News @ M-Media

Blog

  • ဆီးရီးယား၏ ဓာတုလက်နက်သုံးစွဲမှုအား အရေးယူရန် ကုလအား အမေရိကန် တိုက်တွန်း

    ဆီးရီးယား၏ ဓာတုလက်နက်သုံးစွဲမှုအား အရေးယူရန် ကုလအား အမေရိကန် တိုက်တွန်း

    မတ် ၆၊ ၂၀၁၅
    M-Media

    Mideast Syria

    – ဆီးရီးယားတွင် ဓာတ်တုလက်နက်အသုံးပြုမှုအတွက် စစ်ရေးအရ အရေယူခြင်းအပါအ၀င် ပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အမေရိကန်က တိုက်တွန်းပြောကြားလိုက်သည်။

    လုံခြုံရေးကောင်စီတွင် အမေရိကန်မှ တင်သွင်းသော ဆုံးဖြတ်မူကြမ်းတွင် ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး ဓာတုလက်နက်များ တားမြစ်ရေးအဖွဲ့ OPCW ၏ အချက်အလက်ရှာဖွေရေးလုပ်ငန်းအတွက်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဆီးရီးယားအား တောင်းဆိုခဲ့သည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း OPCW ၏ အမှုဆောင်ကောင်စီက ဆီးရီးယားတွင် ကလိုရင်းဓာတ်ငွေ့ကို ထပ်ခါတလဲလဲနှင့် စနစ်တကျ အသုံးပြုကြောင်း ခိုင်မာသည့်အထောက်အထားများ တွေ့ရှိရပြီး အလွန်အမင်း စိုးရိမ်မိသည်ဟု ဖော်ပြထားသည်။

    အမေရိကန်၏ အဆိုပါမူကြမ်းတွင်မူ ထိုကဲ့သို့ ဓာတုလက်နက် အသုံးပြုမှုအား ပြင်းပြင်းထန်ထန်ရှုတ်ချရန် ကုလအား ထည့်သွင်းတိုက်တွန်းထားသည်။

    ထိုမူကြမ်းကို လုံခြုံရေးကောင်စီ၌ ယနေ့တွင် မဲခွဲရန်ရှိနေပြီး ကောင်စီဥက္ကဌဖြစ်သူ ကုလဆိုင်ရာ ပြင်သစ်သံအမတ် ဖရန်ကိုအစ် ဒီလက်ထရီကမူ အဆိုပါ မူကြမ်းကို တညီတညွတ်တည်း အတည်ပြုနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    ကလိုရင်းဓာတ်ငွေ့ကို ပထမကမ္ဘာစစ်တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပြီး အဆိုပါဓာတ်ငွေ့အား ရှုရှိုက်မိပါက အဆုတ်ထဲတွင် ဟိုက်ဒရိုကလိုရစ်အက်စစ်အရည်အဖြစ် အသွင်းပြောင်းသွားကာ အသက်ရှုရခက်သည့် ပြဿနာဖြင့် နောက်ဆုံး သေဆုံးသွားသည်အထိ ဖြစ်နိုင်သည်။

    Ref: Channelnewsasia

  • မန်ယူနှင့်ပွဲတွင် တံတွေးဖြင့်ထွေးခဲ့သည့် နယူးကာဆယ်တိုက်စစ်မှူး ဆစ်စီ ၇ ပွဲ ပယ်ခံရမည်

    မန်ယူနှင့်ပွဲတွင် တံတွေးဖြင့်ထွေးခဲ့သည့် နယူးကာဆယ်တိုက်စစ်မှူး ဆစ်စီ ၇ ပွဲ ပယ်ခံရမည်

    မတ် ၆၊ ၂၀၁၅
    M-Media

    evans

    – ဗုဒ္ဓဟူးနေ့ညက စိန့်ဂျိမ်းစ်ပါ့က်တွင် ကစားခဲ့သည့် မန်ယူနှင့်ပွဲတွင် မန်ယူနောက်ခံလူ အီဗန့်စ်အား တံတွေးဖြင့် ထွေးခဲ့သည်ဆိုသော FA ၏ တရားစွဲဆိုမှုအား နယူးကာဆယ်တိုက်စစ်မှူး ပါပစ် ဆစ်စီက လက်ခံလိုက်သည်ဟု
    သိရသည်။

