News @ M-Media

Blog

  • အီရတ်ရှိ ပထမဆုံး ခရစ်ယာန်တပ်မဟာသစ် သင်တန်းဆင်း

    အီရတ်ရှိ ပထမဆုံး ခရစ်ယာန်တပ်မဟာသစ် သင်တန်းဆင်း

    မတ် ၁၃၊ ၂၀၁၅
    M-Media

    IRAQ-CONFLICT-KURDS-CHRISTIAN

    – IS အား တော်လှန်ရန်နှင့် ၎င်းတို့သိမ်းပိုက်ထားသော နယ်မြေများကို ပြန်လည်သိမ်းယူရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသော ပထမဆုံး အီရတ်ခရစ်ယာန်တပ်မဟာသစ် တစ်ခုမှာ ယမန်နေ့က သင်တန်းဆင်းခဲ့သည်ဟု သိရသည်။

    အဆိုပါ တပ်မဟာသစ်မှာ IS များကို ဦးဆောင်တိုက်ခိုက်နေသော ကာ့ဒ်တပ်ဖွဲ့ Peshmerga တည်ရှိရာ ကာ့ဒ်ဒေသတွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။ ဆီးရီးယား၊ တူရကီနိုင်ငံတို့နှင့် နီးသည့် အီရတ်နိုင်ငံမြောက်ပိုင်း ဖစ်ရှ်ခါဘောရ်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သော သင်တန်းဆင်းပွဲတွင် အဆိုပါ ခရစ်ယာန် တပ်မဟာမှာ ချီတက်လမ်းလျှောက်ခြင်း၊ စစ်ရေးပြခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး ကာဒ့်နှင့် အက်ဆီရီယန် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

    အီရတ်ခရစ်ယာန်အများစုမှာ လွန်ခဲ့သည့် ၇ လ IS အဖွဲ့က တိုက်မှုများ မပြုလုပ်ခင် မူဆိုးလ်မြို့နှင့် ကာဒ့်မြို့တော် အာရ်ဘီလ်တို့ကြားရှိ နိုင်ဗာဟ်မြေပြန့်လွင်ပြင်တွင် နေထိုင်ကြသူများ ဖြစ်သည်။

    “နိုင်ဗဟ်ဒေသက ကျွန်တော်တို့ရဲ့ ခရစ်ယာန်ညီနောင် ၆၀၀ လောက်ဟာ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း၊ စစ်ဘက်ဆိုင်ရာ သင်ကြားမှုနဲ့ သေနတ်ပစ်လေ့ကျင့်ခန်းတွေကို သင်ကြားပေးတဲ့ ဒီသင်တန်းကို တက်ရောက်ခဲ့ကြပါတယ်။ ဒီတပ်ဖွဲ့ဝင်တွေအားလုံးဟာ ကိုယ့်သဘောနဲ့ကိုယ် ၀င်ရောက်လာကြတာပါ။ သူတို့ရဲ့ မြေကို IS ရဲ့လက်ထဲက လွတ်မြောက်ချင်ပြီး ထိန်းသိမ်းထားချင်ပါတယ်” ဟု လေ့ကျင့်ရေးအကယ်ဒီမှ တပ်မှူး အဘူ ဘာကာရ် အစ္စမာအီလ်က သင်တန်းဆင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

    အဆိုပါ တပ်မဟာသစ်ကို “Tiger Guards” ဟု အမည်ပေးထားပြီး ဒေသအတွင်းရှိ ဘုရားကျောင်းများကို ကာကွယ်ရန် ၂၀၀၄ ခုနှစ်က ဖွဲ့စည်းထားသော အက်ဆီရီယန်တပ်ဖွဲ့မှ အကြွင်းအကျန်များကို စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

    ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ထားရာ ဒေသသို့ IS များ ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ်လ အစောပိုင်းတွင် ခရစ်ယာန်ဦးရေ ၁၀၀၀၀၀ ခန့်မှာ ၎င်းတို့၏ နေရပ်ကို စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    Ref: Alarabiya

