News @ M-Media

Blog

  • ထိပ်ပြောင်ခြင်းကို ကုသနိုင်မည့် နည်းလမ်းသစ်တစ်ခု အမေရိကန် ပညာရှင်များတွေ့ရှိ

    ထိပ်ပြောင်ခြင်းကို ကုသနိုင်မည့် နည်းလမ်းသစ်တစ်ခု အမေရိကန် ပညာရှင်များတွေ့ရှိ

    ဖေဖော်ဝါရီ ၉၊ ၂၀၁၅
    M-Media

    bald

    – ကိုယ်တိုင်ဖန်တီးထားသော ဆဲလ်ကိုအသုံးပြု၍ ဆံပင်ပေါက်အောင်လုပ်ခြင်းအားဖြင့် ထိပ်ပြောင်သည့်ရောဂါကို ကုသနိုင်သည့်နည်းလမ်းအား အသုံးပြုနိုင်တော့မည်ဟု အမေရိကန် သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။

    အမျိုးသားများ၏ ထက်ဝက်နီးပါးခန့်မှာ အသက် ၅၀ သို့ ရောက်သည့်အချိန်တွင် ထိပ်ပြောင်ခြင်းဒဏ်ကို ခံစားရလေ့ရှိပြီး အမျိုးသမီးများမှာ သွေးဆုံးသည့် အချိန်မျိုးတွင် တွေ့ကြုံရလေ့ရှိသည်။ သို့သော်လည်း အမျိုးသမီးများ ထိပ်ပြောင်ခြင်းမှာ အလွန်နည်းပါးသည်။

    ထိပ်ပြောင်ခြင်းမှာ ဆံပင်အသစ်ကို ထုတ်လုပ်ပေးသော ဦးရေပြားမှ မွှေးညှင်းပေါက်များ အလုပ်မလုပ်တော့သည့်အခါ ဖြစ်ပွားခြင်းဖြစ်ပြီး အသက်ကို ထိခိုက်စေနိုင်သော ကိစ္စမဟုတ်သော်လည်း လူတစ်ဦး၏ မိမိကိုယ်မိမိ ယုံကြည်မှုအပေါ် ထိခိုက်စေနိုင်သည်။ ထိုပြဿနာအား ဖြေရှင်းပေးရန်အတွက် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုရှိ Sanford-Burnham ဆေးဘက်ဆိုင်ရာသုတေသန ဌာနမှ သိပ္ပံပညာရှင်များက ဆောင်ရွက်လျက်ရှိနေပြီး အောင်မြင်မှုတစ်ချို့လည်း ရရှိနေသည်။

    အစောပိုင်း ဆောင်ရွက်မှုများတွင် ထိရောက်မှုမရှိသောကြောင့် သိပ္ပံပညာရှင်များမှာ အမွှေးပေါက်စေနိုင်သည့် ဆဲလ်ကို သဘာဝအတိုင်း ထုတ်လုပ်နိုင်အောင် ကြိုးစားခဲ့သည်။ အဆိုပါဆဲလ်များကို လိုအပ်သည့်နေရာတွင် အစားထိုးရမည်ဖြစ်ပြီး ကြွက်များကို စမ်းသပ်ကြည့်ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သည်။

    “ကျွန်တော်တို့ရဲ့ ဆဲလ်ဖန်တီးမှုနည်းလမ်းဟာ ဆဲလ်အစားထိုးမှုပြုလုပ်ထားတဲ့ သူတွေမှာနောက်ထပ် ဆဲလ်ပေါင်းမြောက်များစွာကို ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ လက်ရှိဖြစ်နေတဲ့ ဆံပင်ဆုံးရှုံးမှုကြောင့် ဒီနည်းလမ်းကို ထိခိုက်စေတာလည်း မရှိပါဘူး” ဟု Sanford-Burnham မှ ပါမောက္ခ အဲလက်ဇီ တာရ် ကစ်ဟ်က ပြောကြားခဲ့သည်။ ထို့ပြင် နောက်တစ်ဆင့်တွင် လူများအား စမ်းသပ်သွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref:alarabiya

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၈၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၈၊ ၂၀၁၅
    M-Media

