News @ M-Media

Blog

  • အိန္ဒိယအစိုးရပိုင် လက်နက်ကုမ္ပဏီက စစ်ကောင်စီထံ လကြောင်းရန် ကာကွယ်ရေးစနစ် ပေးပို့

    အိန္ဒိယအစိုးရပိုင် လက်နက်ကုမ္ပဏီက စစ်ကောင်စီထံ လကြောင်းရန် ကာကွယ်ရေးစနစ် ပေးပို့

    အောက်တိုဘာ ၁၀၊ ၂၀၂၁
    M-Media

    -အိန္ဒိယလက်နက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Bharat Electronics Limited (BEL) ဟာ ဇူလိုင်လအတွင်း မြန်မာစစ်ကောင်စီတပ်ကို အဝေးထိန်း လေကြောင်းရန် ကာကွယ်ရေးစနစ်တစ်ခု ပေးပို့ရောင်းချခဲ့တယ်လို့ စောင့်ကြည့်အဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

    BEL ဟာ အိန္ဒိယအစိုးရ ရှယ်ယာအများစုပါတဲ့ ကုမ္ပဏီဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ လည်ပတ်နေတာပါ။

    နယူယောက်အခြေစိုက် ကမ္ဘာ့ကုန်သွယ်ရေး လေ့လာစောင့်ကြည့်မှုအဖွဲ့ Panjiva ရဲ့မှတ်တမ်းအရ BEL ဟာ မြန်မာကုမ္ပဏီတစ်ခုဖြစ်တဲ့ Mega Hill General Trading ကနေတစ်ဆင့် လေကြောင်းရန် ကာကွယ်ရေးစနစ်ကို မြန်မာရေတပ်အတွက် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

    စစ်ကောင်စီက လတ်တလော ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ ဒီလက်နက်ကို အသုံးပြုလာနိုင်တယ်ဆိုတာ BEL က သိသိကြီးနဲ့ ပေးပို့ခဲ့တာဖြစ်တယ်လို့လည်း စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖော်ထုတ်နေတဲ့ Justice For Myanmar အဖွဲ့က ပြောပါတယ်။

    ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း BEL က စစ်ကောင်စီတပ်ကို လက်နက်ရိကိယာ အနည်းဆုံး ၇ ကြိမ်လောက် ပေးပို့ခဲ့ပြီး အဲဒီအထဲမှာ ကမ်းရိုးတမ်းစောင့်ကြည့်ရေးစနစ်၊ VHF ဆက်သွယ်ရေးစနစ်၊ ရေဒါပစ္စည်း စတာတွေ ပါဝင်ပါတယ်။ ဇူလိုင်လက ပေးပို့ခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ကန်ဒေါ်လာ ၆ သိန်းကျော် တန်ကြေးရှိပါတယ်။

    Ref: The Wire

  • ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူများကိုသာ ဆော်ဒီက အွမ္မရာပြုခွင့်၊ မြင့်မြတ်ရာဗလီများတွင် ဝတ်ပြုခွင့်ပေးမည်

    ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူများကိုသာ ဆော်ဒီက အွမ္မရာပြုခွင့်၊ မြင့်မြတ်ရာဗလီများတွင် ဝတ်ပြုခွင့်ပေးမည်

    အောက်တိုဘာ ၁၀၊ ၂၀၂၁
    M-Media

    -မက္ကာနဲ့ မဒီနာမြို့က မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်နှစ်ခုမှာ အွမ္မရာ​ပြုဖို့နဲ့ ဝတ်ပြုဆုတောင်းဖို့အတွက် ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ် ထိုးထားပြီးသားသူတွေကိုသာ ခွင့်ပြုမယ်လို့ ဆော်ဒီအာရေဗျက ထုတ်ပြန်လိုက်ပါတယ်။

    ဆော်ဒီ ဟဂျ်နဲ့ အွမ္မရာဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်ဟာ မက္ကာမြို့က မတ်စ်ဂျစ်ဒ် ဟရာမ် ဗလီဝတ်ကျောင်းတော်၊ မဒီနာမြို့က မတ်စ်ဂျစ်ဒ် နဗဝီ ဗလီဝတ်ကျောင်းတော်နဲ့ တမန်တော်မိုဟာမက်ရဲ့ ဂူဗိမာန်စတဲ့ မြင့်မြတ်ရာနေရာတွေအားလုံမှာ အကြုံးဝင်မှာ ဖြစ်ပါတယ်။

    အဲဒီနေရာတွေမှာ အွမ္မရာဟ်ပြုဖို့၊ ဝတ်ပြုဆုတောင်းဖို့ လျှောက်ထားလိုသူတွေဟာ Pfizer-BionTech၊ Oxford-AstraZeneca နဲ့ Moderna ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်စီ၊ ဒါမှမဟုတ် Johnson & Johnson ကာကွယ်ဆေးတစ်ကြိမ် ထိုးထားဖို့ လိုအပ်ပါတယ်။ Tawakkalna အက်ပလီကေးရှင်းကနေ လျှောက်ထားရမှာပါ။

