News @ M-Media

Blog

  • နိုင်ငံတကာ သတင်းတို (မတ် ၄၊ ၂၀၁၅)

    မတ် ၄၊ ၂၀၁၅
    M-Media

    – မူးယစ်မောင်ခိုမှုဖြင့် အင်ဒိုနီးရှားတွင် ဖမ်းဆီးထားသည့် သြစတေးလျနိုင်ငံသား ၂ ဦးကို နူဆာကမ်ဘန်ဂန်ကျွန်းတွင် ကွပ်မျက်ရန်အတွက် ဘာလီအကျဉ်းထောင်မှ ယနေ့တွင် ခေါ်ဆောင်သွားမည်ဖြစ်သည်။ အသက် ၃၃ နှစ်အရွယ် မြူရန် ဆူကူမာရန်နှင့် အသက် ၃၁ နှစ်အရွယ် အန်ဒရူးချန်တို့ကို သေနတ်ဖြင့် ပစ်သတ် ကွပ်မျက်မည်ဖြစ်သည်။

    – အီဘိုလာရောဂါပြန့်နှံ့မှုဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည့် အနောက်အာဖရိကမှ ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီရာလီယိုနီ နိုင်ငံတို့မှ ခေါင်းဆောင်များက ၎င်းတို့၏ ကျဆင်းသွားသော စီးပွားရေး ပြန်လည်ထူထောင်ရန်အတွက် နိုင်ငံတကာမှ အကူအညီများ ပေးအပ်ရန် ယမန်နေ့က တောင်းဆိုလိုက်သည်။

    – ကျူးဘားသို့ သွားရောက်နေသည့် တရုတ်အလံလွှင့်ထားသော ကုန်တင်သင်္ဘောတစ်စင်းကို လက်နက်မှောင်ခိုပို့မှုဖြင့် ထိန်းသိမ်းခဲ့သည်ဟု ကိုလံဘီယာ တရားသူရုံးချုပ်မှ ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ သင်္ဘောတွင် ယမ်းတန်ချိန် ၁၀၀ အပါအ၀င် ပေါက်ကွဲစေတတ်သောပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသော အခြားပစ္စည်များ ပါဝင်ပြီး
    သင်္ဘောကပ္ပတိန်ကိုမူ ဖမ်းဆီးထားသည်။

    – ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားရာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်ညက်မြို့ရှိ ကျောက်မီးသွေမိုင်းတွင်းတစ်ခုတွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မိုင်းလုပ်သား ဒါဇင်နှင့်ချီ၍ ပိတ်မိနေကာ အသက်အန္တရာယ်ကိုပင်စိုးရိမ်နေရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မိုင်းတွင်းသို့ ဆင်းရာလမ်းမှာလည်း ကျဉ်းများသောကြောင့် ကယ်ဆယ်ရေးလုပ်သားများမှာလည်း
    အခက်ကြုံနေရသည်။ သို့သော်လည်း အဆိုပါပေါက်ကွဲမှုမှာ တိုက်ပွဲနှင့်မပတ်သက်ဟု ဆိုသည်။

    – ဆွဇ်လန်တွင်ပြုလုပ်ခဲ့သည့် အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ ဆွေးနွေးပွဲမှာ တိုးတက်မှုအချို့ရှိခဲ့သော်လည်း ဆောင်ရွက်စရာများစွာ ကျန်ရှိနေသေးသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ယနေ့တွင် ပြောကြာလိုက်သည်။ ထို့ပြင် ထပ်မံဆွေးနွေးမှုမျာကို မတ်လ ၁၅ ရက်နေ့တွင် ဂျီနီဗာ၌ ပြုလုပ်ဖွယ်ရှိနေသည်။

    Ref: News agencies

  • လူ့အဖွဲ့အစည်းကြား ရင်ကြားစေ့ပေးနေတဲ့ အမေရိကန် ဆယ်ကျော်သက် မွတ်စလင်လူငယ်လေး

    လူ့အဖွဲ့အစည်းကြား ရင်ကြားစေ့ပေးနေတဲ့ အမေရိကန် ဆယ်ကျော်သက် မွတ်စလင်လူငယ်လေး

    မတ် ၄၊ ၂၀၁၅
    M-Media

    16 year

    – သူယုံကြည်တဲ့အယူဝါဒနဲ့ ပတ်သက်ပြီး နားလည်မှုမှားယွင်းမှုတွေ၊ တံဆိပ်ရိုက်အတွေးအခေါ်တွေကို စိန်ခေါ်ပြီး အမေရိကန်က အသက် ၁၆ နှစ်အရွယ် မွတ်စလင်ကျောင်းသားလေးဟာ လက်သင့်ခံမှုနဲ့ သည်းခံမှုတွေရှိပြီး တက်ကြွတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖန်တီးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘက်စုံ အကျိုးပြု အဖွဲ့လေးတစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။

