News @ M-Media

Blog

  • တိုင်းပြည်ကို မိမိ ဦးဆောင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

    တိုင်းပြည်ကို မိမိ ဦးဆောင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

    ဖေဖော်ဝါရီ ၅ ၊ ၂၀၁၅
    M-Media
    25d0e7f9-6fad-4dc1-8091-709c6eb03ebb.img
    – ယခုနှစ်အတွင်း အဓိကကျသည့် ရွေးကောက်ပွဲရှိနေပြီး အာဏာရှင်စနစ်မှ ကူးပြောင်းလာခဲ့သည့် ဒီမိုကရေစီစနစ်မှာ အတုအယောင် ဒီမိုကရေစီဖြစ်လာသည်ဟု စိုးရိမ်မှုများရှိနေသော်လည်း မြန်မာနိုင်ငံအား ဦးဆောင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က အခိုင်အမာပြောကြားခဲ့သည်။

    လက်ရှိအာဏာရနေသော ဗိုလ်ချုပ်ဟောင်းများ၏ အာဏာကို တားဆီးရန်နှင့် ရာစုနှစ်တစ်ဝက်နီးပါး ကြာမြင်ခဲ့သည့် စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်ပြီးနောက် ပေါ်ထွက်လာသော ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သူမ၏ သမ္မတဖြစ်ခွင့်အား ပိတ်ပင်ထားသည့် အပိုဒ်ကို ဖြုတ်ပစ်ရန်အတွက် ဆောင်ရွက်သွားမည်ဟု မြန်မာ့ အတိုက်အခံခေါင်းဆောင် သူမက ဆိုသည်။

    အမြဲတမ်းပင် တွေ့ဆုံဆွေးနွေးရေး စကားများကိုသာ ပြောဆိုလေ့ရှိသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၏ ထိုမှတ်ချက်များက နိုင်ငံရေးအရှုပ်အထွေးနှင့် ပဋိပက္ခများရှိနေသည့် မြန်မာနိုင်ငံအတွင်း စိုးရိမ်စရာကောင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အာဏာခွဲဝေမှုပြဿနာများကို မီးမောင်းထိုးပြနေသည်။

    `သိပ်အန္တရာယ်ကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စစ်မှန်တဲ့ ဒီမိုကရေစီမဟုတ်လို့ပါ။ ဒါပေမယ့် စစ်မှန်တဲ့ဒီမိုကရေစီလို့ ယုံကြည်နေကြတဲ့သူတွေနဲ့၊ စစ်မှန်တဲ့ ဒီမိုကရေစီလိုမျိုး ဟန်ဆောင်နေကြတဲ့ သူတွေလည်း အများကြီးရှိပါတယ်´ ဟု နေပြည်တော် ပါလီမန်အဆောက်အဦးရှိ သူမ၏ ရုံးခန်၌ ပြုလုပ်ခဲ့သော အင်တာဗျူး၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်၏ သားများမှာ မြန်မာနိုင်ငံသား မဟုတ်သောကြောင့် မိခင်ဖြစ်သူ သူမနေဖြင့် သမ္မတဖြစ်ခွင့် မရှိဟု ဆိုလိုသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ စည်းမျဉ်းအား သူမက ပြင်နိုင်မည်ဆိုခြင်းနှင့် ပတ်သက်၍ သံသယများ ရှိနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ စွန်လွှတ်မည်မဟုတ်ဟု ဆိုသည်။ အခြေခံဥပဒေအား ပြင်ဆင်ခြင်းမှာ လွှတ်တော်တွင် အသက်ဝင်နေသည့် ကိစ္စဖြစ်သည်ဟု သူမကထောက်ပြသည်။ ထိုပြင်ဆင်မှုတွင် သူမအား သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် အပိုဒ်ကိုဖြုတ်ရန်၊ စစ်တပ်က လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူထားခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှုအား တားမြစ်ပိတ်ပင်နိုင်သည့် အာဏာ စသည်တို့ကို ပယ်ဖျက်ရန်တို့ ပါဝင်သည်။

    `အခြေခံဥပဒေဟာ ပြောင်းသွားမယ်လို့ ကျွန်မ သေချာပြောရဲပါတယ်။ ဘယ်တော့လဲဆိုတာကို ပြောလို့ မရပါပေမယ့် ဒီလိုမျိုး စာပိုဒ်တွေက တစ်သက်လုံးရှိနေမှာ မဟုတ်ပါဘူး´ ဟု အသက် ၇၀ အရွယ်ရှိပြီဖြစ်သည့် သူမက ဆိုသည်။

