မတ် ၅၊ ၂၀၁၅
M-Media
– ၂၀၁၅ ခုနှစ် နိုင်ငံ၏ ကာကွယ်ရေးအသုံးစားရိတ်ကို နိုင်ငံတော်ဘက်ဂျက်၏ ၁၀.၁ ရာခိုင်နှုန်းဖြစ်သော ယွမ် ၈၈၆.၉ ဘီလီယံ (ကန်ဒေါ်လာ ၁၄၁.၄ ဘီလီယံ) သုံးစွဲသွားမည်ဟု တရုတ်အစိုးရက ယနေ့တွင် ကြေညာလိုက်သည်။
အမျိုးသားပြည်သူ့ကွန်ဂရက် NPC ၏ နှစ်ပတ်လည် ညီလာခံတွင် ထိုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်ပြီး ထိုပမာဏမှာ ၅ နှစ်အတွင်း အနိမ့်ဆုံးပမာဏလည်းဖြစ်ကာ ပြီးခဲ့သည့် နှစ်က နိုင်ငံ ဘက်ဂျက်၏ ၁၂.၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစားရိတ်အဖြစ် သုံးစွဲခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အတွက် တရုတ်နိုင်ငံမှာ ပြီးခဲ့သည့်နှစ်များအတွင်း ပိုမိုသုံးစွဲလာခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စုစုပေါင်း ဘက်ဂျက်၏ ၁၀.၇ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၁၁.၃ ရာခိုင်နှုန်းနှင့် ၂၀၁၁ ခုနှစ်တွင် ၁၂.၇ ရာခိုင်နှုန်း သုံးစွဲခဲ့သည်။
လေ့လာဆန်းစစ်သူများကမူ တရုတ်နိုင်ငံ၏ စစ်ရေးအသုံးစားရိတ်မှာ ယခုကဲ့သို့ တရားဝင်ထုတ်ပြန်သည်ထက် ပိုမိုမြင့်မားမည်ဟု ယုံကြည်နေကြပြီး ၂၀၁၂ ခုနှစ် အသုံးစားရိတ်မှာ ကန်ဒေါ်လာ ၁၃၅ ဘီလီယံမှ ၂၁၅ ဘီလီယံကြား ရှိသည်ဟု ခန့်မှန်းတွက်ချက်ခဲ့ကြသည်။
အဆိုပါ ညီလာခံတွင် တရုတ်ဝန်ကြီးချုပ် လီကီကွီယန်က ခိုင်မာသည့် အမျိုးသားကာကွယ်ရေးနှင့် တောင့်တင်းသော လက်နက်ကိုင်တပ်ဖွဲ့ တည်ဆောက်ရေးတို့မှာ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရေးအတွက် အခြေခံကျသည်ဟု ပြောကြားခဲ့သည်။
“အခြေအနေသစ်တွေအောက်မှာ လက်နက်ကိုင်တပ်ဖွဲ့ကို ခိုင်မာတောင့်တင်းအောင်လုပ်မယ်ဆိုတဲ့ ပါတီရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ရပါမယ်။ လက်နက်ကိုင်တပ်တွေအပေါ် ပါတီရဲ့ အကြွင်းမဲ့ဦးဆောင်မှု အခြေခံစည်းမျဉ်းကိုလည်း ကျွန်တော်တို့ ထိန်းသိမ်းရပါမယ်”
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.