News @ M-Media
Blog
  • Charlie Hebdo အား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု ဆစ်ဒနီတွင်ပြုလုပ်
    Charlie Hebdo အား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု ဆစ်ဒနီတွင်ပြုလုပ်
    ဇန်န၀ါရီ ၂၅၊ ၂၀၁၅
    M-Media
    prp
    – ပြင်သစ်မဂ္ဂဇင်း Charlie Hebdo ၏ တမန်တော်မိုဟာမက်အား လှောင်ပြောင်သည့် ကာတွန်းကို ဆန့်ကျင်သော ဆန္ဒပြမှုတစ်ခုကို သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
    ဆစ်ဒနီမွတ်စလင်များက ဦးဆောင်ကာ သောကြာနေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင် မဟုတ်သူများ အပါအ၀င် လူပေါင်း ၈၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
    ထိုပွဲစီစဉ်သူကမူ မိမိတို့မှာ အစ္စလာမ်သာသနာအား အပျက်သဘောဆောင်သည့်အမြင်ဖြင့် မီဒီယာများက ဖော်ပြမှုများကို တန်ပြန်ဆန့်ကျင်ရန် ရည်ရွယ်၍ ငြိမ်းချမ်းစွာ၊ စည်းကမ်းရှိစွာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ဆစ်ဒနီရဲတပ်ဖွဲ့ကမူ အဆိုပါဆန္ဒပြပွဲမှာ ငြိမ်းချမ်းစွာ ပြီးသွားခဲ့သော်လည်း လေးဦးကို ဖမ်းထားပြီး ငြိမ်းချမ်းမှုကို ချိုးဖောက်သည့်အတွက် ၁၀ ဦးကို ဆန္ဒပြပွဲမှ ဖယ်ရှားခဲ့သည်ဟု ပြောကြားခဲ့သည်။
    Ref: muslimvillage
  • FA ပွဲတွင် ဘာလော့တယ်လီအား တမင်ချန်ထားခြင်းဖြစ်သည်ဟု လီဗာပူးလ်နည်းပြ ၀န်ခံ
    FA ပွဲတွင် ဘာလော့တယ်လီအား တမင်ချန်ထားခြင်းဖြစ်သည်ဟု လီဗာပူးလ်နည်းပြ ၀န်ခံ
    ဇန်န၀ါရီ ၂၅၊ ၂၀၁၅
    M-Media
    bal
    – FA ဖလား ဘော်လ်တန်နှင့်ပွဲတွင် ဘာလော့တယ်လီအား ချန်ထားခဲ့ခြင်းမှာ ဒဏ်ရာကြောင့်မဟုတ်ဘဲ လေ့ကျင့်ရေးကွင်းတွင် ကောင်းမွန်စွာ မဆောက်ရွက်နိုင်ခြင်း၊ မိမိ၏ လက်ရှိကစားပုံနှင့် အံမ၀င်ခြင်း စသည်တို့ကြောင့် ဖြစ်သည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့် တစ်ပတ် ချယ်ဆီးအသင်းနှင့် လိဂ်ဖလားပွဲတွင် ဘာလော့တယ်လီမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သော်လည်း နောက်ပိုင်း ကြံ့ခိုင်မှုပြည့်ဝလာခဲ့သည့် ဘာလော့တယ်လီအနေဖြင့် တိုက်စစ်အားနည်းသည့် လီဗာပူးလ်တွင် ယမန်နေ့ပွဲ၌ ပါဝင်ခွင့်မရခဲ့ခြင်းအတွက် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
    `မာရီယိုနဲ့ ကျွန်တော် စကားပြောခဲ့ပြီးပါပြီ။ အသင်းမှာသူမပါဝင်နိုင်ခင် ဒီလူစာရင်းမှာ ဘာလိုအပ်လဲဆိုတာ သူ ကောင်းကောင်း သိပါတယ်။ သူ တခြားကစာသမားတွေလိုပဲ ကစားနိုင်ပါတယ်။ မနေ့က သူနဲ့ တစ်နာရီလောက် စကားပြောဖြစ်ပြီး ဘာတွေဖြစ်နေလဲ ဆိုတာ သူနားလည်မယ်လို့ ကျွန်တော်ထင်ပါတယ်´ ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ဘာလော့တယ်လီမှာ လီဗာပူးလ်သို့ရောက်လာပြီးကတည်းက ခြေစွမ်းပြနိုင်ခြင်း မရှိသေးဘဲ ရော်ဂျာ၏ ကစားကွက် အပြောင်းအလဲကြောင့် နောက်ပိုင်းတွင် ပုံမှန်ပါဝင်ခွင့်ပင် မရရှိပေ။
    ရော်ဂျာကမူ ဘာလော့တယ်လီအနေဖြင့် အသင်းက မျှော်လင့်ထားသလောက် လေ့ကျင့်ရေးကွင်းတွင် စွမ်းဆောင်နိုင်မှသာ ပွဲထွက်စာရင်း၌ ပါဝင်နိုင်မည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
    Ref: goal.com
  • # သူပေါ့ ( ဦးရာဇတ် ) #
    # သူပေါ့ ( ဦးရာဇတ် ) #
    ဇန်နဝါရီ ၂၅ ၊ ၂၀၁၅
    M-Media
    .အိမ်ဝေးသူ(KZ) ရေးသည်။
