News @ M-Media

Blog

  • တရုတ်က အသံထက်မြန်သည့်ဒုံးကျည်စမ်းသပ်မှု အမေရိကန် အံ့အားသင့်

    တရုတ်က အသံထက်မြန်သည့်ဒုံးကျည်စမ်းသပ်မှု အမေရိကန် အံ့အားသင့်

    အောက်တိုဘာ ၁၇၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံဟာ ဩဂုတ်လအတွင်း အသံထက်မြန်တဲ့ ဒုံးပျံတစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဒီနည်းပညာမှာ ထင်တားတာထက် ပိုမိုရှေ့ရောက်နေတာကြောင့် အမေရိကန်က အံ့အားသင့်ခဲ့တယ်လို့ Financial Times သတင်းဌာနက ဖော်ပြပါတယ်။

    ဒီဒုံးပျံဟာ ပတ်လမ်းအနိမ့်ကနေ ကမ္ဘာကိုပတ်ခဲ့ပြီး ပစ်မှတ်ရှိရာကို ပြန်ဆင်းလာခဲ့ပေမယ့် ပစ်မှတ်နဲ့ မိုင် ၂၀ အဝေးမှာ ကျသွားခဲ့တယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေက ပြောပါတယ်။

    တရုတ်ဟာ အသံထက်မြန်တဲ့ ဒုံးကျည်နည်းပညာမှာ အမေရိကန်အာဏာပိုင်တွေ ထင်ထားတာထက် ပိုပြီး ရှေ့ရောက်နေကာ ဒီသတင်းအတွက် အမေရိကန် ထောက်လှမ်းရေးအသိုင်းအ၀ိုင်းက အံ့အားသင့်ခဲ့ရတယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

    အာကာသစီမံကိန်းတွေ၊ ဒုံးကျည်စီမံကိန်းတွေကို တရုတ်က ပုံမှန်ထုတ်ဖော်ပြောဆိုလေ့ရှိပေမယ့် ဩဂုတ်လက ဒီကိစ္စကို တရုတ်ဖက်က လျှို့ဝှက်ထားခဲ့တာပါ။

    အမေရိကန်စစ်ဌာနချုပ် (ပင်တဂွန်) ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက အခုသတင်းအတွက် မှတ်ချက်မပေးခဲ့ဘဲ၊ တရုတ်ရဲ့ စစ်အင်အားဟာ ဒေသတွင်းနဲ့ ကမ္ဘာကြီးမှာ တင်းမာမှုတွေကိုသာ ပိုမိုဖြစ်စေနိုင်တဲ့အတွက် စိုးရိမ်မှုတွေရိတယ်လို့ ပြောကြားခဲ့ပါတယ်။

    အသံထက်မြန်တဲ့ ဒုံးကျည်နည်းပညာကို အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း အနည်းဆုံး ၅ နိုင်ငံလောက်က ဖန်တီးထုတ်လုပ်နေကြတာ ဖြစ်ပါတယ်။ ဒီဒုံးပျံတွေဟာ နျူထိပ်ဖူး တပ်ဆင်လို့ရပြီး အသံထက် ၅ ဆလောက် မြန်မြန်သွားနိုင်ပါတယ်။

    Ref: AFP

  • မြန်မာ့အရေးအတွက် အမေရိကန်က သံအဖွဲ့တစ်ခုကို အာဆီယံနိုင်ငံများထံ စေလွှတ်မည်

    မြန်မာ့အရေးအတွက် အမေရိကန်က သံအဖွဲ့တစ်ခုကို အာဆီယံနိုင်ငံများထံ စေလွှတ်မည်

    အောက်တိုဘာ ၁၇၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး တစ်စိတ်တစ်ပိုင်းအဖြစ် ကိုယ်စားလှယ်အဖွဲ့ကို ထိုင်း၊ စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ထံ စေလွှတ်သွားမယ်လို့ အမေရိကန်က ပြောကြားလိုက်ပါတယ်။

    ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်အစိုးရ အကြံပေး ဒဲရစ် ခိုလက် ဦးဆောင်မှာပါ။ ခိုလက်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ မူဝါဒရေးရာ အကြံပေးလည်းဖြစ်ပါတယ်။

    အမေရိကန် ကိုယ်စားလှယ်အဖွဲ့ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်သွားဖို့ ဆွေးနွေးမှာဖြစ်သလို၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးမှာ အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ပေးသွားမယ်လို့ အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေ ရပ်တန့်ရေး၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးတို့မှာ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အရေးကြီးမှုကို ထောက်ပြတာမျိုး ကိုယ်စားလှယ်အဖွဲ့က လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

    ထိုင်းနိုင်ငံခရီးစဉ်မှာတော့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ နယ်စပ်ကိုဖြတ်ပြီး မြန်မာဖက်ကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။

    အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး အာဆီယံအဖွဲ့နဲ့ ရရှိထားတဲ့ သဘောတူညီချက်တွေကို လိုက်နာခြင်းမရှိတဲ့အတွက် လာမယ့်တစ်ပတ်မှာလုပ်မယ့် ထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးဖို့ အာဆီယံအဖွဲ့က သောကြာနေ့မှာ ဆုံးဖြတ်ခဲ့ပြီး ဒီဆုံးဖြတ်ချက်ကို အမေရိကန်ကလည်း ကြိုဆိုခဲ့ပါတယ်။

    Ref: ANI

  • နိုင်ငံထဲဝင်လာသူများ ကွာရန်တင်းဝင်ရမည့်ရက်ကို မလေးရှားက လျှော့ချ

    နိုင်ငံထဲဝင်လာသူများ ကွာရန်တင်းဝင်ရမည့်ရက်ကို မလေးရှားက လျှော့ချ

    အောက်တိုဘာ ၁၆၊ ၂၀၂၁
    M-Media

    -နိုင်ငံထဲဝင်ရောက်လာတဲ့ ခရီးသွားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ် ထိုးထားပြီးရင် ၇ ရက်သာ ကွာရန်တင်း၀င်ရတော့မယ်လို့ မလေးရှားဝန်ကြီးချုပ် အစ္စမာအီလ် ဆာဘရီ ယာကွဘ်က မနေ့မှာ ထုတ်ပြန်ပါတယ်။

    အရင်က ၂ ပတ် ကွာရန်တင်းဝင်ရတာပါ။ အောက်တိုဘာ ၁၈ ရက် တနင်္လာနေ့ကနေ စတင်အကြုံးဝင်မယ့် အခု ၇ ရက် ကွာရန်တင်းဟာ နေအိမ် ဒါမှမဟုတ် ကွာရန်တင်းစင်တာ စသဖြင့် ကြိုက်ရာနေရာမှာ ဝင်နိုင်မှာဖြစ်ပါတယ်။ ကာကွယ်ဆေး လုံး၀ မထိုးရသေးသူ၊ တစ်ကြိမ်ထိုးထားပြီးသူတွေအတွက်ကတော့ ၁၀ ရက်ကွာရန်တင်း ဖြစ်ပါတယ်။

    နိုင်ငံအတွင်း အရွယ်ရောက်ပြီးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်ဆေးထိုးပြီးသွားတဲ့ မလေးရှားနိုင်ငံဟာ ပြီးခဲ့တဲ့လကစတင်ပြီး ကိုဗစ်ကန့်သတ်မှုတွေ လျော့ပေးလာတာဖြစ်ပါတယ်။

    အဝေးပြေးလမ်းက နားနေရာနေရာတွေအားလုံး အောက်တိုဘာ ၁၆ ရက်နေ့ကစတင်ပြီး ဖွင့်လှစ်နိုင်တော့မှာ ဖြစ်သလို၊ Grab လို အငှားကားဝန်ဆောင်မှုတွေမှာလည်း ခရီးသည်အပြည့်တင်ဆောင်ခွင့်ရမှာ ဖြစ်ပါတယ်။

    မလေးရှားက တစ်ချို့နိုင်ငံတွေက ခရီးသွားတွေကို ကွာရန်တင်းမလိုဘဲ တိုင်းပြည်ထဲဝင်ရောက်ခွင့် ပေးဖို့လည်း ပြင်ဆင်နေပါတယ်။

    Ref: CNA

  • ဘာလီကျွန်းတွင် ငလျင်လှုပ်ပြီး အနည်းဆုံး ၃ ဦးသေဆုံး

    ဘာလီကျွန်းတွင် ငလျင်လှုပ်ပြီး အနည်းဆုံး ၃ ဦးသေဆုံး

    အောက်တိုဘာ ၁၆၊ ၂၀၂၁
    M-Media

    -အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဒီကနေ့မနက် အစောပိုင်းက အင်အားအသင့်အတင်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ငလျင်ပြင်းအားဟာ ၄.၈ မဂ္ဂနီကျု ရှိခဲ့ပြီး၊ ၄.၃ မဂ္ဂနီကျုရှိတဲ့ နောက်ဆက်တွဲငလျင်တွေလည်း လှုပ်ခတ်ခဲ့ပါတယ်။

    ငလျင်ကြောင့် မြေပြိုတာ၊ အဆောက်အဦးတွေ ပြိုကျပျက်ဆီးတာတွေလည်း ရှိခဲ့ပါတယ်။ ကိုဗစ်အလွန် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်နိုင်ဖို့အတွက် ဘာလီကျွန်းကို ကြဲာသာပ​တေးနေ့ကမှ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံမှာ မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိပြီး လတ်တလောကာလ အကြီးမားဆုံးငလျင်ဟာ အခုနှစ် ဇန်နဝါရီလမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၂ မဂ္ဂနီကျုရှိတဲ့ ငလျင် ဖြစ်ပါတယ်။ အဲဒီငလျင်ကြောင့် အည်းဆုံး လူပေါင်း ၁၀၅ ဦး သေဆုံးခဲ့ပြီး ၆၅၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    Ref: Aljazeera

