News @ M-Media

Blog

  • မွတ်စလင်ခရီးသွားများအတွက် အဆင်ပြေဆုံးနိုင်ငံအဖြစ် စင်ကာပူ ၃ နှစ်ဆက် ရပ်တည်

    မွတ်စလင်ခရီးသွားများအတွက် အဆင်ပြေဆုံးနိုင်ငံအဖြစ် စင်ကာပူ ၃ နှစ်ဆက် ရပ်တည်

    မတ် ၆၊ ၂၀၁၅
    M-Media

    singapore

    – မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေထဲမှာ စင်ကာပူဟာ မွတ်စလင်ခရီးသွားတွေအတွက် အဆင်အပြေဆုံး နိုင်ငံအဖြစ် သုံးနှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ပါတယ်။

    Global Muslim Travel Index လို့အမည်ပေးထားတဲ့ မွတ်စလင်ခရီးသွားတွေ အနှစ်သက်ဆုံး နိုင်ငံတွေစာရင်းကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့အထဲမှာ ဒီလိုဖော်ပြခဲ့တာဖြစ်ပြီး စင်ကာပူဟာ လုံခြုံတဲ့ ခရီးသွားလာရေး စနစ်၊ ၀တ်ပြုရာနေရာ အလွယ်တကူ ရရှိနိုင်မှုနဲ့ ဟာလာလ်အစားအသောက် ရွေးချယ်စရာ အများအပြား ရှိတာတွေကြောင့် မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေထဲမှာ မွတ်စလင် ခရီးသွားတွေအတွက် အဆင်အပြေဆုံး၊ မွတ်စလင်ခရီးသွားတွေ အနှစ်သက်ဆုံး နေရာတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

    ဒီစာရင်းမှာ မိသားစု ဖော်ရွေမှု၊ နေရာထိုင်ခင်း ရွေးချယ်ရယူနိုင်မှု စတာတွေအပါအ၀င် စံ ၉ ချက်ကို အခြေခံကာ နေရာပေါင်း ၁၀၀ လောက်ကို အဆင့်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ စင်ကာပူနိုင်ငံကို မွတ်စလင်ခရီးသွား ၃.၂ သန်းလောက် လာရောက်ခဲ့ပြီး စုစုပေါင်း အဆင့်သတ်မှတ်ချက်မှာ အဆင့် ၉ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

    မွတ်စလင်ခရီးသွားတွေ အကြိုက်နှစ်သက်ဆုံး ထိပ်တန်း ၅ နေရာကတော့ မလေးရှား၊ တူရကီ၊ ယူအေအီး၊ ဆော်ဒီအာရေဗျနဲ့ ကတာနိုင်ငံတို့ ဖြစ်ပါတယ်။ အဲဒီလေ့လာမှုအရ ပြီးခဲ့တဲ့နှစ်မှာ မွတ်စလင်ခရီးသွား ပမာဏဟာ ၁၀၈ သန်းလောက်ရှိပြီး ကန်ဒေါ်လာ ၁၄၅ ဘီလီယံလောက်သုံးစွဲခဲ့ပါတယ်။ ဒီပမာဏဟာ ကမ္ဘာ့ခရီးသွားစီးပွားရေးရဲ့ ၁၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။

    ၂၀၂၀ ကျရင် မွတ်စလင်ခရီးသွားအရေအတွက်ဟာ သန်း ၁၅၀ လောက်ရှိပြီး ဈေးကွက်တန်ဖိုးဟာလည်း ဒေါ်လာ ဘီလီယံ ၂၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

    မွတ်စလင်ခရီးသွားတွေရဲ့ အဲဒီစာရင်းကို ငွေကြေးကုမ္ပဏီဖြစ်တဲ့ MasterCard နဲ့ မွတ်စလင်ခရီးသွား
    အကြံပေးကုမ္ပဏီဖြစ်တဲ့ CrescentRating တို့ ပူးပေါင်းလေ့လာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    Ref: StraitsTime

