News @ M-Media
Blog
  • ပေါက်ကွဲမှုဖြစ်ပြီးနောက် ဘန်ကောက်တွင် လုံခြုံရေးတိုးမြှင့်
    ပေါက်ကွဲမှုဖြစ်ပြီးနောက် ဘန်ကောက်တွင် လုံခြုံရေးတိုးမြှင့်
    ဖေဖော်ဝါရီ ၂၊ ၂၀၁၅
    M-Media
    thai
    – ယမန်နေ့ညနေပိုင်းက ရှော့ပင်းမောတစ်ခုတွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် ဘန်ကောက်မြို့လုံခြုံရေးကို တင်းကျပ်ရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမိန့်ပေးခဲ့သည်ဟု သိရသည်။
    ပြီးခဲ့သည့်နှစ် မေလ အာဏာသိမ်းပြီးကတည်းက မာရှယ်လောထုတ်ထားသော ဘန်ကောက်မြို့ မြို့လယ်ကောင်ရှိ Paragon ရှော့ပင်းမောလ်၏ လျှောက်လမ်းတွင် ပေါက်ကွဲသည့် အဆိုပါဗုံးကြောင့် မည်သူမှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ချေ။ ထိုဖောက်ခွဲမှုအတွက် မည်သည့်အဖွဲ့မှ တာဝန်ယူခြင်း မရှိသေးဘဲ ၀န်ကြီးချုပ်ကမူ ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမည်ဟု ဆိုသည်။
    `ဒီကိစ္စဟာ ပြည်သူတွေရဲ့ ပျော်ရွှင်ကျန်းမာစွာ အသက်ရှင်နေထိုင်မှုကို ထိပါးနေတာကြောင့် လုံခြုံရေးကိုတင်းကျပ်ဖို့ ကျွန်တော် အမိန့်ပေးခဲ့ပါတယ်။ ဒီပြဿနာဟာ မာရှယ်လော ဆက်ပြီး လိုအပ်နေတယ်ဆိုတာ ပြတာပါပဲ။ ငြိမ်းချမ်းရေးကို နှောက်ယှက်တဲ့သူတွေ ရှိနေတုန်းပါပဲ။ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ နည်းလမ်းတွေကို ရှာဖွေသွားမှာပါ´ ဟု ချန်အိုချာက ယနေ့တွင် ပြောကြားခဲ့သည်။
    ရဲတပ်ဖွဲ့ကမူ ထိုဗုံးများမှာ ရေပိုက်ဖြင့်ပြုလုပ်ထားသည့် အားနည်းသောဗုံးများဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိရန် မရည်ရွယ်ဘဲ အနှောက်အယှက်ဖြစ်ရန်သာ ရည်ရွယ်ခြင်းဖြစ်မည်ဟု ပြောကြားခဲ့သည်။
    CCTV ကင်မရာအရ ဗုံးပေါက်ကွဲသည့် နေရာအနီးတွင် သံသယရှိသူ ၂ ဦးကို တွေ့ရှိခဲ့ရသော်လည်း ရှင်းလင်းမှုမရှိသောကြောင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြား၍မရဟု တာဝန်ရှိသူများက ဆိုသည်။
    စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံရေးအခြေအနေမှာ တည်ငြိမ်မှုမရှိသေးဘဲ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ၀န်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာအား ပါလီမန်က နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်ခဲ့ပြီး ချစားမှုနှင့် ပတ်သက်၍ တရားစွဲဆိုမည်ဟု ပြောဆိုခဲ့ပြီးနောက် နိုင်ငံရေးအခြေအနေမှာ ပို၍ တင်းမာလာသည်။
    Ref: aljazeera
  • မက်ဆီ၏ စွမ်းဆောင်မှုကို နေးမာ မကျော်နိုင်ဟု ဘာကာနည်းပြဆို
    မက်ဆီ၏ စွမ်းဆောင်မှုကို နေးမာ မကျော်နိုင်ဟု ဘာကာနည်းပြဆို
    ဖဖော်ဝါရီ ၂၊ ၂၀၁၅
    M-Media
    nm