    ကာကွယ်ဆေးမထိုးထားပေမယ့် ချွင်းချက်နဲ့ခွင့်ပြုထားသူတွေကတော့ အရင်အတိုင်း ဝင်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

    အရင်က အွမ္မရာပြုခွင့်ရထားပြီး ဒုတိယအကြိမ်ကာကွယ်ဆေး မထိုးရသူတွေအနေနဲ့ ခွင့်ပြုရက်စွဲ မတိုင်ခင် ၄၈ ရှိနာရီ နောက်ဆုံးထားကာ ကာကွယ်ဆေးထိုးဖို့လည်း ဟဂျ်နဲ့ အွမ္မရာဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

    Ref: Khaleej Times

  • ဘာဆန်ချာကျွန်းမှ ရိုဟင်ဂျာဒုက္ခသည်များကို ထောက်ပံ့ကူညီရန် ကုလနှင့် ဘင်္ဂလားဒေ့ရှ်တို့ လက်မှတ်ရေးထိုး

    ဘာဆန်ချာကျွန်းမှ ရိုဟင်ဂျာဒုက္ခသည်များကို ထောက်ပံ့ကူညီရန် ကုလနှင့် ဘင်္ဂလားဒေ့ရှ်တို့ လက်မှတ်ရေးထိုး

    အောက်တိုဘာ ၁၀၊ ၂၀၂၁၂
    M-Media

    ဘာဆန်ချာကျွန်းမှ လူနေလိုင်းခန်းများ

    -ဘင်္ဂလားပင်လယ်အော်အတွင်းက ဘာဆန်ချာကျွန်းကို ရွှေ့ပြောင်းခဲ့တဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီထောက်ပံ့နိုင်ရေး ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သဘောတူညီချက်တစ်ခုကို မနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ ဖိနှိပ်ညှင်းပန်း သတ်ဖြတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေအတွက်ဟာ ၁ သန်းကျော်လောက်ရှိပြီး အဲဒီအထဲက ၁၉၀၀၀ လောက်ကို ဘာဆန်ချာကျွန်းမှာ ဘင်္ဂလားဒေ့ရှ်ဖက်က ပြောင်းရွှေ့ နေရာချပေးထားတာပါ။

    ဘာဆန်ချာကျွန်းမှာ ရိုဟင်ဂျာဒုက္ခသည်စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို နေရာချထားပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထားပေမယ့် မုန်တိုင်းဒဏ်ခံရပြီး မကြာခဏရေကြီးလေ့ရှိတဲ့အတွက် ဒုက္ခသည်တွေကို ဒီနေရာပို့တာဟာ မသင့်တော်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ သဘာ၀ဘေးအန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်တာတွေအားလုံး လုပ်ဆောင်ပေးထားတယ်လို့ တုန့်ပြန်ပါတယ်။

    ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ လူမှုဘ၀ကို ပိုမို ထောက်ပံ့ကူညီနိုင်ရေး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ဘင်္ဂလာဒေ့ရှ်အစိုးရတို့ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

    “အဲဒီ သဘောတူညီချက်တွေထဲမှာ အကာအကွယ်ပေးရေး၊ ပညာရေး၊ အသက်မွေးဝမ်းကြောင်း အတတ်ပညာ သင်ကြားပေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး စတာတွေ ပါဝင်ပြီး၊ ဒုက္ခသည်တွေ ကျွန်းပေါ်မှာ ကောင်းမွန်တည်ငြိမ်စွာ နေထိုင်ရပ်တည်နိုင်ရေး အထောက်အပံ့ဖြစ်စေသလို၊ အနာဂတ်မှာ နေရပ်မြန်မာနိုင်ငံကို ပြန်နိုင်ရေး ပြင်ဆင်ပေးတာမျိုးလည်း ဖြစ်ပါတယ်” လို့ UNHCR က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဘင်္ဂလားဒေ့ရှ် သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်ရေး ဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူ မိုဟာမက် မိုဆင်က ဘာဆန်ချာကျွန်းပေါ်မှာ ရိုဟင်ဂျာ ဒုက္ခသည် ၈၁၀၀၀ လောက် ရောချထားပေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

    ကျွန်းပေါ်မှာ သွားလာခွင့် ကန့်သတ်ခံရတာ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်ခွင့်မရတာ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေး လုံလုံလောက်လောက်မရတာ စတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။

    ဩဂုတ်လအတွင်းက ဘာဆန်ချာကျွန်းကနေ လှေနဲ့ ထွက်ပြေးသွားရာမှာ လှေမှောက်တဲ့အတွက် အနည်းဆုံး ရိုဟင်ဂျာ ဒုက္ခသည် ၁၂ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Reuters