    10353114_623435831095907_1811112100575750641_n
    သူပေါ့
    မ,တစ်ထောင်တစ်ကောင်ဘွားဆိုတာ။
    x
    သူပေါ့
    အမျိုးသားရေး တအားတွေးလို့
    ပညာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းခဲ့တာ။
    x
    သူပေါ့
    “က” နဲ့ “ယ” ခြားနားခြင်းကိုသိခဲ့လည်း
    အမျိုးသားရေးခေါင်းစဉ်အောက်မှာ
    ကွဲပြားခြင်းတွေကို အားအင်ဖြစ်စေခဲ့တာ။
    x
    သူပေါ့
    ရေလိုက်ငါးလိုက်တရား မဟောဘဲ
    အမျိုးသားလွတ်မြောက်ရေးတရား
    အင်တိုက်အားတိုက် ဟောပြောခဲ့တာ။
    x
    သူပေါ့
    ပညာရေးအခြေခံပြီး
    လူငယ့်အင်အားနဲ့တည်ဆောက်ထားတဲ့
    နိုင်ငံတော်ကြီးကို မြင်ယောင်တိုင်း
    ကျောင်းဆရာဖြစ်ရခြင်းကို ဂုဏ်ယူခဲ့တာ။
    x
    သူပေါ့
    ကျော်ကြားမှုကို ရန်သူလိုသဘောထား
    အမှန်တရားကိုတော့ သွေးသားရင်းချာလိုဆက်ဆံ
    အောင်မြင်မှုကို စည်းစိမ်တစ်ခုလိုမခံစားဘဲ
    ပြည်သူ့အောင်ပွဲအတွက် ပညာရေးမီးအိမ်ကို ကိုင်ဆွဲရင်း
    လွတ်မြောက်မှုကို မြတ်နိုးတတ်အောင်
    ချုပ်နှောင်မှုတွေအကြောင်း ထပ်တလဲလဲပြောပြခဲ့တာ။
    x
    သူပေါ့
    တန်းတူညီမျှတရားဟောရင်း
    ခွဲခြားဆက်ဆံခြင်းကို တိုက်ဖျက်ခဲ့တာ။
    ငြိမ်းချမ်းရေး ဆုတောင်းမေတ္တာရွတ်ရင်း
    ပညာရေးမျိုးစေ့တွေ နေရာအနှံ့ ပျိုးကြဲခဲ့တာ။
    သူ့အခွင့်အရေးအတွက် ထည့်မတွက်ရင်း
    လူ့အခွင့်အရေးအတွက် အသက်စွန့်ခဲ့တာ။
    x
    သူပေါ့
    ငါတို့ အနာဂတ်အတွက် အုတ်မြစ်ချခဲ့တာ။
    ငါတို့ ပညာရေးအတွက် လမ်းပြဆောင်ခဲ့တာ။
    ——————-
    အိမ်ဝေးသူ(KZ)
    ——————-
    မှတ်ချက်။
    ပြည်သူချစ်ခဲ့သော အမျိုးသားပညာရေးကျောင်းဆရာကြီး(၀န်ကြီး) ဦးရာဇတ်
    တမလွန်၌ သာယာအေးချမ်းပါစေ။ မျက်မှောက်ခေတ်ကာလ ပညာရေးစနစ်ကိုကြည့်ပြီး
    ဘဝတစ်ပါးရောက် ဆရာကြီး စိတ်မချမ်းမြေ့ ဖြစ်ရခြင်းမှကင်းဝေးပါစေ။
  • သမိုင်းပညာရှင် ဗိုလ်မှူးကြီးဘရှင် ရာပြည့်အကြို  အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ
    သမိုင်းပညာရှင် ဗိုလ်မှူးကြီးဘရှင် ရာပြည့်အကြို အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ
    ဇန်နဝါရီ ၂၅ ၊ ၂၀၁၅
    M-Media
    သတင်း- ဇေယျာ
    10409581_833348086707663_4074723361386009507_n
    ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင် တစ်ဦးဖြစ်သော မြန်မာနိုင်ငံ သမိုင်းကော်မရှင်မှ ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင်၏ ရာပြည့်အကြို အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့တော်ဝင်နှင်းဆီ သီရိခန်းမတွင် ဇန်နဝါရီလ၂၄ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
    အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နာယကကြီး ဦးတင်ဦး၊ ဝါရင့်သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာခင်မောင်ညွန့် ၊ ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်၊ ကယန်းပြည်သစ်ပါတီမှ ဦးဌေးအောင် (ခ) ဗိုလ်မှူးကြီးစောလွင်၊ ၈၈ ငြိမ်း/ပွင်အဖွှဲ့ မှ ဦးမင်းဇေယျ၊ Pen Myanmar ဥက္ကဌ စာရေးဆရာမ ဒေါက်တာ မသီတာ(စမ်းချောင်း)၊ ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဆရာမ ဒေါ်ခွန်ဂျာ၊ ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်း၊ တော်ဝင်နှင်းဆီပိုင်ရှင် ဦးစိုးညွှန့်  စသည့် ပညာရှင်များနှင့် နိုင်ငံရေးမှ အထင်ကရ ပုဂ္ဂိုလ်များက ဆရာကြီး ဗိုလ်မှူးကြီးဘရှင်နှင့် ပတ်သက်၍ အမှတ်တရ စကားများပြောကြားခဲ့ကြသည်။
