News @ M-Media

Blog

  • ကမ္ဘာ့ထိပ်တန်း စီးကရက်ကုမ္ပဏီတစ်ခု မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်

    ကမ္ဘာ့ထိပ်တန်း စီးကရက်ကုမ္ပဏီတစ်ခု မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်

    အောက်တိုဘာ ၁၄၊ ၂၀၂၁
    M-Media

    -ကမ္ဘာ့ထိပ်တန်း စီးကရက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ British American Tobacco (BAT) ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းကာ အခုနှစ်ကုန်ပိုင်းမှာ ထွက်ခွာတော့မယ်လို့ ကြေငြာလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ထွက်ခွာနေတာပါ။ BAT ဟာ London၊ Lucky Strike နဲ့ Kent တို့လို စီးကရက်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ဖြန့်ဖြူးနေတာ ဖြစ်ပါတယ်။

    ကုမ္ပဏီလည်ပတ်မှုနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မေးမြန်းရာမှာ မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေရဲ့ ရေရှည်အလားအလာနဲ့ အာမခံချက်ရှိမှုတွေကို အသေအချာ လေ့လာဆန်းစစ်ခဲ့ပြီးတဲ့နောက် ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချခဲ့တာဖြစ်တယ်လို့ BAT က ပြောပါတယ်။

    “အခြားသော နိုင်ငံတကာလုပ်ငန်းတွေလိုပဲ ကမ္ဘာတစ်ဝှမ်း လုပ်ငန်းလည်ပတ်နိုင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လေ့လာတွက်ချက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံမှာ ရေရှည် လည်ပတ်နိုင်မလား၊ စီးပွားရေးအာမခံချက်ရှိမလားဆိုတာတွေကို လေ့လာတွက်ချက်ပြီးတဲ့နောက် လုပ်ငန်းအားလုံးရပ်ပြီးတိုင်းပြည်ကနေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်”

    DAT ဟာ အရင် စစ်အာဏာရှင်လက်ထက်ကလည်း မြန်မာနိုင်ငံကနေ ထွက်ခွာဖူးပြီး ၂၀၁၃ ခုနှစ်ရောက်မှ ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။ အခုတစ်ခေါက် ထွက်ခွာရခြင်းအတွက် အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိပါဘူး။

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စီးပွားရေး အကြီးအကျယ် ကျဆင်းသွားပြီး၊ မြန်မာကျပ်ငွေတန်ဖိုးလည်း ၆၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်။

    Ref: Reuters

  • အမေရိကန်ကိုအန်တုမည့် ဘာမထီစစ်တပ် တည်ဆောက်မည်ဟု မြောက်ကိုရီးယားပြော

    အမေရိကန်ကိုအန်တုမည့် ဘာမထီစစ်တပ် တည်ဆောက်မည်ဟု မြောက်ကိုရီးယားပြော

    အောက်တိုဘာ ၁၂၊ ၂၀၂၁

    M-Media

    -အမေရိကန် ရန်လိုတဲ့မူ၀ါဒတွေကို တွန်းလှန်နိုင်ဖို့အတွက် ‘ဘာမထီစစ်တပ်’ ကို တည်ဆောက်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားလိုက်ပါတယ်။

    ဒီကနေ့ မြို့တော်ပြုံယမ်းမှာလုပ်တဲ့ Self-Defence 2021 လက်နက်ပြပွဲကို ကင်ဂျုံအွန်ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာပါ။ ဒီပြပွဲမှာ အကြီးစား ဒုံးကျည်အများအပြား၊ တင့်ကားနဲ့ အခြားလက်နက်တွေကို မြောက်ကိုရီးယားက ထုတ်ပြခဲ့ပါတယ်။

    ကင်ဂျုံအွန်က ဒီလက်နက်တွေဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ဖြစ်ပြီး တစ်ခြားနိုင်ငံကိုသွားရောက်တိုက်ခိုက်ဖို့ မဟုတ်ဘူးလို့ ပြောပါတယ်။ တောင်နဲ့ မြောက်ကိုရီယားကြားမှာ အမေရိကန်က သွေးထိုးလှုံ့ဆော်ပေးနေပြီး ရန်လိုတဲ့ နိုင်ငံအဖြစ် မိမိတို့က အမေရိကန်ကို သတ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။

    တောင်ကိုရီးယားရဲ့ စစ်အင်အားတိုးမြှင့်မှုတွေကို ကင်ဂျုံအွန်က မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။

    မြောက်ကိုရီးယားက အခုလို လက်နက်ပြပွဲလုပ်တာဟာ မကြုံစဖူးကိစ္စဖြစ်ပြီး၊ လက်နက်အင်အားကို ထုတ်ပြလိုက်တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံသပ်ပါတယ်။