  • Twitter တွင်ဆဲရေးခဲ့သည့် ကာလ်တန်ကိုးလ် ဒဏ်ငွေ ရိုက်ခံရ

    Twitter တွင်ဆဲရေးခဲ့သည့် ကာလ်တန်ကိုးလ် ဒဏ်ငွေ ရိုက်ခံရ

    မတ် ၁၃၊ ၂၀၁၅
    M-Media

    1034082_heroa

    – ဘောလုံသမားတစ်ယောက်အနေဖြင့် မသင့်တော် မလျော်ကန်သည့် မှတ်ချက်မျိုးကို ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည့် ၀က်စ်ဟမ်းတိုက်စစ်မှူး ကာလ်တန်ကိုးလ်အား FA က ပေါင် ၂၀၀၀၀ ဒဏ်ငွေရိုက်ခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်လက စပါးအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ၀က်စ်ဟမ်းမှာ ၂ ဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ၂ ဂိုးပြန်ပေးလိုက်ရကာ သရေကျသည့် ပွဲအပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ Twitter စာမျက်နှာတွင် ပေးထားသော ပြိုင်ဘက်ပရိတ်သတ်တစ်ယောက်၏ မှတ်ချက်ကို ကာလ်တန်ကိုးလ်က ဆဲရေးတိုင်းထွာကာ ပြန်လည် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

    ထိုအပြုမှုမှာ FA ၏ စည်းမျဉ်းစည်းကမ်းများဖြင့် ငြိစွန်းသည်ဟုမှတ်ယူသောကြောင့် FA က ထိုကဲ့သို့ အရေးယူခဲ့ခြင်ဖြစ်ပြီး ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် “အနာဂတ်အပြုအမူအတွက် ပြင်းပြင်းထန်ထန် သတိပေးခံထားရတဲ့ ၀က်စ်ဟမ်းကစားသမား (ကာလ်တန်ကိုးလ်) က သူ့ရဲ့ Twitter မှာရေးတဲ့မှတ်ချက်ဟာ FA ရဲ့ ဥပဒေ E3 ကို ချိုးဖောက်တဲ့ ဆဲရေးသော သို့မဟုတ် စော်ကားသော၊ သို့မဟုတ် မသင့်လျော်သော သို့မဟုတ် ပြိုင်ပွဲအား မလေးမစားဖြစ်စေသော မှတ်ချက်ဆိုတာ ၀န်ခံခဲ့ပါတယ်” ဟု ဖော်ပြခဲ့သည်။

    ကာလ်တန်ကိုးလ်မှာ ဆိုရှယ်မီဒီယာတွင် မှတ်ချက်ရေးခဲ့မှုအတွက် အရေးယူခံရခြင်းမှာ ယခုအချိန်သည် ပထဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၁ ခုနှစ် မေလအတွင်းက အင်္ဂလန်နှင့် ဂါနာတို့၏ ခြေစမ်းပွဲအပြီး လူမျိုးရေး ထိခိုက်စေသော မှတ်ချက်ကို Twitter တွင်ရေးသားခဲ့သည့်အတွက် ဒဏ်ငွေရိုက်ခဲ့ရပြီး ၎င်းက နောက်ပိုင်းတွင် ပြန်လည်တောင်းပန်ခဲ့သည်။

    Ref: Goal.com

  • ဖာဂူဆန်တွင် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရမှုကြောင့် လုံခြုံရေးကို အဆင့်မြှင့်ထား

    ဖာဂူဆန်တွင် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရမှုကြောင့် လုံခြုံရေးကို အဆင့်မြှင့်ထား

    မတ် ၁၃၊ ၂၀၁၅
    M-Media

    Police officers respond to a fellow officer hit by gunfire outside the Ferguson Police Headquarters in Ferguson

    – အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်ရှိ ဖာဂူဆန်မြို့ ရဲဌာနအပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦး ချောင်းမြောင်းပစ်ခတ်ခြင်း ခံခဲ့ရပြီးနောက် လုံခြုံရေးကို အဆင့်မြှင့်ထားသည်ဟု စိန့်လူးဝစ်ကောင်တီ ရဲတပ်ဖွဲ့အကြီးအကဲ ဂျွန် ဘဲလ်မာရ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် သြဂုတ်လက လူမည်းငယ် မိုက်ကယ်ဘရောင်းအား ရဲတပ်ဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်မှုနှင့်ပတ်သက်၍ အမေရိကန် တရားရေးဌာနက စုံးစမ်းစစ်ဆေးမှုများ ပြလုပ်ခဲ့ပြီးနောက် မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖာဂူဆန် ရဲတပ်ဖွဲ့နှင့် တရားရုံးတို့မှာ လူမျိုးရေးခွဲခြားမှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြခဲ့ပြီး၊ ထိုကိစ္စကို ဖာဂူဆန်ရှိ ပြည်သူများက မကျေမနပ်ဖြစ်ကာ ယမန်နေ့က ရဲစခန်းရှေ့၌ ဆန္ဒပြခဲ့ကြသည်။

