News @ M-Media
Blog
  • ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲများ နိုင်ငံတဝှမ်း ခြိမ့်ခြိမ့်သဲ ကျင်းပ
    ဖေဖော်ဝါရီ၁၃ ၂၀၁၅ခုနှစ်
    M-Media
    သတင်း- သူရိန်
    10959673_793122020743685_274837315184387135_n
    ယနေ့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာဖခင်ကြီး မြန်မာ့တပ်မတော်ကို မျိုးစေ့ချ ထူထောင်ခဲ့သူ အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့သည့် နှစ်တစ်ရာပြည့် ရာပြည့်နေ့ဖြစ်ကြောင်း သိရသည်။
    ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်ရာပြည့်နေ့ ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံတဝှမ်းလုံးတွင် ရာပြည့်ပွဲ အခမ်းအနားများကို ပြည်သူအများ ပုံစံမျိုးစုံဖြင့် ဂုဏ်ပြုကျင်းပခဲ့ကြသည်။
    မနက်အစောပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းအတွက် ရည်စူးကာ ဆရာတော်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အပါအဝင် ကုသိုလ်ပြုဒါနလုပ်သူများလည်းတွေ့ရသည်။ ကလေးမြို့တွင် ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာ ဟိန္ဒူဘာသာနှင့် အစ္စလာမ် ဘာသာတို့မှ ဘာသာရေးခေါင်းဆောင်များ အလှည့်ကျဝတ်ပြုဆုတောင်းခဲ့ကြသည်။
    10959440_793122037410350_6893541092419904440_n
    ယနေ့နံနက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်သည့် အစားအစာဖြစ်သည့် ပဲပြုတ်နှင့် နံပြားကို စတုဒိသာ အလှူအဖြစ် ရပ်ကွက် မြို့နယ်အချို့တွင် ကျွေးမွေးဒါနပြုကြကြောင်းသိရသည်။
    ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားခဲ့သည့် နတ်မောက်မြို့တွင် ရာပြည့်အထိမ်းအမှတ် ပြပွဲကို ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ ဖွင့်လှစ်ခဲ့ရာ ကြည့်ရှုသူ ပရိသတ်များဖြင့် စည်ကားလျက်ရှိသည်။
    နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့် နေအိမ် ရန်ကုန်မြို့ဗိုလ်ချုပ်ပြတိုက်နှင့် ကန်တော်ကြီးဗိုလ်ချုပ်ကြေးရုပ်နေရာများတွင် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသူများ စုဝေးကာ လေ့လာကြည့်ရှု ဂုဏ်ပြုခဲ့ကြသူ အများအပြားကိုလည်း တွေ့ရသည်။
    အလားတူ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့ဟု သတ်မှတ်ထားပြီး ကလေးများ အတွက် အားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြခဲ့သည်ကိုလည်း တွေ့ရသည်။
    နိုင်ငံတဝှမ်းတွင် ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲများ ပြပွဲများ  စာစီစာကုံးပြိုင်ပွဲများ  လေ့လာရေးခရီးစဉ်များ ဗိုလ်ချုပ်ကြေးရုပ် သွန်းလုပ် ဖွင့်လှစ်ခြင်းများ မြို့တွင်းလှည့်လည်ဖျော်ဖြေတင်ဆက်မှုများဖြင့် ခမ်းနားထည်ဝါစွာ ပြည်သူအများ ဂုဏ်ပြုဆင်ယင်ကျင်းပခဲ့ကြသည်။
    ဒါ့အပြင် မြို့နယ်များတွင် ဗိုလ်ချုပ်ရာပြည့်အခမ်းအနား ကျင်းပရေးကော်မတီများ ဖွဲ့စည်းကာ နိုင်ငံပါတီများ ဒေသဆိုင်ရာ အဖွဲ့အစည်းများက ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခဲ့သည်။
    ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် မကွေးတိုင်း နတ်မောက်မြို့တွင် အဖ ဦးဖာနှင် မိခင် ဒေါ်စုတို့မှ မွေးဖွားခဲ့သည်။ အဖိုးဖြစ်သူ ဗိုလ်မင်းရောင်မှာလည်း ဗိုလ်လရောင်ဘွဲ့ခံ  နယ်ချဲ့တို့ကို ရွံ့ရွံ့ချွန်ချွန်တွန်းလှန်ခဲ့သူ တစ်ဦးဖြစ်သည်။
    ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် ရှေ့တန်းမှပါဝင်ခဲ့ပြီး တောင်တန်းပြည်မ ပေါင်းစည်း၍ ပင်လုံစာချုပ် ချုပ်ဆိုကာ  နယ်ချဲ့တို့ထံမှ လွတ်လပ်ရေးကိုရယူပေးနိုင်ခဲ့သည့် နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်သည်။
    ဓါတ်ပုံ- ဗိုလ်ချူပ်မွေးဖွာရာ ဇာတိ နတ်မောက်မြို့တွင် ကျင်းပခဲ့သည့် ဗိုလ်ချူပ် ရာပြည့်အခမ်းအနား
    Credit- BBC
  • ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘဝက နေထိုင်ခဲ့သည့် ပဲခူးဆောင် ပြန်လည် ဖွင့်လှစ်
    ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘဝက နေထိုင်ခဲ့သည့် ပဲခူးဆောင် ပြန်လည် ဖွင့်လှစ်
    ဖေဖော်ဝါရီ ၁၃ ၊၂၀၁၅
    M-Media
    သတင်း- သူရိန်
    3e6fed6ab6122d3c4af7246137886ea575c66d4c0d46a563f4a25a3c1760ef3f
    လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့် ရန်ကုန်တက္ကသိုလ်အတွင်းရှိ  ပဲခူးဆောင်ကို ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ပြသခဲ့ကြောင်းသိရသည်။
    အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသား ဘဝ ကျောင်းတက်နေစဉ်  နေထိုင်ခဲ့သည့် ပဲခူးဆောင်ကို ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ ဖြစ်သည့် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် အမှတ်တရ ဂုဏ်ပြုသောအားဖြင့် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
    ပဲခူးဆောင်တွင် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့် အခန်းနံပါတ်  ၁၁၃ ကို လေ့လာကြည့်ရှုသူ ကျောင်းသားကျောင်းသူများ စိတ်ဝင်စားသူများဖြင့် စည်ကားလျက်ရှိသည်။