    Ref: BBC

  • နို၀င်ဘာ ၁ ရက်မှစ၍ နိုင်ငံခြားခရီးသွားများကို ထိုင်းနိုင်ငံက ၀င်ခွင့်ပေးမည်

    နို၀င်ဘာ ၁ ရက်မှစ၍ နိုင်ငံခြားခရီးသွားများကို ထိုင်းနိုင်ငံက ၀င်ခွင့်ပေးမည်

    အောက်တိုဘာ ၁၂၊ ၂၀၂၁

    M-Media

    -နိုင်ငံ ၁၀ နိုင်ငံက ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသားသူတွေကို နို၀င်ဘာ ၁ ရက်နေ့ကစပြီး ကွာရန်တင်းမလိုဘဲ လေကြောင်းကနေ ၀င်ခွင့်ပေးတော့မယ်လို့ ထိုင်း၀န်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    အဲဒီ ၁၀ နိုင်ငံစာရင်းမှာ တရုတ်၊ ဂျာမနီ၊ စင်ကာပူ၊ ယူကေနဲ့ အမေရိကန်တို့ ပါ၀င်မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ ထုတ်ပြန်မယ့်စာရင်းမှာ နောက်ထပ်နိုင်ငံတွေ တိုးသွားမယ်လို့လည်း ပရာယွတ်က ဆိုပါတယ်။

    မိခင်နိုင်ငံမှာ RT-PCR စစ်ပြီး ကိုဗစ်မရှိမှ လာလို့ရမှာဖြစ်သလို၊ ထိုင်းနိုင်ငံကို ရောက်ရင်လည်း နောက်ထပ်တစ်ကြိမ် ထပ်မံ စစ်ဆေးရမှာ ဖြစ်ပါတယ်။ ကိုဗစ်ကင်းတယ်ဆိုရင် နိုင်ငံတစ်၀ှမ်း လွတ်လပ်စွာ သွားခွင့်ရမယ်လို့ ထိုင်း၀န်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ၁၀ နိုင်ငံစာရင်းမှာ မပါတဲ့ နိုင်ငံတွေက လာရောက်မယ့်သူတွေကတော့ ကွာရန်တင်း၀င်ရမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ကျရင် အရက်သောက်သုံးမှု ပိတ်ထားတာကို ပြန်ဖွင့်ဖို့ ဖျော်ဖြေရေးလုပ်ငန်းတွေ ပြန်ဖွင့်ခွင့်ပေးဖို့ စဥ်စာထားတယ်လို့လည်း ပရာယွတ်က ဆိုပါတယ်။

    “ဒီဆုံးဖြတ်ချက်မှာ အန္တရာယ်ရှိတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ လျော့ပေါ့မှုတွေ လုပ်ပေးလိုက်ရင် ယာယီအားဖြင့် ကူးစက်မှု မြင့်တက်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီအခြေအနေကို ကိုင်တွယ်နိုင်မလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့် သုံးသပ်ရမှာပါ။ အခွင့်အရေးကို လက်လွှတ်ခံလို့ မဖြစ်ပါဘူး”

    ခရီးသွားလုပ်ငန်းဟာ ထိုင်းနိုင်ငံအတွက် နိုင်ငံခြား၀င်ငွေ အဓိကရှာပေးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ရက်ပေါင်း ၁၂၀ အတွင်း နယ်စပ်တွေ ပြန်ဖွင့်ပေးမယ်လို့ ပရာယွတ်က ဇွန်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: CNA

  • တရုတ်မြောက်ပိုင်းတွင် ရေကြီးမှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံး

    တရုတ်မြောက်ပိုင်းတွင် ရေကြီးမှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံး

    အောက်တိုဘာ ၁၂၊ ၂၀၂၁

    M-Media

    -တရုတ်နိုင်ငံမြောက်ပိုင်း ရှန်းကျီပြည်နယ်မှာ အခုလအစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ကျောက်မီးသွေးအဓိကထွက်တဲ့ ဒီဒေသဟာ ပုံမှန်အားဖြင့် ခြောက်သွေ့ဒေသဖြစ်ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ၃ လစာမိုး ရွာသွန်းခဲ့တာပါ။ တရုတ်နိုင်ငံမှာ ကျောက်မီးသွေးပြတ်လတ်မှုကြောင့် စွမ်းအင်ထုတ်လုပ်မှု ပြဿနာ ရှိနေပြီး အခုရေကြီးမှုက ဒီအခြေအနေကို ပိုဆိုးစေတာ ဖြစ်ပါတယ်။

    အခုရေကြီးမှုကြောင့် အဆောက်အဦး ၁၉၀၀၀ လောက် ပျက်ဆီးခဲ့ပြီး အဲဒီ အထဲက ၁၈၀၀၀ လောက်ဟာ ဆိုးဆိုးရွားရွား ပျက်ဆီးခဲ့တာပါ။ သေဆုံးသူ ၁၅ ဦး ရှိသလို ပျောက်ဆုံးနေသူတွေလည်း အများအပြား ရှိနေပါတယ်။

    လူဦးရေ ၁.၇ သန်းလောက် ရေကြီးရေလျှံမှုကို ခံစားခဲ့ရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက်က ၁၂၀၀၀၀ လောက် ရှိပါတယ်။

    ဇူလိုင်လအတွင်းက နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်မှာ စံချိန် ရေကြီးမှု ဖြစ်ပွားခဲ့ပြီး လူ ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    Ref : CNA

