News @ M-Media

Blog

  • အဖမ်းဆီးခံ အမေရိကန်ဂျာနယ်လစ်တစ်ဦးအား လွှတ်ပေးရန် အီရန်ကို မိုဟာမက်အလီ တောင်းဆို

    အဖမ်းဆီးခံ အမေရိကန်ဂျာနယ်လစ်တစ်ဦးအား လွှတ်ပေးရန် အီရန်ကို မိုဟာမက်အလီ တောင်းဆို

    မတ် ၁၄၊ ၂၀၁၅
    M-Meida

    Muhammad Ali

    – ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက ဖမ်းဆီးထားသည့် ၀ါရှင်တန်ပို့စ်သတင်းစာမှ သတင်းထောက် ဂျေဆန် ရေဇိုင်ယန်အား လွှတ်ပေးရန်အတွက် အမေရိကန်လက်ဝှေ့ကျော်ဟောင်း မိုဟာမက်အလီက အီရန်အစိုးရအား တိုက်တွန်းလိုက်သည်ဟု သိရသည်။

    ကြာသာပတေးနေ့က National Press Club (NPC)မှ ထုတ်ပြန်သော ကြေညာချက်တွင် အလီက ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး ရေဇိုင်ယန်မှာ ငြိမ်းချမ်းရေးလိုလားသူနှင့် ယုံကြည်ချက်ပြင်းထန်သူတစ်ယောက်ဖြစ်ပြီး အီရန်ပြည်သူများအတွက် စိတ်နှစ်ဆောင်ရွက်မှုနှင့် လေးစားမှုတို့ကို ၎င်း၏အလုပ်တွင် ထင်ထင်ရှားရှားတွေ့ရသည်ဟုလည်း အလီက ထည့်သွင်းပြောကြားခဲ့သည်။

    ရေဇိုင်ယန်မှာ အမေရိကန်-အီရန် နှစ်နိုင်ငံစလုံး၏ နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက အီရန်တွင် ဂျာနယ်လစ်အဖြစ် ဆောင်ရွက်ခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ၀ါရှန်တန်ပို့စ်၏ အီရန်ဂျာနယ်လစ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ရေဇိုင်ယန်နှင့် ၎င်း၏ ဇနီး ယေဂါနီဟ် ဆာလေဟီတို့မှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

    တီဟီရန်အခြေစိုက် ဂျာနယ်လစ်တစ်ဦးဖြစ်သော ဆာလေဟီကိုမူ အောက်တိုဘာလတွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ပြီး ရေဇိုင်ယန်အား မည်သည့်အမှုဖြင့် ဖမ်းဆီးထားသည်ကို အီရန်က ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

    ရေဇိုင်ယန်အား လွှတ်ပေးရန်အတွက် မိသားစုများက အသနားခံထားပြီး အမေရိကန် လွှတ်တော်အမတ်များကလည်း အီရန်နှင့် နျူအရေးဆွေးနွေးသည့်အခါ ရေဇိုင်ယန်ကိစ္စကို ဦးစားပေးဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား တိုက်တွန်းခဲ့သည်။

    အလီကမူ အီရန်အနေဖြင့် ရေဇိုင်ယန်အား ကြာရှည်စွာ ဖမ်းဆီးထားမှုကို အဆုံးသတ်ရန်နှင့် ရေဇိုင်ယန်အား ဥပဒေကြောင်းအရ ရွေးချယ်ခွင့်အားလုံးကို ပေးအပ်ရန်တို့အတွက် မိမိအနေဖြင့် ကြီးမားသည့်မျှော်လင့်ချက် ထားရှိကြောင်း ပြောကြားခဲ့သည်။

    NPC ကမူ အနောက်နိုင်ငံရှိ မည်သည့်ဂျာနယ်လစ်မှ ရေဇိုင်ယန်ကဲ့သို့ ကြာရှည်စွာ ဖမ်းဆီးခံထားခြင်း မရှိခဲ့ဘဲ ရေဇိုင်ယန်၏ ဆေးကုသခွင့်နှင့် ရှေ့နေငှားခွင့်ကိုလည်း ငြင်းပယ်ခံထားရသည်ဟု ဆိုသည်။ ထို့ပြင် ရေဇိုင်ယန်အား စွဲဆိုထားသည့်အမှုကို ထုတ်ပြန်ခြင်း သို့မဟုတ် လူသိရှင်ကြားချပြခြင်း မရှိဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: huffingtonpost

  • ချန်ပီယံလိဂ်ဒဏ်ရာကြောင့် အနားယူဖို့အထိပင် စဉ်းစားခဲ့သည်ဟု အေစီမီလန် ကွင်းလယ်လူဟောင်း ဖွင့်ဟ