    – ဘာစီလိုနာအသင်းတွင် မက်ဆီရရှိသည့် အောင်မြင်မှုများကို ရရှိရန်အတွက် နေးမာမှာ ရုန်းကန်ရလိမ့်မည်ဟု ဘာကာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။
    အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်သည့် ဘရာဇီးလ်အသင်းခေါင်းဆောင် နေးမာမှာ ယခုနှစ်ဘောလုံးရာသီတွင် ဘာစီလိုနာအတွက် ပြိုင်ပွဲအားလုံး၌ ၂၁ ဂိုး သွင်းပေးထားနိုင်သည်။ ၎င်း၏ ထိုခြေစွမ်းကြောင့် ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် စိန်ခေါ်သူအဖြစ် စောစောစီးစီးပင် ဖော်ပြနေကြပြီး အန်းရစ်ကာမူ နေးမာမှာ မက်ဆီ၏ စွမ်းဆောင်မှုများကို ဖြတ်ကျော်ရန် မဖြစ်နိုင်ဟု ဆိုသည်။
    `နေးမာဟာ အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်လာဖို့ သင့်လျော်တဲ့အသင်းကို ရောက်နေပါပြီ။ သူဟာ ပြိုင်ဘက်ကင်းပြီး ထူးခြားတဲ့ ကစားသမားတစ်ဦးပါ။ သူဘရာဇီးလ်မှာကစားကတည်းက ကျွန်တော်တို့ ဒါကို မြင်ခဲ့ပြီးပါပြီ။ (ရှေ့အလားအလာကောင်းအတွက်) သူဟာ အကောင်းဆုံးအသင်းကို ရောက်နေပြီး ကျွန်တော်တို့ကလည်း သူ့ကို အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် မြင်ချင်ပါတယ်´ ဟု အန်းရစ်က ပြောကြားခဲ့သည်။
    သို့သော်လည်း နေးမာအနေဖြင့် အနာဂတ်တွင် အခြားသူများထက် ပိုမိုသာလွန်မည်လားဆိုသည်ကို မခန့်မှန်းနိုင်သေးဟု ဆိုသည်။
    `မက်ဆီရဲ့ လုပ်ဆောင်ခဲ့မှုအတိုင်းအတာဟာ တော်တော်လေးမြင့်နေပါပြီ။ အခုလက်ရှိလည်း လုပ်ဆောင်နေပြီး ဆက်လက်လည်း ကြိုးစားသွားပါလိမ့်မယ်။ အခုလက်ရှိမှာတော့ သူဟာ နံပါတ် ၁ ပါပဲ။ ဒါပေမယ့် အနာဂတ်ကို ကျွန်တော်တို့ ကြည့်ရပါမယ်´ ဟု မက်ဆီနှင့်ပတ်သက်၍ အန်းရစ်က ထပ်လောင်းပြောကြားခဲ့သည်။
    Ref: goal.com
  • စစ်တွေ-ပလက်ဝ ရေကြောင်းသယ်ယူပို့ဆောင်ရေး မေလတွင် စတင်နိုင်မည်
    စစ်တွေ-ပလက်ဝ ရေကြောင်းသယ်ယူပို့ဆောင်ရေး မေလတွင် စတင်နိုင်မည်
    ဖေဖော်ဝါရီ ၂၊ ၂၀၁၅
    M-Media
    Inside_Kaladan Movement Briefer_English [2].indd
    – ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းအစိတ်အပိုင်းအဖြစ် အိန္ဒိယနိုင်ငံမှ တာဝန်ယူထားသည့် စစ်တွေဆိပ်ကမ်း ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းနှင့် မြစ်ကြောင်းတစ်လျှောက် သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ခြင်းလုပ်ငန်းများမှာ ယခုနှစ်မေလတွင် ပြီးဆုံးမည်ဟု သိရသည်။
    `ဆိပ်ကမ်းနဲ့ သယ်ယူပို့ဆောင်ရေး အသုံးအဆောင်တွေဟာ ထပ်တိုးအချိန်ကာလဖြစ်တဲ့ ၂၀၁၅ မေလမှာ သုံးစွဲဖို့ အဆင်သင့်ဖြစ်ပါလိမ့်မယ်´ ဟု အိန္ဒိယအစိုးရ တာဝန်ရှိသူတစ်ဦးက BussinessLine ၀ဘ်ဆိုက်သို့ပြောကြားခဲ့သည်။
