နှေးကွေးခြင်းကြောင့် ကယ်တင်နိုင်သည့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်ဟု ပဲရစ်အခြေစိုက် နယ်စည်မခြား ဆရာဝင်များအဖွဲ့ MSF က ပြောကြားလိုက်သည်။
    အဆိုပါဗိုင်းရပ်စ်ပြန့်နှံ့မှု တစ်နှစ်ပြည့်သည့်အချိန်နှင့် တိုက်ဆိုင်စွာ ယနေ့တွင်ထုတ်ပြန်သော အစီရင်ခံစာတွင် ထိုကဲ့သို့ ဖော်ပြလိုက်ခြင်းဖြစ်ပြီး အဆိုပါ ရောဂါပိုးပြန့်နှံ့မှုမှာ ထိန်းချုပ်၍မရဟု သတိပေးမှုကိုလည်း ပယ်ချခဲ့ကြကာ စောစောစီးစီး အကူအညီပေးရန် တောင်းဆိုမှုများကိုလည်း ပြည်တွင်းအစိုးရများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO တို့က လစ်လျူရှုခဲ့ကြသည်ဟု ဆိုသည်။
    အီဘိုလာကူးစက်ပြန့်ပွားမှုကြောင့် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း လူပေါင်း ၁၀၂၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ ရောဂါပိုးဒဏ် ဆိုးရွားစွာ ခံစားခဲ့ရသော အနောက်အာဖရိကမှ ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီရာလီယိုနီ နိုင်ငံတို့မှ ဖြစ်ကြသည်။
    MSF မှာ အီဘိုလာရောဂါ ပြန်ပွားလာမှုကို ပြီးခဲ့သည့်နှစ် မတ်လကုန်ပိုင်းက ကြေညာခဲ့သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ပယ်ချခဲ့ပြီး သုံးလကျော်ကြာပြီးနောက်မှ ရောဂါပိုး ပြန့်ပွားကူးစက်နေကြောင်း အတည်ပြုခဲ့သည်။
    ဂီနီနှင့် ဆီရာလီယွန်နီ အစိုးရတို့ကလည်း အဆိုပါ ပြဿနာကို ဘေးချိတ်ထားကြပြီး ဆီယာလီယွန်နီနိုင်ငံကမူ အချက်အလက်အချို့ကို ထိန်ချန်ထားသောကြောင့် ရောဂါပိုးကူးစက်နေသည့် ကျေးရွာများကို ဖော်ထုတ်ရာတွင် MSF အား တားဆီးပိတ်ပင်သကဲ့သို့ ဖြစ်စေသည်ဟု အဆိုပါအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
    ထို့ပြင် သြဂုတ်လနှောင်းပိုင်းတွင် အဆိုပါနိုင်ငံများရှိ ဆေးရုံ၊ ဆေးပေးခန်းများတွင် လူနာများဖြင့် ပြည့်လျှံသွားသောကြောင့် ကျန်းမာရေးလုပ်သားများမှာလည်း လူနာများအား ထားရစ်ကာ ထွက်ပြေးခဲ့ရသည်အထိ ဖြစ်သွားသည်ဟု MSF က ဆိုပြီး လက်ရှိအချိန်တွင် အီဘိုလာကူးစက်မှု လျော့ကျလာသော်လည်း လုံးဝ ရပ်တန့်သွားခြင်း မရှိသေးကြောင်း သတိပေးခဲ့သည်။
    ပြီးခဲ့သည့် နှစ်ပတ်ကျော်အတွင်း ပထမဦးဆုံးအဖြစ် သောကြာနေ့က လိုက်ဘေးရီးယားတွင် အီဘိုလာကူးစက်သူတစ်ဦးကို ထပ်မံတွေ့ရှိခဲ့ရပြီး ဆီရာလီယွန်နီနိုင်ငံကလည်း နိုင်ငံတစ်ဝှမ်း တံခါးပိတ် ရှာဖွေမှုများကို ပြုလုပ်နေသည်။ ဂီနီနိုင်ငံတွင် ယခုနှစ်အစောပိုင်းက ကူးစက်မှု လျော့ကျလာခဲ့သော်လည်း နောက်ပိုင်းတွင် ကူးစက်မှုများ ပြန်လည် မြင့်တက်လာခဲ့သည်။