    – ဂျော်ဒန်လေယာဉ်မှူး မီးရှို့အသတ်ခံရပြီးနောက် IS အား လေကြောင်းမှ တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့မှ နှုတ်ထွက်ခဲ့သည့် ယူအေအီးမှာ ယခုအခါ ဂျော်ဒန်၏ လေကြောင်းမှတိုက်ခိုက်မှုကို ကူညီရန်အတွက် F 16 တိုက်လေယာဉ် အုပ်စုတစ်ခုကို ဂျော်ဒန်သို့ ယမန်နေ့တွင် ပေးပို့လိုက်သည်။

    – ယူကရိန်းပြဿနာကို စစ်ရေးအရဖြေရှင်း၍ မရဘဲ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးစားမှုမှာလည်း အောင်မြင်မည်လားဆိုသည်ကို မသိရှိကြောင်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ပြောကြားလိုက်သည်။ အိန်ဂျလာမာကဲလ်နှင့် ပြင်သစ်သမ္မတ ဟော်လန်ဒေးတို့မှာ ရုရှားသမ္မတပူတင်နှင့် သောကြာနေ့က တွေ့ဆုံခဲ့ပြီး ယူကရိန်းပြဿနာဖြေရှင်းရေး နောက်ဆုံးနည်းလမ်းအဖြစ် အခြေခံမူတစ်ခုကို ချပြခဲ့သည်။

    – ပြင်းအား ၅.၁ ရစ်ခ်ျစတာကေးရှိ ငလျင်တစ်ခုမှာ အင်ဒိုနီးရှားနိုင်ငံ အရှေ့တောင်ပိုင်း နာဘီရီသို့ ဗဟိုပြုကာ ယမန်နေ့တွင် လှုပ်ခတ်သွားခဲ့သည်ဟု အမေရိကန် ဘူမိဗေဒ စူးစမ်းရေးအဖွဲ့မှ ပြောကြားခဲ့သည်။

    – ပြီးခဲ့သည့် သုံးနှစ်ခန့်မှစတင်ကာ ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အတွင်း သေဆုံးသူဦးရေမှာ ၂၁၀၀၆၀ ဦး ရှိလာပြီဟု လန်ဒန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားလိုက်သည်။

    – ယခုလနှောင်းပိုင်း ချစားမှုဖြင့် စွဲချက်တင်သည့်အချိန်တွင် တိုင်းပြည်အတွင်းရှိနေစေရန်အတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာ၏ နိုင်ငံခြားသို့သွားရောက်ရန် ခွင့်တောင်းမှုကို စစ်တပ်ကျောထောက် နောက်ခံပြုထားသည့် ထိုင်းအစိုးရက ငြင်းပယ်လိုက်သည်။

    – အီရန်နိုင်ငံ၏ အဓိပတိ ခါမေနီက မိမိနှင့် အီရန်ပြည်သူများမှာ နျူကလီးယားအရေးနှင့်ပတ်သက်၍ အီရန်က ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အပြည့်အ၀ ထောက်ခံအားပေးသည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။

    – ပက်ရှ်ဝါရ်ကျောင်းအား တာလီဘန်တို့၏ တိုက်ခိုက်မှုပြီးနောက် ကျောင်းသားများ လုံခြုံရေးအတွက် ပါကစ္စတန်ကျောင်းဆရာများ သေနတ်ကိုင်ရန် ပါကစ္စတန်အစိုးရက ခွင့်ပြုခဲ့ခြင်းအတွက် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