    အိန္ဒိယက တာဝန်ယူထားသည့် အဆိုပါလုပ်ငန်းများအတွက် ရူပီး ၃၅၀ ကုဋေ ကုန်ကျမည်ဟု မူလက ခန့်မှန်းထားသော်လည်း ငွေလွှဲနှုန်းထားများကြောင့် လုပ်ငန်းများ အပြီးသတ်ချိန်တွင် ရူပီး ၄၅၀ ကုဋေ ကုန်ကျဖွယ်ရှိနေသည်။
    ကုလားတန်မြစ်ကြောင်း ဘယ်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းတွင် ချင်းပြည်နယ် ပလက်ဝအထိ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ ပြန်လည်ရှင်သန်လာရန် ဆောင်ရွက်ခြင်းနှင့် ချင်းပြည်နယ်ကိုဖြတ်၍ အိန္ဒိယနိုင်ငံ မီဇိုရန်ပြည်နယ်အထိ ရောက်ရှိမည့် ၁၂၉ ကီလိုမီတာအရှည်ရှိသော အဝေးပြေးကားလမ်း ဖောက်လုပ်ရန်လည်း ပါဝင်သည်။
    ထိုစီမံကိန်းတွင် အိန္ဒိယနိုင်ငံက စစ်တွေဆိပ်ကမ်း ဆောက်လုပ်ခြင်း၊ မြစ်ကြောင်းတစ်လျှောက် လိုအပ်သည်များကို ဆောက်လုပ်ပေးခြင်းနှင့် ပလက်ဝတွင် သင်္ဘောဆိပ်တစ်ခု ဆောက်လုပ်ခြင်းတို့အတွက် လုပ်ကိုင်ခွင့်ရခဲ့ပြီး ကုန်တင်ဇက်ရေယာဉ် ၆ စီး ဆောက်လုပ်ပေးပို့ရန်လည်း ပါဝင်သည်။ အိန္ဒိယက တာဝန်ယူထားသည့် ထိုလုပ်ငန်းများမှာ မကြာမီ ပြီးစီးတော့မည်ဖြစ်သည်။
    အဝေးပြေးကားလမ်း ဖောက်လုပ်ရေးအတွက်ကိုမူ ရပ်ဆိုင်းထားရပြီး မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား တိတိပပဆွေးနွေးမှုများ မပြုလုပ်ကြသေးပေ။
    Ref:thehindubusinessline
  • ထိပ်ဆုံး ၂ သင်းသရေကျ၊ အာဆင်နယ်ဂိုးမြူးပြီး၊ မန်ယူ၊ လီဗာပူးလ်တို့ အမှားမရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃
    ထိပ်ဆုံး ၂ သင်းသရေကျ၊ အာဆင်နယ်ဂိုးမြူးပြီး၊ မန်ယူ၊ လီဗာပူးလ်တို့ အမှားမရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃
    ဖေဖော်ဝါရီ ၂၊ ၂၀၁၅
    M-Media
    pl 3
    – ဒီတစ်ပတ်ရီးမီးယာလိဂ်မှာတော့ အာဆင်နယ် ဂိုးမြူးခဲ့ပြီး မန်ယူ၊ လီဗာပူးလ်တို့လည်း အနိုင်ရခဲ့ကာ ထိပ်ဆုံးက ချယ်ဆီးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲမှာတော့ သရေနဲ့ အဆုံးသတ်ခဲ့ရပါတယ်။
    စနေနေ့က အန်ဖီးလ်မှာကစားခဲ့တဲ့ပွဲမှာ လီဗာပူးလ်တို့ ကစားပုံကောင်းခဲ့ပြီး စတာလင်နဲ့ စတားရစ်ခ်ျတို့ရဲ့သွင်းဂိုးတွေနဲ့ ၀က်စ်ဟမ်းကို အနိုင်ရခဲ့ပါတယ်။ ဒဏ်ရာကြောင့် သြဂုတ်လထဲက အနားယူနေရတဲ့ စတားရစ်ခ်ျတစ်ယောက် ပထမဆုံးကစားနိုင်တဲ့ပွဲမှာ ဂိုးသွင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။ လီဗာပူးလ်တို့ ဒီထက်ဂိုးပိုရမယ့်အခွင့်အရေးတစ်ချို့ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ၂ ဂိုးနဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ လိဂ်ဖလားမှာ ချယ်ဆီးကိုရှုံးပြီးထွက်ခဲ့ရတဲ့ လီဗာပူးလ်တို့ ဒီပွဲအနိုင်ဟာ ဖြေသိမ့်စရာလည်း ဖြစ်ခဲ့ပါတယ်။ ၀က်စ်ဟမ်းနည်းပြ ဆမ်အလာဒိုက်စ်ကတော့ အသင်းမှာ ဒဏ်ရာရကစားသမားတွေ များနေတာကြောင့် ရလဒ်မကောင်းခဲ့တာလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