    အဆိုပါအခန်းအမှတ် ၁၁၃တွင် ဗိုလ်ချုပ်အောင်ဆန်း အဆောင်နေစဉ် အိပ်ခဲ့သည့် ကုတင် စာကြည့်စားပွဲနှင့် ကုလားထိုင် ဓါတ်ပုံကားချပ်များ အမှတ်တရ ချိတ်ဆွဲထားသည်ကိုလည်း တွေ့ရသည်။
    လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန် တက္ကသိုလ် တွင် ပညာဆည်းပူးစဉ် ၁၉၃၆ မှ ၁၉၃၇ ခုနှစ်ကာလထိ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂတွင် ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ တက္ကသိုလ်တက်နေစဉ် အိုးဝေမဂ္ဂဇင်းတွင် လုပ်ကိုင်ဆောင်ရွက်ရင်း ကိုလိုနီတို့ကို အထိနာစေခဲ့သော ငရဲခွေးကြီး လွတ်နေပြီ ဆောင်းပါးထည့်သွင်းဖော်ပြသဖြင့် အရေးယူခြင်းကို ခံရခဲ့သည်။
    c156f11ca04cd04bce2b222ae7ee156472e37d1580b6af9b0bed6079d5caa736
    ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်စဉ်ကာလအတွင်း ဦးဖေခင် (နောင် ဗမကနှင့် ပင်လုံဗိသုကာ )  ဦးဗဆွေ စသည့် သူငယ်ချင်းရဲဘော်များနှင့် ပဲခူးဆောင်တွင် အဆောင်နေထိုင်ခဲ့ဖူးကြောင်း သိရသည်။
    ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ကျရောက်သော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်ရာပြည့် အထိမ်းအမှတ်အဖြစ် မဟော်ဂနီပင်ကို ပဲခူးဆောင်ရှေ့ ပရဝုဏ်အတွင်း အမှတ်တရ စိုက်ပျိုးခဲ့ပြီး လာရောက်လေ့လာသူ ကျောင်းသားကျောင်းသူ များကို နံနက်စာအဖြစ် ပဲနံပြား နှင့် ထမနဲတို့ကို စတုဒိသာအဖြစ် ကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။
    19adf4a563426a2f8460d974a59de5d931a77b2b71670d2a96c06ab4ea7b249551e6d0105ca19416f78a7fc92eb052dc1e10b5afbbe5be24801b8e3662d3f186
  • သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူ အမေရိကန်မွတ်စလင် လူငယ် ၃ ဦး၏ ဈာပန ကျင်းပပြီးစီး
    သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူ အမေရိကန်မွတ်စလင် လူငယ် ၃ ဦး၏ ဈာပန ကျင်းပပြီးစီး
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅
    M-Media
    ncr
    – အင်္ဂါနေ့က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် မြောက်ကယ်ရိုလိုင်းနားမှ မွတ်စလင်လူငယ် ၃ ဦး၏ ဈာပနအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး လိုက်ပါပို့ဆောင်သူ ၅၀၀၀ ခန့်ရှိသည်ဟု သိရသည်။
    ရုပ်အလောင်းများကို ပြည်နယ်မြို့တော် Raleigh ရှိ မိသားစုများ၏ နေအိမ်မှ မြောက်ကယ်ရိုလိုင်နားတက္ကသိုလ် အားကစားကွင်းအထိ သယ်ဆောင်လာပြီး လိုက်ပါပို့ဆောင်သူ ၅၀၀၀ နီးပါးခန့်ရှိခဲ့သည်။ ထို့နောက် အဆိုပါ အားကစားကွင်းတွင် ၀တ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့ပြီး ရုပ်အလောင်းများကို လက်ဆင့်ကမ်းသယ်ဆောင်ကာ Raleigh မြို့ပြင်ရှိ မွတ်စလင်သုဿန်တွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြသည်။
    သေဆုံးသွားသူများမှာ အသက် ၂၃ နှစ်အရွယ် ဒီယာရှက်ဒီ ဘရကသ်၊ ၎င်း၏ ဇနီးဖြစ်သူ အသက် ၂၁ နှစ်အရွယ် ယူဆိုးရ် မိုဟာမက် အဘူ ဆလ်ဟာနှင့် ယူဆိုးရ်၏ ၁၉ နှစ်အရွယ်ညီမ ရာဇန် မိုဟာမက် အဘူ ဆလ်ဟာတို့ဖြစ်ကြပြီး ၎င်းတို့ ၃ ဦးအား ချက်ပဲလ်ဟေးမြို့ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ် ပရ၀ုဏ်ရှိ ၎င်းတို့နေထိုင်သော ကွန်ဒိုတိုက်ခန်းတွင် ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို အင်္ဂါနေ့က တွေ့ရှိခဲ့ရသည်။
    သေနတ်ဖြင့်ပစ်ခဲ့သူမှာ အသက် ၄၆ နှစ်အရွယ် ခရေ့ဂ်ျ စတီဖင် ဟစ်က်ဆိုသူဖြစ်ပြီး ၎င်းကိုယ်တိုင် ရဲစခန်းသို့ သွားရောက်အဖမ်းခံခဲ့သည်။ ရဲတပ်ဖွဲ့ကမူ ကားပါကင်အတွက် အချေအတင်ဖြစ်မှုက အခင်းဖြစ်ပွားမှုအတွက် အကြောင်းအရင်းဖြစ်သည်ဟု ကနဦး သတင်းထုတ်ပြန်ခဲ့သော်လည်း သေဆုံးသွားသူများ၏ မိသားစုများကမူ အဆိုပါ သတ်ဖြတ်မှုမှာ အမုန်းတရားကြောင့် ဖြစ်ပွားခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ လက်စားလည်းမချေပါဘူး။ ဘယ်လိုပစ်ဒဏ်ချမှတ်မယ်ဆိုတာကိုလည်း ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့လိုချင်တာက ဘာဖြစ်လို့ ဒီလိုလုပ်ရလဲဆိုတာကိုသာ ၀န်ခံစေချင်တာပါ” ဟု သေဆုံးသွားသူ အမျိုးသမီး ၂ ဦး၏ ဖခင်ဖြစ်သူ အဘူဆလ်ဟာက ဈာပနအခမ်းအနားတွင် ပြောကြားခဲ့သည်။
    အမေရိကန်၏ အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းဖြစ်သော အမေရိကန်အစ္စလာမ် ဆက်ဆံရေးကောင်စီမှ အကြီးအကဲ
    နီဟတ် အ၀ဒ်က
    “ဒီရက်စက်တဲ့ ရာဇတ်ဝတ်မှု၊ သေဆုံးသူအမျိုးသမီးနှစ်ဦးရဲ့ဘာသာရေးနဲ့သက်ဆိုင်တဲ့ ၀တ်စားဆင်ယင်မှု၊ အမေရိကန်လူ့အဖွဲ့အစည်းအတွင်း မွတ်စလင်ဆန့်ကျင်ရေး မြင့်တက်လာမှုတွေကို အခြေခံပြီးတော့ ပြည်နယ်နဲ့ ပြည်ထောင်စု ဥပဒေထိန်းသိမ်းရေး အရာရှိတွေအနေနဲ့ ဒီအဖြစ်အပျက်မှာ ပုံမှန်မဟုတ်တဲ့ တွန်းအားတွေ ရှိနေတယ်ဆိုတဲ့ ကောလဟာလတွေကို အလျင်အမြန်ဖြေရှင်းပေးဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ပြောကြားခဲ့သည်။
    အဆိုပါ လူငယ် ၃ ဦးအတွက် ဆုတောင်းပွဲများကို ဗုဒ္ဓဟူးနေ့နှင့် ကြာသာပတေးနေ့များတွင် အမေရိကန်နိုင်ငံတစ်ဝှမ်း ကျင်းပပြုလုပ်ခဲ့ကြသည်။