    ၁၈၈၅ ခုနှစ် အင်္ဂလိပ်က သီပေါဘုရင်ကို ဖြုတ်ချပြီးနောက်ပိုင်း နှစ်ပေါင်း ၁၃၀ လုံးလုံး နိုင်ငံအား မည်ကဲ့သို့ အုပ်ချုပ်ရမည်ဆိုခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံက ရုန်းကန်နေရဆဲပင်ဖြစ်သည်။ ထိုအတောအတွင်း ကိုလိုနီအုပ်ချုပ်ရေး၊ စစ်အာဏာရှင်စနစ်တို့ဖြင့် နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်။ နေအိမ်အကျယ်ချုပ် ၁၅ နှစ်အပါအ၀င် လွန်ခဲ့သည့် ၂၅ နှစ်အတွင်း နိုင်ငံရေးအခွင့်အရေး အတွက် ဒေါ်အောင်ဆန်းဆုကြည် တစ်ယောက် စစ်ဗိုလ်ချုပ်ကြီးများနှင့် တိုက်ပွဲဝင်ရာတွင် ဆယ်စုနှစ်ပေါင်းများစွာ အစိုးရနှင့် ပဋိပက္ခများဖြစ်ခဲ့ကြသည့် တိုင်းရင်းသားများအား အာဏာခွဲဝေရေးနှင့် ပတ်သက်သည့် ပြဿနာကိုလည်း စဉ်းစားခဲ့ကြရသည်။ ထို့ပြင် လူများစု ဗမာလူမျိုးများ၏ လွှမ်းမိုးမှုကိုလည်း သတိထားခဲ့ကြရလေသည်။

    စိတ်ဝင်စားသည့် အဖွဲ့ပေါင်းများစွာနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခြင်းအတွက် ယခင်ဗိုလ်ချုပ်ဟောင်းဖြစ်သည့် သမ္မတဦးသိန်းစိန်နှင့် သူ၏ လေးနှစ်သားရှိသော အရပ်သားတစ်ပိုင်း အစိုးရ၏ အစီအစဉ်များမှာ ပရမ်းပတာအခြေအနေဖြစ်စေ၍ ပြုပြင်ပြောင်းလဲမှုကို တမင်ဖျက်ဆီးရန် အားထုတ်မှုကဲ့သို့ ဖြစ်နေသည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။ အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည်က အားပေးသည့် နိုင်ငံရေးခေါင်းဆောင်များ အကြား ဆွေးနွေးညှိနှိုင်းမှုတွင် ၎င်းတို့၏ အစီအစဉ်မှာ အပေါ်အောက်သွားသည့်စနစ်ထက် ပို၍ ဒီမိုကရက်တစ်ဆန်သည်ဟု ဆိုသည်။

    ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်ကို ဝေဖန်ခဲ့ပြီး ဒေါ်စုအနေဖြင့် တစ်ခါတစ်ရံတွင် စစ်တပ်နှင့်ပတ်သက်၍ အလွန်အမင်း ပွင့်ပွင့်လင်းလင်းပြောတတ်သည်ဟုဆိုသည်။

    `ဒီလိုပြောဆိုမှုမျိုးဟာ အနောက်တိုင်း နိုင်ငံရေးယဉ်ကျေးမှုမှာတော့ အလုပ်ဖြစ်မှာဖြစ်ပေမယ့် မြန်မာ့နိုင်ငံရေး ဓလေ့မှာတော့ သူမ လိုချင်တဲ့ ရလဒ်ကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး´ ဟု ဦးရဲထွဋ်က ဆိုလေ၏။

    တစ်ချိန်က မာမာထန်ထန်တုန့်ပြန်ရန် လိုလားခဲ့သော ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် စစ်ခေါင်းဆောင်များ၏ အတိတ်က မှားယွင်းမှုများအတွက် အနာဂတ်အစိုးရတွင် ပြစ်ဒဏ်ခတ်ခြင်း ပြုလုပ်မည် မဟုတ်ဟုဆိုကာ စစ်တပ်ကို စိတ်အေးစေအောင် ဆောင်ရွက်ခဲ့သည်။

