News @ M-Media

Blog

  • ဘောလုံးလောကမှ ပင်နယ်တီလုကြသူများ

    ဘောလုံးလောကမှ ပင်နယ်တီလုကြသူများ

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅
    M-Media
    မိုးဝေ စုစည်းတင်ဆက်သည်။

    – ဒီတစ်ပတ်ကြားရက်မှာ ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ဘက်ခီတက်စ်တို့ရဲ့ ယူရိုပါ ၃၂ သင်းအဆင့် ရှုံးထွက်ပွဲ ပထမအကျော့မှာ လီဗာပူးလ်က ဘောလုံးမင်းသား မာရီယိုဘာလော့တယ်လီရဲ့ ပင်နယ်တီလုကန်မှုကို လူတိုင်းတွေ့ခဲ့ကြပါတယ်။ အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ပင်နယ်တီကန်ဖို့ ပြင်ဆင်မှုကို အတင်းလုပြီး ကန်သွင်းခဲ့တဲ့ ဘာလော့တယ်လီရဲ့ ဒီလုပ်ရပ်ကို ၀ါရင့်ကွင်းလယ်လူ ဂျရတ်အပါအ၀င် အသင်းဖော် တစ်ချို့ကတောင် ဝေဖန်ခဲ့ကြပါတယ်။ နောက်ပြီး ဒီအဖြစ်အပျက်က လီဗာပူးလ်အသင်းရဲ့ စည်းလုံးညီညွတ်မှု ကိုလည်း ထိခိုက်စေခဲ့ပါတယ်။

    ဒါပေမယ့် ပယ်နယ်တီလုကန်တဲ့ ဒီလို လုပ်ရပ်မျိုးကို ဘာလော့တယ်လီ တစ်ယောက်တည်း ဆောင်ရွက်ခဲ့တာတော့ မဟုတ်ပါဘူး။ အရင်ကလည်း အဲဒီလို အဖြစ်အပျက်တွေရှိခဲ့ဖူးပြီး နာမည်ကြီး ကစားသမားတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဘောလုံးလောကရဲ့ ပင်နယ်တီလု ကန်တဲ့ ဖြစ်ရပ် ၁၀ ခုကို M-Media ပရိတ်သတ်ကြီး အတွက် ဖော်ပြပေးလိုက်ပါတယ်။

    နံပါတ် ၁၀ – ခရစ္စတီယာနို ရော်နယ်ဒို VS ကားလို့စ်တီဗက်ဇ်

    Penalty-squabbles

    ၂၀၀၇ ခုနှစ် မန်ယူနဲ့ ဒါဘီကောင်တီတို့ပွဲမှာ ဖြစ်ခဲ့တာပါ။ ပင်နယ်တီရတဲ့အချိန်မှာ မန်ယူက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရနေတဲ့အချိန်ဖြစ်ပြီး တီဗက်ဇ်က ၂ ဂိုးသွင်းပေးထားပါတယ်။ ဟက်ထရစ်လိုချင်တဲ့ တီဗက်ဇ်တစ်ယောက် ပင်နယ်တီကန်ဖို့ ပြင်ဆင်နေတဲ့ ရော်နယ်ဒိုထံကနေ သူကန်လိုတဲ့အကြောင်း အခြေအတင် သွားပြောခဲ့ပါတယ်။ ဒါပေမယ့် ဂိုးဆာလောင်နေတဲ့ ရော်နယ်ဒိုကလည်း သူကိုယ်တိုင်ကန်သွင်းလိုတာကြောင့် မပေးခဲ့ဘဲ အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပါတယ်။