  • အာဆီယံထိပ်သီးအစည်းအဝေးကို စစ်ကောင်စီအကြီးအကဲ တက်ခွင့်မရ

    အာဆီယံထိပ်သီးအစည်းအဝေးကို စစ်ကောင်စီအကြီးအကဲ တက်ခွင့်မရ

    အောက်တိုဘာ ၁၆၊ ၂၀၂၁
    M-Media

    -လာမယ့်တစ်ပတ်မှာလုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်းစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

    စစ်ကောင်စီကို စိတ်ပျက်လာကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ လူသိရှင်ကြား ထုတ်ပြောခဲ့ပြီး တစ်ပတ်အကြာမှာ ဒီဆုံးဖြတ်ချက် ထွက်လာတာပါ။ မနေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာကိစ္စ အထူးအစည်းအဝေးမှာ ဧပြီလက ရထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သဘောတူညီချက်အတိုင်း လိုက်နာ ဆောင်ရွက်ဖို့လည်း စစ်ကောင်စီကို တိုက်တွန်း ဆော်ဩခဲ့ပါတယ်။

    အောက်တိုဘာ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီ အကြီးအကဲကို တက်ရောက်ခွင့်ပေးမှာမဟုတ်သလို၊ မြန်မာနိုင်ငံက ဘယ်နိုင်ငံရေးခေါင်းဆောင်မှ တက်ရောက်ခွင့်ရမှာမဟုတ်ဘဲ မြန်မာအတွက် ခုံနေရာကို အလွတ်ထားမယ်လို့ အာဆီယံသတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး အာဆီယံက ဘာထုတ်ပြန်ချက်မှမလုပ်သေးဘဲ အာဆီယံဥက္ကဌ ဘရူနိုင်းနိုင်ငံက ဒီကနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ဖို့ ရှိနေပါတယ်။

    အာဆီယံဟာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေကို ထိန်းကြောင်းနိုင်ခြင်းမရှိတဲ့အတွက် ဝေဖန်ခံနေရတဲ့ အဖွဲ့အစည်းအဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မပြုတာက လတ်တလော အာဆီယံသမိုင်းမှာ မကြုံစဖူး ဆောင်ရွက်မှုလည်း ဖြစ်ပါတယ်။

    ဧပြီလမှာပြုလုပ်တဲ့ မြန်မာနိုင်ငံအရေး အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ခွင့်ရခဲ့ပြီး သဘောတူညီချက် ၅ ခုကို လက်ခံခဲ့ပေမယ့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိပါဘူး။

    မနှစ်မြို့တော့

    မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကို အာဆီယံအဖွဲ့က ဦးဆောင်ဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက တာဝန်ပေးထားတာပါ။

    အာဆီယံကလည်း အထူးကိုယ်စားလှယ်တစ်ဦးခန့်ကာ မြန်မာ့နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်းပေးဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီက အထူးကိုယ်စားလှယ် အရီဝမ်ယူစွဖ်ရဲ့ တောင်းဆိုမှုတွေကို လိုလျောခြင်းမပြုပါဘူး။

    ဒီအတွက် မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့က အာဏာသိမ်းစစ်ကောင်စီကို စိတ်ပျက်ကြောင်း ပြီးခဲ့တဲ့တစ်ပတ်မှာ တရားဝင် ထုတ်ပြောလာပါတယ်။

    မလေးရှားနဲ့ ဖိလစ်ပိုင်တို့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး တက်ခွင့်မပေးဖို့ လူသိရှင်ကြားပြောလာသလို၊ အဖွဲ့ဝင်နိုင်ငံတွေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့တစ်ပတ်မှာ ကနဦး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ‘သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးမှုလုပ်ငန်းစဉ်ကတစ်ဆင့် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး မလုပ်ဆောင်သမျှ ကာလပတ်လုံး အာဆီယံရဲ့ နိုင်ငံရေးအဆင့်မှာ မြန်မာနိုင်ငံကို ဖယ်ထုတ်ထားဖို့ အဆိုပြုခဲ့တယ်’ လို့ Twitter စာမျက်နှာမှာ မနေ့က ရေးသားခဲ့ပါတယ်။

    အမေရိကန်၊ ဩစတေးလျ၊ ကနေဒါ၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ ဩရောပသမဂ္ဂတို့အပါအဝင် နိုင်ငံတော်တော်များများ မနေ့က စုပေါင်း ကြေငြာချက် ထုတ်ခဲ့ပြီး မြန်မာနိုင်ငံက ဆိုးရွားတဲ့ အခြေအနေတွေအတွက် စိုးရိမ်မိကြောင်း၊ ငြိမ်းချမ်းပြီး အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ပြဿနာဖြေရှင်းရေး၊ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးတွေကို အမြန်ဆုံးလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Reuters