    `ကျွန်မတို့ ရှေ့ဆက်ဖို့လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်မတို့ကိုယ်ကျွန်မတို့ တစ်ချိန်လုံး အတိတ်မှာပဲ တစ်ဝဲလည်လည်ဖြစ်နေရမယ်လို့ ကျွန်မ မယူဆပါဘူး။ အတိတ်ဆိုတာ ကျွန်မတို့အတွက် သင်ယူဖို့ဖြစ်ပြီး ကျွန်မတို့ကို တုပ်နှောင်ထားဖို့ မဟုတ်ပါဘူး´

    တရုတ်မှတည်ဆောက်မည့် ရေကာတာစီမံကိန်းများမှအစ မူးယစ်ဆေးဝါး၊ ကျောက်စိမ်း၊ ကျွန်းသစ်စသည်တို့ မှောင်ခိုထွက်နေခြင်းတို့အဆုံး ပြဿနာများဖြင့် စိုးရိမ်မှုများ မြင့်တက်လာချိန်တွင် မြန်မာ့စီးပွားရေး၊ နိုင်ငံခြားရင်းနှီမြှုပ်နှံမှု၊ သဘာဝသယံဇာတများအတွက် လိုင်စင်ချပေးခြင်း စသည်တို့နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပေါ်လစီများကို အသေးစိတ်ပြောပြရန် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့သည်။ သို့ရာတွင် ချစားမှုပြဿနာကို ပထမဆုံး ဖြေရှင်းရမည်ဟု သူမက ထောက်ပြခဲ့သည်။ ထိုအတွက် အစိုးရကိုယ်တိုင်က စတင်ရမည်ဖြစ်ပြီး ထို့နောက် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးကို တည်ဆောက်ရမည်ဟု သူမက ဆိုလေသည်။

    `ဒါဟာ စီးပွားရေးကိစ္စ သက်သက်ချည်းမဟုတ်ပါဘူး။ နိုင်ငံရေးကိစ္စမျိုးဖြစ်ပါတယ်´ ဟု တိုင်းရင်းသား လူနည်းစုများနှင့် သယံဇာတဝေခွဲရေးကို ရည်ညွှန်း၍ သူမက ပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်အတွင်း လွှတ်တော်အမတ်ဖြစ်လာပြီးနောက်ပိုင်း ဝေဖန်မှုများနှင့် ပိုမိုရင်ဆိုင်ခဲ့ရသည်ဆိုသည်ကို သူမက ငြင်းဆန်ခဲ့သော်လည်း သူမ၏ သမ္မတဖြစ်ရေး ရည်မှန်းချက်အတွက် အချို့သောသူများ၏ ဝေဖန်မှုကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ရင်ဆိုင်ခဲ့ရလေသည်။

    လက်ရှိအနေအထားအတွင်း အကျိုးခံစားနေရပြီး ဒေါ်အောင်ဆန်းစုကြည်ကို သံသယရှိသူအချို့က သူမအနေဖြင့် လက်ရှိအာဏာကို လှုပ်ခတ်နိုင်မည်လားဆိုခြင်းနှင့်ပတ်သက်၍ သောကရောက်နေကြသည်။ သူမကို အားပေးထောက်ခံသူတစ်ချို့ကတော့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် သူမ၏ လွှမ်းမိုးမှုမှာ ရွေးချယ်ခွင့်ရှိသော ခေါင်းဆောင်များ ပေါ်ထွက်လာရေးကို ထိန်းထားနိုင်ပြီး စစ်တပ်အား စောစီးစွာ အာဏာလွှဲပြောင်းပေးရေး ဖြစ်နိုင်ချေများကို ပိတ်ဆို့တားဆီးနိုင်လိမ့်မည်ဟု မြင်ကြလေသည်။

