မတ် ၆၊ ၂၀၁၅
M-Media
– ဆီးရီးယားတွင် ဓာတ်တုလက်နက်အသုံးပြုမှုအတွက် စစ်ရေးအရ အရေယူခြင်းအပါအ၀င် ပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အမေရိကန်က တိုက်တွန်းပြောကြားလိုက်သည်။
လုံခြုံရေးကောင်စီတွင် အမေရိကန်မှ တင်သွင်းသော ဆုံးဖြတ်မူကြမ်းတွင် ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး ဓာတုလက်နက်များ တားမြစ်ရေးအဖွဲ့ OPCW ၏ အချက်အလက်ရှာဖွေရေးလုပ်ငန်းအတွက်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဆီးရီးယားအား တောင်းဆိုခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း OPCW ၏ အမှုဆောင်ကောင်စီက ဆီးရီးယားတွင် ကလိုရင်းဓာတ်ငွေ့ကို ထပ်ခါတလဲလဲနှင့် စနစ်တကျ အသုံးပြုကြောင်း ခိုင်မာသည့်အထောက်အထားများ တွေ့ရှိရပြီး အလွန်အမင်း စိုးရိမ်မိသည်ဟု ဖော်ပြထားသည်။
အမေရိကန်၏ အဆိုပါမူကြမ်းတွင်မူ ထိုကဲ့သို့ ဓာတုလက်နက် အသုံးပြုမှုအား ပြင်းပြင်းထန်ထန်ရှုတ်ချရန် ကုလအား ထည့်သွင်းတိုက်တွန်းထားသည်။
ထိုမူကြမ်းကို လုံခြုံရေးကောင်စီ၌ ယနေ့တွင် မဲခွဲရန်ရှိနေပြီး ကောင်စီဥက္ကဌဖြစ်သူ ကုလဆိုင်ရာ ပြင်သစ်သံအမတ် ဖရန်ကိုအစ် ဒီလက်ထရီကမူ အဆိုပါ မူကြမ်းကို တညီတညွတ်တည်း အတည်ပြုနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ကလိုရင်းဓာတ်ငွေ့ကို ပထမကမ္ဘာစစ်တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပြီး အဆိုပါဓာတ်ငွေ့အား ရှုရှိုက်မိပါက အဆုတ်ထဲတွင် ဟိုက်ဒရိုကလိုရစ်အက်စစ်အရည်အဖြစ် အသွင်းပြောင်းသွားကာ အသက်ရှုရခက်သည့် ပြဿနာဖြင့် နောက်ဆုံး သေဆုံးသွားသည်အထိ ဖြစ်နိုင်သည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.