    အဲဒီလူငယ်လေးကတော့ နယူးဂျာစီပြည်နယ်က ဒုတိယနှစ်ကျောင်းသား ဇီအဒ် အဟ်မဒ်ဆိုသူဖြစ်ပြီး သူ့ရဲ့အဖွဲ့ကိုတော့ Redefy လို့ အမည်ပေးထားပါတယ်။

    “ကျွန်တော်ငယ်ငယ်ကလေးကတည်းက ကျွန်တော့်ရဲ့ အယူဝါဒနဲ့ပတ်သက်ပြီ လူတော်တော်များများက မလိုမုန်းထားမှုတွေနဲ့ နားလည်းမှုလွဲမှားတာတွေ ရှိနေပါတယ်။ မီဒီယာကလည်း အစ္စလာမ်ရဲ့ပုံရိပ်နဲ့ လူနည်းစုတွေနဲ့ပတ်သက်လို့ ပြည်သူတွေရဲ့အမြင်ကို ထိခိုက်စေတဲ့ နည်းလမ်းမျိုးနဲ့ ဖော်ပြနေကြပါတယ်” လို့ ဇီအဒ် အဟ်မဒ်က ဆိုပါတယ်။

    အဲဒီ Redefy အဖွဲ့လေးဟာ ဘက်စုံအကျိုးပြု အဖွဲ့လေးဖြစ်ပြီး တံဆိပ်ရိုက်အတွေးအခေါ်တွေကို ထင်ထင်ရှားရှား ဆန့်ကျင်ဖို့နဲ့ လက်သင့်ခံမှုနဲ့ သည်းခံမှုတွေရှိလာဖို့၊ အကောင်းမြင်တဲ့သူတွေ ဖြစ်လာပြီး တက်ကြွတဲ့ လူ့အဖွဲ့အစည်းဖြစ်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တဲ့အဖွဲ့လည်းဖြစ်ပြီး လူငယ်တွေကြားထဲမှာ အသိပညာပေးမှုတွေကို ပြုလုပ်နေပါတယ်။

    ဘင်္ဂလားဒေ့ရှ်နွယ်ဖွား အမေရိကန်ကျောင်းသားလေး အဟ်မဒ်ဟာ အစ္စလာမ်နဲ့ပတ်သက်လို့ ငယ်ငယ်ကတည်းက တံဆိပ်ရိုက်အတွေးအခေါ်တွေ၊ မလိုမုန်းထားမှုတွေကို ခံခဲ့ရသူဖြစ်ပြီး ဒီအကြောင်းကြောင့်ပဲ ဒီအဖွဲ့ကို ဖွဲ့စည်းဖြစ်ခဲ့တာလို့ သူက ဆိုပါတယ်။

    နောက်ပြီး ဒီအဖွဲ့လေးဟာ အမေရိကန်လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ မတရားမှုတွေ၊ အသိဥာဏ်နည်းပါးမှုတွေကို ရှာဖွေဖော်ထုတ် ဖြေရှင်းမှုတွေကိုလည်း ပြုလုပ်နေပါတယ်။

    အခုတော့ အဟ်မဒ်ရဲ့ ဒီအဖွဲ့လေးဟာ အမေရိကန်လူ့အဖွဲ့အစည်းမှာ ပြန့်နှံ့လာခဲ့ပြီး တံဆိပ်ရိုက်အတွေးအခေါ်ဆိုတာ ဘာလဲဆိုတာနဲ့ ဒီအတွေးအခေါ်တွေကို ဘယ်လိုတိုက်ဖျက်မလဲဆိုတာနဲ့ ပတ်သက်လို့ ကျောင်းသားလူငယ်တွေကို ပညာပေးဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဖိုရမ်တွေကိုလည်း ကျင်းပနေကြပါတယ်။

    Redefy အဖွဲ့အတွက် Twitter၊ Facebook၊ Instagram၊ YouTube နဲ့ Tumblr တွေမှာလည်း အကောင့်တွေဖွင့်ထားပြီး ပြည်သူ့ရေးရာ၊ တရားမျှတမှုနဲ့ ပတ်သက်လို့ အတွေ့အကြုံတွေ မျှဝေတာမျိုးတွေလည်း ရှိနေပါတယ်။