    မန်ယူက ပထမအကျော့ အဝေးကွင်းမှာ ၅ ဂိုး ၃ ဂိုးနဲ့ ရှုံးထာတဲ့ လက်စတာကို အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာ ကစားပုံ သိပ်မကောင်းခဲ့ပါဘူး။ လက်စတာကလည်း မန်ယူနောက်တန်းကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခြင်းမရှိတာကြောင့် မန်ယူတို့ သက်သာရာရခဲ့ပါတယ်။ မန်ယူအတွက် ဂိုးတွေကိုတော့ ၂၇ မိနစ်မှာ ဗန်ပါစီနဲ့ ၃၂ မိနစ်မှာ ဖယ်လ်ကာအိုတို့က သွင်းပေးခဲ့ပြီး ၄၄ မိနစ်မှာ လက်စတာက ၀က်စ်မော်ဂန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ၁ ဂိုး ထပ်ရခဲ့ပါတယ်။ လက်စတာအတွက် နှစ်သိမ့်ဂိုးကိုတော့ မိနစ် ၈၀ မှာ ၀ါစီလ်ဝက်စ်ကီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ဒီတစ်ပတ်ရဲ့ Match of the Week ဖြစ်တဲ့ ချယ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ပွဲမှာတော့ ၁ ဂိုးစီ သရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာကစားပေမယ့် ပယ်လီဂရီနီရဲ့ မန်စီးတီးတို့ကသာ အသာစီးရခဲ့တာပါ။ အားထားရတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့တာကလည်း ချယ်ဆီးအတွက် အားနည်းချက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုးကို ၄၁ မိနစ်မှာ အိမ်ရှင်တို့စရခဲ့ပြီး လိုအစ်ရီမီက သွင်းပေးခဲ့ပါတယ်။ ၄ မိနစ်အကြာမှာပဲ မန်စီးတီးတို့ချေပဂိုးရပြီး ဒေးဗစ်ဆေးလ်းဗားကသွင်းပေးခဲ့တာပါ။ နောက်ပိုင်းမှာ မန်စီးတီးတို့ အပိုင်ဂိုးသွင်းခွင့်အချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ထိပ်ဆုံးက ချယ်ဆီးနဲ့ အမှတ်ကွာဟမှု လျှော့ချနိုင်မယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။
    အာဆင်နယ်ကတော့ ကွင်းလယ်လူအိုဇေးလ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ သက်တောင့်သက်သာကစားခဲ့ပြီး ၅ ဂိုးပြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။
    ခရစ္စတယ်ပဲလေ့စ်ကတော့ နည်းပြသစ် ပါဂျူးရဲ့လက်ထက်မှာ ပထမဆုံးရှုံးပွဲတွေ့ခဲ့ပြီး၊ နယူးကာဆယ်ကလည်း အဝေးကွင်းမှာ ဟားလ်စီးတီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဇယားအောက်ခြေက အသင်းတွေထဲမှာတော့ ဒီတစ်ပတ် တစ်သင်းမှ အနိုင်မရခဲ့ပါဘူး။
    ဒီတစ်ပတ်ပရီးမီးယားလိဂ်ရဲ့ အနိုင်အရှုံးရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဟားလ်စီး ၀-၃ နယူးကာဆယ်
    ခရစ္စတယ်ပဲလေ့စ် ၀-၁ အဲဗာတန်
    လီဗာပူးလ် ၂-၀ ၀က်စ်ဟမ်း
    မန်ယူ ၃-၁ လက်စတာ
    စတုတ် ၃-၁ ကျူပီအာ
    ဆန်းဒါးလန်း ၂-၀ ဘန်လေ
    ချယ်ဆီး ၁-၁ မန်စီးတီး