    ချန်ပီယံလိဂ်ဒဏ်ရာကြောင့် အနားယူဖို့အထိပင် စဉ်းစားခဲ့သည်ဟု အေစီမီလန် ကွင်းလယ်လူဟောင်း ဖွင့်ဟ

    မတ် ၁၄၊ ၂၀၁၅
    M-Media

    260642_heroa (1)

    – ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲတွင် လီဗာပူးလ်အသင်းအား အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြီးနောက် မိမိအနေဖြင့် ကစားသမားဘ၀မှ အနားယူရန်အထိ စဉ်းစားခဲ့ကြောင်း အေစီမီလန်အသင်း၏ ကွင်းလယ်လူဟောင်း ပီယာလိုက ပြောကြားခဲ့သည်။

    တူရကီနိုင်ငံ အစ္စတန်ဘူလ်၌ ကစားခဲ့သည့် ထိုပွဲတွင် အေစီမီလန်အသင်းမှာ ပထမပိုင်းတွင် ၃ ဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ၃ ဂိုးပြန်ပေးလိုက်ရကာ အချိန်ပိုပြီးသည်အထိ သရေကျနေ၍ ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရသည်။

    ပင်နယ်တီတွင် ပီယာလို၏ ကန်သွင်းချက်ကို လီဗာပူးလ်ဂိုးသမား ဒူဒက်က ကာကွယ်နိုင်ခဲ့ပြီး တိုက်စစ်မှူး ရှက်ဖ်ချင်ကို၏ ကန်သွင်းချက်မှာ လွဲချော်သွားခဲ့သောကြောင့် လီဗာပူးလ်အသင်းက အနိုင်ရကာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးရရှိခဲ့သည်။

    “အဲဒီအချိန်က ဘောလုံးကိုစွန့်ခွာဖို့ဆိုတာ အဝေးကြီးမှာပါ။ ဒါပေမယ့် တစ်ကြိမ် ကျွန်တော့်စိတ်ထဲမှာ အနားယူဖို့ဆိုတဲ့စိတ်ကူး ဖြစ်ခဲ့ဖူးပါတယ်။ အဲဒါကတော့ အစ္စတန်ဘူလ်မှာကစားတဲ့ လီဗာပူလ်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ အေစီမီလန် ရှုံးနိမ့်ခဲ့တဲ့ နောက်ပိုင်း ဖြစ်ပါတယ်။ အားလုံးပြီးဆုံးခဲ့ပြီလို့ ရက်အနည်းငယ်လောက် ကျွန်တော် တွေးခဲ့ဖူးပါတယ်။ (အဲဒီအချိန်က) ကျွန်တော့်မှာ အားအင်တွေ မကျန်တော့ပါဘူး” ဟု ပီယာလိုက ၎င်း၏ ခံစားချက်ကို Tuttosport သို့ ဖွင့်ဟခဲ့သည်။

    သို့သော်လည်း မိမိအနေဖြင့် ကောင်းကောင်းကစားနိုင်သည်ကို သိရှိခဲ့ပြီး ဖိအားများအတွက် သောကမရောက်တော့ကြောင်း၊ ထိုအဖြစ်အပျက်က မိမိအား တာဝန်သိစိတ်ကို ပိုမိုဖြစ်ပေါ်စေခဲ့ကြောင်း ပီယာလိုက ထည့်သွင်းပြောကြားခဲ့သည်။

    ပီယာလိုမှာ ထိုနှစ်နောက်ပိုင်း ၂၀၀၆ ခုနှစ်တွင် အီတလီအသင်းနှင့် ကမ္ဘာဖလားကို ဆွတ်ခူးရရှိခဲ့ပြီး ၂၀၀၇ နှစ်တွင်လည်း အေစီမီလန်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။

    Ref: Goal.com

  • တရုတ်ပိုင်နက်အတွင်း ဗုံးဆံကျရောက်ပေါက်ကွဲမှု မြန်မာသံအမတ်အား တရုတ်ခေါ်ယူသတိပေး

    တရုတ်ပိုင်နက်အတွင်း ဗုံးဆံကျရောက်ပေါက်ကွဲမှု မြန်မာသံအမတ်အား တရုတ်ခေါ်ယူသတိပေး

    မတ် ၁၄၊ ၂၀၁၅
    M-Media

    c1eacb945ec14c128faa4cd2c9820fd5_18

    – မြန်မာလေတပ်မှ ကြဲချသည့် ဗုံးတစ်လုံးမှာ တရုတ်နိုင်ငံအတွင်းရှိ ကြံစိုက်ခင်းထဲသို့ ကျရောက်ကာ တရုတ်နိုင်ငံသား ၄ ဦး သေဆုံးခဲ့ပြီးနောက် တရုတ်အစိုးရက မြန်မာသံအမတ်အား ဆင့်ခေါ်ကာ သတိပေးခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