    အဟ်မဒ်ဟာ သူတက်တဲ့ တက္ကသိုလ်ရဲ့ ခေါင်းဆောင်မှုအဖွဲ့မှာလည်း ကမ္ဘာတစ်ဝှမ်းက ကျောင်းသားတွေနဲ့အတူ လူမှုရေးလှုပ်ရှားမှုအမျိုးမျိုးကို ဆောင်ရွက်နေတဲ့သူလည်း ဖြစ်ပါတယ်။

    “ကျွန်တော်တို့ ဘာကိုတွန်းလှန်နေလဲဆိုတာ လူငယ်တော်တော်များများက နားမလည်ကြပါဘူး။ တရားမဲ့မှုတွေကို ကျွန်တော်တို့ တွန်းလှန်နေတာပါ။ ကျွန်တော်တို့ဟာ တရားမဲ့မှုတွေမှာ ပေါင်းစုနေတယ်ဆိုရင်တော့ အသိဥာဏ်မဲ့မှုတွေဟာ ဆက်လက် တည်ရှိနေမှာပါ” လို့ အဟ်မဒ်က ပြောကြားခဲ့ပါတယ်။

    Ref: Onislam

  • ဘာသာတရားကို ခုတုံးလုပ်ပြီး အကြမ်းဖက်တာ မွတ်စလင်တွေပဲလား

    ဘာသာတရားကို ခုတုံးလုပ်ပြီး အကြမ်းဖက်တာ မွတ်စလင်တွေပဲလား

    မတ် ၄ ၊ ၂၀၁၅
    M-Media
    1424000719125.
    – “ဒီမှာ ခရစ်ယာန် ၉ ယောက်ရှိသေးတယ်။ ကျုပ်တို့ သူတို့ကိုဖမ်းမယ်။ သတ်ပစ်မယ်။ ဒီမှာ ပြီးသွားရန် နောက်ရွာတစ်ရွာကို သွားမယ်။ အေး အဲဒီမှာရှိတဲ့ ခရစ်ယာန်တွေကိုလည်း သတ်ပစ်အုံးမယ်”

    တကယ်လို့များ ISIS ခေါင်းဆောင်တစ်ယောက်က ဒီလိုကြေညာချက်မျိုး ထုတ်မယ်ဆိုရင်တော့ Fox News သတင်းဌာနက သူတို့ရဲ့ ပုံမှန်အစီအစဉ်ကိုဖျက်ပြီး “မွတ်စလင်တွေရဲ့ ခရစ်ယာန်အပေါ် ဘာသာရေးစစ်” ပုံစံမျိုး အထူးသတင်းအဖြစ် တင်ပြပါလိမ့်မယ်။ တခြားသော အဓိက မီဒီယာတွေကလည်း ဒါမျိုးကိုဖော်ပြဖို့ သိပ်ကို အလားအလာရှိပါတယ်။

    ဒီကြေညာချက်ဟာ ၂၀၁၄ ခုနှစ်မှာ တကယ်ပဲ ထွက်ခဲ့တာပါ။ ဒါပေမယ့် အပေါ်မှာ ဖော်ပြခဲ့သလိုမဟုတ်ဘဲ စကားလုံးအနည်းငယ် အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ တစ်လုံးတည်းသော အဲဒီစကားလုံးက ‘မွတ်စလင်’ နေရာမှာ ‘ခရစ်ယာန်’ လို့ ပြောင်းလဲသွားခြင်းပါပဲ။

    ““ဒီမှာ မွတ်စလင် ၉ ယောက် ရှိသေးတယ်။ ကျုပ်တို့ သူတို့ကိုဖမ်းမယ်။ သတ်ပစ်မယ်။ ဒီမှာ ပြီးသွားရန် နောက်ရွာတစ်ရွာ ကိုသွားမယ်။ အေး အဲဒီမှာရှိတဲ့ မွတ်စလင်တွေကိုလည်း သတ်ပစ်အုံးမယ်”

    ဗဟို အာဖရိကနိုင်ငံက ရွာတစ်ရွာမှာ ကျန်နေတဲ့ မွတ်စလင် ရွာသား ၉ ဦးကိုသတ်ဖြတ်ဖို့ ခရစ်ယာန် မီလီရှာအဖွဲ့က အကြမ်းဖက်သမား တစ်ဦးက သူတို့ရဲ့ အစီအစဉ်ကို ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ကိစ္စမျိုးကိုတော့ ကျွန်တော်တို့ တိုင်းပြည်မှာ သတင်းအဖြစ် ဖော်ပြမှာ မဟုတ်ဘူးဆိုတာ အသေအချာပါပဲ။