    Ref: Time
  • အမုန်းကို အပြုံးဖြင့်တုန့်ပြန်မည့် အမေရိကန်မှ မွတ်စလင်များ
    အမုန်းကို အပြုံးဖြင့်တုန့်ပြန်မည့် အမေရိကန်မှ မွတ်စလင်များ
    မတ် ၂၃၊ ၂၀၁၅
    M-Media
    23-3-15_Muslims-Food-Drive-Goes-Viral
    – အမုန်းတရားကို မေတ္တာဖြင့် တုံ့ပြန်သည့် လှုပ်ရှားမှုအဖြစ် အမေရိကန် မွတ်စလင်များမှာ နိုင်ငံတစ်ဝှမ်း အစားသောက် လှူဒါန်းဝေငှမှု လှုပ်ရှားမှုတစ်ခုကို စတင်လိုက်ပြီး ထိုအစီအစဉ်တွင် နိုင်ငံတစ်ဝှမ်းရှိ ဗလီဝတ်ကျောင်းတော်များနှင့် အမေရိကန်မွတ်စလင် ထောင်ပေါင်းများစွာတို့ ပူးပေါင်းပါဝင်ကြမည်ဖြစ်သည်။
    အဆိုပါအစီအစဉ်ကို FeedTheirLegacy ဟု အမည်ပေးထားပြီး နိုင်ငံအတွင်း အိမ်ယာမဲ့ ချို့တဲ့သူများအား စည်သွပ်ဘူး အစားသောက်များ ဝေငှသွားမည်ဖြစ်ကာ ဖေဖော်ဝါရီလက မြောက်ကိုရိုလိုင်းနားတွင် အသတ်ခံခဲ့ရသည့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသူ မွတ်စလင်လူငယ်သုံးဦး (ဒီယာ၊ ယူဆိုးရ်နှင့် ရာဇန်) တို့အား ဂုဏ်ပြုသည့်အနေဖြင့် ဆောင်ရွက်ခြင်းလည်းဖြစ်သည်။
    “ငယ်ရွယ်ပြီး ထူးခြားတဲ့ အမေရိကန် မွတ်စလင်လူငယ် ၃ ဦးကို ဆုံးရှုံးခဲ့ရတာနဲ့ သူတို့ ရက်ရက်စက်စက် အသတ်ခံခဲ့ရလို့ ၀မ်းနည်းနေပေမယ့်လည်း ကုန်အာန်ကျမ်းတော်မြတ်က ‘မကောင်းမှုကို အကောင်းဖြင့်သာ တုံ့ပြန်လော့’ လို့ ကျွန်တော်တို့ကို သွန်သင်ထားပါတယ်။ IS တို့လို အစွန်းရောက်အဖွဲ့တွေက နေ့စဉ် သတင်းစာတွေမှာ လွှမ်းမိုးနေတဲ့အချိန် ဒီယာ၊ ယူဆိုးရ်နဲ့ ရာဇန်တို့လို မွတ်စလင်တွေကသာ ကျွန်တော်တို့ကို အမှန်တစ်ကယ် ကိုယ်စားပြုတယ်ဆိုတာ အမေရိကကို ကျွန်တော်တို့ မြင်စေချင်ပါတယ် ” ဟု အဆိုပါ FeedTheirLegacy အစီအစဉ်၏ နိုင်ငံလုံးဆိုင်ရာ စီမံခန့်ခွဲရေးမှူး တာရစ်က် အလ်-မက်ဆီဒီက ပြောကြားခဲ့သည်။
    အမေရိကန်နိုင်ငံတစ်ဝှမ်း စည်သွပ်ဘူး အစားအေသာက်များ ဝေငှလှူဒါန်းမည့် အဆိုပါ စိတ်ကူးကို မက်ဆီဒီတို့အဖွဲ့က ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့တွင် စတင်ဆော်သြခဲ့ခြင်းဖြစ်ပြီး FeedTheirLegacy အမည်ဖြင့် ၀ဘ်ဆိုက်တစ်ခုကိုလည်း လွှင့်တင်ခဲ့သည်။ ထို့နောက် အမေရိကန်တစ်ဝှမ်းမှ မွတ်စလင်များက ပါဝင်လာခဲ့ကြသည်။
    အဆိုပါလှုပ်ရှားမှုမှာ ဒီယာ၊ ယူဆိုးရ်နှင့် ရာဇန်တို့၏ အခြားသူများကို ကူညီဖေးမသော လုပ်ရပ်များကို ပြန်လည်အမှတ်ရစေရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
