News @ M-Media

Blog

  • အရှေ့အလယ်ပိုင်းကို အနောက်နိုင်ငံများက ၀င်စွက်မှုကြောင့် အကြမ်းဖက်ဝါဒ ပေါ်ပေါက်လာခြင်းဟု ရုရှားဆို

    အရှေ့အလယ်ပိုင်းကို အနောက်နိုင်ငံများက ၀င်စွက်မှုကြောင့် အကြမ်းဖက်ဝါဒ ပေါ်ပေါက်လာခြင်းဟု ရုရှားဆို

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅
    M-Media

    lavrov

    – အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကရှိ ပြည်တွင်းရေးရာများကို အနောက်နိုင်ငံများက ၀င်ရောက်စွက်ဖက်မှုကြောင့် အကြမ်းဖက်နှင့် အစွန်းရောက်ဝါဒ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က ပြောကြားလိုက်သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ဂရိအော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်၏ အခမ်းအနားတစ်ခုတွင် ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုအကြမ်းဖက်ဝါဒကို ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်းလုံးက တွန်းလှန်နေရသည်ဟု ဆိုသည်။

    “အဲဒီဒေသအတွင်းမှာရှိတဲ့ နိုင်ငံတွေရဲ့ ပြည်တွင်းရေးရာ ကိစ္စတွေနဲ့ ပြည်သူတွေရဲ့ ကံကြမ္မာကို ရှက်ဖွယ် ၀င်ရောက်စွက်ဖက်မှုတွေက အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါကို ဦးတည်သွားစေခဲ့ပါတယ်။ အဲဒါကို အခု ကမ္ဘာကြီးက တွန်းလှန်နေရပါတယ်။ ဒါဟာ အရေးအကြီးဆုံး စမ်းသပ်မှုပါပဲ”

    အရှေ့အလယ်ပိုင်းနိုင်ငံများမှ တက်ရောက်ခဲ့ကြသည့် အဆိုပါ အခမ်းအနားတွင် လာဗရော့က အသင်တို့၏ ဒေသနှင့် အမိမြေမှာ အလွန်ခက်ခဲသော အခြေအနေကို ရောက်ရှိနေကြောင်း၊ ဆီးရီးယား၊ ယီမင်၊ အီရတ်နှင့် ဒေသတွင်း အခြားသောနိုင်ငံများရှိ ပဋိပက္ခများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရာတွင် ရုရှားက ကူညီသွားမည်ဖြစ်ကြောင်း၊ လစ်ဗျားရှိ အခြေအနေကိုလည်း အလွန်အမင်းစိုးရိမ်မိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: RU

  • အမေရိကန်အစိုးရ နေ့စဉ် ဆိုက်ဘာတိုက်ခိုက်မှုပေါင်း ၁ ထောင်ကျော် ကြုံတွေ့နေရ

    အမေရိကန်အစိုးရ နေ့စဉ် ဆိုက်ဘာတိုက်ခိုက်မှုပေါင်း ၁ ထောင်ကျော် ကြုံတွေ့နေရ

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅
    M-Media

    cyber

    – မိမိတို့အနေဖြင့် နေ့စဉ် ဆိုက်ဘာတိုက်ခိုက်မှုပေါင်း ထောင်နှင့်ချီ၍ ကြုံတွေ့နေရသည်ဟု အမေရိကန်အစိုးရမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင်ပြောကြားလိုက်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အမေရိကန်အစိုးရ၏ ကွန်ယက်ကို ဖောက်ဝင်ခဲ့သော ဟက်ကာများ ဆက်လက်ရှိနေသေးလားဆိုသည်ကိုမူ အတည်ပြုရန် ငြင်းဆန်ခဲ့သည်။