    Ref: news agencies

  • အာဖရိကတစ်ဝှမ်း အစ္စလာမ့်အသိပညာပြန့်ပွားရေး မာလာဝီမွတ်စလင်များ ကြိုးပမ်း

    အာဖရိကတစ်ဝှမ်း အစ္စလာမ့်အသိပညာပြန့်ပွားရေး မာလာဝီမွတ်စလင်များ ကြိုးပမ်း

    ဖေဖော်ဝါရီ ၈၊ ၂၀၁၅
    M-Media

    mlw

    – အစ္စလာမ့်အသိပညာကို အာဖရိကတိုက်အတွင်းရှိ နိုင်ငံအားလုံးသို့ ရောက်ရှိစေရန် ကြိုးပမ်းမှုအဖြစ် မာလာဝီရှိ
    မွတ်စလင်သတင်းအချက်အလက် ဗျူရို IIB က ၎င်းတို့၏ အစ္စလာမ့်ပညာပေး လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဇင်ဘာဘွေနှင့် ဇမ်ဘီယာ နိုင်ငံတို့တွင် ချဲ့ထွင်ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    “ဇင်ဘာဘွေနဲ့ ဇမ်ဘီယာနိုင်ငံက အစ္စလာမ်ဟာ မာလာဝီမှာလောက် အားကောင်းမှုမရှိပါဘူး။ ဒီအကြောင်းအရင်းက ကျွန်တော်တို့အသင်းရဲ့ အဖွဲ့ခွဲတွေဖွင့်ဖို့ ဖြစ်လာတာပါ။ ဒါမှသာ ကျွန်တော်တို့ဟာ သစ်လွင်မွတ်စလင်တွေကို အစ္စလာမ်နဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ အကြောင်းအရာတွေအတွက် သင်ကြားပေးနိုင်ပါလိမ့်မယ်။ ပြီးတော့ အစ္စလာမ်ဟာ ဘယ်လိုအယူဝါဒမျိုးလဲဆိုတာ အခြားသော ဘာသာရေးအုပ်စုတွေကိုလည်း အသိပေးနိုင်ပါလိမ့်မယ်” ဟု IIB နိုင်ငံလုံးဆိုင်ရာ စီမံခန့်ခွဲရေးမှူး ရှိခ် ဒီနာလာ ချာဘူလီကာက ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါနိုင်ငံများရှိ ဝေးလံခေါင်ဖျားသော ဒေသများမှ မွတ်စလင်များမှာ ၎င်းတို့၏ ရုံးခွဲများမှနေ၍ အစ္စလာမ့် အသိပညာကို ရယူနိုင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “အစ္စလာမ်သာသနာ ပြန့်ပွားရာမှာ အသိပညာဟာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ လူတွေဟာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခြင်းမပြုခင်မှာ အစ္စလာမ်ဟာဘာလဲဆိုတာ ပြည့်ပြည့်၀၀ နားလည်သဘောပေါက်ရပါမယ်။ နိုင်ငံအားလုံးကို အစ္စလာမ့်အသိပညာတွေ ဖြန့်ဝေပေးဖို့ဆိုတာ ကျွန်တော်တို့ရဲ့ လုပ်ငန်းပါ။ ဒါ့ကြောင့် ဒီလိုဆောင်ရွက်မှုကတစ်ဆင့် ဒီနှစ်နိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခြင်းရဲ့ အလှတရားကို ရရှိခံစားစေချင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ အဲဒီနိုင်ငံက ပြည်သူတွေကို အစ္စလာမ့်အသိပညာရရှိအောင် လုပ်ဆောင်ပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့အယူဝါကို လက်ခံသူတွေ များလာပါလိမ့်မယ်” ဟု ချာဘူလီကာက ထပ်လောင်းပြောကြားခဲ့သည်။

    ဇမ်ဘီယာနှင့် ဇင်ဘာဘွေနိုင်ငံများမှာ ခရစ်ယာန်ဘာသာဝင်အများစုရှိရာ နိုင်ငံများဖြစ်ကြပြီး ဇင်ဘာဘွေလူဦးရေ ၁၅ သန်း၏ ၂ ရာခိုင်နှုန်းနှင့် ဇမ်ဘီယာလူဦးရေ ၁၃.၁ သန်း၏ ၁ ရာခိုင်နှုန်းသာလျှင် အစ္စလာမ်ကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။

    ဇမ်ဘီယာအစ္စလာမ့်ကောင်စီ၏ ဥက္ကဌဖြစ်သူ ဆူဇ်ဂို ဇင်ဘာကမူ ၎င်းတို့နိုင်ငံရှိ မွတ်စလင်လူ့အဖွဲ့အစည်းနှင့် ပတ်သက်၍