    အဆိုပါ ဆန္ဒပြမှုတွင် လူပေါင်း ၁၀၀ ခန့် ပါဝင်ခဲ့ပြီး “ကျွန်ုပ်တို့ တရားမျှတမှု မရပါက၊ သူတို့ (ရဲများ) လည်း ငြိမ်းချမ်းမှုမရ” ဟု ဟစ်အော်ခဲ့ကြသည်။ ထို့ပြင် ဖာဂူဆန်အုပ်ချုပ်ရေးမှူး ဂျိမ်းစ် နိုလက်စ်ကိုလည်း ရာထူးမှ နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။

    ထိုသို့ ဆန္ဒပြနေစဉ်အတွင်း ချောင်းမြောင်းပစ်ခတ်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး အသက် ၄၁ နှစ်အရွယ်နှင့် ၃၂ နှစ်အရွယ် ရဲတပ်ဖွဲ့ဝင် ၂ ဦး တို့မှာ ပုခုံးနှင့် မျက်နှာတို့တွင် ထိမှန်ခဲ့သည်။

    ဘဲလ်မာရ်ကမူ မိမိတို့ စိန့်လူးဝစ်ကောင်တီ ရဲဌာန၏ အဓိကဆောင်ရွက်ရမည့် ကိစ္စမှာ သေနတ်ဖြင့်ပစ်သည့် တရားခံများကို ရှာဖွေရန်ဖြစ်ပြီး ယခုလက်ရှိတွင် မေးခွန်းများမေးမြန်းရန်အတွက် သံသယရှိသူများကို ထိန်းသိမ်းထားကာ ဖမ်းဆီးခြင်း မပြုရသေးဟု ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့နှင့် တရားရုံးတို့မှာ လူမျိုးရေးခွဲခြားမှုများကို ဆောင်ရွက်ခဲ့သည်ဟု အမေရိကန်တရားရေးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီးနောက်ပိုင်း ဖာဂူဆန် ရဲတပ်ဖွဲ့ အကြီးအကဲအပါအ၀င် ရဲဌာနနှင့် တရားရုံးတို့မှ ၀န်ထမ်း စုစုပေါင်း ၆ ဦး ရာထူးမှ နှုတ်ထွက်သွားပြီဖြစ်သည်။

    Ref: Aljazeera

  • ထိုးကွက်ပြောင်းမှ ပက်ကွီအိုအား မေ၀ယ်သာနိုင်မည်ဟု မိုက်တိုင်ဆန်ပြော

    ထိုးကွက်ပြောင်းမှ ပက်ကွီအိုအား မေ၀ယ်သာနိုင်မည်ဟု မိုက်တိုင်ဆန်ပြော

    မတ် ၁၃၊ ၂၀၁၅
    M-Media

    268D278E00000578-0-image-a-38_1426187268454

    – မေ ၂ ရက်နေ့ ပက်ကွီအိုနဲ့ ထိုးမယ့်ပွဲမှာ ဖလွိုက်မေ၀ယ်သာအနေနဲ့ နိုင်ချင်တယ်ဆိုရင်တော့ သူ့ရဲ့ ထိုးပုံထိုးနည်းကို ဆန်းသစ်ရမယ်လို့ ကမ္ဘာ့လက်ဝှေ့ကျော်ဟောင်း မိုက်တိုင်ဆန်က သတိပေးလိုက်ပါတယ်။

    သံခဲမိုက်လို့ အမည်ပြောင်ပေးခြင်း ခံထားရတဲ့ မိုက်တိုင်ဆန်တစ်ယောက် သူ့ရဲ့ လက်ဝှေ့လောကထဲ စတင်ဝင်ရောက်တဲ့ နှစ် ၃၀ ပြည့်အခမ်းအနားမှာ ဒီလိုပြောလိုက်တာဖြစ်ပြီး မေ၀ယ်သာရဲ့ ခံစစ်အသားပေး ထိုးကွက်ကြောင့် သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

    “ပက်ကွီအိုနိုင်မယ်လို့ အစကတည်းက ကျွန်တော်ထင်ခဲ့ပါတယ်။ သူဟာ အဆက်မပြတ်လှုပ်ရှားသူ တစ်ယောက်ပါ။ ထောင့်တိုင်းကနေ သူ ၀င်ထိုးတတ်ပါတယ်။ သူဟာ သက်လုံလည်းအပြည့်ရှိပြီး အမြဲတမ်း လက်သီးတွေ လွှတ်တတ်ပါတယ်။ ဘယ်တော့မှ မရပ်ပါဘူး” လို့ မိုက်တိုင်ဆန်က ဆိုပါတယ်။