    “သူတို့သုံးယောက်ဟာ အိမ်နီးချင်းရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတာပါ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အမေရိကန်တစ်ဝှမ်းက ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေကို လှူဒါန်းကျွေးမွေးခြင်းနဲ့ တုန့်ပြန်သွားပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ သူတို့ရဲ့ ပရဟိတအမွေအနှစ်ကို အသက်သွင်းတာလည်း ဖြစ်ပါတယ်” ဟု မက်ဆီဒီက ထပ်လောင်းပြောကြားခဲ့သည်။
ုမွတ်စလင်လူ့အဖွဲ့အစည်းမှ နိုင်ငံတစ်ဝှမ်းရှိ ချို့တဲ့သူများအား စည်သွပ်ဘူးအစားသောက်များ ဝေငှမည့် FeedTheirLegacy လှုပ်ရှားမှုတွင် ဒီယာ၊ ယူဆိုးရ်နှင့် ရာဇန်တို့၏ မိသားစုဝင်များကလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။
    “တစ်လကြာသွားပေမယ့်လည်း ကျွန်မတို့မိသားစုရဲ့ ဆုံးရှုံးမှုအတွက် ပူဆွေး ၀မ်းနည်းနေရတုန်းပါပဲ။ FeedTheirLegacy လို အားထုတ်မှုတွေကတော့ ဒီဖြစ်ရပ်ဆိုးထဲက ဖြေသိမ့်စရာလေးတွေပါ။ သူတို့ရဲ့ လုပ်ရပ်တွေကို အောက်မေ့သတိရတဲ့အနေနဲ့ အစားအသောက်တွေ ဝေငှတာမျိုးဟာ ကျွန်မတို့ကို အတော်လေး စိတ်သက်သာရာ ရစေပြီး သူတို့ရဲ့ဘ၀မှာ မွန်မြတ်တဲ့အလုပ်တွေ အများကြီးလုပ်ခဲ့ပါလားဆိုတာ ကျွန်မတို့ကို သိရှိစေပါတယ်” ဟု ဒီယာ၏ ညီမဖြစ်သူ ဆူဇန်နီ ဘရကသ်က ပြောကြားခဲ့သည်။
    မတ်လ ၁၀ ရက်နေ့က စတင်ဆော်သြခဲ့ပြီး ၂ ပတ်တာကြာခဲ့ပြီးနောက် FeedTheirLegacy လှုပ်ရှားမှုတွင် အမေရိကန်နိုင်ငံတစ်ဝှမ်းမှ ဗလီဝတ်ကျောင်းတော်များ၊ မွတ်စလင်ကျောင်းသားအသင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် စာသင်ကျောင်း စုစုပေါင်း ၂၃၀ ကျော်က ပါဝင်မည်ဟု စာရင်းပေးသွင်းခဲ့ကြသည်။
    ဗလီဝတ်ကျောင်းတော်များကလည်း ၀တ်ပြုရန်လာရောက်ကြသူများအား ထိုလှုပ်ရှားမှုတွင် ပါဝင်ရန် တိုက်တွန်းနှိုးဆော်ခဲ့ပြီး အလှူရှင်များထံမှ စည်သွပ်ဘူးများ စုဆောင်းမှုကိုလည်း လုပ်ဆောင်နေကြသည်။
    ယခုအချိန်အထိ အလှူရှင်များက လှူဒါန်းထားသည့် စည်သွပ်ဘူး ၆၀၀၀၀ ခန့်ကို ရရှိထားပြီး ထိုပမာဏမှာ မြောက်ကယ်ရိုလိုင်းနားရှိ အိမ်ယာမဲ့ချို့တဲ့သူများကို ၅ ခါပြန် ကျွေးမွေးနိုင်သည့် ပမာဏလည်း ဖြစ်သည်။
    Ref: Onislam
  • အာဘေးအား ဆန့်ကျင်ဆန္ဒပြမှု တိုကျိုတွင်ပြုလုပ်
    အာဘေးအား ဆန့်ကျင်ဆန္ဒပြမှု တိုကျိုတွင်ပြုလုပ်
    မတ် ၂၃၊ ၂၀၁၅
    M-Media
    noabe