    Ref:aljazeera
  • လူအောင်ဆန်း (အပိုင်း ၁ မှ ၆ ထိ)
    လူအောင်ဆန်း (အပိုင်း ၁ မှ ၆ ထိ)
    ဝင်းအောင်ကြီးရေးသည်။
    Eawatchf AP I   ENGLAND APHS LONDON GENERAL AUNG SAN
    မဟတ္တမဂန္ဒီ၊ လင်ကွန်း၊ ဟိုချီမင်းတို့လို ကြည်ညိုလေးစားတာထက် ဗိုလ်ချုပ်အောင်ဆန်း ကျတော့ ဘာ့ကြောင့်ပိုရတာလဲ? သူ့ကိုတော့ ချစ်တာကိုး။ ၁၉၅၃ ခု၊ ရန်ကုန် တက္ကသိုလ်ရောက်လာတော့ ဆေးရုံတက် သူနာပြု ဆရာမလေးနဲ့ ဆုံချစ်ချင်တဲ့ စိတ်တောင်ပေါ်ခဲ့ဖူးလေရဲ့။
    ကျနော် အသက်က ၁၆ နှစ်၊ ညနေဘက် အင်လျားကန်စောင်း လမ်းလျှောက်တဲ့ အခါ ကျောင်းသူအချော အလှလေးတွေကလည်း များလှပါဘိ။ ကျနော်နေရတဲ့ သထုံဆောင်က မလှမ်းမကမ်းမှာက တက္ကသိုလ်ဆေးရုံ။ နေထိုင် မကောင်းဖြစ်ဖို့ ဖျားနာဖို့များ ဆုတောင်းရလေမလား။
    နောက်တော့ သူ့အကြောင်းစာတွေဖတ်ရ၊ မိန့်ခွန်းထဲက သူ့အသံကြားရ၊ သူ့ပုံတွေမြင်ရနဲ့ အားမရ၊ သူနဲ့ဆုံဖူသူတို့ထံ ချဉ်းကပ်မေးမြန်း၊ အချက်အလက်တွေ ပိုရ ပိုတွေးလာခဲ့တဲ့ နှစ်တွေ နှစ်တွေ၊ ဟော သူသာရှင်နေရင် အသက် တရာပြည့်တော့မယ်။
    ကျနော်ပထမဆုံး ဖတ်ဖူးတာက ဆရာဒဂုန်တာရာရေးတဲ့ “ အောင်ဆန်း သို့မဟုတ် အရိုင်း” ပါ။ သူ့အကြောင်း ပိုပြီးသိလာတယ်။ ဆောင်းပါးကို “သူသည်လူထုထဲမှ သူတဦးဖြစ်၍ လူထူနှင့်ဆက်စပ်နေ၍ လူထုခေါင်းဆောင်ဖြစ်လာသည်ဖြစ်ပေလိမ့်မည်။ “ လို့ဆုံးထားတာ ကျနော့ခေါင်းထဲက မထွက်နိုင်။
    ဗိုလ်ချုပ်အောင်ဆန်းကမူ “ဌေးမြိုင်ကတော့ ကိုယ့်ကိုအရိုင်းလို့ရေးတယ်၊ ကိုယ်ဒီလောက်လည်း မရိုင်းသေးပါဘူးကွာ” ဟုပြောသည်ဟုကြားရ၏ လို့ ဆရာဒဂုန်တာရာက ရုပ်ပုံလွှာစာအုပ်ထဲမှာရေးတယ်။ အဲဒီအချိန်က သူတို့နှစ်ယောက် စလုံး အသက် ၃၀ မပြည့်တပြည့်။
    အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အဘယ့်ကြောင့် ရယ်ရယ်မောမောနဲ့ လက်ခံတာလဲ?
    နှစ်အတန်ကြာ ဆရာဒဂုန်တာရာနဲ့ ရင်းနှီးလာတော့ ကိုအောင်ဆန်းဟာ လူတွေထဲ သူလို ငါလိုနေချင်တဲ့ လူတယောက်လို့ ထပ်ပြောပြတယ်။
    နောက်တယောက်ကတော့ ဖဆပလ တောင်တန်းဒေသ ဌာနခွဲ အတွင်းရေးမှူး ဦးဖေခင်ပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုပ်ငန်းအရ သာမက လူချင်းပါ ရင်းနှီးသူမို့ သူ့စိတ်နေသဘောထား ကောင်းကောင်းသိသူ။
    “အင်မတန်အမြင်ကျယ်၊ အမြော်အမြင်ကြီး၊ သဘောထားပြတ်သားတဲ့ အမျိုးသားခေါင်းဆောင်ကြီးပါ၊ ဒါပေမယ်လို့ သာမန်လူတယောက်ထက် တပြားသားလောက်မှ အခွင့်ပို မယူချင်ဘူး၊ သိပ်လူဆန်တာ “လို့ ပြောပြဖူးတယ်။
    ၁၆ နှစ်သားအရွယ် သူ့ကိုအားကျ စိတ်ကူးယဉ်ခဲ့ရာကနေ၊ သူ့အကြောင်း စိတ်ဝင်စားလို့ ဖတ်ခဲ့တာ၊ သိခဲ့တာ၊ လေ့လာခဲ့တာတွေ နှစ် ၆၀ ကျော်လာတော့ အများကြီးပါ။ အဖြစ်မှန်မသိရရှာလို့ စိတ်ကူးနဲ့မှန်းကာ ဗိုလ်ချုပ်အောင်ဆန်းအား တမ်းတနေရသူများကိုလည်း ရည်ရွယ်ကာ မျှဝေပါ့မယ်။
    စာဖတ်သူများနဲ့ အတူတွေးဖို့ ရေးလိုက်ပါပြီ၊ လူအောင်ဆန်း အကြောင်း(၁)
    ၂၀၁၅ ခု၊ ဖေဖော်ဝါရီလ ၁ ရက်နေ့။
    ———————————————————————
    လူအောင်ဆန်း (၂)
    29016_501521013223707_619323566_n
    သူဟာလူတွေကြားက မွေးလာတဲ့ လူထုခေါင်းဆောင်အစစ်မို့ ဆင်းရဲနွမ်းပါးတဲ့ တောသားလေး အနေနဲ့ချစ်တာပါ။ ၁၉၆၂ ခု၊ နောက်ပိုင်း စစ်အာဏာရှင်စနစ် လက်အောက် မြန်မာပြည် ဆင်းရဲနိမ့် ကျသွား နေတဲ့ထဲ နှမျောစရာအကောင်းဆုံးက လူတွေရဲ့အတွေးအခေါ်ပါ။
    ထွက်ပေါက်မမြင်လို့ အားကိုးအားရှာတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းကို တွေ့ပါရဲ့။ ဒါပေမယ်လို့ သေသေချာချာမသိ ၀ိုးတ၀ါးဝါး၊ ရင်ထဲကသူ့ကိုချစ်ပေမယ့် ပုံစံသွင်းခံ ( Brain Wash) ခေါင်းထဲမှာ ရောထွေးနေတာကို နားလည် စိုးရိမ်ခဲ့တာ ကြာပါပြီ။
    ခုတော့ လမ်းပေါ်ထွက်လာတဲ့ ကျောင်းသားများက မျှော်လင့်ချက်ရောင်ခြည် မဟုတ်လား?
    သူတို့အရွယ်က ကိုအောင်ဆန်းကို ကြည့်ကြပါစို့။
    နတ်မောက်က ၇ တန်းအောင်လာတော့ ရေနံချောင်း၊ အမျိုးသားကျောင်းအုပ် ဦးဘ၀င်းက သံသေတ္တာ တလုံးဝယ်ပေးပြီး အ၀တ်အစားတွေ သပ်သပ်ရပ်ရပ် ထည့်သိမ်း သော့ခတ်ထားခိုင်းတယ်။ သင်ပေးတဲ့အတိုင်း လုပ်ပြီး သော့မပျောက်စေနဲ့ဆိုလို့ နံရံမှာသံတချောင်း ရိုက်ကာ ချိတ်ထားလိုက်သတဲ့။
    စာဖတ်သူတို့ ဘယ်လိုတွေး ဘယ်လိုမြင်သလဲ? သော့ပျောက်သွားရင် အရိုက်ခံရမှာ စိုးလို့လား? ဘယ်သူခိုးက လာဖွင့်မှာလဲလို့ တွေးမိလို့လား? အဲဒီခေတ်အခါက ရှိခဲ့ဖူးတဲ့ လူ့ယဉ်ကျေးမှု အဆင့်အတန်း (Standard of Human Culture) အရ ထော်လော်ကန့်လန့် ဂွတိုက်တာတော့ ဘယ်နည်းနဲ့မဖြစ်နိုင်။
    ရန်ကုန်တက္ကသိုလ်ရောက် လာတဲ့နှစ်မှာပဲ ပဲခူးဆောင် သဟာယနှင့်စာဖတ်အသင်း ( Social and Reading Club) မှာ အမှုဆောင်အဖြစ် ၀င်ပြိုင်တော့ ၃၄မဲ ၂၉ မဲနဲ့ရှုံးသွားတယ်။ အစဉ်အလာမဟုတ်ဘဲ ကျောင်းသားသစ် တယောက် ၂၉ မဲရအောင် သူ့စည်းရုံးနိုင်စွမ်းကို မြင်နိုင်ပါလိမ့်မယ်။
    တကသ ဆွေးနွေးပွဲတွေ မှာ ၀င်မေးဝင်ပြောတဲ့အခါ အင်္ဂလိပ်စကားပြော အဆင်မပြေပုံကိုကြည့်ရင်း သူ့အကို ကိုအောင်သန်းကရှက်မိတယ်။ သူကိုယ်တိုင်လည်း သိမှာပေါ့။ သူဘာလုပ်သလဲ?