    “ဇမ်ဘီယာရဲ့ အစိတ်အပိုင်းအများစုမှာ အစ္စလာမ်ဟာ မရှိသလောက်ပါပဲ။ ဒါပေမယ့် IIB အဖွဲ့ ရောက်လာတဲ့အခါမှာတော့ လူတော်တော်များများဟာ အစ္စလာမ်ကို သက်ဝင်ယုံကြည်လာကြပါတယ်။ အစ္စလာမ်ဟာ ဘာလဲဆိုတာ ဖတ်ရှုနားလည်ပြီးတဲ့နောက်မှာတော့ လူတွေဟာ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့ကြပြီး ဒါဟာ IIB ရဲ့ ဇမ်ဘီယာမှာ အောင်မြင်မှုပါပဲ” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် IIB မှ ရုံးခွဲ လာရောက်ဖွင့်လှစ်ခြင်းမှာ အစ္စလာမ်၏ ဒါဝဟ်(သာသနာပြု) လုပ်ငန်း ပြန့်ပွားမှုအတွက် အလွန်အရေးပါသည်ဟုလည်း ပြောကြားခဲ့သည်။

    ချာဘူလီကာကမူ အခြားသော ဘာသာရေးအုပ်စုများအနေဖြင့် အစ္စလာမ့်အသိပညာကို လုံလောက်စွာ ရရှိလာပါက အစ္စလာမ်မှာ မည်သို့သော အယူဝါဒဖြစ်သည်ကို နားလည်လာမည်ဖြစ်ပြီး ထိုနည်းလမ်းဖြင့် အစ္စလာမ်အပေါ် မကောင်းမြင်မှုများကို ရှောင်ရှားနိုင်လိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အားပေးကြိုဆို

    ဇင်ဘာဘွေနိုင်ငံမှ အစ္စလာမ့် ဒါဝါဟ်လှုပ်ရှားမှုအဖွဲ့၏ ဥက္ကဌဖြစ်သူ ရှိခ် အဘ်ဒူလ်ရဟ်မန်က IIB ရုံးခွဲ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံအတွင်း အစ္စလာမ်သာသနာ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောကြားခဲ့သည်။

    “အစ္စလာမ်ရဲ့တိုးတက်မှုဟာ နှစ်ပေါင်းများစွာ တန့်နေပါတယ်။ ပြီးတော့ မွတ်စလင်လူဦးရေဟာ တစ်စတစ်စ လျော့လာတာကိုလည်း ကျွန်တော်တို့ ကြုံရပါတယ်။ ဒါပေမယ့် IIB ရုံးခွဲ ရောက်ရှိလာပြီးတဲ့အခါမှာတော့ အစ္စလာမ်ကို သက်ဝင်ယုံကြည်သူအရေအတွက်ဟာ မြင့်တက်လာခဲ့ပါတယ်။ ဒါဟာ ဇင်ဘာဘွေမှာ ဒီရုံးခွဲရှိနေတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့နှစ်သက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုပါပဲ”

    မာလာဝီရှိ အစ္စလာမ့်သတင်းအချက်အလက်ဗျူရို IIB ကို ၁၉၉၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ပြီး မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများအား အစ္စလာမ့်အသိပညာသင်ကြားပို့ချပေးရန် ရည်ရွယ်ခဲ့ကာ နိုင်ငံတစ်ဝှမ်းတွင်လည်း ရုံးခွဲပေါင်း မြောက်များစွာရှိနေသည်။

    ဇမ်ဘီယာနှင့် ဇင်ဘာဘွေနိုင်ငံများနှင့်မတူဘဲ မာလာဝီတွင် အစ္စလာမ်ကို သက်ဝင်ယုံကြည်သူများမှာ ပြီးခဲ့သည့် နှစ်များအတွင်း မကြုံစဖူး တိုးတက်လာခဲ့သည်။ နိုင်ငံ၏ လူဦးရေ ၁၆ သန်းတွင် အစ္စလာမ်ကို သက်ဝင်ယုံကြည်ကြသူများမှာ ၃၆ ရာခိုင်နှုန်းရှိပြီး ခရစ်ယာန်သာသနာပြီးနောက် ဒုတိယအကြီးဆုံး အယူဝါဒလည်းဖြစ်သည်။

    “အာဖရိကတစ်ဝှမ်း အစ္စလာမ်သာသနာ တိုးတက်ပြန့်ပွားဖို့ ကျွန်တော်တို့ ရည်ရွယ်ချက်ထားပါတယ်။ ဘယ်လောက်ပဲ ဝေးနေပါစေ အစ္စလာမ့်ရဲ့သတင်းစကားတွေကို ပြည်သူထံရောက်ဖို့ ကျွန်တော်တို့ အသေအချာဆောင်ရွက်သွားမှာပါ။ အသိပညာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဟာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေပါတယ်” ဟု ချာဘူလီကာက ပြောကြားခဲ့သည်။

