ဖေဖော်ဝါရီ ၁၃ ၊၂၀၁၅
M-Media
သတင်း- သူရိန်
လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့် ရန်ကုန်တက္ကသိုလ်အတွင်းရှိ ပဲခူးဆောင်ကို ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ပြသခဲ့ကြောင်းသိရသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသား ဘဝ ကျောင်းတက်နေစဉ် နေထိုင်ခဲ့သည့် ပဲခူးဆောင်ကို ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ ဖြစ်သည့် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် အမှတ်တရ ဂုဏ်ပြုသောအားဖြင့် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ပဲခူးဆောင်တွင် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့် အခန်းနံပါတ် ၁၁၃ ကို လေ့လာကြည့်ရှုသူ ကျောင်းသားကျောင်းသူများ စိတ်ဝင်စားသူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါအခန်းအမှတ် ၁၁၃တွင် ဗိုလ်ချုပ်အောင်ဆန်း အဆောင်နေစဉ် အိပ်ခဲ့သည့် ကုတင် စာကြည့်စားပွဲနှင့် ကုလားထိုင် ဓါတ်ပုံကားချပ်များ အမှတ်တရ ချိတ်ဆွဲထားသည်ကိုလည်း တွေ့ရသည်။
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန် တက္ကသိုလ် တွင် ပညာဆည်းပူးစဉ် ၁၉၃၆ မှ ၁၉၃၇ ခုနှစ်ကာလထိ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂတွင် ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ တက္ကသိုလ်တက်နေစဉ် အိုးဝေမဂ္ဂဇင်းတွင် လုပ်ကိုင်ဆောင်ရွက်ရင်း ကိုလိုနီတို့ကို အထိနာစေခဲ့သော ငရဲခွေးကြီး လွတ်နေပြီ ဆောင်းပါးထည့်သွင်းဖော်ပြသဖြင့် အရေးယူခြင်းကို ခံရခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်စဉ်ကာလအတွင်း ဦးဖေခင် (နောင် ဗမကနှင့် ပင်လုံဗိသုကာ ) ဦးဗဆွေ စသည့် သူငယ်ချင်းရဲဘော်များနှင့် ပဲခူးဆောင်တွင် အဆောင်နေထိုင်ခဲ့ဖူးကြောင်း သိရသည်။
၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ကျရောက်သော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်ရာပြည့် အထိမ်းအမှတ်အဖြစ် မဟော်ဂနီပင်ကို ပဲခူးဆောင်ရှေ့ ပရဝုဏ်အတွင်း အမှတ်တရ စိုက်ပျိုးခဲ့ပြီး လာရောက်လေ့လာသူ ကျောင်းသားကျောင်းသူ များကို နံနက်စာအဖြစ် ပဲနံပြား နှင့် ထမနဲတို့ကို စတုဒိသာအဖြစ် ကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။
Leave a Reply
You must be logged in to post a comment.