    အင်္ဂလိပ်လို အင်မတန်အပြောကောင်းတဲ့ ဒေါက်တာဘမော်ကို သဘောကျလာကာ သူ့အခန်းရှေ့မှာ ခြေဟန်လက်ဟန်နဲ့ လေ့ကျင့်နေပုံ အဆောင်သားတွေ ပြုံးကြသတဲ့။ အသံထွက်တို့ လေယူလေသိမ်းတို့ကို စိတ်နဲ့သာမှတ်ခဲ့ရတာကို သတိပြုကြပါ။
    သူနောက်ဆုံးမိန့်ခွန်း ပြောသွား ချိန်ထိ ကမ္ဘာပေါ်မှာ တိပ် ရက်ကော်ဒါ မပေါ်သေးပါဘူး။
    လူငယ်များကို အားပေးတဲ့ “ဗိုလ်ချုပ်အောင်ဆန်းသည် မိုးပေါ်ကကျလာသူမဟုတ်” ဆောင်းပါး ကျနော်ရေးခဲ့ဖူးတယ်။ ယနေ့ ကျောင်းသားတွေကို မြင်တော့ကိုယ်တိုင်လည်း အားတက်ရပြီ။
    လူကိုလူလိုမြင်၊ လူလိုတန်ဖိုထားတဲ့ လူသားစိတ်ထား ( Humanism) ရှိသူ လူအောင်ဆန်းကို အားကျကြိုးစားပါက အမျိုးသားခေါင်းဆောင်ကြီး ဖြစ် မလာတာတောင်၊ သင့်ပတ်ဝန်းကျင်ရှိ လူတွေနဲ့ဆက်သွယ်ရေးလမ်းကြောင်း ( Line of Communication) ပီပြင်ထိရောက်လာမှာမုချ။
    အဲဒီရည်မှန်းချက်နဲ့ လူအောင်ဆန်း (၂) ကိုရေးတာပါ။
    ၂၀၁၅ ခု၊ ဖေဖော်ဝါရီလ ၃ ရက်နေ့။
    —————————————————-
    လူအောင်ဆန်း (၃)
    559993_501521386557003_520394354_n
    အောင်ဆန်းဆိုတာ တကသ၊ ဗကသ၊ ကျောင်းသားသပိတ်ရဲ့အမှတ်အသားမို့ ယနေ့အခြေအနေနဲ့ ဆက်စပ်တွေးတောကြဖို့ လူအောင်ဆန်း(၃) ကိုရေးလိုက်ပါပြီ။ ကိုအောင်ဆန်း တက္ကသိုလ် ရောက်လာတဲ့အခါ တကသ အမှုဆောင် ကိုသိန်းဖေ၊ကိုကျော်ငြိမ်းတို့နဲ့ အသိဖြစ်လာ၊ သထုံဆောင်က Hall Tutor ဦးအုန်းက ဘီအယ်လ် လာတက်နေတဲ့ ကိုနုနဲ့ မိတ်ဆက်ပေးပြီး နိုင်ငံရေးဆွေးနွေးလေ့ ရှိကြတယ်။ ၁၉၃၅-၃၆ ကိုနုဦးဆောင်တဲ့ အမှုဆောင်အဖွဲ့မှာ ကိုအောင်ဆန်း အိုးဝေမဂ္ဂဇင်း တာဝန်ခံဖြစ်လာပြီး၊ သူရေးတဲ့ အနိုင်မခံ စိတ်ဓာတ် ဆိုတဲ့ အယ်ဒီတာ့အာဘော်က လျှမ်းလျှမ်းတောက်ပါ။
    Hell Hound at large ငရဲခွေးကြီးလွတ်နေပြီ ဆောင်းပါးရေးသူ ရာမမင်း ဘယ်သူလဲဆိုတာ အယ်ဒီတာ့ကျင့်ဝတ် အရ၊ ထုတ် မပြောရာကနေ ဒုတိယ ကောလိပ်သပိတ်ကြီးဖြစ်လာပြီ။ ဂျပ်ဆင်ကောလိပ်၊ မန္တလေးဥပစာကောလိပ် ကျောင်းသားသမဂ္ဂတို့ ကလည်းပူးတွဲ သပိတ်မှောက်ကာ အချက် ၁၀ ချက်တောင်ဆိုတယ်။ သပိတ်မှောက်ကျောင်းသားများအား ဒီးဒုတ်ဦးဘချို ခေါင်းဆောင် တဲ့ စောင့်ရှောက်ရေး အဖွဲ့က နေထိုင်စားသောက်ရေး တာဝန်ယူ၊ တို့ဗမာအစည်းအရုံးက သခင်များက လာရောက်အားပေး၊ သတင်းစာများက ထောက်ခံရေးသားကြလို့ ဗမာတပြည်လုံး သပိတ်သတင်းနဲ့ အောင်ဆန်းနာမည် သိသွားကြတယ်။ သပိတ်မလှန်လို့ မတ်လမှာစစ်နေကျ စာမေးပွဲ ဇွန်လသို့ရွှေ့ပေးလိုက်ရ၊ တောင်းဆိုချက်ထဲ မပါတဲ့ ကျောင်းအုပ်ကြီး မစ္စတာစလော့ နေရာမှာ ဦးဖေမောင်တင်ဖြစ် လာတာတောင် အပိုရလိုက်သေး။
    ကိုအောင်ဆန်းတို့ဟာ ဒေါက်တာဘမော်၊ တက္ကသိုလ်ကောင်စီဝင်များ၊ အစိုးရ၊ ပါလီမန်တို့နဲ့ဆွေးနွေးမှုတို့ကြောင့် နိုင်ငံရေးနိုးကြားမှု များစွာရရှိလိုက်ကြောင်း မှတ်တမ်းတင်ကြတယ်။ အထူးခြားဆုံးက တန်းမြင့်ကျောင်းများအထိ ပြန့်သွားလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) All Burma Students’ Union (ABSU) မွေးဖွားလာခြင်းပါ။ ပထဆုံး ဗကသ မှာ ကိုရာရှစ် ဥက္ကဌ ဖြစ်လာတယ်။ ၁၉၃၇ ခု၊မေလ ဦးရာဇတ်ရဲ့ မန္တလေးအမျိုးသားကျောင်းမှာ ကျင်းပတဲ့ ဗကသ ညီလာခံ စိတ်ဝင်စားစရာကောင်းပုံကိုကြည့်ပါ။
