ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅
M-Media
– အက်သလက်တီကိုအား အရှက်တကွဲရှုံးနိမ့်ခဲ့ရပြီးနောက် မွေးနေ့ပွဲကျင်းပကာ ပျော်ရွင်ခဲ့သည့် ရော်နယ်ဒိုနှင့် ရီးယဲလ်အသင်းသားများ၏ လုပ်ရပ်အတွက် ပရိတ်သတ်များက မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။
လာလီဂါအား ဦးဆောင်နေသည့် ရီးယဲလ်မှာ စနေနေ့က ကစားခဲ့သည့် ဒါဘီပွဲစဉ်တွင် အက်သလက်တီကိုအား ဂိုးပြတ်ခြေပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် တစ်ပတ်က အသက် ၃၀ ပြည့်သည့် ရော်နယ်ဒိုမှာ အဆိုပါ ပွဲအပြီးတွင် ကြိုတင်စီစဉ်ထားသည့် မွေးနေ့ပွဲကို အသင်းသားအချို့နှင့် ကျင်းပပြုလုပ်ခဲ့ပြီး ၎င်းတို့ ပျော်ရွှင်စွာ သီချင်းဆိုနေကြသည့် ဓာတ်ပုံမှာလည်း အင်တာနက်စာမျက်နှာပေါ်တွင် ပြန့်နှံ့ခဲ့သည်။
ထို့ကြောင့် ပရိတ်သတ်များက မကျေနပ်ဖြစ်ခဲ့ကြပြီး ယမန်နေ့က ရီးယဲလ်မက်ဒရစ်၏ လေ့ကျင့်ကွင်းသို့ရီးယဲလ်ပရိသတ် ၂ ဦး လာရောက်ခဲ့ကာ “သင်တို့က ရယ်မော၊ ငါတို့က ရှက်ရွံ့” ဟု အဓိပ္ပါယ်ရသည့် စာတမ်းကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
ရော်နယ်ဒို၏ ပြောရေးဆိုခွင့်ရှိသူ ဂျော့ဂ်ျ မန်ဒက်ဇ်က ရော်နယ်ဒိုပါတီပွဲကျင်းပခဲ့သည့်မှာ မှန်ကန်သည်ဟု အတည်ပြုခဲ့သော်လည်း လျှို့ဝှက်ပြုလုပ်ခဲ့သည့် အဆိုပါပါတီမှ ဓာတ်ပုံများ ပေါက်ကြားသွားသည်ကို ရော်နယ်ဒိုက စိတ်ပျက်နေကြောင်း၊ ၎င်း၏ မိသားစုများ အပေါင်းအသင်းမိတ်ဆွေများမှာ မွေးနေ့ပွဲကျင်းပရန် မက်ဒရစ်မြို့သို့ ရောက်နေသည့်အတွက်ကြောင့် ၎င်းအနေဖြင့် ထိုပါတီပွဲကို ရွှေ့ဆိုင်း၍ မရခဲ့ကြောင်း ပြောကြားခဲ့သည်။
“လူတွေက သူ့(ရော်နယ်ဒို)ကို အားပေးကူညီသင့်ပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ပါ။ ပြီးတော့ အားကျစရောကောင်းတဲ့ကစားသမားဖြစ်ပြီး ဒီကိစ္စနဲ့ပက်သတ်လို့ ပြန်လည်ကုစားပါလိမ့်မယ်” ဟု မန်ဒက်ဇ်က ပြောကြားခဲ့သည်။
Ref: goal.com