    တရုတ်နယ်စပ်အနီး ကိုးကန့်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်များအား မြန်မာစစ်တပ်က ထိုးစစ်ဆင်နေစဉ်အတွင်း ယမန်နေ့က လေကြောင်းမှ ဗုံးကြဲချရာတွင် ယူနန်ပြည်နယ် အနောက်တောင်ပိုင်း လင်ကျန်မြို့ရှိ ကြံစိုက်ခင်းတစ်ခုသို့ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများအပြင် ဒဏ်ရာရရှိသူ ၉ ဦး ရှိခဲ့သည်။

    ထို့ကြောင့် တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး လျူ ဇန်မင်းက တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကို ယမန်နေ့ညပိုင်းက ဆင့်ခေါ်ကာ ဖြစ်ပွားခဲ့သည့် ကိစ္စအတွက် သတိပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ စေ့စေ့စပ်စပ်ပြုလုပ်ရန်နှင့် ချက်ခြင်း အရေးယူရန်၊ ထိုဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်ပွားစေရေးအတွက် ထိရောက်သောဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟောင်လီက ပြီးခဲ့သည့် ၂ ရက်အရင်ကလည်း ဗုံးဆံအချို့မှာ တရုတ်နိုင်ငံ နယ်နမိတ်အတွင်း ကျရောက် ပေါက်ကွဲခဲ့သောကြောင့် လူနေအိမ်တစ်လုံး ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ကိုကန့်ဒေသအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အဆိုပါဒေသမှ ပြည်သူ ၃ သောင်းကျော်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းသို့ ၀င်ရောက်ခိုလှုံနေရသည်။ တရုတ်နိုင်ငံကမူ မြန်မာအစိုးရအနေဖြင့် တင်းမာမှုကို လျော့ချရန် တိုက်တွန်းခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်ရေး ခြိမ်းခြောက်မှုအတွက်လည်း သတိပေးခဲ့သည်။

    Ref: Channelnewsasia

  • သတင်းသမားများအား ဖမ်းဆီးမှု မြန်မာ ဂျာနယ်လစ် ကွန်ရက်မှ အစိုးရအား သပိတ်မှောက်မည်။