    မဟတ္တမဂန္ဒီနဲ့ အိန္ဒိယ နိုင်ငံလွတ်လပ်ရေး တိုက်ပွဲဝင်နေသူ ပန်ဒစ်ဂျဝါလာနေရူးအား ဧည့်ခံကော်မတီမှ ကိုဗဟိန်းက ကြိုဆိုစကားပြောပြီး ဗကသ ဥက္ကဌသစ် ကိုအောင်ဆန်းရဲ့ မေတ္တာရပ်ခံချက်အရ အဖွင့်မိန့်ခွန်းပြောကြားခြင်းပါ။ အဲဒီခေတ်က အခြေအနေကိုအရ နယူးဒေလီကနေ ကာလကတ္တားက ရက်အတန်ကြာ မီးရထားနဲ့၊ အဲဒီကနေ ရက်များစွာ သင်္ဘောစီး၊ ရန်ကုန်ရောက်၊တခါ မန္တလေးကို ခရီးဆက်၊ အချိန်ကြာမြင့်စွာ ဝေးကွာလှတဲ့ခရီး အပင်ပန်းခံကာ ဘာမှမဟုတ်သေးတဲ့ အသက် ၂၂ နှစ် ကျောင်းသားခေါင်းဆောင်လေး ကို လာရောက် ဂုဏ်ပြုတွေ့ဆုံရတာလဲ? စာဖတ်သူများ စဉ်းစားကြပါ။ ဘာရနိုင်မှာမို့လဲ? နေရူးသေတဲ့ထိ ဘာရသွားလဲ ? ကျောင်းသားတွေ သမဂ္ဂ ဖွဲ့တာ သပိတ်မှောက်တာ အင်္ဂလိပ်တွေဆီက တတ်တာမဟုတ်လား? သံကြိုးစာသာ ဒီဆောင်းပါးတိုလေးထဲ ဖော်ပြထားတဲ့ နာမည်တွေထဲ လူမျိုးစုံ ဘာသာစုံပါပေမယ့် တူညီချက်တခုကတော့ သူတို့အားလုံး လူတွေမဟုတ်လား? အဲဒီလိုအခြေအနေက ထွက်လာတဲ့ အောင်ဆန်းဟာ လူမျိုးစွဲ ဘာသာစွဲ အကင်းဆုံး လူထုခေါင်းဆောင်အစစ် ဖြစ်လာတာ ထူဆန်းလား? Diversity in Unity ဆိုတာ မမြင်သေးတဲ့ အသက် ၂၂ နှစ်အထက်လူတွေ သူနဲ့ဆိုင် မဆိုင်တွေးနိုင်ကြဖို့။
    လူကိုလူမြင်သူများအတွက် လူအောင်ဆန်း(၄) ဆက်ရေးပါ့မယ်။
    ၂၀၁၅ ခု၊ ဖေဖော်ဝါရီလ ၅ ရက်နေ့။
    ———————————————
    လူအောင်ဆန်း (၄)
    ၁၉၃၇ ခု၊ မေလ မှာ ဗကသ ဥက္ကဖြစ်လာတဲ့ ကိုအောင်ဆန်းဟာ မတ်လမှာ ဘီအေ အောင်ပြီးသားမို့ တကသ ကိုခေါင်းဆောင်နိုင်ရေး တက္ကသိုလ်ကျောင်းသားဖြစ်ရမယ်၊ အဲဒီအတွက် ဘီအယ်လ် တက်တာလို့ယူဆနိုင်တယ်။ ကျနော်တို့ခေတ်မှာ ဘီအေ အောင်သွားတဲ့ ဘောလုံးသမား ထွန်းအောင်က တက္ကသိုလ်အသင်းမှာ ဆက်ကစားချင်တယ်ဆိုတော့ ဆရာငြိမ်းက ဘီအယ်လ် တက်ခိုင်းလို့ ကစားခွင့်ရခဲ့ပုံနဲ့ ယှဉ်ပြီး တွေးကြည့်ပါ။
    ဒီပုံဟာ ဘီအယ်လ် ပထမနှစ် တကသ ဥက္ကဌ ကိုအောင်ဆန်း။ အဲဒီခေတ်က လူကုံတန်တွေသာ တက်နိုင်တဲ့ ရန်ကုန်တက္ကသိုလ်မှာ ကိုအောင်သန်းနဲ့သူ တချိန်တည်းတက်နိုင်တာကိုကြည့်၊ ကျောင်းပိတ်ရက် ငွေလိုတော့ ဆောင်းပါးရေး၊ မြန်မာ့အလင်းသတင်းစာမှာ ကိုဗဟိန်းနဲ့အတူ နိုင်ငံခြားကြေးနန်းသတင်းတွေ ဘာသာပြန်နဲ့ ရှာတယ်၊ တို့ဗမာအစည်းအရုံးမှာ အထွေထွေအတွင်းရေးမှူး လုပ်နေတဲ့ သခင်အောင်ဆန်း ဘယ်လိုလုပ် စားရမဲ့သောက်ရမဲ့ ဖြစ်နိုင်ပါ့မလဲ? သူ့လိုလူကို ကျွေးချင်တဲ့ဆိုင်တွေ အိမ်တွေအပြိုင်ဖြစ်နေမှာပါ။
    ကဲ စစ်ပြီးခေတ်ကိုကြည့်ကြပါစို့၊ ဗမာပြည်မှာ ဘုရင်ခံပြီးရင် ရာထူးအမြင့်ဆုံးပုဂ္ဂိုလ်လေ၊ ဗြိတိသျှ ဥပဒေ(System) အရ၊ လစာမပေးလို့မရ၊ သူကလည်းမယူလို့မရ (Obligation)၊ ဘယ်လောက်ဆိုတာမသိ၊ မှန်းနိုင်အောင်လို့ အင်္ဂလိပ်ခေတ်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးခဲ့ဖူးတဲ့ “ တောင်ကျရေ နွားနှစ်ကောင် သောက်လို့မ၀သလိုပ၊ မောင်ဘဘေ ၅၀၀၀ိ မစားရတာကြောင့်” ဆိုတာနဲ့တွေးကြည့်ရင် နည်းမှာ မဟုတ်ဘူး။
    လန်ဒန်ကိုအသွား နေရူးကြီးက မျက်နှာပန်းလှအောင် ညီငယ်တယောက်လိုချစ်လို့ ၀တ်စုံသစ် ၀ယ်ပေးတာလို့ ယူဆတယ်။အမြင်အမျိုးမျိုးရှိနိုင်ပေမယ့် ကျနော်ထောက်ပြချင်တာက သူမဆင်းရဲဘူးဆိုတာပါ။ ဗမာတပြည်လုံးက ချစ်ခင်ကြည်ညိုလေးစားလို့ ငွေတွေသောက်သောက်လဲသာမက လက်ဝတ်လက်စားတွေ တောင်ချွတ်လှူကြတာ၊ သူ့ကိုပေးတာတွေလည်း လွတ်လပ်ရေး ရန်ပုံငွေထဲထည့်ပစ်လိုက်တာ လူတိုင်းအသိ။ စီးကရက်သံဗူးနဲ့အပြည့် ရွှေဒင်္ဂါးပြားတွေ သခင်နုကိုပေးသွားကြောင်း စနေတာတေသားထဲမှာ ရေးထားတယ်။