    နံပါတ် ၉ – ပါအိုလို ဒီကာနီယို VS ဖရန့်လမ်းပတ်

    2

    လမ်းပတ်တစ်ယောက် ၀က်စ်ဟမ်းမှာကစားနေတဲ့အချိန် နုစဉ်အခါက ဖြစ်ခဲ့တာပါ။ ၂၀၀၀ ပြည့်နှစ်က ဘရက်ဖို့ဒ်နဲ့ ကန်တဲ့ အဲဒီပွဲမှာ ၀က်စ်ဟမ်းက ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနေတဲ့အချိန် ပင်နယ်တီရခဲ့ပါတယ်။ ဒီပင်နယ်တီကို လမ်းပတ်က ကန်ဖို့အသွား အီတလီဝါရင့်တိုက်စစ်မှူး ဒီကာနီယိုက လမ်းပတ်ရဲ့ လက်ထဲက ဘောလုံးကို အတင်းလုပြီး “မင်းငယ်ပါသေးတယ်ကွာ” ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်တဲ့ အမူအရာကိုလည်း လက်နဲ့ လုပ်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီကာနီယိုရဲ့ ဒီပင်နယ်တီဟာ ၀င်ခဲ့ပြီး ပွဲအပြီးမှာတော့ ၀က်စ်ဟမ်းက ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

    နံပါတ် ၈ – ဖရန့်လမ်းပတ် VS ဒီဒီယာ ဒရော့ဘာ

    8

    ဒီကာနီယိုနဲ့ ပင်နယ်လုပွဲအပြီး ၁၀ နှစ်အကြာ ချယ်ဆီးမှာကစားစဉ် ၂၀၁၀ ခုနှစ်က ဖြစ်ခဲ့တာပါ။ ချန်ပီယံပြေးလမ်းပေါ်မှာရှိနေတဲ့ ချယ်ဆီး ၀ီဂန်နဲ့ကစားတဲ့ပွဲမှာ ပင်နယ်တီရခဲ့ပါတယ်။ အသင်းရဲ့ ပင်တိုင်ပယ်နယ်တီကန်သွင်းသူဖြစ်တဲ့ လမ်းပတ်ထံကနေ တိုက်စစ်မှူး ဒရော့ဘာက ပင်နယ်တီပေးကန်ဖို့ တောင်းဆိုခဲ့ပါတယ်။ လမ်းပတ်ကတော့ လိမ္မာပါးနပ်စွာ ငြင်းခဲ့ပြီး သူ့ရဲ့ ပင်နယ်တီကိုလည်း ၀င်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ ပင်နယ်တီကန်ချင်တဲ့ ဒရော့ဘာတစ်ယောက် ဒုတိယပိုင်းရတဲ့ ပင်နယ်တီတစ်လုံးကိုတော့ ကန်ခွင့်ရခဲ့ပါတယ်။

    နံပါတ် ၇ – ဂွာဒီယိုလာ VS အာဂျန်ရော်ဘင်

    7

    ကစားသမားချင်းဖြစ်ခဲ့တဲ့ ပယ်နယ်တီလုပွဲမဟုတ်ဘဲ နည်းပြနဲ့ဖြစ်ခဲ့တဲ့ ရှားရှားပါးပါးဖြစ်ရပ်ပါပဲ။ ၂၀၁၃ ခုနှစ် ဘွန်ဒစ်လီဂါပွဲအဖြစ် မိန့်ဇ်အသင်းနဲ့ ကစားရာမှာ ဘိုင်ယန်တို့ ပင်နယ်တီရခဲ့ပြီး ရော်ဘင်က ကန်ဖို့ ပြင်ဆင်ပါတယ်။ အဲဒီအချိန်မှာ နည်းပြဂွာဒီယိုလာက တိုက်စစ်မှူး သောမတ်စ်မူလာကို ကန်ဖို့ပြောခဲ့ပြီး ရော်ဘင်တစ်ယောက် နည်းပြအပေါ် အမျက်ရှခဲ့ပါတယ်။ အဲဒီပွဲပြီးနောက်ပိုင်း ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ရော်ဘင်က မကန်ဘူးလို့ငြင်းခဲ့ပြီး နည်းပြကို သပိတ်မှောက်ခဲ့ပါတယ်။