  • အစ္စလာမ်ကို သင်ကြားသည့် ပြင်သစ်တက္ကသိုလ်အရေအတွက် ၂ ဆ မြှင့်မည်

    အစ္စလာမ်ကို သင်ကြားသည့် ပြင်သစ်တက္ကသိုလ်အရေအတွက် ၂ ဆ မြှင့်မည်

    မတ် ၅၊ ၂၀၁၅
    M-Media

    vallas

    – အစ္စလာမ်နှင့်ပတ်သက်၍ အစွန်းရောက်အယူအဆများ မြင့်တက်လာသည်ကို တွန်းလှန်ရန် ဆောင်ရွက်ချက်အဖြစ် ပြင်သစ်ဝန်ကြီးချုပ် မန်နျူယဲလ် ဗားလက်စ်က အစ္စလာမ်နှင့်ပတ်သက်၍ သင်ကြားသော တက္ကသိုလ်အရေအတွက်ကို ၂ ဆ မြှင့်မည်ဟု ကြေညာလိုက်ပြီး လူနည်းစုများ ကျင့်သုံးသည့် ဘာသာတရားကို ထိန်းချုပ်မည့် မည်သည့်ဥပဒေကိုမှ မထုတ်ပြန်ဟု ကတိပြုခဲ့သည်။

    နိုင်ငံအရှေ့ပိုင်း ထရာစ့်ဘော့ဂ်မြို့တွင် အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုတွင် ထိုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်ပြီး ပညာရေးသာလျှင် အစွန်းရောက်ဝါဒ ၀င်ရောက်လာစေသော အသိပညာမဲ့မှုကို ဖယ်ထုတ်နိုင်သည့် အဓိကကျသော အရာဖြစ်ကြောင်း၊ တက္ကသိုလ်များတွင် အစ္စလာမ်ဘာသာနှင့်ပတ်သက်၍ သင်ကြားမှုအသစ်များအတွက် နိုင်ငံတော်မှ ငွေကြေးထောက်ပံ့သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အသစ်ထည့်သွင်းမည့် အစ္စလာမ့်ရေးရာ လေ့လာမှုများနှင့် အစ္စလာမ်ဒဿန ပညာရပ်များမှာ အခမဲ့ဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းမှာ အစွန်းရောက်ဝါဒအား တိုက်ဖျက်ရေး အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

    “ကျွန်တော်တို့ပြင်သစ်မှာ ကြုံတွေ့နေရတဲ့ အန္တရာယ်အတွက် တစ်ခုတည်းသော တုံ့ပြန်မှုပါပဲ။ ဒါဟာ လောကီသီးသန့်နိုင်ငံကို လက်ခံမှု၊ ပညာရေးနဲ့ တက္ကသိုလ်တွေ တိုးတက်မှု၊ နားလည်မှုနဲ့ အသိဥာဏ်တွေ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ရည်ရွယ်ပါတယ်”

    ထို့ပြင် ဗားလက်စ်မှာ အစ္စလာမ်အား ထိန်းချုပ်ရန်အတွက် ဥပေဒသစ်များကို အစိုးရက ပြဌာန်းမည်မဟုတ်ဘဲ မွတ်စလင်လူ့အဖွဲ့အစည်းအား လွတ်လပ်စွာ ရှိစေမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ပြင်သစ်နိုင်ငံဟာ ဘာသာတရားကို ထိန်းချုပ်ဖို့ ဘယ်တော့မှ ကြိုးစားသွားမှာမဟုတ်ပါဘူး”

    လက်ယာစွန်းရောက်

    ဗားလက်စ်မှာ မွတ်စလင်ဆန့်ကျင်ရေး သဘောထားများကို အသုံးပြု၍ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ကြိုးစားနေသည့် လက်ယာစွန်းရောက် French Front National ပါတီကိုလည်း ဝေဖန်ခဲ့သည်။