    သတင်းသမားများအား ဖမ်းဆီးမှု မြန်မာ ဂျာနယ်လစ် ကွန်ရက်မှ အစိုးရအား သပိတ်မှောက်မည်။

    မတ် ၁၄ ၊ ၂၀၁၅
    M-Media
    သီဟ

    481183_412340538840121_290595107_n

    မတ်လအတွင်း ဆန္ဒပြ သပိတ်မှောက်မှုများတွင် သတင်းသမားမှန်းသိသိဖြင့် ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်ခဲ့ခြင်းနှင့် မုသားတဝက် သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်  ပြည်ထဲရေး ၀န်ကြီးဌာန၊ နိုင်ငံတော် သမ္မတ၊ ပြန်ကြားရေး ၀န်ကြီးဌာနတို့နှင့် ပတ်သက်သည့် သတင်းများ ရက်အကန့်အသတ်တခု ဖော်ပြခြင်းမပြုဘဲ စာမျက်နှာအလွတ်ထာရန်၊ နိုင်ငံတော် သမ္မတနှင့် ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက်ရန်ရှိသော မတ်လ ၂၇၊ ၂၈၊ ၂၉ ၌ ရန်ကုန်မြို့တွင် International Press Institute မှ ကျင်းပရန် ရှိသည့် မီဒီယာ ကွန်ဖရင့်သို့ မြန်မာသတင်းသမားများ တက်ရောက်ခြင်း မပြုဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်ချက် ချမှတ်ကြောင်း မြန်မာဂျာနယ်လစ် ကွန်ယက်မှ သတင်းထုတ်ပြန်လိုက်သည်။
    .
    သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
    .
    ၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့ညနေ MJN အစည်းအဝေး ဆုံးဖြတ်ချက်
    —————————————————————
    ပြီးခဲ့သည့် မတ်လဆန်း အလုပ်သမားဆန္ဒပြမှုနှင့် မြို့တော်ခန်းမရှေ့ ဆန္ဒပြမှု၊ လက်ပံတန်း ကျောင်းသားဆန္ဒပြမှုများတွင် သတင်းသမားများဖြစ်ကြောင်းသိလျက်နှင့် ရိုက်နှက် ထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့ခြင်းအတွက် တာဝန်ရှိသည့် နိုင်ငံတော် သမ္မတ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ယင်းအဖြစ်အပျက်နှင့်ပတ်သက်၍ မုသားတ၀က် သတင်းဖေါ်ပြမှုများ လုပ်ဆောင်ခဲ့သည့် ပြန်ကြားရေး ၀န်ကြီးဌာနတို့၏ လုပ်ရပ်အား ရှုတ်ချကြောင်း MJN အနေဖြင့် ထုတ်ပြန်ချက် ထုတ်ခဲ့ပြီးဖြစ်သည်။
    .
    ယင်းလုပ်ဆောင်မှုများနှင့် ပတ်သက်၍ မြန်မာသတင်းသမားများ အနေဖြင့် တုံ့ပြန်မှု အချို့ လုပ်ဆောင်ရန် ယနေ့ ညနေ MJN အစည်းအဝေး က ဆုံးဖြတ်ခဲ့ပါသည်
    .
    ၁။ ပြည်ထဲရေး ၀န်ကြီးဌာန၊ နိုင်ငံတော် သမ္မတ၊ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပတ်သက်သည့် သတင်းဖေါ်ပြမှုများကို ရက်အကန့်အသတ်တစ်ခုဖြင့် ဖေါ်ပြခြင်းမပြုဘဲ စာမျက်နှာ အလွတ်ထားကာ မည်သည့်အတွက်ကြောင့် ဖေါ်ပြခြင်း မပြုသည်ကိုရှင်းပြသည့် စာသားကိုသာ ယင်းနေရာတွင် ဖေါ်ပြရန်
    .
    ၂။ နိုင်ငံတော် သမ္မတနှင့် ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက်ရန်ရှိသော မတ်လ ၂၇၊ ၂၈၊ ၂၉ ၌ ရန်ကုန်မြို့တွင် International Press Institute မှ ကျင်းပရန် ရှိသည့် မီဒီယာ ကွန်ဖရင့်သို့ မြန်မာသတင်းသမားများ တက်ရောက်ခြင်း မပြုဘဲ သပိတ်မှောက်ရန်
    ဆုံးဖြတ်လိုက်ပြီး ပူးပေါင်းပါဝင်ရန် သတင်းမီဒီယာ အဖွဲ့အစည်းများ မီဒီယာ တိုက်များကို ရှင်းပြ စည်းရုံးသွားမည်ဟု ဆုံးဖြတ်လိုက်ပါသည်။

  • နိုင်ငံတကာ သတင်းတို (မတ် ၁၃၊ ၂၀၁၅)

    မတ် ၁၃၊ ၂၀၁၅
    M-Media

    – ရုရှားအတိုက်အခံခေါင်းဆောင် ဘောရစ်နမ်စတော့ဗ် အသတ်ခံရမှုအတွက် နိုင်ငံတကာမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ဥရောပသမဂ္ဂမှ လွှတ်တော်အမတ်များက ယမန်နေ့တွင် တောင်းဆိုလိုက်သည်။ ယခုလက်ရှိတွင် ချေခြင်းညာ ရဲအရာရှိဟောင်း ဒါဒါယက်ဗ်မှာ အဆိုပါ လူသတ်မှုတွင် ပါဝင်ခဲ့သည်ဟု ၀န်ခံထားသော်လည်း ရုရှားလူ့အခွင့်အရေးကောင်စီက ဒါဒါယက်ဗ်မှာ ညှင်းပန်းနှိပ်စက်မှုကြောင့် ၀န်ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    – အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ နျူအရေး သဘောတူညီချက်ရရှိပါကလည်း အမေရိကန်၏ နောက်အစိုးရတွင် အကြုံးဝင်မည်မဟုတ်ဟု အီရန်အား သတိပေးသည့် ရီပက်ဘလစ်ကန်အမတ်များ၏ စာနှင့်ပတ်သက်၍ အီရန် အဓိပတိ ခါမေနီက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်ပြီး၊ အမေရိကန် ကွန်ဂရက်အတွင်း အီရန်အရေးနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ပြောဆိုမှုများမှာလည်း ရူးနှမ်းမှုသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    – IS များထိန်းချုပ်ရာ တီကရစ်မြို့အား သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည့် အီရတ်တပ်ဖွဲ့များမှာ တိုးတက်မှုများ ရရှိနေပြီး မြို့အတွင်းသို့ဝင်ရာတွင် ဗုံးများ၊ စနိုက်ပါသမားများကြောင့် နှောင့်နှေးမှုများ ရှိနေသော်လည်း မြို့၏ နေရာအများအပြားကို ထိန်းချုပ်ထားနိုင်ပြီဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    – မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက် ကမ်းရိုးတမ်းတွင် ကင်ဂျုံအန်ကိုယ်တိုင်ကြီးကြပ်ကာ ယမန်နေ့ ညနေပိုင်းက မြေပြင်မှဝေဟင်ပစ် ဒုံးကျည် ၇ လုံးကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။

    Ref: News agencies