    ဒါမှမဟုတ် ခရစ်ယာန်စစ်သွေးကြွတစ်ယောက်က မွတ်စလင်ရွာသား တစ်ဦးကို ဗဟိုအာဖရိကနိုင်ငံရဲ့ လမ်းလယ်ခေါင်မှာ ခေါင်းဖြတ် သတ်ပစ်တဲ့ သတင်းမျိုးရော ခင်ဗျားတို့ ကြားဖူးကြပါသလား? အမေရိကန် မီဒီယာဖြစ်တဲ့ New York Times က AP သတင်းဌာနက သတင်းတစ်ပိုဒ်ကို ယူပြီး သတင်းတို အဖြစ်သာ ဖော်ပြခဲ့ပါတယ်။ တစ်ကယ်လို့များ မွတ်စလင် တစ်ယောက်ဟာ ခရစ်ယာန် တစ်ယောက်ကို ရင်ပြင် တစ်ခုမှာ ခေါင်းဖြတ်သတ်ခဲ့ရင် အမေရိကန် သတင်းတွေမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီး တစ်ယောက်တစ်လေများ သံသယရှိနေပါသလား။

    ဗဟိုအာဖရိကမှာ ထောင်ပေါင်းများစွာသော မွတ်စလင်လူနည်းစုတွေကို တစ်ရွာဝင်တစ်ရွာထွက် လိုက်လံ မျိုးဖြုတ် သတ်ဖြတ်နေတဲ့ ခရစ်ယာန်တွေ အကြောင်း ဖော်ပြတဲ့ ရုပ်သံလိုင်း တစ်ခု တစ်လေကော ရှိပါသလား? ဒီခရစ်ယာန် စစ်သွေးကြွတွေဟာ ဓားတစ်ဝင့်ဝင့်နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ်နေတယ်။ အိမ်တွေ၊ ဗလီဝတ်ကျောင်းတွေကို မီးရှို့တယ်၊ လုယက်ကြပါတယ်။ ပြည်တွင်းစစ်ဆိုတာ မှန်ပေမယ့် ကိုယ့်ကိုယ်ကို လူသိရှင်ကြား ခရစ်ယာန်တိုက်ခိုက်ရေးသမားပါလို့ ကြေငြာထားတဲ့ စစ်သွေးကြွတွေက ဒီလိုအကြမ်းဖက်မှုမျိုးတွေကို ကျူးလွန်နေကြတာပါ။

    ဒါဟာ ခရစ်ယာန်တွေ အကြမ်းဖက်လုပ်ရပ် ကျူးလွန်မှုတွေရဲ့ တစ်စွန်းတစ်စပဲ ရှိပါသေးတယ်။

    တကယ်တော့ သမ္မတ အိုဘာမားဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြုလုပ်ခဲ့တဲ့ National Prayer Breakfast ဆုတောင်းပွဲမှာ ခရူးဆိတ်စစ်ပွဲအပါအ၀င် ခရစ်ယာန်တွေ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို မြင်ခဲ့ရတယ်လို့ ရဲရဲရင့်ရင့် ပြောခဲ့ပြီး တစ်ချို့တွေကတော့ ဒီအပြော အတွက် ထွန့်ထွန့်လူးခဲ့ပါတယ်။ အမေရိကန်ရဲ့ နာမည်ကြီး ရေဒီယို ရှိုးတစ်ခုဖြစ်တဲ့ Rush Limbaugh မှာ ဒါကိုဝေဖန်ခဲ့ပြီး အိုဘားမားရဲ့ ဒီစကားဟာ ခရစ်ယာန် သာသနာကို စော်ကားတာပဲလို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    ဒါနဲ့ပတ်သက်လို့ Fox News သတင်းဌာန သတင်းကြေညာသူတွေက ယမ်းပုံမီးကြဖြစ်ခဲ့ပြီး အဆိုးဆုံးကတော့ အဲရစ် ဘိုးလင်းဆိုတဲ့ သတင်းကြေညာသူ တစ်ယောက်ဖြစ်ပါတယ်။ သူက ခရစ်ယာန်ဆိုတဲ့ အမည်နာမနဲ့ အသတ်ခံခဲ့ရတဲ့လူ တစ်ယောက်မှမရှိဘူးလို့ ဆိုပါတယ်။

    ပွင့်ပွင့်လင်းလင်းဆိုရရင် ကျွန်တော်ဟာ တစ်ချို့ကိစ္စတွေနဲ့ပတ်သက်လို့ လက်ယာယိမ်း ဒီပညာရှိကြီးတွေနဲ့ သဘောထားချင်း တိုက်ဆိုင်ပါတယ်။ ပြီးတော့ ခရစ်ယာန်ဆိုတဲ့ နာမည်နဲ့ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ထောက်ပြရာမှာ အိုဘားမားအနေနဲ့ ခရူးဆိတ်စစ်ပွဲကို ပမာအဖြစ်ဆွဲ မပြဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။ နောက်ဆုံး ခရူးဆိတ် စစ်ပွဲဖြစ်ခဲ့တာဟာ နှစ်ပေါင်း ၇၀၀ ကြာခဲ့ပါပြီ။