    – ၀န်ကြီးချုပ်ရှင်ဇိုအာဘေး၏ စုပေါင်းကာကွယ်ခွင့် အခွင့်အရေးနှင့်ပတ်သက်သည့် ပေါ်လစီများ၊ နျူကလီးယား ဓာတ်ပေါင်းဖိုများ ပြန်လည်ပတ်ခြင်းနှင့် အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်အေခြစိုက်စခန်အား နေရာပြောင်းမည့်အစီအစဉ် စသည်တို့ကို ဆန့်ကျင်သည့်အနေဖြင့် ဂျပန်ပြည်သူ ၁၄၀၀၀ ခန့်က ယမန်နေ့ နေ့လည်ပိုင်းတွင် တိုကျိုမြို့၌ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး အဆိုပါဆန္ဒပြမှုကို တိုကျိုအခြေစိုက်သည့် နျူကလီးယားစွမ်းအင် ဆန့်ကျင်ရေး အရပ်ဘက်အဖွဲ့က စီစဉ်ခဲ့ခြင်းဖြစ်သည်။
    ဆန္ဒပြသူများမှာ စုပေါင်းကာကွယ်ခွင့်ကို ဆန့်ကျင်သည့်အနေဖြင့် လူတစ်ဦးက မိမိကိုယ်ကို မီးဖြင့်ရှို့ကာ ဆန္ဒပြခဲ့သည့် ဟီဘီယာ ပန်းခြံတွင် စုရုံးခဲ့ကြပြီး ၀န်ကြီးချုပ်နေထိုင်ရာ အိမ်ရာတစ်ဝိုက်သို့ ချီတက်ခဲ့ကြကာ “အာဘေးအုပ်ချုပ်မှု အလိုမရှိ” ဟူသည့် ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။
    ချီဘာပြည်နယ်မှ ကျောင်းသူတစ်ဦးက ဂျပန်နိုင်ငံအနေဖြင့် စုပေါင်းကာကွယ်ခွင့်ကို ကျင့်သုံးပါက စစ်အတွင်းသို့ ၀င်ရောက်ခြင်း ဖြစ်သွားမည်ဟု ပြောကြားခဲ့သည်။
    “ဒီပေါ်လစီကိုကျွန်မတို့ မဆန့်ကျင်ဘူးဆိုရင် စစ်ပွဲဆင်နွှဲဖို့ သူတို့ကို မသိကျိုးကျွန် ပြုသလို ဖြစ်နေမှာပါ” ဟု သူမက ပြောကြားခဲ့သည်။
    ပစိဖိတ် ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ခြင်းမှတစ်ဆင့် အာဘေး၏ ကက်ဘိနတ်မှာ နိုင်ငံ၏ ကာကွယ်ရေးအင်အားကို ပါင်းကာကွယ်ခွင့် ကျင့်သုံးရန် ပြီးခဲ့သည့်နှစ်က ခွင့်ပြုခဲ့သည်။ ထို့ပြင် ဂျပန်တပ်များ နိုင်ငံရပ်ခြားတွင် တရားဝင်ဖြန့်ကျက်နိုင်ရေးအတွက် ဥပဒေတစ်ခု ဖြစ်လာရန်လည်း ဂျပန်အစိုးရက အရှိန်မြှင့် ဆောင်ရွက်နေသည်။
    Ref: Xinhua
  • ကံကောင်းခဲ့တဲ့ချယ်ဆီး၊ မန်စီးတီး ဂိုးမြူးခဲ့ပြီး၊ မန်ယူတို့ အန်ဖီးလ်မှာ အောင်ပွဲခံခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀
    ကံကောင်းခဲ့တဲ့ချယ်ဆီး၊ မန်စီးတီး ဂိုးမြူးခဲ့ပြီး၊ မန်ယူတို့ အန်ဖီးလ်မှာ အောင်ပွဲခံခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀
    မတ် ၂၃၊ ၂၀၁၅
    M-Media
    original (1)
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ ထိပ်ဆုံးက ချယ်ဆီး၊ မန်စီးတီးနဲ့ အာဆင်နယ်တို့ အနိုင်ရခဲ့ကြပြီး လီဗာပူးလ်ကတော့ အိမ်ကွင်းမှာ မန်ယူကို ရှုံးနိမ့်ခဲ့ရပါတယ်။