    “ကျွန်တော်တို့ရဲ့ ကွန်ပျူတာစနစ်တွေကို ကာကွယ်ဖို့ လုံခြုံရေးကို မြှင့်တင်ထားပါတယ်။ ပြီးတော့ လျှို့ဝှက် အချက်အလက်တွေကို ၀င်ရောက်ကြည့်ရှုခွင့်၊ ကွန်ယက်အလွယ်တကူ ၀င်ရောက်ခွင့်တွေ အပါအ၀င် သတင်းအချက်အလက် လုံခြုံရေးကိုလည်း မြှင့်တင်ထားပါတယ်” ဟု အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိ သူ ဂျန် ဆာကီက ဆိုသည်။

    သို့သော်လည်း တိုက်ခိုက်မှုများမှာ မြင့်တက်လာပြီး ပို၍ ရှုပ်ထွေးလာသည်ဟုလည်း ၎င်းက ၀န်ခံခဲ့သည်။

    “နေ့စဉ်နေ့တိုင်း တိုက်ခိုက်မှုထောင်ပေါင်းများစွာကို ကျွန်တော်တို့ အောင်မြင်စွာ ဖြေရှင်းနိုင်လေ့ရှိပါတယ်။ ပြီးတော့ အဲဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အခြားသော အစိုးရဌာနေတွနဲ့လည်း ဆက်သွယ်ဆောင်ရွက်နေပါတယ်” ဟု ဆာကီက ထပ်လောင်းပြောကြားခဲ့သည်။

    Wall Street ဂျာနယ်ကမူ နိုဝင်ဘာလက ကြုံတွေ့ခဲ့ရသည့် ဆိုက်ဘာချိုးဖောက်ဝင်ရောက်မှုနောက်ပိုင်း အမေရိကန်အစိုးရမှာ ၎င်းတို့၏ အီးမေးလ်ကွန်ယက်ကို ပိတ်ပင်ခဲ့သည်ဟု ဖော်ပြခဲ့ပြီး အဆိုပါ ဟက်ကာများကို ကွန်ယက်အတွင်းမှ နှင်ထုတ်နိုင်ခြင်းမရှိဟုလည်း ဆိုသည်။

    အဆိုပါ ချိုးဖောက်ဝင်ရောက်မှုမှာ ရုရှားအစိုးရနှင့် ဆက်စပ်ပတ်သက်ဖွယ်ရှိနေပြီး ဟက်ကာများမှာ ယူကရိန်းပြဿနာနှင့်ပတ်သက်သည့် အမေရိကန်အစိုးရ၏ စာရွက်စာတမ်းများကို ယူဆောင်သွားခဲ့သည်။ ဆာကီကမူ အဆိုပါကိစ္စအတွက် အသေးစိတ်ပြောပြရန် ငြင်းဆိုခဲ့သည်။

    အမေရိကန်အစိုးရ၏ ဆိုက်ဘာလုံခြုံရေးမှာ အားနည်းလျက်ရှိနေပြီး မကြသေးမီကပင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အမေရိကန်အား ဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် နည်းပညာကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

    Ref: alarabiya

  • ဖီယင်နော့ ဘောလုံးပရိတ်သတ်များကြောင့် ရောမရှိ ရှေးဟောင်း ရေပန်းတစ်ခု ပျက်ဆီး

    ဖီယင်နော့ ဘောလုံးပရိတ်သတ်များကြောင့် ရောမရှိ ရှေးဟောင်း ရေပန်းတစ်ခု ပျက်ဆီး

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅
    M-Media

    rome

    – ကြာသာပတေးနေ့ညက ကစားခဲ့သည့် ရိုးမားနှင့် ဖီယင်နော့တို့၏ ယူရိုပါလိဂ် ပထမအကျော့မတိုင်ခင် ဖီယင်နော့ ပရိတ်သတ်များ၏ ရမ်းကားမှုကြောင့် ရောမမြို့ရှိ နှစ်ပေါင်း ၅၀၀ သက်တမ်းရှိသော ရှေးဟောင်း ရေပန်းမှာ ပျက်ဆီးခဲ့သည်ဟု သိရသည်။