    နံပါတ် ၆ – မာရီယိုဘာလော့တယ်လီ VS စတားရစ်၊ ဟန်ဒါဆန်

    6

    ဒီတစ်ပတ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပြီး ဟန်ဒါဆန်ဆီက ဘောလုံးလုတဲ့ ဘာလော့တယ်လီကို တိုက်စစ်မှူး စတားရစ်ခ်ျကလည်း ၀င်ရောက်ကန့်ကွက်ခဲ့ပြီး အချေအတင်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ပင်နယ်တီမှတ်တမ်းကောင်းရှိတဲ့ ဘာလော့တယ်လီတစ်ယောက် အမှားအယွင်းမရှိဘဲ ကန်သွင်းနိုင်ခဲ့ပြီး သူ့ရဲ့ ဒီဂိုးကြောင့်ပဲ လီဗာပူးလ်တို့ နောက်တစ်ဆင့်တက်ရေး အသက်ရှူချောင်ခဲ့ပါတယ်။

    နံပါတ် ၅ – ပတ်ဂျင်မ် ကာဆာမီ VS အော်လန်ဒိုဆိုးလ်

    5

    ၂၀၁၁ ခုနှစ် ချယ်ဆီးနဲ့ ဖူလ်ဟမ်တို့ ကစားခဲ့တဲ့ပွဲမှာ ဖူလ်ဟမ်က ပင်နယ်တီရခဲ့ပါတယ်။ အဲဒီပင်နယ်တီကို ပင်တိုင် ပင်နယ်တီကန်သူ ဆိုးလ်က ကန်ရမှာဖြစ်ပေမယ့် နည်းပြမာတင်ဂျိုးလ်က တိုက်စစ်မှူး ကာဆာမီကို ကန်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ကာဆာမီရဲ့ ပင်နယ်တီဟာ လွဲချော်သွားခဲ့ပါတယ်။

    နံပါတ် ၄ – ပါဘလို အော်စ်ဗာလ်ဒို VS ဖရန်စစ္စကို တော့တီ

    4

    အီတလီဘောလုံးသမိုင်းမှာ အရုပ်အဆိုးဆုံး ပင်နယ်လုပွဲ ဖြစ်ခဲ့ပါတယ်။ ရိုးမားနဲ့ ဆမ်ဒိုရီးယားတို့ ကစားခဲ့တဲ့ ၂၀၁၃ ခုနှစ်က အဲဒီပွဲမှာ ရိုးမားက ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနေချိန် ပင်နယ်တီရခဲ့ပါတယ်။ ဒီပယ်နယ်တီကို ၀ါရင့် ကွင်းလယ်လူ အသင်းခေါင်းဆောင် တော့တီက ကန်ဖို့ ပြင်ဆင်နေစဉ်မှာ အော်စ်ဗာလ်ဒိုက အတင်းအဓ္ဓမ ၀င်လုခဲ့ပါတယ်။ တော့တီကလည်း မပေးခဲ့ဘဲ သူတို့ နှစ်ဦး တွန်းလားထိုးလားအထိ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အော်စ်ဗာလ်ဒိုက အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တောင်းပန်ခဲ့ပါတယ်။

    “ပရိတ်သတ်တွေကို ကျွန်တော်တောင်းပန်ချင်ပါတယ်။ ဖရန်စ္စကို (တော့တီ) ကို မလေးမစားလုပ်ချင်တာမျိုး မဟုတ်ခဲ့ပါဘူး။ ရိုးရိုးသားသား ပင်နယ်တီပဲ ကန်ချင်ခဲ့တာပါ”