    ချန်ပီယံလိဂ်မှာ ဘာကာကို ဂိုးပြတ်ခြေပြတ်ရှုံးပြီး ထွက်ခဲ့ရတဲ့ မန်စီးတီးတို့ ပရီးမီးယားလိဂ်မှာ သိက္ခာပြန်ဆယ်နိုင်ခဲ့ပြီး အိမ်ကွင်းမှာ ၀က်စ်ဘရွန်းကို သက်တောင့်သက်သာနဲ့ပဲ အနိုင်ရခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်လောက်မှာပဲ ဘိုနီရဲ့ ဂိုးသွင်းဖို့ကြိုးစားမှုကို တားဆီးခဲ့တယ်ဆိုပြီး ၀က်စ်ဘရွန်းက ဂါရက် မက်အော်လေး တိုက်ရိုက်အနီကဒ်နဲ့ ထုတ်ခံခဲ့ရတာကြောင့် မန်စီးတီးတို့ အသာရခဲ့တာလည်း ဖြစ်ပါတယ်။ တစ်ကယ်တော့ ဘိုနီကို တားလိုက်တာ ခရေ့ဂ်ျဒေါ်ဆန်ဖြစ်ပြီး ဒိုင်လူကြီးက မှားယွင်းပြီး ထုတ်ပယ်မိခဲ့တာပါ။ မန်စီးတီးအတွက် ဂိုးတွေကိုတော့ ဘိုနီ၊ ဖာနန်ဒိုနဲ့ ဒေးဗစ်ဆေးလ်ဗားတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    စိန့်ဂျိမ်းစ်ပါ့က်မှာ ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ အာဆင်နယ်တို့ပွဲမှာတော့ ဂျရူးရဲ့ ဂိုး ၂ ဂိုးနဲ့ အမြှောက်တပ်သားတွေ အောင်ပွဲခံခဲ့ပါတယ်။ ပွဲအစကတည်းက ကစားပုံသွက်ခဲ့တဲ့ အာဆင်နယ်တို့ ၂၄ မိနစ်နဲ့ ၂၈ မိနစ်မှာပဲ ဦးဆောင်ဂိုး ၂ ဂိုး ရခဲ့တာပါ။ ဂျရူးသွင်းခဲ့တဲ့ ဒီဂိုးတွေဟာ ၀ဲလ်ဘတ်ရဲ့ ခြေထဲကနေထွက်လာတာ ဖြစ်ပါတယ်။ ဂျရူးဟာ နောက်ဆုံးပွဲစဉ် ၆ ပွဲမှာ ၈ ဂိုးအထိ သွင်းပေးထားနိုင်ပါတယ်။ ဒုတိယပိုင်းမှာ နယူးကာဆယ်တို့ ကစားကွက် ပိုမိလာပြီး ၄၈ မိနစ်မှာ မူဆာ စစ်ဆိုကိုက ချေပဂိုး ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့်
    နောက်ထပ်ဂိုးတွေ ထပ်မသွင်းနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ အာဆင်နယ်ကို အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။
    ဒီတစ်ပတ်ရဲ့ Match of The Week ဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်ယူတို့ရဲ့ ပွဲမှာ တော့ ဒီဇင်ဘာလကတည်းက ပရီးမီးယားလိဂ် ရှုံးပွဲမရှိသေးတဲ့ လီဗာပူးလ်တို့ မန်ယူကို အရှုံးပေးခဲ့ရပါတယ်။ ပွဲအစမှာ အိမ်ရှင်တို့ အထနှေးတာကြောင့် ၁၄ မိနစ်မှာ မာတာက မန်ယူအတွက် ဦးဆောင်ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုက ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဂျရတ်တစ်ယောက် ဒုတိယပိုင်းအစ ၁ မိနစ်မပြည့်ခင်မှာဘဲ ဟာရဲရားကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် တိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံခဲ့ရတာပါ။ ဒုတိယပိုင်းတစ်ပိုင်းလုံး ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပေမယ့် လီဗာပူးလ်တို့ရဲ့
    အားထုတ်မှုက အတော်လေးကောင်းခဲ့ပါတယ်။ ၅၉ မိနစ်မှာ မာတာက ဒုတိယ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီး ၁၀ မိနစ်အကြာမှာ စတားရစ်ခ်ျက ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း လီဗာပူးလ်တို့ ဂိုးသွင်းခွင့်အချို့ ရခဲ့ပေမယ့် ကံတရားရဲ့ ဖေးမမှု မရှိတာကြောင့် အိမ်ကွင်းမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