    `ဒီအင်တာဗျူးမှာ အံ့သြစရာကောင်းတဲ့အရာကတော့ ကျွန်မဟာ အရင်က ဝေဖန်မခံခဲ့ရဘူးဆိုတဲ့ စကားပါပဲ။ ကျွန်မ ဝေဖန်ခံခဲ့ရပါတယ်။ အနောက်နိုင်ငံကပါအ၀င် လူတော်တော်များများက ကျွန်မဟာ လိုက်လျောညီထွေမှု လုံလုံလောက်လောက်မရှိဘူးလို့ပြောကြပြီး စစ်အစိုးရကိုလည်း ပိုမိုကောင်းမွန်စွာ ဆက်ဆံသင့်တယ်လို့လည်း ဆိုကြပါတယ်။ ပြီးတော့ ကျွန်မသာ ပူးပေါင်းဆောင်ရွက်မှုတွေပိုလုပ်ရန် စစ်တပ်က ကျွန်မကို ပိုမိုကောင်းမွန်စွာ ဆက်ဆံမယ်လို့ ပြောတာမျိုးတွေလည်း ရှိပါတယ်´ ဟု သူမက ထောက်ပြပြောဆိုခဲ့လေသည်။

    ref:Financial Times‎

  • စင်ကာပူ-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

    စင်ကာပူ-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၅
    M-Media

    gct

    – မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်သော အစီအစဉ်နှစ်ခုကို စင်ကာပူနိုင်ငံက ကြေညာလိုက်ပြီး ၎င်းတို့မှာ စီးပွားရေးဆက်သွယ်မှု တိုးမြှင့်ရေး ၀န်ကြီးအဆင့် ပူးပေါင်းကော်မတီ ပြန်လည်ဖွဲ့စည်းရန်၊ ဘဏ်နှင့် ဘဏ္ဍာရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ရရှိရန်တို့ ဖြစ်ကြသည်။

    အဆိုပါအစီအစဉ်များကို စင်ကာပူ ဘဏ္ဍာရေးအာဏာပိုင်အဖွဲ့ MAS ၏ အကြီးတန်းအကြံပေး ဂိုချောက်တောင် ယခုလက်ရှိ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ကြေညာလိုက်ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ်က နောက်ဆုံးရောက်ရှိခဲ့သည့် မစ္စတာဂိုမှာ မြန်မာနိုင်ငံသို့ ၂ ရက်တာ လာရောက်လည်ပတ်ခြင်း ဖြစ်သည်။

    အဆိုပါ အစီအစဉ် ၂ ခုကို ဆောင်ရွက်ရန် သဘောတူခဲ့ခြင်းမှာ စင်ကာပူနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန်လည်းဖြစ်သည်။

    ၁၉၉၅ ခုနှစ်က ဖွဲ့စည်းခဲ့သော်လည်း ၂၀၀၁ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည့် ၀န်ကြီးအဆင့် လုပ်ငန်းဆောင်ရွက်ရေး ပူးပေါင်းကော်မတီ JMWC ကို ယခုနှစ်အတွင်း ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ နယ်ပယ်တို့တွင် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်။ အဆိုပါ JMWC အဖွဲ့အား စင်ကာပူ ကုန်သွယ်ရေးနှင့် စက်မှူလက်မှူ ၀န်ကြီး လင်မ် ဟန် ကီယန်နှင့် မြန်မာ့စွမ်းအင်ဝန်ကြီး ဇေယျာအောင်တို့က ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း စီးပွားရေးကို ပိုမိုချဲ့ထွင်ရန် ဆောင်ရွက်နေသည့် ယခုအချိန်တွင် အဆိုပါ ကော်မတီ၏အခန်းကဏ္ဍမှာ အရေးပါမည်ဖြစ်သည်။

    မစ္စတာဂိုမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အကြီးအကဲ၊ ဘဏ္ဍာရေးဝန်ကြီးတို့နှင့်လည်း တွေ့ဆုံခဲ့ပြီး ဘဏ်လုပ်ငန်း အဆင့်မြှင့်တင်ခြင်း၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍအတွက် လုပ်နိုင်စွမ်းမြှင့်တင်ပေးခြင်း တို့ကို ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ပြည်ပဘဏ် ၉ ခုအတွက် လုပ်ပိုင်ခွင့်လိုင်စင် ချပေးခဲ့ပြီး ထိုအထဲတွင် စင်ကာပူဘဏ်များ ဖြစ်ကြသည့် OCBC နှင့် UOB တို့လည်း ပါဝင်ခဲ့သည်။

    စင်ကာပူမှာ တရုတ်နှင့် ထိုင်းတို့ပြီးနောက် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၁၄
    ခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၈ ဘီလီယံရှိခဲ့သည်။

    Ref: channelnewsasia

  • နိုင်ငံတကာသတင်းတို (ဖေဖော်ဝါရီ ၄၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media

    – အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ယမန်နေ့က ရထားတစ်စီးမှာ ရထားလမ်းပေါ်တွင်ရှိနေသည့် ဂျစ်ကားတစ်စီးကို တိုက်မိခဲ့သောကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရထားပေါ်ပါ ၆ ဦးနှင့် ကားမောင်းသမား ၁ ဦး စုစုပေါင်း ၇ ဦးသေဆုံးခဲ့သည်။

    – ၁၉၉၀ ပြည့်နှစ်များက ဖြစ်ပွားခဲ့သော နှစ်နိုင်ငံစစ်ပွဲအတွင်း ဆားဘီးယားတပ်များက ခရိုးအေးရှားပြည်သူများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု ခရိုအေးရှားဘက်က တိုင်ကြားထားမှုအား အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး ICC က ပယ်ချလိုက်မှုအပေါ် ကျေနပ်မှုမရှိဟု ခရိုအေးရှား ၀န်ကြီးချုပ် ဇိုရန် မီလန်နိုဘစ်က ပြောကြားလိုက်သည်။ ဆားဘီးယား သမ္မတ နီကိုလစ်ကမူ ICC ၏ ထိုဆုံးဖြတ်ချက်မှာ မိမိတို့နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးမျှော်လင့်ချက်ဟု ပြောကြားခဲ့သည်။

    – Raad အမည်ရှိ ခရုဇ်ဒုံးကျည်ကို ပါကစ္စတန် စစ်တပ်က ပြည်တွင်း၌ ထုတ်လုပ်နိုင်ခဲ့ပြီး ယမန်နေ့က စမ်းသပ်ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ ရာနှုန်းပြည့်အောင်မြင်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်မှ ပြောကြားခဲ့ပြီး အဆိုပါ ဒုံးကျည်ကို ပါကစ္စတန်ရေတပ်နှင့် ကြည်းတပ်တို့တွင် အသုံးပြုသွားမည်ဟု ဆိုသည်။

    – ၂၀၁၁ ခုနှစ်အတွင်းက အာဏာရှင် ဟိုစနီမူဘာရက်အား ဖြုတ်ချသည့် တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ၂၃၀ ကို အီဂျစ်တရားရုံးက တစ်သက်တစ်ကျွန်းပြစ်ဒဏ်အပါအ၀င် ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်ပြီး ၎င်းတို့ထဲတွင် တက်ကြွလှုပ်ရှားသူများလည်း ပါဝင်ခဲ့သည်။

    – ယူကရိန်းအရှေ့ပိုင်း ခွဲထွက်ရေးသမားများ ထိန်းချုပ်ရာ ဒွန်တက်စ်မြို့ရှိ ဆေးရုံတစ်ရုံကို ယနေ့နေ့လည်ပိုင်းက အမြောက်ထိမှန်ခဲ့သောကြောင့် သေဆုံး ဒဏ်ရာရမှုများရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    – ဂျော်ဒန်လေယာဉ်မှူးအား IS မှ သတ်ဖြတ်ခဲ့ပြီးနောက် IS အား လေကြောင်းမှ တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ပေါင်းစုမှ ယူအေအီးနိုင်ငံက နှုတ်ထွက်ခဲ့သည်။

    Ref: aljazeera,xinhua,

  • ဒူးဒဏ်ရာက မန်ယူတွင် ရုန်းကန်ရခြင်း၏ အဓိကပြဿနာဟု အန်ဒါဆန်ဆို

    ဒူးဒဏ်ရာက မန်ယူတွင် ရုန်းကန်ရခြင်း၏ အဓိကပြဿနာဟု အန်ဒါဆန်ဆို

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media

    ads

    – မန်ယူတွင် ခြေစွမ်းကောင်းများကို ပြသချင်သော်လည်း မိမိ၏ ဒူးဒဏ်ရာက ထိုအခွင့်အရေးအား ပိတ်ပင်တားဆီးခဲ့ပြီး ယခုအသင်းသစ်တွင်မူ ခြေစွမ်းပြနိုင်အောင် ကြိုးစားသွားမည်ဟု မန်ယူအလယ်တန်းလူဟောင်း အန်ဒါဆန်က ပြောကြားလိုက်သည်။