    ဗဟိုအာဖရိကနိုင်ငံမှာ ခရစ်ယာန် စစ်သွေးကြွတွေ ဆောင်ရွက်နေတဲ့ တိုက်ခိုက်မှုတွေက ဘာသာတရား အားလုံးမှာ ဒီဘာသာတရား နာမည်ကိုကိုင်ပြီး အကြမ်းဖက်လုပ်ရပ်တွေကို လုပ်နေတဲ့သူတွေ ရှိနေပါလားဆိုတာနဲ့ ပတ်သက်လို့ နီးနီးနားနားနဲ့ ပိုကောင်းတဲ့ ဥပမာတစ်ခုပါပဲ။ အိုဘားမားအနေနဲ့ ယူဂန်ဒါက ဘုရားသခင် ကာကွယ်ရေးတပ်မတော် LRA ရဲ့ ကြောက်စရာကောင်းတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ဖော်ပြရမှာပါ။ ဒီအဖွဲ့ဟာ ခရစ်ယာန် သမ္မာကျမ်းလာ ပညတ်တော်ဆယ်ပါးကို ယူဂန်ဒါရဲ့ ဥပဒေအဖြစ် သတ်မှတ်ချင်ကြတာပါ။ နောက်ဆုံးမှာတော့ ၁၉၈၆ ခုနှစ်ကစလို့ ၂၅ နှစ်ကျော်အတွင်းမှာ LRA ဟာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို သတ်ပစ်ခဲ့တယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်ခဲ့တယ်။ ပြီးတော့ လိင်ကျွန် အဖြစ် ပြည်သူတွေကို အတင်းအဓမ္မ ခိုင်းစေခဲ့ကြပါတယ်။

    article-2542662-1AD3B07700000578-833_634x420
    ဗဟိုအာဖရိကနိုင်ငံ မှ လူနည်းစု မွတ်စလင်များအပေါ် အကြမ်းဖက်မှု

    ဒါမှမဟုတ်ရင် အိုဘားမားအနေနဲ့ အမေရိကန်က ခရစ်ယာန် အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရိုးရိုးလေးပဲ ပမာပေးလို့ရပါတယ်။ ၁၉၇၇ ခုနှစ်ကစလို့ ဒီခရစ်ယာန် အကြမ်းဖက်သမားတွေဟာ လူသတ်မှု ၈ မှု၊ လူသတ်ရန်ကြိုးပမ်းမှု ၁၇မှု၊ ဗုံးခွဲမှု ၄၂ မှု၊ မီးရှို့မှု ၁၈၁မှုနဲ့ အမေရိကန်တစ်ဝှမ်း မျိုးပွားကျန်းမာရေး အဆောက်အဦးတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု ထောင်ပေါင်း များစွာကို ကျူးလွန်ခဲ့ကြပါတယ်။ ဒီအမှုတွေကို ဘာသာရေး အကြောင်းပြချက်အတွက် ကိုယ်ဝန် ဖျက်ချမှုကို ဆန့်ကျင်တဲ့ ခရစ်ယာန်တွေက ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။

    CFR_beheading_Whewell
    ဗဟိုအာဖရိကနိုင်ငံ မှ လူနည်းစု မွတ်စလင်များအပေါ် အကြမ်းဖက်မှု

    “ခရစ်ယာ အမှတ်သညာ” လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့တဲ့ လူဖြူ  အဓိပတိကြီး အဲရစ် ရူဒေါ့လ်ဖ်ကိုလည်း မေ့ထားလို့ မရပါဘူး။ ဒီအဖွဲ့ဟာ ကိုယ်ဝန်ဖျက်ချတဲ့ ဆေးခန်းတွေ၊ လိင်တူချစ်သူ နိုက်ကလပ်တွေကို ဗုံးခွဲခဲ့ပြီး ၁၉၉၆ အတ္တလန်တာမှာပြုလုပ်ခဲ့တဲ့ အိုလံပစ်ပွဲတောင်မှာ ဒီအုပ်စုက ဗုံးခွဲခဲ့တာကြောင့် လူ ၂ ဦး သေဆုံးပြီး ၁၁၀ လောက် ဒဏ်ရာရခဲ့ကြပါတယ်။ ရူဒေါ့လ်ဖ်ကတော့ သူ့ရဲ့လှုပ်ရှားမှုတွေက ကလေးဖျက်ချမှုကို ရပ်တန့်ဖို့ဖြစ်တယ် ဆိုပြီး အစိုးရအနေနဲ့ ကလေးဖျက်ချမှုကို တရားဝင်ဖြစ်စေခဲ့တာကြောင့် အစိုးရရဲ့ တရားဝင်မှု၊ အုပ်ချုပ်ခွင့် အာဏာကလည်း ပျက်သုဉ်းသွားပြီလို့ သူက ဆိုပါတယ်။