    ကမ္ဘာ့လက်ဝှေ့သမိုင်းမှာ ကြေးအကြီးဆုံးဖြစ်လာမယ့် မေ၀ယ်သာနဲ့ ပက်ကွီအိုတို့ရဲ့ပွဲအတွက် နောက်ဆုံး သတင်းစာရှင်းလင်းပွဲကို ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားတယ်လို့ နှစ်ယောက်စလုံးက ပြောကြားခဲ့ပါတယ်။

    မေ၀ယ်သာနဲ့ပက်သက်လို့ တိုင်ဆန်က “ဖလွိုက်က ချော့ပြီးတော့ ထိုးတတ်ပါတယ်။ ပြီးတော့ သူ့ရဲ့လက်သီးကလည်း ပိုပြီး တိကျပါတယ်။ ဒါပေမယ့် မန်နီ (ပက်ကွီအို) လို တစ်ချီတည်းမှာ လက်သီအလုံး ၁၀၀ လောက် ထိုးတာမျိုးမလုပ်ပါဘူး။ မန်နီကို အလဲထိုးနိုင်ဖို့တော့ အလားအလာမရှိပါဘူး။ ဒါ့ကြောင့် တကယ်လို့ သူနိုင်ချင်ရင် ပြောင်းလဲရပါလိမ့်မယ်။ လက်သီးကို ပိုမသုံးဘူးဆိုရင် သူ မနိုင် နိုင်ပါဘူး” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    နောက်ပြီး မေ၀ယ်သာရဲ့ အခုကြိုးစားမှုဟာ မလုံလောက်သေးဘဲ ပက်ကွီအိုကို ဒုက္ခပေးနိုင်ခဲ့တဲ့ တင်မ် ဘရက်ဒလေနဲ့ ဂျူအန် မန်နျူယဲလ် မားကွက်ဇ်တို့ရဲ့ ထိုးပေါက်တွေကို ကြည့်ဖို့လိုပြီး အခုပုံစံနဲ့ မတူညီတာမျိုး လုပ်ရလိမ့်မယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အသက် ၂၁ နှစ်နဲ့ လက်ဝှေ့သမိုင်းမှာ အသက်အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာတဲ့ ဒီသတိပေးချက်ဟာ ဘယ်လောက်အရေးပါတယ် ဆိုတာကိုတော့ လက်ဝှေ့သက်တမ်းတစ်လျှောက် ရှုံးပွဲမရှိသေးတဲ့ မေ၀ယ်သာနဲ့ ၅၇ ပွဲနိုင် ၅ ပွဲသာရှုံးထားတဲ့ ပက်ကွီအိုတို့ရဲ့ မေ ၂ ရက်နေ့ထိုးပွဲမှာ စောင့်မျှော်ကြည့်ရှု ရပါလိမ့်မယ်။

    Ref: Dailymail

  • ဒူဘိုင်းဈေးရောင်းပွဲတော်တစ်ခုတွင် အစ္စလာမ်ကိုပြောင်းလဲသက်ဝင်သူ ၅၇ ဦးရှိခဲ့

    ဒူဘိုင်းဈေးရောင်းပွဲတော်တစ်ခုတွင် အစ္စလာမ်ကိုပြောင်းလဲသက်ဝင်သူ ၅၇ ဦးရှိခဲ့

    မတ် ၁၃၊ ၂၀၁၅
    M-Media

    12-3-15_Dozens-Revert-to-Islam-at-Dubai-Festival (1)

    – ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ပြီးခဲ့တဇန်န၀ါရီလက ကျင်းပခဲ့တဲ့ ဈေးရောင်းပွဲတော်မှာ ဒါဇင်နဲ့ချီတဲ့ ကမ္ဘာလှည့်ခရီးသွားတွေဟာ အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ခဲ့ကြပြီး အစ္စလာမ်သာသနာရဲ့ တိုးတက်မှုကို ရောင်ပြန်ဟပ်စေခဲ့ပါတယ်။