    အဲဒီတော့ သမီးလေးအတွက် နားကပ်မ၀ယ်နိုင်လို့ အမွေသွားတောင်းပါ့မလား? အဘက်ဘက်ကပျက်နေတဲ့ ခုခေတ်စိတ်ကူး ပြန်စဉ်းစားနိုင်အောင် အချက်အလက် ဝေငှတာပါ။ သူ့အကြောင်းဖတ်ထား လေ့လာထားသူ အနေနဲ့ဆက်ပြီး ရေးပါရစေ၊ သူ့ခေါင်းထဲ အမွေဝေးလို့ ရွှေလည်းမရှိ ငွေဆိုတာလည်း မသိ။ တိုင်းပြည်လွတ်လပ်ရေးရဖို့သာ ပထမ၊ဒုတိယ၊တတိယ၊ အဓိက။ ရိုးရိုးတန်းက ဗိုလ်ထွန်းလှနဲ့ ရုပ်ရှင်သွားကြည့်တာဟာ သာမန်လူတွေထက် ဘာအခွင့်အရေးမှ ပိုမယူချင်တဲ့၊ လူထုကြားမှာလူတယောက်အနေနဲ့ နေချင်တဲ့သူ့ရဲ့ပင်ကိုယ်စိတ်ထား။ ဒါပေမယ့် တာဝန်အရ ခရီးသွားတဲ့အခါ မီးရထားနဲ့ ရိုးရိုးတန်းက သွားလို့မရဘူး။ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ တာဝန်ခွဲကြည့်နိုင်ဖို့ လူအောင်ဆန်း (၄) ကိုရေးတာပါ။
    ၂၀၁၅ ခု၊ ဖေဖော်ဝါရီလ ၅ ရက်နေ့။
    ——————————————————
    လူအောင်ဆန်း (၅)
    182632_501521146557027_1348636344_n
    နိုင်ငံတနိုင်ငံ အပြောင်းအလဲဖြစ်ဖို့ ကျောင်းသားလူငယ်ဟာ အဓိကအားဆိုတာ သူ့ကိုယ်တွေ့။ဒုတိယ ကျောင်းသားသပိတ်အပြီး ရလိုက်တဲ့ နိုင်ငံရေးအသိနဲ့ သူတို့တတွေ ၀င်သွားတော့ တို့ဗမာအစည်းအရုံး ပြောင်းလဲပီပြင်လာတယ်။ လူငယ်ရဲ့သဘာဝကိုယ်က ပြတ်သားတယ်၊ ရဲရင့်တယ်၊ စွန့်လွှတ် အနစ်နာခံတယ်။ အဲဒါကြောင့် ဂျပန်ခေတ်မှာ အာရှလူငယ်လှုပ်ရှားမှုကို သူအကြီးအကျယ် အားပေးတာပါ။ သူကလူငယ်တွေကို တန်ဖိုးထားလို့လည်း လူငယ်တွေက သူ့ကိုကြည်ညိုလေးစားချစ်ခင်ကြတာပေါ့။ ကျနော့ခေါင်းထဲ ပေါ်သလောက် “ တည်တည်ကြည်ကြည် ရိုးရိုးနဲ့မှန်တာကိုပြောမည်၊ ဘယ်မိန်းမကိုမှ မချစ်ခဲ့သည်၊ ဆရာမကိုပဲ အသဲစွဲချစ်တော့သည်” ဆိုတာ သူနဲ့ဒေါ်ခင်ကြည် လက်ထပ်ပွဲမှာ ကရင်လူငယ်လေးတွေ ဂစ်တာတီး သီဆိုကြတဲ့ မင်္ဂလာလက်ဖွဲ့တေးပါ။
    ၁၉၄၆ ခု၊ဇန်န၀ါရီလ ဖဆပလ ညီလာခံသို့ စွန့်စွန့်စားစာ လျှို့ဝှက်စွာ တက်လာကြတဲ့ ကိုတင်အေးခေါင်းဆောင်တဲ့ ရှမ်းပြည်လူငယ် ၉ ယောက်ထဲ ရှမ်း၊တောင်သူ၊ဓနု၊ပအို့၊အင်းသားတို့ပါဝင်ကြတယ်။ ၁၉၄၇ ခု၊ဖေဖော်ဝါရီလ ရှမ်းစော်ဘွားများနဲ့စေ့စပ်လို့မရ၊ ပွဲဖျက်ကာ ဗိုလ်ချုပ်က ရန်ကုန်ပြန်ဖို့ RAF VIP FLIGHT ဗိုလ်ထွန်လှအား စီစဉ်ဖို့အမိန့်ပေးပြီးပြီ၊ အဲဒီအချိန်မှာ သူအင်မတန်ကြိုက်တဲ့ ဆိတ်သားခပတ်နဲ့ ပလတာကျွေးထားကာ ကိုတင်အေးတို့ ရှမ်းလူငယ်တွေ ကန့်ကွက်ဆန္ဒပြ ကြလို့ ရှမ်းစော်ဘွားများ စိတ်သဘောထားပြောင်း၊ ပြန်လည်စေ့စပ်ဆွေးနွေးရာကနေ ပင်လုံစာချုပ် လက်မှတ်ရေးထိုး နိုင်ခဲ့ပုံ မှတ်တမ်းတွေ ရှိပါတယ်။
    ကဲ ကချင်ဘက်လှည့်ကြည့်ကြရအောင်။ မန်ခိန်း MAN HKRING ရွာမှာ လွတ်လပ်ရေးတိုက်ပွဲမှာ အတူပါဝင်ကြဖို့၊ လွတ်လပ်ရေးရတဲ့အခါ လွတ်လပ်စွာအုပ်ချုပ်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးမယ့်အကြောင်း ဗိုလ်ချုပ်ကဟောပြော အပြီးပျော်ရွှင်ကြ ရင်းနှီးချစ်ခင်ကြလို့ ဓာတ်ပုံရိုက်ကြတဲ့အခါ အမှတ်တရဖြစ်စေဖို့ သူ့ကိုကချင်လိုဝတ်စေချင်တဲ့ ဆန္ဒကို သဘောတူကာ ကချင်အမျိုးသမီး ၆ ယောက်နဲ့ရိုက်တယ်။ အဲဒီမှာတင် ကချင်လူငယ်လေး တယောက်က “ ဒီပုံကို အန်တီဒေါ်ခင်ကြည် မြင်သွားရင်တော့ ကြည့်စမ်းဆိုပြီး ဗိုလ်ချုပ်ကို ဗိုက်ခေါက်ဆွဲလမ်လိမ့်မယ် ထင်တယ်” လို့ပြောတော့ သူဘယ်လိုမှာ မထိန်းနိုင်ဘဲ ရယ်လိုက်ချိန်မှာ ဓာတ်ပုံဆရာ ဦးပုလေးက ထိထိမိမိရိုက်လိုက်တာတဲ့။ အလွန်တွေ့ရခဲတဲ့သူရယ်နေတဲ့ဓာတ်ပုံ။ အမျိုးသားခေါင်းဆောင်ကြီးကို ဘယ်ကချင်ခေါင်းဆောင်က အဲဒီလိုနောက်ရဲမှာလဲ? ကချင်လူငယ်လေးကတော့ သားကအဖေကို ချစ်သလိုချစ်လို့ စိတ်ထဲရှိတာ ပါးစပ်ကထွက်သွားတာ နေမှာပေါ့။