    အန်ဒါဆန်မှာ မန်ယူသို့ ၂၀၀၇ ခုနှစ်တွင် ရောက်ရှိခဲ့သော်လည်း ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့် ရာသီက အသင်းအတွက် ၅ ပွဲသာ ကစားခွင့်ရခဲ့ကာ နည်းပြသစ် ဗန်ဂါးလ်လက်ထက်တွင် တစ်ပွဲမှ ပါဝင်ကစားခွင့် မရသေးချေ။

    ဘရာဇီး စီးရီးအေ ကလပ် Internacional အသင်းသို့ ယမန်နေ့က ပြောင်းရွှေ့ခဲ့သည် အန်ဒါဆန်ကမူ မန်ယူအသင်း၌ စိတ်ပျက်ဖွယ်ကောင်းသည့် အချိန်ကာလများ ကြုံတွေ့ခဲ့ရခြင်းမှာ ဒဏ်ရာကြောင့်လည်း ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    `မန်ယူမှာ ၈ နှစ်ကစားခဲ့ပြီး အသင်းကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော့်ရဲ့ ပထမလေးနှစ်မှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ ကမ္ဘာ့ကလပ်ချန်ပီယံ စသဖြင့် ဖလားတိုင်းကို ကျွန်တော်ရခဲ့ပါတယ်။ ကျွန်တော် ဒူးဒဏ်ရာရခဲ့ပြီး ခဏလေးနဲ့ ပြန်ကစားနိုင်ခဲ့ပေမယ့် အရင်ကလိုမကောင်းတော့ပဲ ဒူးကလည်း ဒဏ်ရာပြန်ရခဲ့ပါတယ်´ ဟု Guradian သတင်းစာသို့ အန်ဒါဆန်က ပြောကြားခဲ့သည်။

    မိမိအား ဝေဖန်ခြင်းနှင့်ပတ်သက်၍ အန်ဒါဆန်က ကစားသမားတစ်ဦးမှာ အမြဲတမ်း ဝေဖန်ခံရမည်ဖြစ်ကြောင်း ယခင်ကဒဏ်ရာရခဲ့သော်လည်း ယခုအချိန်တွင် အတော်ကောင်းမွန်နေပြီး ကွင်းထဲ၌ သက်သေပြသွားမည်ဖြစ်ကြောင်း၊ Internacional အသင်းတွင် ကစားရသည်ကို ပျော်ရွှင်မိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: goal.com

  • ဂျော်ဒန်လေယာဉ်မှူးအား IS က မီးရှို့သတ်ဖြတ်မှု ကမ္ဘာ့မွတ်စလင်များ ပြင်းပြင်းထန်ထန် ရှုတ်ချ

    ဂျော်ဒန်လေယာဉ်မှူးအား IS က မီးရှို့သတ်ဖြတ်မှု ကမ္ဘာ့မွတ်စလင်များ ပြင်းပြင်းထန်ထန် ရှုတ်ချ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media

    jrd

    – ဂျော်ဒန်လေယာဉ်မှူးအား IS အဖွဲ့က လူမဆန်စွာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ခေါင်းဆောင်များနှင့် အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။

    `IS ရဲ့ ရက်စက်ယုတ်မာမှုကြောင့် အသက်ပေးခဲ့ရပြန်တဲ့ နောက်ထပ်ဓားစာခံတစ်ဦးအတွက် ကမ္ဘာကြီးနဲ့ထပ်တူ ၀မ်းနည်းကြေကွဲရပါတယ်။ ပြောလို့တောင်မကောင်းတဲ့၊ အစ္စလာမ်ရဲ့သွန်သင်မှုနဲ့ ဆန့်ကျင်တဲ့ ဒီလိုလုပ်ရပ်ကို လူတိုင်းက မဖြစ်မနေ ရှုတ်ချရပါလိမ့်မယ်။ ဒီလူမဆန်တဲ့လုပ်ရပ်ဟာ အမုန်းတရားတွေ၊ ကွဲပြဲမှုတွေဖြစ်လာအောင် လှုံ့ဆော်ပေးတာဖြစ်ပြီး အကြမ်းဖက်သမားတွေဆင်ထားတဲ့ ဒီထောက်ချောက်ထဲကို ကျွန်တော်တို့ ၀င်သွားလို့ မရပါဘူး´ ဟု အမေရိကန်အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR မှ ယမန်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ အမှုဆောင်ဒါရိုက်တာ နီဟတ် အ၀ဒ်က
    ပြောကြားခဲ့သည်။