    “ဥရောပနဲ့ ကျွန်တော်တို့နိုင်ငံမှာ လက်ယာစွန်းရောက် လူပြိန်းကြိုက်နိုင်ငံရေး ပေါ်လာတာဟာ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို မြင့်တက်လာစေပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ၊ ကျွန်တော်တို့လူ့အဖွဲ့အစည်း၊ အတူကွယှဉ်တွဲနေထိုင်ရေးအတွက် ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းတွေကို ဆိုးဝါးတဲ့ ဘေးအန္တရာယ်စီ တွန်းပို့တဲ့ အခြေအနေမျိုးပါပဲ” ဟု ဗားလက်စ်က ၎င်း၏ မိန့်ခွန်းတွင်
    ပြေကြားခဲ့သည်။

    ပြင်သစ်မှာ ဥရောပတွင် အစ္စလာမ်ဘာသာဝင် အများဆုံးရှိရာ နိုင်ငံလည်းဖြစ်ပြီး ဗားလက်စ်ကမူ အကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်မည့် အီမာမ်များကဲ့သို့ ရှေ့ဆောင်အီမာမ်များနှင့် အခြားသော မွတ်စလင်ပညာရှင်များကို ပြင်သစ်၏ ရီပက်ဘလစ်တန်ဖိုးများပါဝင်သော ပညာရေးကို ရရှိစေချင်ပြီး ပြင်သစ်တွင် လေ့ကျင့်ပေးကာ၊ ပြင်သစ်စကားအား ရေလည်စွာပြောတတ်ခြင်းနှင့် လောကီဝါဒ၏ ဆက်သွယ်ချက်များလည်း နာလည်စေချင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    လက်ရှိတွင် ပြင်သစ်နိုင်ငံရှိ ရှေ့ဆောင်အီမာမ်များမှာ အစ္စလာမ့်ဓမ္မပညာများအား နိုင်ငံရပ်ခြားတွင် သွားရောက်ဆည်းပူးနေရသည်။

    Ref: Onislam

  • ၂၀၁၅ ခုနှစ် တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစားရိတ်ကို ၁၀.၁ ရာခိုင်နှုန်းသုံးမည်

    ၂၀၁၅ ခုနှစ် တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစားရိတ်ကို ၁၀.၁ ရာခိုင်နှုန်းသုံးမည်

    မတ် ၅၊ ၂၀၁၅
    M-Media

    china

    – ၂၀၁၅ ခုနှစ် နိုင်ငံ၏ ကာကွယ်ရေးအသုံးစားရိတ်ကို နိုင်ငံတော်ဘက်ဂျက်၏ ၁၀.၁ ရာခိုင်နှုန်းဖြစ်သော ယွမ် ၈၈၆.၉ ဘီလီယံ (ကန်ဒေါ်လာ ၁၄၁.၄ ဘီလီယံ) သုံးစွဲသွားမည်ဟု တရုတ်အစိုးရက ယနေ့တွင် ကြေညာလိုက်သည်။

    အမျိုးသားပြည်သူ့ကွန်ဂရက် NPC ၏ နှစ်ပတ်လည် ညီလာခံတွင် ထိုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်ပြီး ထိုပမာဏမှာ ၅ နှစ်အတွင်း အနိမ့်ဆုံးပမာဏလည်းဖြစ်ကာ ပြီးခဲ့သည့် နှစ်က နိုင်ငံ ဘက်ဂျက်၏ ၁၂.၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစားရိတ်အဖြစ် သုံးစွဲခဲ့သည်။

    တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အတွက် တရုတ်နိုင်ငံမှာ ပြီးခဲ့သည့်နှစ်များအတွင်း ပိုမိုသုံးစွဲလာခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စုစုပေါင်း ဘက်ဂျက်၏ ၁၀.၇ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၁၁.၃ ရာခိုင်နှုန်းနှင့် ၂၀၁၁ ခုနှစ်တွင် ၁၂.၇ ရာခိုင်နှုန်း သုံးစွဲခဲ့သည်။

    လေ့လာဆန်းစစ်သူများကမူ တရုတ်နိုင်ငံ၏ စစ်ရေးအသုံးစားရိတ်မှာ ယခုကဲ့သို့ တရားဝင်ထုတ်ပြန်သည်ထက် ပိုမိုမြင့်မားမည်ဟု ယုံကြည်နေကြပြီး ၂၀၁၂ ခုနှစ် အသုံးစားရိတ်မှာ ကန်ဒေါ်လာ ၁၃၅ ဘီလီယံမှ ၂၁၅ ဘီလီယံကြား ရှိသည်ဟု ခန့်မှန်းတွက်ချက်ခဲ့ကြသည်။