    နံပါတ် ၃ – ကီဗင် မီရာလက်စ် VS လေတန်ဘိန်း

    3

    ယခုနှစ် ဇန်န၀ါရီ ဒုတိယပတ်အတွင်းမှာ ကစားခဲ့တဲ့ အဲဗာတန်နဲ့ ၀က်စ်ဘရွန်းတို့ပွဲမှာ ဖြစ်ပွားခဲ့တာပါ။ ၄၄ မိနစ်မှာ ရတဲ့ပင်နယ်တီကို ပင်တိုင်ပင်နယ်တီကန်သွင်းသူ လေတန်ဘိန်းကိုကျော်ပြီး မီရာလက်စ်က ကန်သွင်းဖို့ လုပ်ခဲ့တာကြောင့် အသင်းဖော် နိုင်စမစ်နဲ့ လူကာကူတို့က တားခဲ့ကြပါသေးတယ်။ ဒါပေမယ့် မီရာလက်စ်က လက်မခံခဲ့ဘဲ ကန်သွင်းခဲ့ပေမယ့် မ၀င်ခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ၁၃ ပွဲမှာ ပထမဆုံး အနိုင်ရမယ့် အခွင့်အရေးကို အဲဗာန်တန်တို့ လက်လွှတ်ခဲ့ရပါတယ်။ ဥရောပမှာ ပင်နယ်တီအကောင်းဆုံး လေတန်ဘိန်းကို ပေးမကန်ခဲ့ဘဲ တစ်ကိုယ်ကောင်းဆန်ခဲ့တဲ့ မီရာလက်စ်ရဲ့လုပ်ရပ်ကို ပရီးမီးယားလိဂ်က ၀ါရင့် ကစားသမားတွေကလည်း ဝေဖန်ခဲ့ကြပါတယ်။

    နံပါတ် ၂ – ဂျိုနသန် ဒီ ဂူဇ်မန် VS နသန်ဒိုင်ယာ

    22

    ဆွမ်းဆီးအသင်းရဲ့ သမိုင်းတစ်လျှောက် အကြီးအကျယ်ဆုံးနေ့မှာ ဖြစ်ပွားခဲ့တဲ့ ပင်နယ်တီလုပွဲပါ။ ၂၀၁၃ ခုနှစ် လိဂ်ဖလားပြိုင်ပွဲ ဗိုလ်လုပပွဲမှာ ဘရက်ဖို့ဒ်နဲ့ကစားစဉ် ၃ ဂိုး ပြတ်နဲ့ နိုင်နေတဲ့ ဆွမ်ဆီးတို့ ပင်နယ်တီရခဲ့ပါတယ်။ အဲဒီအချိန်မှာ ၂ ဂိုးသွင်းပေးထားတဲ့ နသန်ဒိုင်ရာက ပင်နယ်တီကန်ဖို့ လုပ်နေစဉ်မှာပဲ ဂူဇ်မန်က ဘောလုံးကိုအတင်းတောင်းခဲ့ပါတယ်။ ဒါပေမယ့် နသန်ဒိုင်ယာက မပေးခဲ့ပါဘူး။ ပွဲအပြီးမှာတော့ ဆွမ်ဆီးက ၅ ဂိုး ပြတ်နဲ့ အနိုင်ရခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဦးဆုံး အဓိကဖလားကို ရရှိခဲ့ပြီး နသန်ဒိုင်ယာကလည်း သူရဲကောင်း ဖြစ်ခဲ့ပါတယ်။

    နံပါတ် ၁ – မာဆယ်လို ထရော့တာ VS ကီဗင် အို ကွန်နောရ်

    1

    ၂၀၁၃ ခုနှစ်က အင်္ဂလန် ပထမတန်း အရေးပါတဲ့ ဘရန့်ဖို့ဒ်နဲ့ ဒွန်ကက်စတာတို့ရဲ့ ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ပင်နယ်တီလုပွဲပါ။ အဲဒီပွဲဟာ ဘရန့်ဖို့ဒ်အသင်းရဲ့ သမိုင်းမှာ အရေးပါတဲ့ ပွဲဖြစ်ပြီး ဒီပွဲသာအနိုင်ခဲ့ရင် ချန်ပီယံရှစ်ကို ပထမဆုံး တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ပွဲပြီးကာနီးအထိ ဂိုးမရှိသရေကျနေခဲ့ပြီး နောက်ဆုံးမိနစ်မှာ ဘရန့်ဖို့ဒ်တို့ ပင်နယ်တီ ရခဲ့ပါတယ်။ သမိုင်းဝင်မယ့် အဲဒီပင်နယ်တီကို ဖူလ်ဟမ်က အငှားလာကစားနေတဲ့ ထရော့တာက ပုံမှန်ပင်နယ်တီကန်နေကျ အို ကွန်နောရ်ဆီကနေလုပြီး ကန်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဘောလုံးဟာ ဘားတန်းထိထွက်ခဲ့ပြီး နောက်တစ်မိနစ်မှာ ဒွန်ကက်စတာအသင်းက ဂိုးသွင်းနိုင်ခဲ့တာမို့ ဘရန့်ဖို့ဒ်တို့ရဲ့ မဟာအိပ်မက်ကြီးဟာလည်း ပျက်ပြယ်ခဲ့ရပါတယ်။ ထရော့တာတစ်ယောက်တော့ ဘ၀မှာ အိပ်မက်ဆိုးတစ်ခု ရလိုက်တာပါပဲ။

    ref:mirror

     