    Ref: onislam

  • Muslim Medical Family (မန္တလေး) ၂၀၁၅ ခုနှစ် မိတ်ဆုံစားပွဲ ပြုလုပ်

    Muslim Medical Family (မန္တလေး) ၂၀၁၅ ခုနှစ် မိတ်ဆုံစားပွဲ ပြုလုပ်

    ဖေဖော်ဝါရီ ၈ ၊ ၂၀၁၅
    M-Media

    Muslim Medical Family (မန္တလေး) ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် မွတ်စလင် သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲ ပြုလုပ်

    3

    Muslim Medical Family (မန္တလေး) ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် မွတ်စလင် သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲကို ဖေဖော်ဝါရီလ ၈  ရက်နေ့ မနက် ၉ နာရီခွဲမှာ မန္တလေးမြို့ ပန်းသေးဗလီဝင်းများ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    ရှေးဦးစွာ  ကုရ်အာန်ကျမ်းစာ ရွတ်ဖတ်ကာ အခမ်းအနားကို ဖွင့်လှစ်ပြီး တက်ရောက်လာသူ တဦးချင်းမှ မိတ်ဆက်စကားပြောကြားခြင်း၊ အသင်းဦးဆောင် လူငယ်တယောက်မှ အသင်းရေးရာများ ရှင်းလင်းတင်ပြခြင်း၊ ပထမနှစ် လူငယ်များမှ တဦးချင်း မိတ်ဆက်ခြင်း၊ သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်း၊ ဦးဆောင် ဆရာဝန်ကြီးများမှ သြဝါဒ စကားပြောကြားခြင်း အလှူငွေထောက်ပံ့ ကူညီသော လုပ်ငန်းရှင်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း ထူးချွန်သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းတို့ ပြုလုပ်ကာ နေ့လည် ၁၂ နာရီတွင် ဆုမွန်ဒိုအာဖတ်ရွတ်ကာ အခမ်းအနားကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံပြီး ပြီးဆုံးခဲ့ကြောင်း သတင်းရရှိရပါတယ်။

    5
    အခမ်းအနားတွင် နှလုံးခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ထွေးမှ အမှာစကားပြောကြားရာ အနာဂတ်မှာ Muslim Medical Family အဖွဲ့အနေဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနတွင် ခွင့်ပြုမိန့်တင်ပြီး ဖွဲ့စည်းကာ  ပညာရေး၊ ကျန်မာရေး၊ လူမှုရေး ဖွံ့ဖြိုးရေး ဘာသာပေါင်းစုံ ချစ်ကြည်ရေးတို့ကို  ကို ဦးတည်လုပ်ဆောင်ရန် ပြောကြားဆွေးနွေးခဲ့ပါတယ်။

    အခြားသော ဦးဆောင်ဆရာဝန်ကြီးများမှ အမှာစကားပြောကြားရာတွင် အသင်းမှ ဆရာဝန်များ စုစည်းပြီး အခမဲ့ ဆေး ကုသခြင်းပြုလုပ်ရန်၊ သစ်လွင်ဆေးကျောင်းသားများ အနေဖြင့် ဆေးကျောင်းတက်ပြီး စိတ်မပါတာမျိုး မဖြစ်စေရန်၊ မိမိရောက်ရှိနေသည့် နယ်ပယ်တွင် အကောင်းဆုံးထူးချွန်အောင် ကြိုးစားကြရန်၊ ပထမနှစ်ဆေးကျောင်းသားများ စာမေးပွဲ အကျများသဖြင့် ဂရုစိုက်ပြီး စာကြိုးစားကြရန် အသီးသီး ပြောကြားသွားခဲ့ ပါတယ်။

    ယနေ့ မိတ်ဆုံ စားပွဲသို့ မွတ်စလင် သက်ကြီးဆရာဝန် (၈) ဦးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အသက်ကြီးဆုံးမှာ (၈၅) နှစ်ဖြစ်ကြောင်းသိရှိရပါတယ်။