    အသတ်ခံခဲ့ရသည့် လေယာဉ်မှူး မူအဒ် အလ်-ကာဆာအီစ်ဘဟ်မှာ ဒီဇင်ဘာလအတွင်းက ၎င်း၏ တိုက်လေယာဉ် ဆီးရီးယားပိုင်နက်အတွင်းသို့ ပျက်ကျခဲ့ပြီးနောက် IS အဖွဲ့၏ ဖမ်းဆီခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ထို့နောက် ၎င်းအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သည်ဟု ယူဆရသည့် ဗီဒီယိုကို IS အဖွဲ့က ဖေဖော်ဝါရီ ၃ ရက် အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

    ဂျော်ဒန်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ မမ်ဒူ အလ်-အမီရီကမူ အဆိုပါဗီဒီယို၏ မှန်ကန်မှုနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးခဲ့သော်လည်း သေဆုံးသွားသော လေယာဉ်မှူးမှာ သူရဲကောင်းတစ်ဦးဖြစ်ပြီး ၎င်းအတွက် လက်စားချေသွားမည်ဟု ပြောကြားခဲ့သည်။

    `ဂျော်ဒန်စစ်တပ်က ဒီအာဇာနည်အတွက် ၀မ်းနည်းကြေကွဲရပြီး၊ သူ့ရဲ့သွေးမြေကျမှုဟာ အချည်းအနှီးမဖြစ်စေရဘူးလို့ သန္ဓိဌာန်ချထားကြပါတယ်။ ဂျော်ဒန်ပြည်သူတွေရဲ့ ဆုံးရှုံးမှုနဲ့ တန်အောင် ကျွန်တော်တို့ဟာ အပြစ်ပေးမှု၊ လက်စားချေမှုတွေ ပြုလုပ်သွားမှာပါ´ ဟု ဂျော်ဒန်တီဗီက ထုတ်ပြန်ခဲ့သော စစ်တပ်၏ ကြေညာချက်တွင် အလ်-အမီရီက ထည့်သွင်းပြောကြားခဲ့သည်။

    IS ၏ ထိုလုပ်ရပ်ကို ရှုတ်ချခဲ့သည့် CAIR အဖွဲ့မှာ ဖေဖော်ဝါရီ ၄ ရက်နေ့ (ယနေ့) တွင် ၀ါရှင်တန်ဒီစီ ကက်ပီတိုဟေလ်းရှိ ၎င်းတို့၏ ရုံးချုပ်၌ သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ရန် စီစဉ်ထားသည်။ အဆိုပါ ရှင်းလင်းပွဲသို့ CAIR အဖွဲ့မှ ကိုယ်စားလှယ်များ၊ အမေရိကန်မွတ်စလင် လူ့အဖွဲ့အစည်းမှ ဒေသဆိုင်ရာနှင့် နိုင်ငံလုံးဆိုင်ရာ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ပြီး ဂျော်ဒန်လေယာဉ်မှူးအား လူမဆန်စွာ အရှင်လတ်လတ်မီးရှို့ခဲ့သည့် IS ၏ လုပ်ရပ်မှာ အစ္စလာမ်သာသနာနှင့် ဗြောင်ဆန့်ကျင်ကြောင်း တရားဝင် ရှုတ်ချသွားမည်ဖြစ်သည်။

    မွတ်စလင်ကမ္ဘာ၏ အကျော်ကြားဆုံး အစ္စလာမ့်ဓမ္မတက္ကသိုလ်ဖြစ်သည့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အလ် အဇ်ဟရ် တက္ကသိုလ်မှ အစ္စလာမ့်ရေးရာလေ့လာမှုဆိုင်ရာဌာန အကြီးအကဲဖြစ်သူ ဒေါက်တာ ၀ါအီလ် ရှီဟဘ်ကလည်း IS ၏ စက်ဆုပ်ဖွယ်ကောင်းသော အဆိုပါ လုပ်ရပ်ကို ရှုတ်ချခဲ့သည်။