    ပထမပိုင်းပြီးကာနီးတွင် အီဗန့်စ်၏ ဖြတ်ထုတ်မှုနှင့်ပတ်သက်၍ ဆစ်စီနှင့် အချင်းများရာ အီဗန့်စ်က တံတွေးဖြင့် ပထမဆုံး ထွေးခဲ့ပြီးနောက် ဆစ်စီကလည်း တံတွေးဖြင့် သိသိသာသာပင် ပြန်ထွေးခဲ့သည်။

    သို့သော်လည်း ပွဲအပြီးတွင် အီဗန့်စ်က ကြေညာချက်ထုတ်ကာ မိမိ တံတွေးဖြင့်ထွေးခဲ့သည်ဟု စွပ်စွဲခြင်းနှင့်ပတ်သက်၍ တုန်လှုပ်မိကြောင်း ပြောကြားခဲ့ပြီး ဆစ်စီကမူ ၎င်း၏ လုပ်ရပ်အတွင် ၀န်ခံခဲ့ကာ ထိုကဲ့သို့ မကောင်းသောလုပ်ရပ်နှင့်ပတ်သက်၍ တောင်းပန်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့သည်။

    FA တာဝန်ရှိသူများမှာ အဆိုပါပွဲ၏ ဗီဒီယိုကို ပြန်လည်ကြည်ရှုခဲ့ပြီးနောက် ကစားသမားနှစ်ဦးစလုံးမှာ အနီကဒ်ပြစ်ဒဏ်နှင့် ထိုက်တန်သည်ဟု ယမန်နေ့က ဆုံးဖြတ်ချက်ချခဲ့ပြီး ၎င်းတို့ ၂ ဦးစလုံးအား စွဲချက်တင်ခဲ့သည်။

    FA ၏ စွဲချက်အား လက်ခံခဲ့သောကြောင့် ဆစ်စီမှာ ၇ ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခံရမည်ဖြစ်ပြီး ၎င်း၏ ယခုနှစ်ရာသီ ဒုတိယမြောက် အနီကဒ်အဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။ အီဗန့်စ်ကမူ အဆိုပါ စွဲချက်အား လက်ခံခြင်း သို့မဟုတ် အပြစ်ရှိကြောင်း တွေ့ရှိရပါက ၆ ပွဲပယ်ခံရမည်ဖြစ်သည်။

    Ref: Goal.com

  • အိန္ဒိယတွင် မုဒိမ်းမှုအတွက် သံသယရှိသူကို ပြည်သူများက ထောင်ဖောက်၍ ထုတ်ကာ ရိုက်နှက်သတ်ဖြတ်

    အိန္ဒိယတွင် မုဒိမ်းမှုအတွက် သံသယရှိသူကို ပြည်သူများက ထောင်ဖောက်၍ ထုတ်ကာ ရိုက်နှက်သတ်ဖြတ်

    မတ် ၆၊ ၂၀၁၅
    M-Media

    india 1

    – အိန္ဒိယနိုင်ငံ နာဂါလန်းပြည်နယ် ဒီမာပူရ်မြို့ရှိ မြို့သူမြို့သားများက အကျဉ်းထောင်အား ဖောက်ကာ မုဒိမ်းမှု ကျူးလွန်သူဟု သံသယရှိသူကို ထုတ်၍ ရိုက်နှက်သတ်ဖြတ်ပစ်ခဲ့သည့် ဖြစ်ရပ်တစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    သတ်ဖြတ်ခံရသူမှာ တစ်ပါတ်ရစ်ကားများ အရောင်းအ၀ယ်လုပ်သူ အသက် ၃၅ နှစ်အရွယ် မူက်ရှ် ဆင်း ဆိုသူဖြစ်ပြီး မြို့တွင်းရှိ အမျိုးသမီးကောလိပ်မှ ကျောင်းသူတစ်ဦးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ထပ်ခါတစ်လဲလဲ မုဒိမ်းကျင့်မှုဖြင့် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