    နောက်ပြီး ၂၀၀၉ ခုနှစ်မှာ ဒေါက်တာ ဂျော့ဂ်ျ တီလာကို လုပ်ကြံ သတ်ဖြတ်တာလည်း ရှိပါသေးတယ်။ ဒီဆရာဝန်ဟာ ကိုယ်ဝန့်ရင့်တဲ့အချိန် ဖျက်ချမှုနဲ့ ပတ်သက်လို့ လှုံ့ဆော်ပေးရာမှာ တစ်နိုင်ငံလုံးက သိကြတဲ့ လူတစ်ယောက်ပါပဲ။သူ့ကိုသတ်ဖြတ်ခဲ့တဲ့ စကော့ ရိုဒါဆိုသူကတော့ ခရစ်ယာန် တစ်ယောက်ဖြစ်ပြီး မမွေးသေးတဲ့ကလေးကို ကာကွယ်ဖို့ ဒေါက်တာ ဂျော့ဂ်ျကို သတ်ပစ်တာဟာ တရားဝင်တယ်လို့ ပြောခဲ့ပါတယ်။

    လူတစ်ချို့က သူတို့ရဲ့အယူဝါဒကလူတွေဟာ ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်တယ်ဆိုတာကို မယုံချင်ကြဘူးဆိုတာ ကျွန်တော် ချွင်းချက်မရှိ နားလည်ပါတယ်။ ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ပါ။ ဘယ်လို မွတ်စလင်မျိုး မဆို အကြမ်းဖက်မှုကို ကျူးလွန်လိုက်တယ်လို့ ကျွန်တော်ကြားရင် ယမ်းပုံမီးကျ ဖြစ်တော့တာပါပဲ။ အကြမ်းဖက် လုပ်ရပ်တွေကို ကျူးလွန်နေကြတဲ့ မွတ်စလင်တွေ ရှိတယ်ဆိုတာကို ကျွန်တော်မငြင်းပါဘူး။

    247107_PhotoGalleryMain
    ဗဟိုအာဖရိကနိုင်ငံ မှ လူနည်းစု မွတ်စလင်များအပေါ် အကြမ်းဖက်မှု

    ဒီလိုပါပဲ – ISIS နဲ့ အပေါ်ကပြောခဲ့တဲ့ ခရစ်ယာန် အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်ဟာ သူတို့ရဲ့ ကိုယ်ပိုင် နိုင်ငံရေး ခံယူချက်ကြောင့် ကလွဲလို့ သက်ဆိုင်ရာ အယူဝါဒက သင်ကြားမှုကို အခြေမခံဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါ့ကြောင့် ကျွန်တော်ဟာ သူတို့ကို ခရစ်ယာန်သာသာကို လိုက်နာကြတဲ့ ခရစ်ယာန် အကြမ်းဖက်သမားတွေလို့ ခေါ်မှာ မဟုတ်ပါဘူး။ ဒီလိုမျိုးလည်း မရှိပါဘူး။ အဲဒီလိုပါပဲ အစွန်းရောက် အစ္စလာမ်သာသနာ ဆိုတာလည်း မရှိပါဘူး။ ဒါ့ပေမယ့် ဒီဘာသာတရားနှစ်ခုစလုံးရဲ့နောက်လိုက်တွေထဲမှာ ဘာသာတရားရဲ နာမည်ကို ခုတုံးလုပ်ပြီး ပြစ်မှုကျူးလွန်ကြတဲ့ အခြေခံဝါဒီတွေ၊ အကြမ်းဖက်သမားတွေတော့ ရှိနေပါတယ်။

    ရှင်းရှင်းလင်းလင်းဆိုရရင် သမ္မတ အိုဘားမားရော ကျွန်တော်ပါ ခရစ်ယာန်တွေကို မကောင်းဆိုးဝါးလို့ ပြောဖို့ မရည်ရွယ်ပါဘူး။ ဘာသာရေးကို အသုံးချပြီး ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေကို မြင်အောင် ချပြရုံပါပဲ။ တကယ်တော့ အိုဘားမားလိုပဲ ကျွန်တော့် အမေဟာ ခရစ်ယာန်ဖြစ်ပြီး အဖေက မွတ်စလင်ပါ။ ဒီဘာသာနှစ်ခုစလုံးကို လေးစားသမှုနဲ့ ကျွန်တော်ဟာ ကြီးပြင်းလာခဲ့ရပါတယ်။