    ထိပ်ဆုံးက ချယ်ဆီးကလည်း မနေ့က ကစားခဲ့တဲ့ပွဲမှာ ကံကောင်းထောက်မစွာနဲ့ အနိုင် ၃ မှတ် ရခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်နဲ့ ၉ မိနစ်တွေမှာ ဟဇာ့ဒ်နဲ့ ဒီယေဂိုကော်စတာတို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ ချယ်ဆီး ၂၆ မိနစ်နဲ့ ၂၈ မိနစ်မှာ အိမ်ရှင်တို့ရဲ့ ချေပဂိုးသွင်းယူမှုကို ခွင့်ပြုခဲ့ရပါတယ်။ နောက်ပိုင်းမှာ အိမ်ရှင်တို့ အားတက်လာခဲ့ပြီး ချယ်ဆီးဘက်ကို ထိုးဖောက်တိုက်စစ်ဆင်မှုတွေကို မကြာခဏ ပြုလုပ်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချယ်ဆီးတို့ ထိန်းကစားနိုင်ခဲ့ပြီး ၇၇ မိနစ်မှာ လိုအစ်ရီမီက အနိုင်ဂိုး သွင်းပေးနိုင်ခဲ့တာကြောင့် ဇယားထိပ်မှာ ၆ မှတ်ပြတ်နဲ့ ချယ်ဆီးတို့ ဦးဆောင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
    ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    မန်စီးတီး ၃-၀ ၀က်စ်ဘရွန်း
    အက်စတွန်ဗီလာ ၀-၁ ဆွမ်ဆီး
    နယူးကာဆယ် ၁-၂ အာဆင်နယ်
    ဆောက်သက်တမ် ၂-၀ ဘန်လေ
    စတုတ်စီးတီး ၁-၂ ခရစ္စတယ်ပဲလေ့စ်
    စပါး ၄-၃ လက်စတာ
    လီဗာပူးလ် ၁-၂ မန်ယူ
    ဟားလ်စီးတီ ၂-၃ ချယ်ဆီး
    ဂျူပီအာရ် ၁-၂ အဲဗာတန်
  • ခေတ်သစ် စင်္ကာပူနိုင်ငံရဲ့ဖခင် လီကွမ်ယု ကွယ်လွန်ပြီ
    Singapore's former Prime Minister Lee waves during Singapore's national day parade celebrations
    တစ်ချိန်က ဗြိတိသျှတပ်တွေ အခြေစိုက်ခဲ့ဖူးတဲ့ နယ်စွန်နယ်ဖျားနေရာကနေ အရှေ့တောင် အာရှရဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနဲ့ စီးပွားရေးရာအချက်အချာကျတဲ့   နိုင်ငံငယ်လေးရဲ့ ဗိသုကာရှင် စင်္ကာပူနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ် လီကွမ်ယုဟာ ဒီကနေ့ တနင်္လာနေ့ မနက်မှာ ကွယ်လွန်ခဲ့ပြီလို့ အစိုးရအဖွဲ့က ထုတ်ပြန်ကြေငြာပါတယ်။
    လီကွမ်ယုဟာ ကျန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း လူထုနဲ့ နိုင်ငံရေးတွေမှာပေါ်ပေါ်ထင်ထင် မတွေ့ရတော့ပေမယ့်လည်း သားအကြီးဆုံးဖြစ်တဲ့ ဝန်ကြီးချုပ် လီရှန်လွန်းရဲ့ အစိုးရအဖွဲ့မှာ သြဇာရှိတဲ့ သူတစ်ယောက်အနေနဲ့ တွေ့နေခဲ့ရပါတယ်။
    “မစ္စတာလီဟာ ဒီနေ့မနက် ၃ နာရီ ၁၈ မိနစ်မှာပဲ စင်္ကာပူအထွေထွေဆေးရုံကြီးမှာ ငြိမ်းချမ်းစွာနဲ့ ကွယ်လွန်သွားခဲ့တယ်” လို့ ကြေငြာချက်မှာဖော်ပြထားပါတယ်။