    6

    အဆိုပါအခမ်းအနားမှာ ၂၀၁၄ ခုနှစ်အတွက် မန္တလေး ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်မှု တက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ၊ သူနာပြုတက္ကသိုလ် နှင် တိုင်းရင်းဆေးတက္ကသိုလ်များမှာ ပထမနှစ်တက်ရောက် ခွင့်ရရှိတဲ့ ပထမနှစ် မွတ်စလင် ကျောင်းသား/သူများကို မောင်မယ် သစ်လွင် များနှင့် ဆရာဝန်ကြီးများ၊ ကျန်းမာရေးနှင့် ဆက်စပ်သည့် လုပ်ငန်းရှင်များ အပြင် တိရိစ္ဆာန်ဆေးကုဆရာဝန်များ လည်းပါဝင်တက်ရောက်ကာ စုစုပေါင်း လူဦးရေ ၂၀၀ ကျော်ခန့်ရှိကြောင်း သတင်းရရှိပါတယ်။

    10951453_900965116601698_613889481_n

    10961686_900965486601661_569492400_n

  • မက်ဒရစ်ဒါဘီအရှုံးအတွက် ပရိတ်သတ်များကို ဘန်ဇီမာတောင်းပန်

    မက်ဒရစ်ဒါဘီအရှုံးအတွက် ပရိတ်သတ်များကို ဘန်ဇီမာတောင်းပန်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၅
    M-Media

    bzm]

    – စနေနေ့က ကစားခဲ့သည့် မက်ဒရစ်ဒါဘီတွင် အက်သလက်တီကိုမက်ဒရစ်အား ၄ ဂိုးပြတ်ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ရီးယဲလ်တိုက်စစ်မှူး ကရင်မ်ဘန်ဇီမာက ရီးယဲလ် ပရိတ်သတ်များအား တောင်းပန်လိုက်သည်။

    အဆိုပါပွဲတွင် အန်ဆယ်လော့တီ၏ ရီးယဲလ်မှာ လူစုံပါခဲ့သော်လည်း ဂိုးပြတ်ခြေပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး တစ်ပွဲလုံးတွင် ရီးယဲလ်မှာ ဂိုးကန်သွင်းခွင့် ၄ ကြိမ်သာ ရရှိခဲ့သည်။ အက်သလက်တီကို၏ အနိုင်မှာ မက်ဒရက်ဒါဘီ နောက်ဆုံး ၅ ပွဲတွင် ၄ ကြိမ်မြောက်အနိုင်လည်း ဖြစ်ခဲ့သည်။

    ဘန်ဇီမာကမူ အသင်းဖော်များအား ထိုအရှုံးမှ ရုန်းထွက်ကြရန် တိုက်တွန်းခဲ့ပြီး လာလီဂါထိပ်တွင်ရှိနေသည့် မိမိတို့အသင်း၏ ကံကြမ္မာမှာ မိမိတို့ လက်ထဲတွင်သာရှိနေသည်ဟု ပြောကြားခဲ့သည်။

    “ပရိတ်သတ်တွေ ထိခိုက်ခံစားရတဲ့အတွက် ကျွန်တော်တို့အားလုံး တောင်းပန်ပါတယ်။ ကျွန်တော့်တို့အတွက်တော့ ဒီနေ့ဟာ ဖြစ်ရပ်ဆိုးကြီးပါပဲ။ ဒါဟာ ကျွန်တော်တို့အတွက် အလှည့်အပြောင်းဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့ကစားခဲ့တဲ့ ပုံစံထက်ပိုဆိုးတဲ့ ပုံစံမျိုး နောက်ထပ် ကစားဖို့ မဖြစ်နိုင်ပါဘူး” ဟု ဘန်ဇီမာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထိုပွဲမှာ ၂၀၁၀ နိုဝင်ဘာတွင် ဘာစီလိုနာအား ၅ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ရီးယဲလ်၏ အဆိုးဝါးဆုံးအရှုံးလည်း ဖြစ်သည်။ ထိုပွဲရှုံးခဲ့သော်လည်း ရီးယဲလ်မှာ ဘာစီလိုနာအား တစ်ပွဲအသာ ၄ မှတ်ဖြတ်ကာ လာလီဂါကို ဦးဆောင်ထားသည်။

    Ref: goal.com