ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅
M-Media
– IS စစ်သွေးကြွများမှာ မူဆိုးလ်မြို့ရှိ စာကြည့်တိုက်မှ ရှားပါး၍ သမိုင်းဝင် ရှေးဟောင်း လက်ရေးမူများ အပါအ၀င် စာအုပ်စာတမ်းပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြို့ခံများ၏ ပြောကြားချက်ကို ကိုးကား၍ The Independent သတင်းဌာနက ဖော်ပြခဲ့သည်။
သမိုင်းဝင်စာရွက်စာတမ်းပေါင်း ၁၁၂၇၀၉ ခု ဖျက်ဆီးခံခဲ့ရသည်ဟု ယုံကြည်ရပြီး ထိုအထဲတွင် ယူနက်စကို၏ ကမ္ဘာ့အရှားပါးဆုံး စာရင်းထဲတွင် ထည့်သွင်းခြင်းခံထားရသည့် စာရွက်စာတမ်းများလည်း ပါဝင်ခဲ့သည်။ IS အဖွဲ့ဝင်များမှာ မူဆိုးလ် ပြည်သူ့စာကြည့်တိုက်ကို ဖောက်ခွဲရေးပစ္စည်းများ အသုံးပြုကာ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
“စာကြည့်တိုက်ကို မီးရှို့တာမျိုး မလုပ်ဖို့ အကြမ်းဖက်အဖွဲ့ဝင်တွေကို ပြည်သူတွေက ကြိုးစားပြီး တားခဲ့ကြပါသေးတယ်” ဟု ဒေသခံတစ်ဦးက IraqiNews.com သို့ ပြောကြားခဲ့သည်။
အခြားသောသတင်းများတွင် IS စစ်သွေးကြွများမှာ စာကြည့်တိုက်သို့ ချိုးဖျက်ဝင်ရောက်ကာ သိပ္ပံဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ စာအုပ်စာတမ်းများကို မီးပုံရှို့ခဲ့သည်ဟု ဖော်ပြထားသည်။
ဆုံးရှုံးသွားခဲ့သည့် စာအုပ်စာတမ်းများတွင် ၂၀ ရာစုအစမှ ထုတ်ဝေခဲ့သော အီရတ်သတင်းစာများ၊ အော်တိုမန်ခေတ်အတွင်းက ထုတ်ဝေခဲ့သော မြေပုံများ စာအုပ်စာပေများလည်း ပါဝင်ခဲ့သည်ဟု ယုံကြည်ရသည်။
Ref: alarabiya
Leave a Reply
You must be logged in to post a comment.