  • ဗန်ဂါးလ်မှာ အသင်းအား ကြောက်ရွံ့မှုဖြင့် အုပ်ချုပ်နေသည်ဟု ဆောက်သက်တမ်နည်းပြဆို

    ဗန်ဂါးလ်မှာ အသင်းအား ကြောက်ရွံ့မှုဖြင့် အုပ်ချုပ်နေသည်ဟု ဆောက်သက်တမ်နည်းပြဆို

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅

    M-Media

    vangal

    – မန်ယူအသင်း၏ နည်းပြဖြစ်သူ ဗန်ဂါးလ်မှာ အသင်းအား ကြောက်ရွံ့မှုဖြင့် အုပ်ချုပ်နေပြီး ၎င်း၏ တိုက်ပွဲဝင်ပုံစံက ကစားသမားများနှင့် ပဋိပက္ခများ ဖြစ်လာနိုင်သည်ဟု ဆောက်သက်တမ်နည်းပြ ရော်နယ်ကိုးမန်းက ပြောကြားလိုက်သည်။

    အဆင့် ၄ နေရာကို ဆုပ်ကိုင်ထားနိုင်သည့် မန်ယူမှာ စနေနေ့က ဆွမ်ဆီးအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့်လျော့ကျခဲ့သည်။ ၁၉၉၈ မှ ၂၀၀၀ ပြည့်နှစ်အတွင်း ဘာစီလိုနာတွင် ဗန်ဂါးလ်၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည့် ကိုးမန်းကမူ ဗန်ဂါးလ်၏ ကစားသမားများပေါ် တောင်းဆိုမှုများက ဖိအားများဖြစ်စေသည်ဟု ဆိုသည်။

    “ဗန်ဂါးလ်ကို အိမ်ထဲခေါ်သွင်းလာတာဟာ အရည်အသွေးကို အိမ်ထဲခေါ်သွင်းလာသလိုပါပဲ။ ဒါပေမယ့် အားလုံးကို သိတယ်တတ်တယ်လို့ ထင်နေသူတစ်ယောက်ကို ခေါ်သွင်းလာတာလည်း ဖြစ်ပါတယ်။ ပြီးတော့ ဒါက ပြဿနာတွေကို ဖြစ်စေပါလိမ့်မယ်” ဟု ကိုးမန်းက ဆိုသည်။

    ထို့ပြင် မိမိမှာ ၎င်းထံမှပညာများစွာကို သင်ယူရရှိခဲ့သော်လည်း မိမိနှင့် ဗန်ဂါးလ်တို့၏ အလုပ်လုပ်ပုံမှာ မတူကြောင်း မိမိမှာ ကစားသမားများ၏ ပုခုံးပေါ်တွင် ဖိအားများ တင်ပေးလေ့မရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဗန်ဂါလ်းကို အသင်းမှာ ခန့်လိုက်တဲ့အခါ သူရဲ့အသင်းမှာ ကြောက်ရွံ့မှု လွှမ်းမိုးသွားပါတယ်။ ကစားသမားတွေက မစ္စတာဗန်ဂါးကို ကြောက်ရွံ့ကြရပြီး ဒါဟာ အမြဲတမ်းတော့မကောင်းပါဘူး”

