News @ M-Media

နိုင်ငံထဲဝင်လာသူများ ကွာရန်တင်းဝင်ရမည့်ရက်ကို မလေးရှားက လျှော့ချ

အောက်တိုဘာ ၁၆၊ ၂၀၂၁
M-Media

-နိုင်ငံထဲဝင်ရောက်လာတဲ့ ခရီးသွားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ် ထိုးထားပြီးရင် ၇ ရက်သာ ကွာရန်တင်း၀င်ရတော့မယ်လို့ မလေးရှားဝန်ကြီးချုပ် အစ္စမာအီလ် ဆာဘရီ ယာကွဘ်က မနေ့မှာ ထုတ်ပြန်ပါတယ်။

အရင်က ၂ ပတ် ကွာရန်တင်းဝင်ရတာပါ။ အောက်တိုဘာ ၁၈ ရက် တနင်္လာနေ့ကနေ စတင်အကြုံးဝင်မယ့် အခု ၇ ရက် ကွာရန်တင်းဟာ နေအိမ် ဒါမှမဟုတ် ကွာရန်တင်းစင်တာ စသဖြင့် ကြိုက်ရာနေရာမှာ ဝင်နိုင်မှာဖြစ်ပါတယ်။ ကာကွယ်ဆေး လုံး၀ မထိုးရသေးသူ၊ တစ်ကြိမ်ထိုးထားပြီးသူတွေအတွက်ကတော့ ၁၀ ရက်ကွာရန်တင်း ဖြစ်ပါတယ်။

နိုင်ငံအတွင်း အရွယ်ရောက်ပြီးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်ဆေးထိုးပြီးသွားတဲ့ မလေးရှားနိုင်ငံဟာ ပြီးခဲ့တဲ့လကစတင်ပြီး ကိုဗစ်ကန့်သတ်မှုတွေ လျော့ပေးလာတာဖြစ်ပါတယ်။

အဝေးပြေးလမ်းက နားနေရာနေရာတွေအားလုံး အောက်တိုဘာ ၁၆ ရက်နေ့ကစတင်ပြီး ဖွင့်လှစ်နိုင်တော့မှာ ဖြစ်သလို၊ Grab လို အငှားကားဝန်ဆောင်မှုတွေမှာလည်း ခရီးသည်အပြည့်တင်ဆောင်ခွင့်ရမှာ ဖြစ်ပါတယ်။

မလေးရှားက တစ်ချို့နိုင်ငံတွေက ခရီးသွားတွေကို ကွာရန်တင်းမလိုဘဲ တိုင်းပြည်ထဲဝင်ရောက်ခွင့် ပေးဖို့လည်း ပြင်ဆင်နေပါတယ်။

Ref: CNA