ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅
M-Media
– ၂၀၁၂ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်မှာ နျူကလီးယားဗုံးထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု ပြောကြားခဲ့ခြင်းမှာ အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်၏ စုံစမ်းထောက်လှမ်းမှုနှင့် ကွဲလွဲနေပြီး ထွင်လုံးသာဖြစ်သည်ဟု သိရသည်။
စက်တင်ဘာလတွင် ပြုလုပ်ခဲ့သည့် အထွေထွေညီလာခံတွင် နေတန်ယာဟုမှာ ရုပ်ပုံကားချပ်ဖြင့် အီရန်၏ နျူကလီးယားဗုံးထုတ်လုပ်မှုမှာ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီး မကြာမီ လုံးဝ ပြီးစီးတော့မည်ဟုအသေအချာ ဖော်ပြခဲ့ခြင်းဖြစ်သော်လည်း ထိုညီလာခံကျင်းပပြီး တစ်လကျော်အကြာ အောက်တိုဘာလတွင် မော့ဆက်မှ တောင်အာဖရိကသို့ ပေးပို့သော ထိပ်တန်းလျှို့ဝှက်ချက် ထောက်လှမ်းရေးကိစ္စရပ်များ၌ အီရန်မှာ နျူလက်နက် ထုတ်လုပ်နိုင်သည့်အဆင့်သို့ မရောက်သေးဟု ဖော်ပြခဲ့သည်။
အဆိုပါ ထောက်လှမ်းရေး လျှို့ဝှက်ချက်ကို အလ်ဂျာဇီးရား သတင်းဌာန၏ စုံစမ်းရေးအဖွဲ့မှ ရရှိခဲ့ခြင်းဖြစ်ပြီး မော့ဆက်၏ ထောက်လှမ်းမှုများအရ အီရန်မှာ နျူလက်နက်တည်ဆောက်ရန် လိုအပ်သော ဆောင်ရွက်မှုများပင် မစတင်ရသေးဟု ဖော်ပြထားသည်။
ထို့ပြင် အီရန်သိပ္ပံပညာရှင်များမှာ ဓာတ်ပေါင်းဖိုများ အဆင့်မြှင့်တင်ခြင်းကဲ့သို့သော လုပ်ငန်းများတွင် လုပ်ကိုင်နေကြခြင်းသာဖြစ်ပြီး ယူရေနီယမ် ကီလိုဂရမ် ၁၀၀ အား နျူလက်နက်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ပြည့်ဝယူရေနီယမ်အဖြစ် ၂၀ ရာခိုင်နှုန်းသာ သန့်စင်နိုင်သေးသည်ဟု အဆိုပါ လောက်လှမ်းရေး မှတ်တမ်းများတွင် ဖော်ပြထားသည်။
အမေရိကန်အမျိုးသားထောက်လှမ်းရေး အေဂျင်စီကလည်း ၎င်းတို့၏ တွေ့ရှိချက်များကို ၂၀၁၂ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့ရာ အီရန်မှာ လက်ရှိရှိနေသည့် နျူကလီးယား အဆောက်အဦးများကို နျူလက်နက်ထုတ်လုပ်ရာတွင် အသုံးပြုရန် ဆုံးဖြတ်ချက်ပင် မချရသေးဟု ဖော်ပြထားသည်။
နေတန်ယာဟုမှာ အီရန်၏ နျူအရေးနှင့်ပတ်သက်၍ အမြဲလိုလို ဝေဖန်ပြောကြားခဲ့သူဖြစ်ပြီး အခြားသောအာရပ်နိုင်ငံများမှ နျူဓာတ်အားပေးစက်ရုံများကိုလည်း နျူကလီးယားလက်နက် ထုတ်လုပ်သည်ဟုဆိုကာ အစ္စရေးက ၀င်ရောက်ကျူးကျော် ဖျက်ဆီးခဲ့ဖူးသည်။
Ref: aljazeera
Leave a Reply
You must be logged in to post a comment.