    အာဆင်နယ် ၅-၀ အက်စတွန်ဗီလာ
    ဆောက်သက်တမ် ၀-၁ ဆွမ်ဆီး
  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၁၊ ၂၀၁၅)
    ဖေဖော်ဝါရီ ၁၊ ၂၀၁၅
    M-Media
    – ယူကရိန်းအရှေ့ပိုင်းဒေသများ ငြိမ်းချမ်းရေးအတွက် ယူကရိန်းအစိုးရနှင့် ရုရှားလိုလားသူ ခွဲထွက်ရေးသမားများအကြား ဆွေးနွေးပွဲတွင် မည်သည့်သဘောတူညီချက်မှမရရှိဘဲ ယမန်နေ့တွင် ပြီးဆုံးသွားခဲ့ပြီး ထိုကဲ့သို့ သဘောတူညီချက် မရခြင်းအတွက် အစိုးရနှင့် သူပုန်တို့ အပြန်အလှန်ပြစ်တင် ပြောဆိုခဲ့ကြသည်။
    – ဒေသအတွင်း ဒီမိုကရေစီနည်းကျသည့် အုပ်ချုပ်ရေးဖြစ်လာရန်အတွက် တောင်းဆိုသည့် ဆန္ဒပြမှုများကို ဟောင်ကောင်ပြည်သူများက ယနေ့တွင် ပြန်လည်ပြုလုပ်မည်ဟုကြေညာခဲ့ပြီး အစိုးရကလည်း ဆန္ဒပြသူများအနေဖြင့် အဓိကလမ်းမကြီးများနှင့် မြို့လည်ကောင်တို့အား သိမ်းပိုက်ပါက ယခင်ကဲ့သို့ပင် ရှင်းလင်းဖယ်ရှားသွားမည်ဟု ပြောကြားခဲ့သည်။
    – အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် ပါလက်စတိုင်းလူငယ်တစ်ဦးအား အစ္စရေးစစ်တပ်က ယမန်နေ့တွင် ပစ်သတ်ခဲ့ပြီး ၎င်းတို့အား မီးဗုံးဖြင့် ပစ်ခတ်မှုကြောင့် ပြန်လည်ပစ်ခဲ့ရခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်ကမူ ကာကွယ်ပြောကြားခဲ့သည်။
    – ဇန်န၀ါရီလအတွင်း အီရတ်နိုင်ငံတစ်ဝှမ်းဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် ၁၃၇၅ ဦး သေဆုံးခဲ့ပြီး ၂၂၄၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကုလသမဂ္ဂမှ ယနေ့ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားပြီး ၎င်းတို့အထဲမှ ထက်ဝက်ကျော်မှာ အရပ်သားများဖြစ်ကြသည်။ ထိုပမာဏနမှာ ၂၀၁၄ ခုနှစ်မှစ၍ တစ်လအတွင်း အမြင့်ဆုံး သေဆုံးဒဏ်ရာရမှုဖြစ်ပြီး အီရတ်စစ်သား ၅၈၅ ဦး သေဆုံးခဲ့သည်။
    – နိုက်ဂျီးရီးယားအရှေ့မြောက်ပိုင်း ဒမ်ဘိုအာမြို့အား ဘိုကိုဟရမ်အဖွဲ့က တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပြည်သူ ၁၅၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ အဆိုပါမြို့အား ပြီးခဲ့သည့် ကြာသာပတေးနေ့ ညကတည်းက ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နိုက်ဂျီးရီးယားလုံခြုံရေးတပ်ဖွဲ့မှာ ဇန်န၀ါရီလအစောပိုင်းကတည်းက ဆုတ်ခွာသွားသောကြောင့် ပြည်သူများမှာ အကာအကွယ်မဲ့ဖြစ်နေသည်။
    – ဂျပန်ဓားစာခံတစ်ဦးအား IS က ယမန်နေ့တွင် သတ်ဖြတ်ခဲ့ပြီးနောက် ၎င်းတို့လက်ထဲတွင် ကျန်ရှိသည့် မိမိတို့လေယာဉ်မှူးကို ကယ်တင်ရန် လုပ်နိုင်သမျှအားလုံးကို လုပ်ဆောင်သွားမည်ဟု ဂျော်ဒန်ဘုရင် အဘ်ဒူလာက ယနေ့တွင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပြောကြားလိုက်သည်။
    Ref: channelnewasia,alarabiya