  • မြန်မာနိုင်ငံကိုကူညီရေး အာဆီယံက ကန်ဒေါ်လာ ၁၀ သန်း အလှူငွေရထား

    မြန်မာနိုင်ငံကိုကူညီရေး အာဆီယံက ကန်ဒေါ်လာ ၁၀ သန်း အလှူငွေရထား

    အောက်တိုဘာ ၉၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းရေးမှာ ကူညီပေးဖို့အတွက် အာဆီယံအဖွဲ့က အလှူငွေ ကန်ဒေါ်လာ ၁၀ သန်း ကောက်ခံရရှိထားပါတယ်။

    ဒီငွေတွေကို လာမယ့် ၂ လအတွင်း အသုတ်လိုက်ခွဲပြီး ပေးပို့သွားမှာပါ။ အာဆီယံဟာ ကန်ဒေါ်လာ ၁.၁ သန်းတန်ဖိုးရှိတဲ့ အကူအညီတွေကို စက်တင်ဘာ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

    အာဆီယံအဖွဲ့ အတွင်းအရေးမှူး ဒါတွတ် လင်ဂျွတ်ဟိုက ဒုတိယအသုတ် အကူအညီတွေကို အခုလနှောင်းပိုင်းမှာ ပေးပို့သွားမယ်လို့ ဆိုပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ တစ်ကျော့ပြန် ကိုဗစ်ကူးစက်မှု လှိုင်းတွေကြောင့် သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

    ဒီအကြပ်အတည်းကို ကူညီဖြေရှင်းပေးနိုင်ရေး အာဆီယံအဖွဲ့က ဩဂုတ်လ ၁၈ ရက်နေ့မှာ အစည်းအဝေးတစ်ခု လုပ်ခဲ့ပြီး ရန်ပုံငွေရှာဖွေခဲ့ကြပါတယ်။ ကနဦးရန်ပုံငွေ ဒေါ်လာ ၈ သန်း ​ရရှိခဲ့ပြီး အစည်းအဝေးနောက်ပိုင်း ၂ သန်း ထပ်ရခဲ့ပါတယ်။ အကူအညီတွေဟာ ငွေသား၊ ဆေးဝါး၊ အခြားပစ္စည်းနဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။

    ဒီပစ္စည်းတွေကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံ ပေးပို့သွားမယ်လို့လည်း အာဆီယံအတွင်းရေးမှူးက ဆိုပါတယ်။

    “ဒီအစီအစဉ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့မှာ အာဆီယံတစ်ဖွဲ့တည်းက လုပ်လို့ မရပါဘူး။ အာဆီယံဟာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အပြုသဘောဆောင်ပြီး လက်တွေကျတဲ့ ပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်”

    Ref: Reuters

  • ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီက အင်းအားတိုးချ

    ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီက အင်းအားတိုးချ

    အောက်တိုဘာ ၈၊ ၂၀၂၁
    M-Media

    -ချင်းပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးတွေမှာ စစ်ကောင်စီက အနည်ဆုံး တပ်ရင်း ၄ ရင်းစာလောက် စစ်ကူစေလွှတ်လိုက်ပြီး အရပ်သားတွေအပေါ် လူအခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှမ်ဒါဆာနီက ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် လူထုက လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်ရာမှာ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့ဟာ အဓိကနေရာ တွေဖြစ်လာပါတယ်။

    အဲဒီဒေသတွေမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး စစ်ကောင်စီတပ်ဖက်က ထိခိုက်သေဆုံးမှုလည်း များပြားပါတယ်။ စစ်ကောင်စီဟာ အဲဒီဒေသတွေမှာ အင်တာနက်ဖြတ်တောက်ထားတာ ကြာမြင့်နေပါပြီ။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီဟာ တပ်ဖွဲ့ဝင် ၃ ထောင်လောက် မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ထပ်မံဖြည့်တင်းခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် အပါအဝင် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တပ်မှူး ၂ ဦးကိုလည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ပြောင်းရွှေ့ တာဝန်ပေးခဲ့ပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှမ်ဒါဆာနီက ပြီးခဲ့တဲ့လက မကွေးတိုင်းနဲ့ ချင်းပြည်နယ်အတွင်း စစ်ကောင်စီဖက်က တိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်ရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ၊ ရွာလုံးကျွတ်မီးရှို့တာတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။

    “ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကူတွေ ပို့လိုက်တာကို ကျွန်မတို့ တွေ့ရပါတယ်။ လက်နက်ကြီးတွေ၊ တပ်ဖွဲ့တွေ တော်တော်များများကို ပို့လိုက်တာပါ”

    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ မီရှဲလ် ဘာချလတ်က တိုက်ခိုက်မှုတွေ၊ အရပ်သားလူ့အဖွဲ့အစည်းပေါ် ကျူးလွန်မှုတွေ ဖြစ်လာနိုင်တဲ့အန္တရာယ်အတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း အနည်းဆုံး ပြည်သူ ၁၁၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဖမ်းဆီးနှိပ်စက်ခံနေရပါတယ်။

    Ref: Metro