    ထို့လုပ်ရပ်အား မကျေနပ်သည့်အတွက် ကျောင်းသားများနှင့် ဒေသခံများမှာ ယမန်နေ့နံနက်က မြို့အတွင်း ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြမှုပြီးနောက် အဆိုပါလူအုပ်ကြီးမှာ အကျဉ်းထောင်သို့သွားရောက်၍ ထောင်ဂိတ်ပေါက်အား ချိုးဖျက်ကာ မူက်ရှ် ဆင်းကို ခေါ်ထုတ်လာပြီးနောက် တုတ်ဖြင့်ရိုက်၊ ခဲဖြင့်ပေါက်ခဲ့ကြသည်ဟု အိန္ဒိယ သတင်းစာများက ဖော်ပြခဲ့သည်။

    ထို့နောက် ၎င်းအား ၄ မိုင်အကွာတွင်ရှိသော မြို့တွင်းရှိ နာရီစင်သို့ ကြိုးဖြင့်ချည်ကာ တရွတ်တိုက် ဆွဲခေါ်သွားခဲ့ပြီး မူက်ရှ်ဆင်းမှာ လမ်း၌ပင် သေဆုံးသွားခဲ့သည်။

    ထို့ပြင် လူအုပ်ကြီးမှာ ၎င်း၏နေအိမ်နှင့် စီးပွားရေးလုပ်ရာဆိုင်ခန်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်များ၊ မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲခဲ့သောကြောင့် လူအများအပြား ဒဏ်ရာရခဲ့သည်။ လူအုပ်ကြီးမှလည်း ခဲဖြင့်ပေါက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ဒဏ်ရာရရှိခဲ့သည်။

    အိန္ဒိယတွင် မုဒိမ်မှုနှင့် အုပ်စုဖွဲ့မုဒိမ်းကျင့်မှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး ထိုအမှုများအပေါ် အစိုးရ၏ ကိုယ်တွယ်မှု ညံ့ဖျင်းခြင်းအတွက်လည်း ဝေဖန်မှုများ ရှိနေသည်။ ၂၀၁၂ ခုနှစ်က ဒေလီရှိ ဘတ်စ်ကားပေါ်တွင် ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရမှု မှတ်တမ်းရုပ်ရှင်ကို အိန္ဒိယအစိုးရက ယခုတစ်ပတ်အတွင်း ပိတ်ပင်ခဲ့သောကြောင့် ပြည်သူများအကြား တင်းမာမှုများလည်း ရှိသည်။

    Ref:Dailymail

  • ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားစာရင်းတွင် ရော်နယ်ဒို ထိပ်ဆုံး၌ရှိ

    ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားစာရင်းတွင် ရော်နယ်ဒို ထိပ်ဆုံး၌ရှိ

    မတ် ၆၊ ၂၀၁၅
    M-Media

    rnd 3

    – ဘောလုံးလောက၏ အချမ်းသာဆုံး ဘောလုံးသမားစာရင်းကို Goal.com မှ ထုတ်ပြန်ခဲ့ရာ ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက ထိပ်ဆုံးတွင် ရပ်တည်နေသည်ဟု သိရသည်။

    စပွန်ဆာမှရရှိသည့် ၀င်ငွေ၊ လုပ်ခနှင့် ဘောနပ်စ်စုစုပေါင်း ပိုင်ဆိုင်မှု ပေါင် ၁၅၂.၃ သန်းဖြင့် ထိပ်ဆုံး၌ ရပ်တည်နေခြင်းဖြစ်ပြီး ဒုတိယနေရာမှ မက်ဆီနှင့် ၇ သန်း ပိုများနေသည်။ ရော်နယ်ဒိုမှာ ပြီးခဲ့သည့်နှစ် စာရင်းတွင်လည်း ထိပ်ဆုံး၌ ရှိနေခဲ့ပြီး ၁၂ လအတွင်း ၎င်း၏ ၀င်ငွေမှာ ပေါင် ၁၀ သန်းနီးပါး မြင့်တက်လာခဲ့ခြင်းဖြစ်ကာ ရီးယဲလ်နှင့် ချန်ပီယံလိဂ်၊ ကလပ်အသင်းများ ကမ္ဘာ့ဖလားတို့ ရရှိခဲ့မှုအတွက် ဘောနပ်စ်များက ၎င်း၏ ၀င်ငွေကို မြင့်တက်စေခြင်းလည်း ဖြစ်သည်။