    Ref: goal.com

  • လက်ဖက်ရည်ကြမ်းက အရိုးပွရောဂါကို ကာကွယ်နိုင်

    လက်ဖက်ရည်ကြမ်းက အရိုးပွရောဂါကို ကာကွယ်နိုင်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅
    M-Media

    coffee

    – လက်ဖက်ရည်ကြမ်းအများအပြား သောက်သုံခြင်းက အရိုးပွခြင်းနှင့် ရိုးကျွတ်ဆတ်ခြင်းရောဂါကို ကာကွယ်နိုင်သည်ဟု ဂျပန်နိုင်ငံမှ သုတေသနပညာရှင်များ၏ လေ့လာမှုတစ်ခုတွင် တွေ့ရှိခဲ့ကြသည်။

    အရိုးပွခြင်းကြောင့် အသက်ကြီးသူများတွင် အရိုးကျိုးမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ရိုးရိုးနှပ်ထားသော လက်ဖက်ရည်ကြမ်းများက အသက်ကြီးသူများ၌ တွေ့ရသော အရိုးသိပ်သည်းမှုဆုံးရှုံးခြင်းကို တားဆီးပေးသည့် ဓာတ်ပစ္စည်းကို ထုတ်လုပ်ပေးသည်သည်။

    ယခုကဲ့သို့ တွေ့ရှိရခြင်းမှာ တစ်ကမ္ဘာလုံးတွင် သောက်သုံးနေကြသည့် လက်ဖက်ရည်ကြမ်း၏ အကျိုးကျေးဇူးနှင့်ပတ်သက်၍ နောက်ဆုံးထွက်ပေါ်လာသည့် အကျိုးကျေးဇူးတစ်ခုလည်း ဖြစ်သည်။

    အိုဆာကာတက္ကသိုလ်မှ ဂျပန်သုတေသနပညာရှင် ကီဇို နီရှီကာဝါ ဦးဆောင်သည့် သုတေသနအဖွဲ့မှ စမ်းသပ်မှုမျာအရ အရိုးတစ်ရှူးများကို ဖျက်ဆီးပစ်သော ဒီအန်အေ မီသိုင်း ထရန်ဖာရေ့စ်ဟုခေါ်သည့် အင်ဇိုင်းများ ဖြစ်ပေါ်လာခြင်းကို တားဆီးပေးသည့် ဓာတ်ပစ္စည်း TF 3 ကို လက်ဖက်ရည်ကြမ်းမှ ထုတ်လုပ်ပေးသည်ကို တွေ့ရှိခဲ့ရပြီး TF 3 အား အရိုးပွရောဂါ ခံစားနေရသော ကြွက်များတွင် ထိုးပေးခဲ့သည့်အခါ ရောဂါမှာ ပြန်လည်သက်သာလာကြောင်း တနင်္လာနေ့ထုတ် Nature Medicine
    ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။

    သို့သော်လည်း အရွယ်ရောက်ပြီး ကိုယ်အလေးချိန် ပေါင် ၁၃၀ ခန့်ရှိသည့် သူများတွင်မူ ၃ ရက်အတွင်း လက်ဖက်ရည်ကြမ်း အခွက် ၆၀ ခန့် သောက်သုံးမှသာ ထင်ရှားသည့် ခြားနားမှုကို တွေ့မြင်ရမည်ဟု ဆိုသည်။ အရိုးပွရောဂါမှာ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သော အမျိုးသမီးကြီးများတွင် အဖြစ်များပြီး အိုမင်းသော လူများ များပြားသည့် ဂျပန်ကဲ့သို့ နိုင်ငံမျိုးတွင် မြင့်တက်လာသည့် ရောဂါမျိုးဖြစ်သည်။