    “၂၀၁၅ မဟာဗျူဟာအစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ်၊ ကျွန်မတို့ ဌာနခွဲဟာ ဒူဘိုင်းက ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေး အခမ်းအနားတွေကို အစ္စလာမ်ရဲ့ အခြေခံစည်းမျဉ်းတွေနဲ့ တန်ဖိုးတွေကို မီးမောင်းထိုးပြတဲ့နေရာမှာ၊ အစ္စလာမ်နဲ့ပတ်သက်လို့ စူးစမ်းမေးမြန်းမှုတွေကို ဖြေကြားရာမှာနဲ့ အစ္စလာမ်နဲ့ ပတ်သက်တဲ့ နားလည်မှုလွဲမှားခြင်းတွေကို ပြင်ဆင်ဖြေရှင်းရာမှာ ကောင်းမွန်စွာအသုံးချဖို့ ကြိုးစားနေပါတယ်” လို့ အစ္စလာမ်ရေးရာနှင့် အလှူဒါနပြုရေးလှုပ်ရှားမှုဌာနရဲ့ သစ်လွင်မွတ်စလင်ဌာနခွဲ ဥက္ကဌ အမျိုးသမီး ဟူဒါ အလ် ကာဘီက ဆိုပါတယ်။

    ဌာနရဲ့ ပြောကြားမှုအရ ပြီးခဲ့တဲ့ ဇန်န၀ါရီမှာပြုလုပ်ခဲ့တဲ့ ဈေးရောင်းပွဲတော်အတွင်းမှာ အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်လာသူအရေအတွက်ဟာ ၅၃ ဦး လောက် ရှိတယ်လို့ သိရပါတယ်။

    ဒီသစ်လွင်မွတ်စလင်တွေဟာ Al Reef ရှော့ပင်းမောလ်မှာ ပြုလုပ်ခဲ့တဲ့ ဘာသာပေါင်းဆုံ ညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီးနောက်မှာ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့တာဖြစ်ပါတယ်။  အဲဒီဆွေးနွေးပွဲမှာ ဆွေးနွေးမှုတွေ၊ ဟောပြောမှုတွေနဲ့ ကြေညာမှုတွေကို ဘာသာစကားမျိုးစုံနဲ့ ပြုလုပ်ခဲ့ပြီး အစ္စလာမ်နဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေ၊ ရာစုနှစ်နဲ့ ချီလာတဲ့ အစ္စလာမ့်ယဉ်ကျေးမှုတွေအကြောင်း အသိပညာပေးမှုတွေကို မြင့်တက်လာစေဖို့ ရည်ရွယ်ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။

    ဒီနှစ်ရဲ့ သစ်လွင်မွတ်စလင်တွေက ယူအေအီးနိုင်ငံမှာ နေထိုင်းရင်း အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာတဲ့ ပထမဆုံး အသုတ်တော့ မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ်အတွင်း ယူအေအီးနိုင်ငံမှာ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်သူအရေအတွက်ဟာ ၂၁၁၅ ဦးကျော် ရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့နေတဲ့ အစ္စလာမ်ဘာသာတရားအတွက် နှစ်သက်လိုလားမှု တိုးလာတယ်ဆိုတာကို ရောင်ပြန်ဟပ်နေတာလည်း ဖြစ်ပါတယ်။

    ၂၀၁၂ ခုနှစ်မှာ ယူအေအီးနိုင်ငံအတွင်း အစ္စလာမ်ကို ပြောင်းလဲသက်ဝင်သူ အရေအတွက်ဟာ ၁၉၀၇ ဦး ရှိခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှာ ၁၃၈၀၊ ၂၀၁၀ ခုနှစ်မှာ ၁၅၀၀ ၊ ၂၀၀၉ ခုနှစ်မှာ ၁၀၅၉ စသဖြင့် အသီးသီးရှိခဲ့ကြကာ ယူအေအီးနိုင်မှာ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်သူတွေဟာ နှစ်စဉ်တိုးတက်လျက် ရှိနေပါတယ်။

    အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ဖို့ ဆွဲဆောင်တဲ့အချက်ကတော့ ဒီအယူဝါဒရဲ့ ခွင့်လွှတ်သနားညှာတာမှုနဲ့ လူသားအားလုံးအကြားက သာတူညီမျှမှုကို မြှင့်တင်ပေးတဲ့ ယုတ္တိယုတ္တာတန်တဲ့ သွန်သင်ဆုံးမချက်တွေကြောင့်ဖြစ်တယ်လို့ လေ့လာမှုများက ဆိုပါတယ်။

    Ref: Onislam