ဖေဖော်ဝါရီ ၅၊ ၂၀၁၅
M-Media
– မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်သော အစီအစဉ်နှစ်ခုကို စင်ကာပူနိုင်ငံက ကြေညာလိုက်ပြီး ၎င်းတို့မှာ စီးပွားရေးဆက်သွယ်မှု တိုးမြှင့်ရေး ၀န်ကြီးအဆင့် ပူးပေါင်းကော်မတီ ပြန်လည်ဖွဲ့စည်းရန်၊ ဘဏ်နှင့် ဘဏ္ဍာရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ရရှိရန်တို့ ဖြစ်ကြသည်။
အဆိုပါအစီအစဉ်များကို စင်ကာပူ ဘဏ္ဍာရေးအာဏာပိုင်အဖွဲ့ MAS ၏ အကြီးတန်းအကြံပေး ဂိုချောက်တောင် ယခုလက်ရှိ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ကြေညာလိုက်ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ်က နောက်ဆုံးရောက်ရှိခဲ့သည့် မစ္စတာဂိုမှာ မြန်မာနိုင်ငံသို့ ၂ ရက်တာ လာရောက်လည်ပတ်ခြင်း ဖြစ်သည်။
အဆိုပါ အစီအစဉ် ၂ ခုကို ဆောင်ရွက်ရန် သဘောတူခဲ့ခြင်းမှာ စင်ကာပူနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန်လည်းဖြစ်သည်။
၁၉၉၅ ခုနှစ်က ဖွဲ့စည်းခဲ့သော်လည်း ၂၀၀၁ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည့် ၀န်ကြီးအဆင့် လုပ်ငန်းဆောင်ရွက်ရေး ပူးပေါင်းကော်မတီ JMWC ကို ယခုနှစ်အတွင်း ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ နယ်ပယ်တို့တွင် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်။ အဆိုပါ JMWC အဖွဲ့အား စင်ကာပူ ကုန်သွယ်ရေးနှင့် စက်မှူလက်မှူ ၀န်ကြီး လင်မ် ဟန် ကီယန်နှင့် မြန်မာ့စွမ်းအင်ဝန်ကြီး ဇေယျာအောင်တို့က ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း စီးပွားရေးကို ပိုမိုချဲ့ထွင်ရန် ဆောင်ရွက်နေသည့် ယခုအချိန်တွင် အဆိုပါ ကော်မတီ၏အခန်းကဏ္ဍမှာ အရေးပါမည်ဖြစ်သည်။
မစ္စတာဂိုမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အကြီးအကဲ၊ ဘဏ္ဍာရေးဝန်ကြီးတို့နှင့်လည်း တွေ့ဆုံခဲ့ပြီး ဘဏ်လုပ်ငန်း အဆင့်မြှင့်တင်ခြင်း၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍအတွက် လုပ်နိုင်စွမ်းမြှင့်တင်ပေးခြင်း တို့ကို ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ပြည်ပဘဏ် ၉ ခုအတွက် လုပ်ပိုင်ခွင့်လိုင်စင် ချပေးခဲ့ပြီး ထိုအထဲတွင် စင်ကာပူဘဏ်များ ဖြစ်ကြသည့် OCBC နှင့် UOB တို့လည်း ပါဝင်ခဲ့သည်။
စင်ကာပူမှာ တရုတ်နှင့် ထိုင်းတို့ပြီးနောက် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၁၄
ခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၈ ဘီလီယံရှိခဲ့သည်။
Ref: channelnewsasia
Leave a Reply
You must be logged in to post a comment.