    Ref: alarabiya

  • IS ပေါ်ထွက်လာမှုမှာ အမေရိကန်၏ အပြစ်ဟု ကုလ သံတမန်ဟောင်း ပြော

    IS ပေါ်ထွက်လာမှုမှာ အမေရိကန်၏ အပြစ်ဟု ကုလ သံတမန်ဟောင်း ပြော

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅
    M-Media

    baca

    – အီရတ်တွင်ဖြစ်ပွားနေသော လက်ရှိအခြေအနေအတွက် အမေရိကန်ကို အပြစ်တင်ရမည်ဖြစ်ပြီး ဆီးရီးယားအရေးတွင်လည်း အိမ်နီးချင်း အီရန်နိုင်ငံက ၀င်ရောက်ညှိနှိုင်းပေးရန် ကုလသံတမန်ဟောင်း လက်ခ်ဒါ ဘရာဟီမီက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ယူအေအီးနိုင်ငံ ရှာဂျာတွင်ပြုလုပ်သည့် ၂၀၁၅ နိုင်ငံတကာ အစိုးရများ ဆက်သွယ်ရေးဖိုရမ် IGCF တွင် လက်ခ်ဒါက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များ ၂၀၀၃ ခုနှစ်တွင် အီရတ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုက အီရတ်တွင် လက်နက်ကိုင်အဖွဲ့များ ဖြစ်ပေါ်စေမည့် ၀န်းကျင်ကို ဖန်တီးပေးခြင်းဖြစ်ပြီး IS ကဲ့သို့ အဖွဲ့များ အခြေတည်လာစေရန် အကူအညီဖြစ်စေခဲ့သည်ဟု ဆိုသည်။

    “အမေရိကန်ကို အပြစ်တင်ရမှာပါ။ IS ပေါ်ထွက်လာဖို့ အခြေအနေတွေကို သူက ဖန်တီးပေးခဲ့တာပါပဲ” ဟု သံတမန်ရေးရာတွင် နှစ်ပေါင်း ၄၀ ကျော်ကျင်လည်ခဲ့သည့် အယ်လ်ဂျီးရီးယား နိုင်ငံရေးသမား ဘရာဟီမီက ပြောကြားခဲ့သည်။

    အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များက ကျူးကျော်ခဲ့ပြီးသည့်နောက် နိုင်ငံရေးဆိုင်ရာ မညီမျှများကြောင့် အီရတ်တွင် IS အဖွဲ့ပေါ်ထွက်လာပြီး တစ်ဖြည်းဖြည်း အင်အားတောင့်တင်းလာခဲ့သည်။ ထို့နောက် အမေရိကန်အပါအ၀င် အနောက်နိုင်ငံများ၏ ပံ့ပိုးမှုဖြင့် ဆီးရီးယားအတိုက်အခံများက အာဆတ်အစိုးရအား လက်နက်ကိုင်တော်လှန်ပြီး ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီးသည့် အချိန်တွင်လည်း IS အဖွဲ့မှာ ဆီးရီးယားအထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ကာ နယ်မြေအချို့ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။

    ထို့ပြင် ဘရာဟီမီက ဆီးရီးယားနှင့် အီရတ်တို့အား လွှမ်းမိုးမှုရှိသော အီရန်အနေဖြင့် အဆိုပါ နိုင်ငံ ၂ ခု၏ နိုင်ငံရေးအဖြေထုတ်ရာတွင် ပါဝင်ရမည်ဟုလည်း ဆိုသည်။

    ဘရာဟီမီမှာ ဆီးရီးယားပြည်တွင်းစစ် ချုပ်ငြိမ်းရေဆောင်ရွက်ရန် ကုလနှင့် အာရပ်လိဂ်တို့မှ ပါဝင်သော အထူးအဖွဲ့ကို ဦးဆောင်၍ ၂၀၁၄ ခုနှစ် မေလတွင် ဆီးရီးယားသို့ သွားရောက်ခဲ့သော်လည်း ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ရာထူးမှ နှုတ်ထွက်ခဲ့သည်။

    “အရှုံးတွေကနေ ကျွန်တော်တို့ သင်ယူပါတယ်။ ဒေသတွင်းကလူတွေက ပြောင်းလဲမှုအစစ်အမှန်ကို လိုချင်ကြတာဖြစ်ပြီး အမြင်လှရုံ ပြောင်းလဲမှုမျိုးမဟုတ်ဘူးလို့ ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ မပြောင်းလဲချင်တဲ့အစိုးရတွေကတော့ သားကောင်ဖြစ်သွားပါလိမ့်မယ်”

    Ref: alarabiya

  • အီရန်မှာ နျူလက်နက် ထုတ်လုပ်နိုင်တော့မည်ဟု နေတန်ယာဟု၏ ပြောကြားမှု ထွင်လုံးသာဖြစ်