    ရာချီသော ဖီယင်နော့ ပရိတ်သတ်များမှာ Barcaccia ဟု အမည်ရပြီး လှေပုံစံ အဆိုပါ ရေပန်းအနားတွင် မူးယစ် ရမ်းကားခဲ့ကြပြီးနောက် ရေပန်းအား ဘီယာဘူးများဖြင့် ပစ်ပေါက်ခြင်း၊ ခြေထောက်များဖြင့် ကန်ကျောက်ခြင်းတို့ကြောင့် ပျက်ဆီးခဲ့ရခြင်း ဖြစ်သည်။

    ရောမမြို့ ရဲတပ်ဖွဲ့ဝင်များကမူ အဆိုပါပရိတ်သတ်များအား မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲခဲ့ပြီး ၂၃ ဦးကို ထိန်းသိမ်းခဲ့သည်။ နောက်ပိုင်းတွင် ၆ ဦးကို ထိခိုက်ဒဏ်ရာရစေခြင်း၊ ထိန်းသိမ်းမှုအား ခုခံခြင်း၊ ပြည်သူ့ဝန်ထမ်းများကို စော်ကားခြင်း စသည့် စွဲချက်များဖြင့် ဖမ်းဆီးခဲ့သည်ဟု တရာရေးသတင်းရင်းမြစ်များက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    “ပျက်ဆီးသွားတဲ့ ပမာဏကို ဆုံးဖြတ်ဖို့ လိုနေပါတယ်။ ဒါပေမယ့် ဒီပျက်ဆီးမှုက ကြီးမားပါတယ်” ဟု ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ အန်နာ မာရီယာ စီရိုနီက ပြောကြားခဲ့သည်။

    ရောမမြို့တော်ဝန် အစ်ဂနာဇီယိုကလည်း လူလိမ်လူညစ်များ၊ ပရိတ်သတ်အတုယောက်များနှင့် ဆိုးရွားသော ဘောလုံးလူရမ်းကားများမှာ ရေပန်းအား ဖျက်ဆီးခဲ့ကြသည်ဟု အပြစ်တင်ခဲ့သည်။

    ဖီယင်နော့ အထွေထွေဒါရိုက်တာ အဲရစ် ဂွဒ်ဒီက မိမိတို့အနေဖြင့် ဦးနှောက်မရှိသောအုပ်စု၏ ထိုအပြုအမူများအတွက် အရှက်ရမိကြောင်း ၀န်ခံပြောကြားခဲ့သည်။ အီတလီ နိုင်ငံရေးသမား အချို့ကမူ ယူအီးအက်ဖ်အေ အနေဖြင့် ဖီယင်နော့အသင်းကို ပြိုင်ပွဲမှ ထုတ်ပယ်သင့်သည်ဟု ပြောကြားခဲ့ကြသည်။ ရိုမားအသင်း၏ အိုလံပီကို ကွင်းတွင် ကစားခဲ့သည့် အဆိုပါပွဲမှာ ၁ ဂိုးစီ သရေကျခဲ့သည်။

    Ref: reuters

  • ဖီဖာဥက္ကဌဖြစ်ပါက ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်း တိုးချဲ့မည်ဟု ဖီဂိုဆို

    ဖီဖာဥက္ကဌဖြစ်ပါက ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်း တိုးချဲ့မည်ဟု ဖီဂိုဆို

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅
    M-Media

    Britain Soccer FIFA Figo

    – မိမိအနေဖြင့် ဖီဖာဥက္ကဌ ဖြစ်လာပါက ကမ္ဘာ့ဖလားပြိုင်ပွဲအသင်း အရေအတွက်ကို တိုးချဲ့ပေးသွားမည်ဟု လူးဝစ်ဖီဂိုက ကြာသာပတေးနေ့တွင် ပြောကြားလိုက်သည်။