    အဆိုပါ ညီလာခံတွင် တရုတ်ဝန်ကြီးချုပ် လီကီကွီယန်က ခိုင်မာသည့် အမျိုးသားကာကွယ်ရေးနှင့် တောင့်တင်းသော လက်နက်ကိုင်တပ်ဖွဲ့ တည်ဆောက်ရေးတို့မှာ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရေးအတွက် အခြေခံကျသည်ဟု ပြောကြားခဲ့သည်။

    “အခြေအနေသစ်တွေအောက်မှာ လက်နက်ကိုင်တပ်ဖွဲ့ကို ခိုင်မာတောင့်တင်းအောင်လုပ်မယ်ဆိုတဲ့ ပါတီရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ရပါမယ်။ လက်နက်ကိုင်တပ်တွေအပေါ် ပါတီရဲ့ အကြွင်းမဲ့ဦးဆောင်မှု အခြေခံစည်းမျဉ်းကိုလည်း ကျွန်တော်တို့ ထိန်းသိမ်းရပါမယ်”

    Ref: Channelnewsasia

  • ပွဲတိုင်း ပါဝင်ကစားရန် အဆင်သင့်ဟု လီဗာပူးလ်တိုက်စစ်မှူး စတားရစ်ခ်ျဆို

    ပွဲတိုင်း ပါဝင်ကစားရန် အဆင်သင့်ဟု လီဗာပူးလ်တိုက်စစ်မှူး စတားရစ်ခ်ျဆို

    မတ် ၅၊ ၂၀၁၅
    M-Media

    str

    – နည်းပြရော်ဂျာက ဒဏ်ရာရမည်စိုးသောကြောင့် ချန်ထားရန် စိတ်အားထက်သန်နေသော်လည်း မိမိအနေဖြင့် ပွဲစဉ်တိုင်းကို ပါဝင်ကစားရန် အဆင်သင့်ဖြစ်နေသည်ဟု လီဗာပူးအသင်းတိုက်စစ်မှူး ဒန်နီယဲလ်စတားရစ်ခ်ျက ပြောကြားလိုက်သည်။

    ဘန်လေအား ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ယနေ့မနက်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ရော်ဂျာက ဒဏ်ရာမှ ပြန်လည်သက်သာလာရုံရှိသေးသည့် စတားရစ်ခ်ျ ပြန်လည် ဒဏ်ရာရသွားမည်ကို စိုးရိမ်မိသောကြောင့် ပွဲတိုင်းတွင် သုံးရန် ချင့်ချိန်နေရသည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ဘန်လေနှင့်ပွဲတွင် ၁ ဂိုးသွင်းယူပေးခဲ့သည့် စတားရစ်ခ်ျကမူ မိမိမှာ ကျန်ရှိသည့်ပွဲများတွင် ပါဝင်ကစားခွင့်ရရန် စိတ်အားထက်သန်နေသည်ဟု တုံ့ပြန်ခဲ့သည်။

    “ကျွန်တော်ကောင်းနေပါတယ်။ ဒဏ်ရာကနေ ပြန်လာပြီးတဲ့နောက်ပိုင်းမှာ တကယ့်ကို ကောင်းတယ်လို့ ခံစားရပါတယ်။ ပြီးတော့ ပွဲတိုင်းကို ပါဝင်ကစားဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော့် သက်သာရာရတာမျိုး မလိုချင်ပေမယ့် နည်းပြရဲ့ ဆန္ဒလို့ ယူဆပါတယ်” ဟု စတားရစ်ခ်ျက ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဘန်လေနှင့် ယနေ့မနက်ပွဲတွင် ပါဝင်ကစားရခြင်းမှာ ဒဏ်ရာမှသက်သာပြီးနောက်ပိုင်း စတားရစ်ခ်ျ၏ ဒုတိယမြောက်ပွဲဖြစ်ပြီး ထိုပွဲအနိုင်မှာ လီဗာပူးလ်၏ လေးပွဲဆက်အနိုင်လည်း ဖြစ်ခဲ့သည်။