    `ဂျော်ဒန်ဓားစာခံနဲ့ပတ်သက်လို့ ဆိုးရွားပြီး စက်ဆုပ်စရာကောင်းတဲ့ IS ရဲ့ဒီလုပ်ရပ်ကို အစ္စလာမ်နဲ့ တန်းညှိလို့မရသလို ဒီလိုဆိုးရွားတဲ့ ရာဇ၀တ်မှုကျူးလွန်သူတွေကို ဥပဒေရှေ့မှောက်ရောက်အောင် ဆောင်ရွက်ရပါမယ်။ လူသားတစ်ယောက်ကို မီးရှို့တာဟာ အစ္စလာမ်က ပိတ်ပင်ထားမြစ်ထားတဲ့လုပ်ရပ်ပါ။ ကုန်အာန်ကျမ်းတော်မြတ် ကဏ္ဍ ၁၇၊ ပါဒတော် ၇၀ မှာ “ဧကန်မလွဲ ငါအရှက်မြတ်သည် အာဒမ်၏ သားမြေးများအား (လူသားများအား) ဂုဏ်သိန်ထူးကဲမြင့်မြတ်စေတော်မူခဲ့လေသည်´´ လို့ ဖော်ပြထားတာကြောင့် လူသေဖြစ်ဖြစ်၊ လူရှင်ဖြစ်ဖြစ် ဂုဏ်ပေးရပါလိ့မ်မယ်။ လူတစ်ယောက်ကို မီးရှို့တာဟာ သူရဲ့ ဂုဏ်သိက္ခာကို လစ်လျူရှုတာဖြစ်ပြီး ဖန်ဆင်းရှင်ရဲ့ ဆန္ဒနဲ့လည်း ဆန့်ကျင်ပါတယ်´ ဟု ရှီဟဘ်က ပြောကြားခဲ့သည်။

    ထို့ပြင် တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ)၏ သြ၀ါဒတော်တွင်လည်း လူသားအား မီးရှို့ခြင်းကို တားမြစ်ထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဓာတုလက်နက်အကြောင်းပြကာ အမေရိကန်က အီရတ်ကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ပေါ်ထွက်လာခဲ့သည့် IS အဖွဲ့အား ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်ခေါင်းဆောင်များနှင့် အသင်းအဖွဲ့များက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့သည်။

    ဆော်ဒီနိုင်ငံ၏ အစ္စလာမ့်ဓမ္မသတ်မှူးချုပ် မွဖ်သီ ရှိခ် အဘ်ဒူ အဇစ် အလ် ရှိခ်က အလ်ကိုင်းဒါးနှင့် IS အဖွဲ့တို့မှာ အစ္စလာမ်သာသနာ၏ နံပါတ် ၁ ရန်သူဖြစ်ပြီး ထိုအဖွဲ့များအား မွတ်စလင်များက ဦးဆောင် တိုက်ထုတ်ကြရန် တိုက်တွန်းခဲ့သည်။

    လွန်ခဲ့သည့် လအနည်းငယ်ကလည်း အီဂျစ် အစ္စလာမ့်ဓမ္မသတ်မှူးချုပ် မွဖ်သီ ရှော်ကီ အာလမ်က ကမ္ဘာတစ်ဝှမ်း ရက်ရက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများကို ကျူးလွန်နေကြသည့် စစ်သွေးကြွများကို ရှုတ်ချခဲ့သည်။

    အီရတ်နှင့် ဆီးရီးယားရှိ မြင့်မြတ်ရာနေရာများကို ဖျက်ဆီးသည့် IS အဖွဲ့၏ လုပ်ရပ်များနှင့်ပတ်သက်၍လည်း အိန္ဒိယရှိ ရှီအာနှင့် စွန်နီမွတ်စလင်များက ပူးပေါင်းကာ ရှုတ်ချခဲ့ကြပြီး၊ ၎င်းတို့၏ လုပ်ရပ်များမှာ မွတ်စလင်အချင်းချင်း ဂိုဏ်းဂနကွဲစေသည့် လုပ်ရပ်များဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး အစ္စလာမ်အဖွဲ့အစည်းဖြစ်သည့် နဒ်လာသွလ် အိုလမာ NU အဖွဲ့ကလည်း IS အဖွဲ့ကို ရှုတ်ချခဲ့ပြီး ၎င်းတို့၏ အယူအဆများ အင်ဒိုနီးရှားသို့ မ၀င်ရောက်ရေး ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းခဲ့သည်။

    Ref: onislam