    လီကွမ်ယု ဟာ ၁၉၅၉ ခုနှစ်မှာ စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး နှစ်သုံးဆယ်ကျော်ာကအောင် အာဏာရခဲ့ပါတယ်။သူဟာ ငှက်ဖျားရောဂါပိုးသောင်းကျန်းပြီး ခေတ်နောက်ကျကျန်နေခဲ့တဲ့ ကျွန်းလေးကို အာရှရဲ့ အကြွယ်ဝဆုံး နိုင်ငံအဖြစ်ပြောင်းလဲဖို့အမြင်ရှိခဲ့သူဖြစ်ပါတယ်။
    ခေါင်းဆောင်အဖြစ်က ဆင်းပြီးတာတောင်မှ လီကွမ်ယုဟာ အစိုးရရဲ့ ဝန်ကြီးအဖွဲ့ဝင်နေရာမှာ  (၂၀၁၁ ) ခုနှစ်အထိ ပါဝင်နေခဲ့ပြီး အရေးပါတဲ့ဆုံးဖြတ်ချက်တွေမှာ ပါဝင်နေခဲ့ပါသေးတယ်။
    လီကွမ်ယုဟာ ဈေးကွက်ကို ဖွင့်လှစ်ပြီး၊ သတင်းစာ လွတ်လပ်ခွင့် ၊ လွတ်လပ်စွာပြောဆိုခွင့်နဲ့ သူ့အတိုက်အခံတွေကို ထိန်းချုပ်တဲ့နည်းလမ်းတွေကို ပေါင်းစည်းအသုံးပြုခဲ့ပါတယ်။ သူ့ကို ဂုဏ်ပြုသူတွေက အမြော်အမြင်ရှိသူအဖြစ် ချီးကျူးကြပြီး ဝေဖန်သူတွေကတော့ အာဏာရှင်ဆန်တယ်လို့ ပြောကြပါတယ်။
    File photo of Lee reacting to a question during a news conference in Kuala Lumpur
    လီကွမ်ယု ကွယ်လွန်ခြင်းနဲ့ သားအကြီး ဝန်ကြီးချုပ် လာမယ့်နှစ်အနည်းငယ်အတွင်း အနားယူမယ့် အလားအလာတို့ဟာ ခေတ်တစ်ခုကို အဆုံးသတ်စေနိုင်ပေမယ့် စနစ်ကျတည်ငြိမ်မှုနဲ့ ကျော်ကြားတဲ့စင်္ကာပူနိုင်ငံရဲ့ စီးပွာရေးရာတွေမှာတော့ အပြောင်းအလဲသိပ်ဖြစ်မှာမဟုတ်ဘူးလို့ လုပ်ငန်းရှင်တွေကပြောဆိုကြပါတယ်။
    လီကွမ်ယုဟာ ( ၁၉၅၉ ) ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့တဲ့ PAP လို့ခေါ်တဲ့ ပြည်သူ့ပါတီကို တွဲဖက်တည်ထောင်ခဲ့သူဖြစ်ပြီး  ( ၁၉၆၅ ) ခုနှစ် မလေးရှားကနေ ခွဲထွက်တဲ့အခါမှာလည်း တိုင်းပြည်အသစ်ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
    ၁၉၉ဝ ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ်က ဆင်းပြီး ဂိုချောက်ထောင် ကို အာဏာလွှဲခဲ့ပါတယ်။ ဒါပေမယ့် ဂိုချောက်ထောင်ရဲ့ အစိုးရအဖွဲ့မှာ စီနီယာ ဝန်ကြီးအနေနဲ့သာမက သူ့ရဲ့ အကြီးဆုံးသား လီရှန်လွန်း ဝန်ကြီးချုပ်ဖြစ်လာတဲ့အခါမှာလည်း လမ်းညွှန်သူအဖြစ်နဲ့ ရှိခဲ့ပါတယ်။
    ကျန်ခဲ့တဲ့လတွေအတွင်း ကျန်းမာရေးရာချို့တဲ့လာမှုကြောင့် လီကွမ်ယုဟာ အစိုးရအဖွဲ့ထဲက ထွက်ခွာပြီး လူထုအကြားထိတွေ့မှုတွေလျှော့ချဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။
    စင်္ကာပူနိုင်ငံဟာ လူမျိုးဘာသာကွဲပြားမှုတွေရှိနေပေမယ့် ဘာသာသာသနာတွေအကြား နားလည်မှုရှိစွာ နေထိုင်နိုင်မှုကိုပုံဖော်ပြတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။
    မြတ်ဇော်
    Source : Reuters