    အီရန်မှာ နျူလက်နက် ထုတ်လုပ်နိုင်တော့မည်ဟု နေတန်ယာဟု၏ ပြောကြားမှု ထွင်လုံးသာဖြစ်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅
    M-Media

    ntyh

    – ၂၀၁၂ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်မှာ နျူကလီးယားဗုံးထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု ပြောကြားခဲ့ခြင်းမှာ အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်၏ စုံစမ်းထောက်လှမ်းမှုနှင့် ကွဲလွဲနေပြီး ထွင်လုံးသာဖြစ်သည်ဟု သိရသည်။

    စက်တင်ဘာလတွင် ပြုလုပ်ခဲ့သည့် အထွေထွေညီလာခံတွင် နေတန်ယာဟုမှာ ရုပ်ပုံကားချပ်ဖြင့် အီရန်၏ နျူကလီးယားဗုံးထုတ်လုပ်မှုမှာ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီး မကြာမီ လုံးဝ ပြီးစီးတော့မည်ဟုအသေအချာ ဖော်ပြခဲ့ခြင်းဖြစ်သော်လည်း ထိုညီလာခံကျင်းပပြီး တစ်လကျော်အကြာ အောက်တိုဘာလတွင် မော့ဆက်မှ တောင်အာဖရိကသို့ ပေးပို့သော ထိပ်တန်းလျှို့ဝှက်ချက် ထောက်လှမ်းရေးကိစ္စရပ်များ၌ အီရန်မှာ နျူလက်နက် ထုတ်လုပ်နိုင်သည့်အဆင့်သို့ မရောက်သေးဟု ဖော်ပြခဲ့သည်။

    အဆိုပါ ထောက်လှမ်းရေး လျှို့ဝှက်ချက်ကို အလ်ဂျာဇီးရား သတင်းဌာန၏ စုံစမ်းရေးအဖွဲ့မှ ရရှိခဲ့ခြင်းဖြစ်ပြီး မော့ဆက်၏ ထောက်လှမ်းမှုများအရ အီရန်မှာ နျူလက်နက်တည်ဆောက်ရန် လိုအပ်သော ဆောင်ရွက်မှုများပင် မစတင်ရသေးဟု ဖော်ပြထားသည်။

    ထို့ပြင် အီရန်သိပ္ပံပညာရှင်များမှာ ဓာတ်ပေါင်းဖိုများ အဆင့်မြှင့်တင်ခြင်းကဲ့သို့သော လုပ်ငန်းများတွင် လုပ်ကိုင်နေကြခြင်းသာဖြစ်ပြီး ယူရေနီယမ် ကီလိုဂရမ် ၁၀၀ အား နျူလက်နက်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ပြည့်ဝယူရေနီယမ်အဖြစ် ၂၀ ရာခိုင်နှုန်းသာ သန့်စင်နိုင်သေးသည်ဟု အဆိုပါ လောက်လှမ်းရေး မှတ်တမ်းများတွင် ဖော်ပြထားသည်။

    အမေရိကန်အမျိုးသားထောက်လှမ်းရေး အေဂျင်စီကလည်း ၎င်းတို့၏ တွေ့ရှိချက်များကို ၂၀၁၂ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့ရာ အီရန်မှာ လက်ရှိရှိနေသည့် နျူကလီးယား အဆောက်အဦးများကို နျူလက်နက်ထုတ်လုပ်ရာတွင် အသုံးပြုရန် ဆုံးဖြတ်ချက်ပင် မချရသေးဟု ဖော်ပြထားသည်။

    နေတန်ယာဟုမှာ အီရန်၏ နျူအရေးနှင့်ပတ်သက်၍ အမြဲလိုလို ဝေဖန်ပြောကြားခဲ့သူဖြစ်ပြီး အခြားသောအာရပ်နိုင်ငံများမှ နျူဓာတ်အားပေးစက်ရုံများကိုလည်း နျူကလီးယားလက်နက် ထုတ်လုပ်သည်ဟုဆိုကာ အစ္စရေးက ၀င်ရောက်ကျူးကျော် ဖျက်ဆီးခဲ့ဖူးသည်။

    Ref: aljazeera