    ကျနော့ကိုယ်တွေ့နဲ့ ယှဉ်တွေးကြည့်တော့ ဟုတ်ပါလိမ့်မယ်။ ကျနော်တို့ဘာဖြစ်လို့ ဗိုလ်ချုပ်ကို ချစ်ကြတာလဲ? လွတ်လပ်ရေးယူပေးလို့လား? လွတ်လပ်တဲ့နိုင်ငံသားနဲ့ ထိုက်တန်အောင် နေတတ်အောင် သွန်သင်လမ်းညွှန်ပြစဉ်က ကျနော်အသက် ၁၀ နှစ်ကျော်ကျောင်းသား၊ ဒါပေမယ့် ကချင်လူငယ်လေးလို ဗိုလ်ချုပ်ကို ချစ်တယ်။ ခုအသက် ၈၀ နီးပါးအချိန် ပြည်လည်သုံးသပ်လိုက်တယ်၊ မိဘဟူသည် သားသမီးတိုင်းကိုချစ်တယ်၊ ကျောင်းဆရာကောင်းဟူသည် ဥာဏ်ကောင်းစာတော်တဲ့ ကျောင်းသားကို မျက်နှာသာပေးချင်မှာပေးမယ်၊ ဥာဏ်ထိုင်းတဲ့စာညံ့တဲ့ ကျောင်းသားကိုတော့ ပိုမိုဂရုစိုက်သင်ပေးမြဲ မဟုတ်ပါလား? ဗိုလ်ချုပ်က လူငယ်တွေကို မိဘအနေနဲ့ ကျောင်းဆရာ ကောင်းအနေနဲ့ ချစ်တာလို့ပြောပါရစေ။
    အဲဒီတော့ မဆလ ခေတ်လမ်းစဉ်လူငယ်တွေထဲက ဖုန်းမော်တို့ ထိုးထွက်လာခဲ့နိုင်တာကို ယနေ့လူငယ်တို့ ပြန်သတိရပါ။ ဗိုလ်ချုပ်ကို ချစ်တယ်ဆို၊ နံပြားနဲ့ပဲပြုတ်စားချင်စား၊ နတ်မောက်ကိုသွားချင်သွား၊ သူ့လိုအမြင်ကျယ်၊ သူ့လိုသဘောထားကြီးရင် ခွဲခြားဆက်ဆံမှု ( DISCRIMINATION) ကင်းတဲ့ အောင်းဆန်းလေးတွေ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ယုံကြည်သမို့ လူအောင်ဆန်း (၅) ကိုရေးလိုက်ရကြောင်းပါ။
    ၂၀၁၅ ခု၊ဖေဖော်ဝါရီလ ၉ ရက်။
    ——————————————————
    လူအောင်ဆန်း (၆)
    427193_501521026557039_2011562461_n
    ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဒီပုံကို ၁၉၅၆ ခုနှစ်၊ ဦးသိန်းဖေမြင့်အိမ် ဧည့်ခန်းမှာ ကားလ်မတ်၊ အိန်ဂျယ်တို့နဲ့ အတူချိဆွဲထားတာ ပထမဆုံးမြင်ဖူးကတည်းက သူ့ပင်ကိုယ်စရိုက်၊ ထူးခြားတဲ့ ပင်ကိုယ်အရည်အသွေး ( Personality) ဖော်ညွှန်းတယ်လို့ ခံစားမိခဲ့တယ်။
    ဖဆပလ က သူ့ပုံသုံးကာ မဲဆွယ်နေချိန် ပမညတ ခေါင်းဆောင် အိမ်မှာ ဘာဖြစ်လို့ အခန့်သားရှိနေရတာလဲ? ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု (Personality cult) တော့ ဖြစ်နိုင်မယ်မထင်၊ မေးမကြည့်မိခဲ့။ သခင်သန်းထွန်းနှုတ်ထွက် သွားလို့ ဖဆပလ အထွေထွေ အတွင်းရေးမှူး နေရာအတွက် သူအရွေးခံတော့ ဗိုလ်ချုပ်ထောက်ခံတဲ့ ဆိုရှယ်လစ် ဦးကျော်ငြိမ်းနိုင်သွားတယ်။ “ ခုလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးကျော်ငြိမ်း ၂ ယောက်ပေါင်းကို ရှုံးပေမယ့် ” လို့ပြောကာ ဦးကျော်ငြိမ်းအောက်မှာ လုပ်ဖို့သဘောတူလိုက်ခြင်းဟာ ဗမာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေး တွေရောထွေးနေတာ ကြည့်ပါ။ အဲဒါကြောင့် လူအောင်ဆန်း အကြောင်းရေးတဲ့အခါ သူနဲ့တိုင်းပြည်၊ သူနဲ့လူထုဆက်ဆံရေးကိုသာ ရေးပါ့မယ်။
    ၁၉၄၇ ခု၊ နောက်ပိုင်း သူမိသားစုကိစ္စ၊ ဒေါ်ခင်ကြည် သန့်ရှင်းဖဆပလ အတွက်လုပ်ပေးတာ၊ ဒေါ်စုရဲ့ NLD တို့ကို စာဖတ်သူများ သီးခြားလေ့လာပါ။ သူတဦးတယောက်ချင်း ကိုသာချဉ်းကပ်လို့ မြင်တွေ့တာတွေ သူကိုချစ်ကြသူ လူကြီလူငယ်တို့အား ဝေငှပါ့မယ်။ သူဖြတ်သန်းသွားတဲ့ ဘ၀တလျှောက်လုံးကို လေ့လာကြည့်ရင် သူဟာ ပင်ကိုယ်မူရှိသူ ဆိုတာ နတ်မောက်ကျောင်းသားလေးကနေ အမျိုးသားခေါင်းဆောင်ကြီး အထိ တွေ့ရတယ်။ ရှေ့နောက်မညီတာ ဘယ်တော့မှမလုပ်၊ ခုတမျိုးတော်တော်ကြာတမျိုး ဘယ်တော့မှမပြော၊ အဲဒါသူ့မှာမူရှိတယ်ဆိုတာ ပြတာမဟုတ်လား?