    ဒါပေမယ့် ကျွန်တော်တို့ အဖြစ်မှန်ကိုတော့ ငြင်းပယ်လို့ မရပါဘူ။ ခရစ်ယာန်၊ ဂျူး၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ် စသဖြင့် ဘာသာတိုင်းရဲ့အမည်နာမကိုအသုံးပြုပြီး အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ကြသူတွေ ရှိနေတယ်။ ဒါပေမယ့် နောက်ဆုံးတော့ အစ္စလာမ်သာသနာက အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေကိုပဲ မီဒီယာတွေက အာရုံစိုက်ဖော်ပြကြပါတယ်။

    The Daily Beast တွင်ဖော်ပြခဲ့သည့် ဆောင်းပါးရှင် Dean Obeidallah ၏ “Yes, There Are Christian Terrorists” ဆောင်ပါးကို မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • ဖမ်းဆီးရမိသည့် ဆင်စွယ် ၁၅ တန်အား ကင်ညာ မီးရှို့ဖျက်ဆီး

    ဖမ်းဆီးရမိသည့် ဆင်စွယ် ၁၅ တန်အား ကင်ညာ မီးရှို့ဖျက်ဆီး

    မတ် ၄၊ ၂၀၁၅
    M-Media

    ivory

    – တိရစ္ဆာန်များ တရားမ၀င် ဖမ်းဆီသတ်ဖြတ်ခြင်းနှင့် ဆင်စွယ်များ ရောင်းဝယ်ခြင်းတို့ကို တားဆီးရန် ရည်ရွယ်၍ ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်များနေ့တွင် ဖမ်းမိထားသည့် ဆင်စွယ် ၁၅ တန်ကို ကင်ညာနိုင်ငံ၌ မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

    လွန်ခဲ့သည့် ၂၅ နှစ် ဆင်စွယ်ရောင်းဝယ်မှု ပိတ်ပင်ခဲ့ကတည်းက ထွက်ပေါ်လာခဲ့သည့် မှောင်ခိုဈေးကွက်ကြောင့် အာဖရိကရှိ ဆင်နှင့် ကြံ့များမှာ မှောင်ခိုသမားများ၏ ခြိမ်းခြောက်မှုကို ခံနေရသည်ဟု ကင်ညာမြို့တော် နိုင်ရိုဘီရှိ အမျိုးသားပန်းခြံတွင် ယမန်နေ့က ပြုလုပ်သော အဆိုပါ မီးရှို့ပွဲအခမ်းအနား၌ ကင်ညာသမ္မတ ယူဟူရူ ကန်ညက်တာက ပြောကြားခဲ့သည်။

    ဆင်စွယ်ဝယ်လိုအား မြင့်တက်လာခြင်းက အာဖရိကတစ်ဝှမ်းရှိ ဆင်များအား တရားမ၀င်သတ်ဖြတ်မှုများကို မီးထိုးပေးလျက်ရှိနေပြီး ၂၀၁၀ မှ ၂၀၁၂ ခုနှစ်အတွင်း အာဖရိကတစ်ဝှမ်းတွင် ဆင်ပေါင်း ၁ သိန်းခန့် အသတ်ခံခဲ့ရသည်ဟု လန်ဒန်ခြေစိုက် Save The Elephants အဖွဲ့မှ ပြီးခဲ့သည့်နှစ်က သတင်း ထုတ်ပြန်ခဲ့သည်။

    “ဒီဆင်စွယ်အများစုဟာ ရာဇ၀တ်ကောင်တွေရဲ့ လိုချင်တပ်မက်မှုတစ်ခုတည်းကြောင့် သတ်ဖြတ်ခဲ့တဲ့ ဆင်တွေဆီကပါ။ ဒီထူးခြားဆန်းကျယ်တဲ့ သတ္တ၀ါကြီးတွေရဲ့ ကျက်သရေနဲ့ အလှအပတွေကို ကင်ညာပြည်သူတွေ၊ အာဖရိကပြည်သူတွေနဲ့ ကမ္ဘာ့ပြည်သူတွေကို ထိတွေ့ခံစားစေချင်ပါတယ်” ဟု ဆင်စွယ်ပုံအား မီးမရှို့ခင် ကန်ညက်တာက ပြောကြားခဲ့သည်။