    ဘာစီလိုနာတိုက်စစ်မှူးနေးမာမှာ ပေါင် ၉၇.၉ သန်းဖြင့် တတိယနေရာတွင်ရှိနေပြီး ပီအက်စ်ဂျီတိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်က ၇၆.၁ သန်းဖြင့် စတုတ္ထနေရာတွင် ရှိနေသည်။ Goal မှထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားများထဲမှ ထိပ်ဆုံး ၁၀ဦးစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

    ၁။ ခရစ္စတီယာနို ရော်နယ်ဒို                                  ပေါင် ၁၅၂.၃ သန်း
    ၂။ လီယွန်နယ် မက်ဆီ                                         ပေါင် ၁၄၅ သန်း
    ၃။ နေးမာ                                                             ပေါင် ၉၇.၉ သန်း
    ၄။ အီဗရာဟီမိုဗစ်                                                ပေါင် ၇၆.၁ သန်း
    ၅။ ၀ိန်းရူနီ                                                            ပေါင် ၇၄.၆ သန်း
    ၆။ ကာကာ                                                          ပေါင် ၆၉.၆ သန်း
    ၇။ ဆင်မြူယဲလ် အီတူး                                         ပေါင် ၆၃.၁ သန်း
    ၈။ ရာအူလ်း                                                        ပေါင် ၆၁.၆ သန်း
    ၉။ ရော်နယ်ဒင်ဟို                                              ပေါင် ၆၀.၂ သန်း
    ၁၀။ လမ်းပတ်                                                    ပေါင် ၅၈ သန်း

    Ref: Goal.com

  • နိုင်ငံကာ သတင်းတို (မတ် ၅၊ ၂၀၁၅)

    မတ် ၅၊ ၂၀၁၅
    M-Media
    .
    – ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ရထားဘူတာအတွင်းသို့ ချိုးဖျက်ဝင်ရောက်ပြီး ရထားတွဲ တစ်ခုတွင် ဂရက်ဖစ်တီများ ရေးဆွဲခဲ့သော ဂျာမန် ၂ ဦးကို စင်ကာပူက ယနေ့တွင် ကြိမ်ဒဏ် ၃ ချက်နှင့် ထောင်ဒဏ် ၉ လ ချမှတ်ခဲ့သည်။
    .
    – ယူကရိန်းအရှေ့ပိုင်း လက်ရှိ ခြိမ်းချမ်းရေးသဘောတူညီချက်နှင့် ပတ်သက်၍ မည်သည့်ချိုးဖောက်မှုမျိုးမဆို ဖြစ်လာပါက ရုရှားအပေါ် ဥရောပ၏ ပိတ်ဆို့မှုအသစ်များ ထပ်မံပြုလုပ်သွားမည်ဟု ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်က သတိပေးပြောကြား လိုက်သည်။
    .
    – မူးယစ်မှောင်ခိုမှုကြောင့် သေဒဏ်ကျခံနေရသည့် သြစတေးလျအကျဉ်းသား ၂ ဦးနှင့် ပတ်သက်၍ သြစတေးလျ က ကမ်းလှမ်းထားသော အကျဉ်းသား လဲလှယ်ရေး အစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီး အဘ်ဒူရဟ်မန် မိုဟာမက် ဖက်ချဲရက်က ယနေ့တွင် ငြင်းပယ် လိုက်သည်။
    .
    Ref: News agencies