ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
M-Media
– ပြီးခဲ့သည့်လက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Charlie Hebdo မဂ္ဂဇင်း တိုက်ခိုက်ခံရမှုနောက်ပိုင်း ပြင်သစ်နိုင်ငံတစ်ဝှမ်းရှိ
ဗလီဝတ်ကျောင်းတော်များသို့ လာရောက်၍ အစ္စလာမ်သာသနာကို လေ့လာပြီး သက်ဝင်ယုံကြည်သူ ပြင်သစ်နိုင်ငံသား အရေအတွက်မှာ မြင့်တက်လာသည်ဟု ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်ဆရာတော်များက ပြောကြားလိုက်သည်။
“ဒီအဖြစ်အပျက်က ကျွန်တော့်ကို အစ္စလာမ်ဆီရောက် သွားစေချင်ခဲ့ပြီး အစ္စလာမ်ဆိုတာ ဒါမျိုးမဟုတ်ဘူးဆိုတာ လူတိုင်းကို ရှင်းပြချင်တဲ့စိတ်လည်း ဖြစ်လာခဲ့ပါတယ်” ဟု အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ခဲ့သည့် လူငယ်တစ်ဦးက RTL ရေဒီယိုသို့ ပြောကြားခဲ့သည်။
အဆိုပါ ရေဒီယို၏ အဆိုအရ ပဲရစ်ရှိ ဗလီဝတ်ကျောင်းတော်ကြီးတွင်ပင် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း လူပေါင်း ၄၀ ကို ဘာသာကူပြောင်းမှုအထောက်အထား ထုတ်ပေးခဲ့ရသည်ဟု ဆိုသည်။ ပြီးခဲ့သည့်နှစ်က ယခုအချိန်တွင် ထိုဗလီဝတ်ကျောင်းတော်၌ အစ္စလာမ်ဘာသာသို့ ကူးပြောင်းသက်ဝင်သူ ၂၂ ဦးသာ ရှိခဲ့ရာမှ ယခုနှစ်တွင် ၅၀ ရာခိုင်နှုန်းနီးပါး တိုးလာခြင်းဖြစ်သည်။
အခြားမြို့များဖြစ်သည့် စထရာစ်ဘော့ဂ်နှင့် အော်ဘာဗီလီယာမြို့များတွင်လည်း အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်သူ အရေအတွက်မှာ ၃၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး လိုင်ယွန်မြို့တွင်မူ ၂၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဗလီဝတ်ကျောင်းတော်များမှ ရှေ့ဆောင်ဆရာတော်များကမူ ထိုကဲ့သို့ အစ္စလာမ်ကို သက်ဝင်သူ တိုးပွားလာခြင်းကြောင့် အံ့အားသင့်ရသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ထိုကဲ့သို့ သက်ဝင်လာကြသူများတွင် ဆရာဝန်၊ ရဲအရာရှိနှင့် ကျောင်းအုပ်ကြီးများပင် ပါဝင်သည်ဟု ဆိုသည်။
မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရပြီး ရက်အနည်းငယ်အကြာမှာပင် ပြင်သစ်ဒါရိုက်တာ အမျိုးသမီးတစ်ဦးဖြစ်သူ အစ္စဘယ်လာ မာတစ်မှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ကြောင်း Facebook စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။
တမန်တော်မိုဟာမက်အား ရုပ်ပြောင်ရေးဆွဲမှုကို လက်တုန့်ပြန်သည်ဟုဆိုကာ ပြုလုပ်ခဲ့သော အဆိုပါ တိုက်ခိုက်မှုမှာ အစ္စလာမ်၏ ယုံကြည်ချက်၊ သင်ကြားမှုများနှင့် ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်သည်ဟု မွတ်စလင်နိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်အသင်းအဖွဲ့များမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့သည်။
Ref: onislam
Leave a Reply
You must be logged in to post a comment.