ဇန်န၀ါရီ ၂၅၊ ၂၀၁၅
M-Media
– ဒုတိယတန်းမှ ဘရက်ဖို့ဒ်အား ၄ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်းမှာ အသင်းအတွက် ရှက်ဖွယ်ရာပင် ဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
ယမန်နေ့က စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ကစားခဲ့သည့် FA ဖလား စတုတ္ထအဆင့် ပွဲစဉ်တွင် ချယ်ဆီးမှာ ၂ ဂိုးပြတ်ဖြင့် ဦးဆောင်နေခဲ့သော်လည်း ဘရက်ဖို့ဒ်၏ ၄ ဂိုပြန်သွင်းခြင်းကို ခံခဲ့ရပြီး ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
ထိုသို့ ထွက်ခွာခဲ့ရမှုက ချယ်ဆီး၏ ဖလားလေးလုံးအိပ်မက်ကို ပျက်ပြားစေခဲ့ပြီး လာမည့် အင်္ဂါနေ့တွင်ကစားမည့် လီဗာပူးလ်အသင်းနှင့် လိဂ်ဖလား ဒုတိယအကျော့အတွက်လည်း ဖိအားဝင်သွားခဲ့သည်။ ပထမအကျော့ အိမ်ကွင်းတွင် ချယ်ဆီးမှာ ၁ ဂိုးစီသရေသာ
ကစားနိုင်ခဲ့သည်။
`ကျွန်တော်ရှက်မိပါတယ်။ ကစားသမားတွေလည်း ကျွန်တော့်လိုပဲ ရှက်မိမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီပွဲရှုံးရင်တော့ ရှက်စရာပဲလို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့စကားကိုပဲ ကျွန်တော် ထပ်ပြောတာပါ။ ကျွန်တော့်နည်းပြဘ၀ အဆိုးဝါးဆုံး
ရလဒ်လားလို့ မေးရင်တော့ – ဟုတ်ပါတယ်။ ဒါပေမယ့် ဒါဟာ ဘောလုံးလောကရဲ့ အလှ၊ FA ဖလားရဲ့ အလှတရားပါပဲ´ ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ယမန်နေ့က FA ဖလား စတုတ္ထအဆင့်ပွဲတွင် ချယ်ဆီးကဲ့သို့ပင် မန်စီးတီး၊ ဆောက်သက်တမ်နှင့် စပါးအသင်းတို့ကလည်း မစ်ဒယ်ဘရော့၊ ခရစ္စတယ်ပဲလေ့စ်နှင့် လက်စတာတို့အား အသီးသီး ရှုံးနိမ့်ခဲ့ကြသည်။ လီဗာပူးလ်ကမူ သရေကျခဲ့ပြီး ပြန်ကစားရမည်ဖြစ်သည်။
မော်ရင်ဟိုကမူ FA ဖလားသမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့ အဖြစ်အပျက်များမှာ ဖြစ်ပွားလေ့ရှိခဲ့သော်လည်း မိမိအနေဖြင့် ပထမဆုံး ကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ဒုတိယတန်း အသင်းအား ရှုံးနိမ့်ခဲ့ရခြင်းမှာ လက်မခံနိုင်စရာဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
Ref: dailymail