    ဆင်စွယ်အများဆုံး ၀ယ်ယူသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ဝေဖန်မှုများရှိနေချိန်တွင် တရုတ်အစိုးရက ဆင်စွယ်တင်သွင်းခွင့်ကို တစ်နှစ်ပိတ်ပင်လိုက်သည်ဟု ပြီးခဲ့သည့် ကြာသာပတေးနေ့ အမိန့်ထုတ်ပြန်ခဲ့သည်။ Save The Elephants အဖွဲ့ကို တည်ထောင်သူ အီယန် ဒေါက်ဂလပ်စ် ဟာမီလ်တန်ကမူ တရုတ်နိုင်ငံတွင် ၂၀၁၀ ခုနှစ်မှစ၍ ဆင်စွယ်ဈေးနှုန်းမှာ ၃ ဆ တက်သွားသည်ဟု ဆိုသည်။

    ထို့ပြင် တန်ဇန်းနီးယား၊ ဂါဘွန်၊ ကင်မရွန်း၊ ဗဟိုအာဖရိက၊ မိုဇမ်ဘတ်၊ ကွန်ဂိုတို့ရှိ ဆင်များမှာ တရားမ၀င် ဖမ်းဆီးသူများ၏ ခြိမ်းခြောက်မှုကို ခံနေရပြီး ကွန်ဂိုမှာ အဆိုးဆုံးဖြစ်နေသည်ဟု ဟာမီလ်တန်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • မိမိ၏ အနာဂတ်အတွက် ဖလားမလိုဟု မန်စီးတီးနည်းပြဆို

    မိမိ၏ အနာဂတ်အတွက် ဖလားမလိုဟု မန်စီးတီးနည်းပြဆို

    မတ် ၄၊ ၂၀၁၅
    M-Media

    mancity

    – မန်စီးတီးအသင်း၏ နည်းပြနေရာတွင် တည်မြဲရေးအတွက် မိမိအနေဖြင့် ဖလားရရန် မလိုအပ်ဟု နည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် လီဗာပူးလ်အား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် တစ်ပွဲကစားရန် ကျန်ရှိနေသည့် ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၅ မှတ်ကွာသွားခဲ့ကာ ချန်ပီယံဘွဲ့ ကာကွယ်ရေး ရည်မှန်းချက်မှာ ပြိုပျက်လုနီးပါး ဖြစ်ခဲ့သည်။

    ထို့ပြင် ချန်ပီယံလိဂ် ပထမအကျော့တွင်လည်း ဘာစီလိုနာအသင်းအား ရှုံးနိမ့်ခဲ့သောကြောင့် နောက်တစ်ဆင့်တက်ရန် ခက်ခဲပြီး ဖလားလက်မဲ့ရာသီအဖြစ် ရင်ဆိုင်ရရန် နီးစပ်နေသောကြောင့် နည်းပြပယ်လီဂရီနီမှာ ဘိုင်ယန်နည်းပြ ဂွာဒီယိုလာနှင့် အစားထိုးခံရတော့မည်ဟု သတင်းများက ဖော်ပြနေကြသည်။

    သို့သော်လည်း ပယ်လီဂရီနီကမူ မိမိအနေဖြင့် စိုးရိမ်မှုမရှိဘဲ မိမိဖိအားရှိသည့်အချိန်မှာ အသင်း၏ စွမ်းဆောင်ရည် အကောင်းဆုံးမရှိသည့် အချိန်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော့်ရဲ့ ဖလားအရေအတွက်နဲ့ပတ်သက်လို့တော့ ဖိအား ဘယ်တုန်းကှ မရှိခဲ့ပါဘူး။ ကျွန်တော် ဖိအားရှိတဲ့အချိန်က ကျွန်တော်ကစားချင်တဲ့ပုံစံအတိုင်း အသင်းက မကစားတဲ့အချိန်မှာပါ။ ကျွန်တော်ထပ်ပြောရရင် စာချုပ်လက်မှတ်ထိုးတဲ့အချိန်မှာ တစ်နှစ်တစ်လုံး ဖလားရရမယ်။ ငါးနှစ်မှာ ဖလားငါးလုံး ရရမယ်ဆိုတာမျိုး ကျွန်တော့်ကို ပြောမထားပါဘူး။ ဖလားဆိုတာ အရေးပါပေမယ့် အရမ်း အရေးပါတာမျိုးတော့ မဟုတ်ပါဘူး” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    မန်စီးတီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယနေ့ညတွင် လက်စတာစီးတီးနှင့် ကစားရမည်ဖြစ်ပြီး ပယ်လီဂရီနီကမူ မိမိတို့အသင်းတွင် ဒဏ်ရာရသူမရှိဟု ပြောကြားခဲ့သည်။

    Ref: Goal.com