    လူထုကို ၄၊၅၊၁၀ လှမ်းလှမ်းခိုင်းချိန် ကြည့် သူကိုယ်တိုင် သွားသုတ်သုတ် လာသုတ်သုတ် မဟုတ်လား? သူ့မှာဆင်းရဲတာက ငွေမဟုတ်၊ အချိန်ပါ။ သူ့မိန့်ခွန်းတွေကို နားထောင်ကြည့်တဲ့အခါ ခေါင်းထဲပေါ်လာတာကို ပါးစပ်ကတန်းပြောတာလေ။
    ကျနော်တို့ ဘောလုံးပွဲက တိုက်ရိုက်အသံလွှင့်တဲ့အခါ မျက်စိထဲမြင်တာကကို တန်းပြောရမြဲမို့ နားလည်တာပါ။ အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းမှာ တွေဝေခြင်း (Second Thought)ကင်းတာ။
    ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး မစ္စတာစလော့က “ You are revolutionary” လို့ဆိုတဲ့အခါ ချက်ချင်း “ Yes, but peaceful revolutionary” လို့ပြန်ဖြေလိုက်တယ်။
    တော်လှန်ရေးကာလအတွင်း မဟာမိတ်တပ်က ဗိုချုပ်စလင်းနဲ့ လျှို့ဝှက် သွားတွေ့စဉ်၊ “ မင်းကိုငါဖမ်းနိုင်တယ်၊ မကြောက်ဘူးလား” လို့မေးတော့ “ No. I trust you. Because you are British officer” တဲ့သူ့အဖြေက။ “ Aung San scored me “ ဘောလုံးစကားနဲ့ပြောရရင် အောင်ဆန်းက ဂိုးသွင်းလိုက်တယ်၊ လက်ဝှေ့စကားနဲ့ဆို အောင်ဆန်းက အလဲထိုးလိုက်တယ်လို့ ဗိုချုပ်စလင်းကသူ့ရဲ့ “ Defeat Into Victory” ထဲမှာရေးထာတာ မှတ်မိသေးတယ်။ ဖတ်သင့်တဲ့စာအုပ်ကောင်းပါ။
    နောက် အတုယူသင့်တာက သူဟာမှားရင် ပြင်ဖို့ဝန်မလေးဘူး။ ၁၉၃၆ ခု၊ သပိတ်အပြီး အမျိုးသားတက္ကသိုလ်အတွက် အစည်းအဝေးမှာ ဆာဦးသွင်လို သူဌေးကြီးက ငွေ ၁၀၀၀ိ၊ သာထည့်တာ နည်းလွန်တယ်လို့ သူပြောလိုက်တဲ့အခါ၊ မျက်စိမျက်နှာပျက်ကုန်ကြသတဲ့။ အမျိုးသားပညာဝန် ဦးဖိုးကျားက “ အချိန်ကုန်ခံကာ နာယကလုပ်ပေးနေတဲ့ စေတနာက ပိုကြီးမားပါတယ်” လို့ရှင်းပြတဲ့အခါ၊ “ ဟုတ်သားပဲ” ဆိုတဲ့ သူ့အသံကြောင့် အားလုံးပြုံးနိုင်ကြတယ်။
    ဂျပန်ခေတ်မှာ စစ်ဗိုလ်တယောက်ကို အဆင့်နိမ့်ပုလိပ်က ဖမ်းတော့ အဓိပတိကြီးကို သူသွားတိုင်ရာ၊ ဒေါက်တာဘမော်က “ ခင်ဗျားကိုယ်တိုင် BL တက်ခဲ့တာပဲ၊ ဥပဒေအရ အရေးယူတဲ့အခါ ရာထူးအဆင့်မလိုဘူးလေ” လို့ထောက်ပြလိုက်တဲ့အခါ သူချက်ချင်းသဘောပေါက်သွားပုံ Break Through In Burma စာအုပ်ထဲ ဒေါက်တာဘမော်က ရေထားတယ်။ ခေတ်ပျက်၊ စနစ်ပျက်၊ အကျင့်ပျက်နေချိန်မှာ သူ့လိုလုပ်ဖို့ ခက်မယ်လို့ဆိုလာရင် “ လောကဓံတရား၏ လက်ခုပ်တွင်းသို့ ဘယ်လိုပင်ကျရောက်စေကာမူ ငါကားမတုန်မလှုပ်၊ မငိုကြွေး ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့် ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏၊ သို့သော် ညွတ်ကား မညွတ်” ဆိုတဲ့ အိုးဝေမဂ္ဂဇင်းမှာ သူရေးတဲ့အယ်ဒီတာ့အာဘော် တပိုင်းတစကို ထောက်ပြပါရစေ။ လူတွေထဲလူ၊ဒါပေမယ့် အာဂလူမို့ လူတွေထဲက လူတိုင်းအတုယူကြဖို့ လူအောင်ဆန်း (၆) ကိုရေးလိုက်ရကြောင်းပါ။
    ၂၀၁၅ ခု၊ဖေဖော်ဝါရီလ ၁၁ ရက်။
    ဗိုလ်ချုပ် အောင်ဆန်း ဘဝမှတ်တမ်း ဓါတ်ပုံများ ကြည့်လိုလျှင် =>https://www.facebook.com/media/set/?set=a.501249889917486.100008.468226919886450&type=3
  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅)
    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅
    M-Media
    – ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို နှောက်ယှက်ရန်ရည်ရွယ်သော အမေရိကန်၏ ကျူးကျော်စစ် ဆင်နွှဲရေး ဆောင်ရွက်မှုကို တောင်ကိုရီးယားက ခင်တွယ်နေပါက ၀မ်းနည်းစရာကောင်းသည့် အဆုံးသတ်မှ လွတ်မြောက်နိုင်မည်မဟုတ်ဟု မြောက်ကိုရီးယားက ယမန်နေ့တွင် သတိပေးခဲ့ပြီး အမေရိကန်၏ ပေါ်လစီကိုစွန့်၍ လွတ်လပ်သော ပြန်လည်ပေါင်းစည်းရေးအတွက် မြောက်ကိုရီးယားနှင့် အလုပ်တွဲလုပ်ရန် တိုက်တွန်းခဲ့သည်။
    – လစ်ဗျားမှ ဒုက္ခသည် ၁၀၀ စီ တင်ဆောင်လာသည့် လေမော်တော်ဘုတ် ၃ စင်းမှာ အီတလီရှိ လမ်ပီဒူဆာ ကျွန်းအနီးတွင် ယမန်နေ့က တိမ်းမှောက်နစ်မြုပ်ခဲ့ပြီး ယခုအချိန်အထိ ၁၀၅ ဦးကို ကယ်တင်ထားနိုင်ခဲ့ကာ ကျန်ရှိသူများကို ရှာဖွေမှုများ ပြုလုပ်နေသည်။ အသက်ရှင်သူများကမူ ၎င်းတို့၏ မော်တော်ဘုတ်မှာ ရာသီဥတုကြောင့် တိမ်းမှောက်ခဲ့ရခြင်းဖြစ်ပြီး လူအများအပြား သေဆုံးမှုအတွက် စိုးရိမ်မှုများ ရှိနေသည်။
    – ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ခိုက်မှုများ အရှိန်မြင့်နေပြီး ယမန်နေ့ တစ်နေ့တည်းတွင် ခွဲထွက်ရေးသမားများ၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းစစ်သား ၁၉ ဦး သေဆုံးခဲ့သည်ဟု ယူကရိန်းစစ်တပ်က ကြေညာခဲ့သည်။ ယူကရိန်း ငြိမ်းချမ်းရေးအတွက် ပြင်သစ်၊ ဂျာမနီ၊ ရုရှားနှင့် ယူကရိန်းခေါင်းဆောင်များကလည်း ဘီလာရုဇ်တွင် ယမန်နေ့က ညလုံးပေါက် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အပြီးသတ် သဘောတူညီချက်ရရေးအတွက် ယနေ့တွင် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။
    – အကြမ်းဖက်အဖွဲ့အစည်းများဖြင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးထားသည့် အယ်ဂျာဇီးရားဂျာနယ်လစ် ၃ ဦးမှ အီဂျစ်နိုင်ငံသားများဖြစ်ကြသော မိုဟာမက်ဖာမီနှင့် ဘဟာရ်မိုဟာမက်တို့အား အာမခံဖြင့် အီဂျစ်တရားရုံးက ယနေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ အခြား ၁ ဦဖြစ်သည့် သြစတေးလျနိုင်ငံသား ပီတာဂရက်စ်တီကိုမူ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြန်လွှတ်ပေးခဲ့ကာ တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။
    – စပိန်နိုင်ငံမြောက်ပိုင်း ဘာစီလိုနာမြို့အနီးရှိ မြို့ငယ်တစ်ခုတွင် ဓာတုစက်ရုံတစ်ခု ယနေ့တွင် ပေါက်ကွဲခဲ့ပြီး လူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ စက်ရုံသို့ လာရောက်ပို့ဆောင်သည့် ဓာတုဗေဒပစ္စည်း ၂ ခု ပေါင်းစပ်မိရာမှ ပေါက်ကွဲခဲ့သည်ဟု ယူဆရပြီး အဆိပ်ဓာတ်ငွေများ လေထဲတွင် ပြန့်နှံ့နေသောကြောင့် အနီးအနားရှိမြို့များမှ ပြည်သူများအား မိမိအိမ်အတွင်း၌သာ နေထိုင်ရန် အစိုးရက အမိန့်ထုတ်ထားသည်။
    Ref: news agencies