    Ref: Goal.com

  • THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို အရှေ့အလယ်ပိုင်းတွင် ချထားရန် အမေရိကန် စဉ်းစားနေ

    THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို အရှေ့အလယ်ပိုင်းတွင် ချထားရန် အမေရိကန် စဉ်းစားနေ

    မတ် ၅၊ ၂၀၁၅
    M-Media

    thaha

    – မိမိတို့၏ THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို အရှေ့အလယ်ပိုင်းတွင် ချထားရန် စဉ်းစားနေသည်ဟု ပစိဖိတ်ဆိုင်ရာ အမေရိကန်စစ်ဌာနချုပ်မှ တပ်မှူး ဗိုလ်ချုပ် ဗင်းဆင့် ဘရွက်စ်က ပြောကြားလိုက်သည်။

    Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဒုံးကျည်စနစ်များ ရှိနေကာထိုဒုံးကျည်များကို သုံးစွဲရန် ဆန္ဒရှိနေသည့် ရန်သူများကို ပြန်လည်တုံ့ပြန်ရန် အရေးတကြီးလိုအပ်နေကြောင်း၊ ချထားရမည့်နေရာမှာ အရှေ့အလယ်ပိုင်းနှင့် မြောက်ကိုရီယား၏ ခြိမ်းခြောက်မှုများရှိနေသည့် တောင်ကိုရီးယားတို့၌ဖြစ်ကြောင်း ဘရွက်စ်က ထည့်သွင်းပြောကြားခဲ့သည်။

    “လိုအပ်တာကတော့ အဲဒီနှစ်နေရာဖြစ်ပြီး အရေးတကြီး လိုအပ်နေတာပါ။ ဘာ့ကြောင့်လည်းဆိုတော့ အစွမ်းအစတွေရှိတဲ့ ပြိုင်ဘက်တွေကြောင့်ဖြစ်ပြီး သူတို့တွေကလည်း ဒီအစွမ်းအစတွေကို သုံးချင်တဲ့ဆန္ဒ ရှိနေပါတယ်” ဟု ဘရွက်စ်က ပြောကြားခဲ့သည်။

    ဘရွက်စ်မှာ အီရန်နိုင်ငံအား ထည့်သွင်းပြောကြားခဲ့ခြင်း မရှိသော်လည်း အမေရိကန် စစ်ဘက်တာဝန်ရှိသူများမှာ အီရန်၏ အစ္စရေးနှင့် ဥရောပတို့အထိ ရောက်ရှိအောင် ပစ်လွှတ်နိုင်သည့် တာဝေးပစ်ဒုံးကျည်များ ထုတ်လုပ်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိခဲ့သည်။

    ဘရွက်စ်ကမူ ထိုသို့ချထားရန်ကိုမူ မဆုံးဖြတ်ရသေးကြောင်း အဆိုပါစနစ် ချထားမှုအတွက် ငွေကြေးအမြောက်အများ ကုန်ကျမည်ဖြစ်သောကြောင့် အမေရိကန်စစ်တပ်အနေဖြင့် ချင့်ချိန်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် လေဆာလက်နက် ခြိမ်းခြောက်မှုအား ကာကွယ်ရေးအတွက်လည်း အမေရိကန်စစ်တပ်က ရှာဖွေစူးစမ်းမှုများ ပြုလုပ်နေကြာင်း ဘရွက်စ်က အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ဝေဖန်သူများကမူ ထိုကဲ့သို့ ချထားခြင်းကို တရုတ်နှင့် ရုရှားတို့က ၎င်းတို့၏ လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု မှတ်ယူနိုင်သောကြောင့် ထိုနိုင်ငံများနှင့် တင်းမာမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ပြောကြားခဲ့ကြသည်။

    Ref: Channelnewsasia