  • ဉာဏ်ရည်တုနည်းပညာတွင် အမေရိကန်က တရုတ်ကို ရှုံးသွားပြီဟု ထိပ်တန်းကွန်ပျူတာပညာရှင် ပြော

    ဉာဏ်ရည်တုနည်းပညာတွင် အမေရိကန်က တရုတ်ကို ရှုံးသွားပြီဟု ထိပ်တန်းကွန်ပျူတာပညာရှင် ပြော

    အောက်တိုဘာ ၁၁၊ ၂၀၂၁
    M-Media

    -ဉာဏ်ရည်တုနည်းပညာ (AI) ပြိုင်ပွဲမှာ တရုတ်က အမေရိကန်ကို အနိုင်ရသွားပြီး ဒီကဏ္ဍမှာ တရုတ်က ကမ္ဘာကို ကြီးစိုးဖို့ ဦးတည်နေပြီလို့ အမေရိကန်စစ်တပ်ရဲ့ ကွန်ပျူတာဆော့ဖ်ဝဲဆိုင်ရာ အကြီးအကဲဟောင်းက Financial Times သတင်းဌာနကို ပြောကြားလိုက်ပါတယ်။

    အနောက်ကမ္ဘာက ထောက်လှမ်းရေး သတင်းအချက်အလက် သုံးသပ်မှုတွေအရ တရုတ်ဟာ ဉာဏ်ရည်တုနည်းပညာ၊ စင်သက်တစ်ဇီ၀ဗေဒ (synthetic biology) နဲ့ မျိုးရိုးဗီဇဆိုင်ရာ နည်းပညာတွေလို ခေတ်ရှေ့ပြေး နည်းပညာတွေမှာ လာမယ့် ၁၀ စုနှစ်တွေအတွင်း လွှမ်းမိုးဖို့အလားအလာ ရှိနေတာကို တွေ့ခဲ့ရပါတယ်။

    အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ဆော့ဖ်ဝဲဆိုင်ရာ အကြီးအကဲဟောင်း နီကိုလက်စ် ချိုင်လန်က တရုတ်ရဲ့ ဒီကြီးထွားလာမှုကို မတုန့်ပြန်နိုင်တာကြောင့် အမေရိကန်ဟာ အန္တရာယ်ရှိနေပြီလို့ ဆိုပါတယ်။ အမေရိကန်စစ်တပ်မှာ နည်းပညာဆိုင်ရာ ပြုပြင်ပြောင်းလဲမှု နှေးကွေးတယ်လို့ဆိုကာ ချိုင်လန်က စက်တင်ဘာလအတွင်း ရာထူးကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

    “လာမယ့် ၁၅ နှစ်၊ နှစ် ၂၀ လောက်ဆိုရင် ကျွန်​တော်တို့ တရုတ်ကို ယှဉ်နိုင်မယ့် အနေအထား ရှိတော့မှာ မဟုတ်ပါဘူး။ အခုအချိန်မှာ​ဆိုရင်တောင် ကျွန်တော့်အမြင်အရ ပွဲက ပြီးသွားပါပြီ”

    တရုတ်ဟာ မီဒီယာ​ကနေ၊ ပထ၀ီနိုင်ငံရေးအထိ အရာအားလုံးကို လွှမ်းမိုးပြီး ကမ္ဘာကြီးရဲ့အနာဂတ်ကို ထိန်းချုပ်ဖို့ စီမံနေပြီလို့လည်း ချိုင်လန်က ဆိုပါတယ်။

    ဉာဏ်ရည်တုနည်းပညာနဲ့ ပတ်သက်လာရင် Google လို နည်းပညာကုမ္ပဏီတွေက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘဲ ကျင့်ဝတ်ပိုင်းဆိုင်ရာ ငြင်းခုံမှုတွေမှာပဲ ပိုမိုအာရုံစိုက်နေကြောင်း၊ တစ်ချို့အစိုးရဌာနတွေမှာ ဆိုက်ဘာလုံခြုံရေးဟာ မူလတန်းအဆင့်လောက်သာရှိကြောင်း ချိုင်လန်က ဝေဖန်ခဲ့ပါတယ်။

    တရုတ်ကုမ္ပဏီတွေကတော့ ကျင့်ဝတ်ကိစ္စကို ဘေးဖယ်ထားပြီး တရုတ်အစိုးရနဲ့ပေါင်းကာအကြီးအကျယ် ရင်းနှီးမြှုပ်နှံနေကြတယ်လို့လည်း သူက ဆိုပါတယ်။

    အမေရိကန်လေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖရန့် ကန်ဒဲလ်က နှုတ်ထွက်သွားတဲ့ ချိုင်လန်ကို ခေါ်ကာ လေတပ်ရဲ့ ဆော့ဖ်ဝဲဆိုင်ရာ ဖွံဖြိုးတိုးတက်မှု ကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့ အကြံပြုချက်တွေကို ဆွေးနွေးခဲ့ကြောင်း၊ ချိုင်လန်ရဲ့ ကူညီမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Reuters