    အင်္ဂလန်နိုင်ငံ ၀င်ဘလေကွင်းတွင် ပြုလုပ်ခဲ့သည့် မဲဆွယ်ပွဲတွင် ဖီဂိုက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဖီဖာမှရရှိသည့် အကျိုးအမြတ်များကိုလည်း ဘောလုံးလောက အောက်ခြေတိုးတက်ရေး လုပ်ငန်းများ၌ ပိုမိုသုံးစွဲသွားမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    “ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်း ၄၀ ဒါမှမဟုတ် ၄၈ သင်းအထိ တိုးချဲ့ဖို့ဆိုတဲ့ အဆိုပြုချက်ကို ကျွန်တော်တို့ စဉ်းစားသင့်ပါတယ်။ ဒီရွေးချယ်မှုနှစ်ခုလုံးကို ပြိုင်ပွဲရက် ၃၊ ၄ ရက်လောက်တိုးလိုက်တာနဲ့ လုပ်နိုင်မှာပါ။ တကယ်လို့များ အသင်းတွေတိုးချဲ့လိုက်မယ်ဆိုရင် ထပ်ထည့်မယ့် အသင်းသစ်တွေက ဥရောပမဟုတ်တဲ့ နိုင်ငံတွေက ဖြစ်သင့်ပါတယ်”

    ဖီဂိုမှာ မေလ ၂၉ ရက်နေ့တွင် ဖီဖာရုံးစိုက်ရာ ဇူးရစ်ခ်ျ၌ ကျင်းပပြုလုပ်မည့် ဖီဇာဥက္ကဌသစ်ရွေးကောက်ပွဲတွင် လက်ရှိဥက္ကဌ ဆပ်ဘလတ္တာ၊ ဒုတိယဥက္ကဌ အလီ ဘင် အလ် ဟူစိန်၊ ဒက်ခ်ျဘောလုံးအဖွဲ့ချုပ် ဥက္ကဌ မိုက်ကယ် ဗန်ပရာ့ဂ်တို့နှင့်အတူ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

    Ref; alarabiya

  • ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံးတာဝါတွင် မီးလောင်

    ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံးတာဝါတွင် မီးလောင်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅
    M-Media

    dubai 2

    – ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ မရီနာဒေသရှိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး Torch Tower တွင် ယနေ့နံနက်ပိုင်းက မီးလောင်းမှုဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှု မရှိခဲ့ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    နံနက် ၂ နာရီခန့်တွင် အဆိုပါ အဆောက်အဦး၏ ၈၆ ထပ်၌ စတင်မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုမှ အပျက်အဆီးများမှာ လမ်းမပေါ်သို့ ကျရောက်ခဲ့သည်။ မီးလောင်မှု၏ အကြောင်းအရင်းကို သိရှိရခြင်း မရှိသေးပေ။ မရီနာဒေသမှာ ဒူဘိုင်း၏ လူနေအထူထပ်အဆုံး နေရာတစ်ခုဖြစ်ပြီး အထပ်မြင့်အဆောက်အဦးများလည်း များစွာရှိနေကာ မီးလောင်စဉ် လေများတိုက်ခတ်နေမှုကြောင့် အခြားသောအထပ်များနှင့် ဘေးနားရှိ အဆောက်အဦးများအား ကူးစက်မည်ကို စိုမ်းရိမ်ခဲ့ကြသည်။

    သို့သော်လည်း မီးငြိမ်းသက်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဒူဘိုင်းမီးသတ်များက လျင်လျင်မြန်မြန်နှင့် စနစ်တကျ ဆောင်ရွက်နိုင်ခဲ့သည်။

    “မြန်မြန်ဆန်ဆန်ပဲ မီးငြှိမ်းသက်နိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်း အံ့သြမိပါတယ်။ မီးက အထက်ကို ကူးတော့မလိုဖြစ်နေခဲ့တာပါ” ဟု မီးလောင်သည့် အဆောက်အဦးတွင် နေထိုင်သည့် အမေရိကန်ပြည်ထောင်စု ဟူစတန်မှ အသက် ၃၃ နှစ်အရွယ် အာဂျေ မောရ်လော့က်က ပြောကြားခဲ့သည်။

    မီးလောင်သည့်နေရာအား ရှင်းလင်းခဲ့ပြီးနောက် ကယ်ထုတ်ထားသည့် လူများကို မီးသတ်သမားများက နံနက်ပိုင်းတွင် ပြန်လည် နေရာချထားပေးခဲ့သည်။

    Ref:aljazeera