    10937708_10200339714171691_1475251659_n
    ထိုပြင် ရွှေဝါရောင် ဦးဆောင် ဆရာတော်များ ဖြစ်ကြသည့် ဆရာတော် အရှင်စန္ဒာသီရိ၊ အရှင် ဥူးသြဘာသ၊ ခရစ်ယာန် အသင်းတော်များကောင်စီ အတွင်းရေးမှူး ဦးစောရွှေလင်း၊ ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးဆန်းမင်းနိုင် နှင့် အစ္စလာမ်ဘာသာမှ  အစ္စလာမ့် ဓမ္မဗိမာန် ဦးဆောင် ဆော်သြရေးမှူး နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှ အလ်ဟာဂ်ျ ဦးအေးလွင်နှင့် ဒေါက်တာမြင့်သိန်းတို့က ဗိုလ်မှူးဘရှင် အပေါ် အောက်မေ့ဖွယ် စကားများ မိန့်ကြားခဲ့ကြသည်။
    ဗိုလ်မှူးကြီးဘရှင် ရာပြည့်အခမ်းအနားကို တိုင်းရင်းသား တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ရေရှည်တည်တံ့ခိုင်မြဲမယ့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဘာသာပေါင်းစုံ အပြန်အလှန် လေးစားချစ်ခင်ရေးနဲ့ သဟဇာတဖြစ်ရေး၊ လူနည်းစု ဘာသာဝင်များကို ဖိနှိပ်မှုများ၊ အမုန်းတရားများ ခွဲခြားဆက်ဆံမှုများအား ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး ဦးတည်ချက် (၈) ရပ်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းကို အခမ်းအနား ကျင်းပရေးကော်မတီမှ  နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့က ကိုထွန်းကြည် မှ ရှင်းလင်းတင်ပြခဲ့ပါသည်။
    ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်သည် ၁၉၁၅ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး သမိုင်းသုတေသနပညာရှင် တစ်ဦးဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် ကိုယ်တိုင်ပါဝင်ခဲ့သူလည်းဖြစ်သည်။
    ဗိုလ်မှူးကြီး ဘရှင်သည် တပ်မတော်တွင် ဗိုလ်မှူး အင်္ဂလန်နိုင်ငံတွင် စစ်သံမှူး ဒုတိယဗိုလ်မှူးကြီး အဆင့်ရာထူးများဖြင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင်လည်း လက်ထောက်ကထိက တာဝန်များဖြင့် ထမ်းဆောင်ခဲ့သည်။
    ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်သည် ကွယ်လွန်ချိန်ထိ မြန်မာနိုင်ငံ သမိုင်းကော်မရှင်နှင့် အစ္စလာမ် သာသနာရေးရာကောင်စီ တို့တွင် တာဝန်များထမ်းရွက်ခဲ့ပြီး တိုင်းကျိုးပြည်ကျိုး သာသနာ့ အကျိုးကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူအဖြစ် မှတ်တမ်းပြုရမည် ဖြစ်သည်။
    အစီအစဉ်တွင် ဗိုလ်မှူးကြီးဘရှင် ရာပြည့်အကြို အခမ်းအနား ကျင်းပရေး ကော်မတီမှ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အခမ်းအနားသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးမှ လက်ခံရယူခဲ့ကြောင်း သတင်းရှိသည်။
    ဓါတ်ပုံများ FB တွင် ကြည့်ရန် Click Here
    10947597_10200339712731655_696631550_n
  • ပြီးခဲ့သည့်နှစ် အတွင်း မြန်မာစစ်တပ်က ကလေးစစ်သား ၄၀၀ ကျော်လွှတ်ပေး
    ပြီးခဲ့သည့်နှစ် အတွင်း မြန်မာစစ်တပ်က ကလေးစစ်သား ၄၀၀ ကျော်လွှတ်ပေး
    ဇန်န၀ါရီ ၂၅၊ ၂၀၁၅
    M-Media
    tmt
    – မြန်မာစစ်တပ်မှာ ပြီးခဲ့သည့်နှစ် အတွင်း ကလေးစစ်သား အရေအတွက် စုစုပေါင်း ၄၀၀ ကျော်ကို လွှတ်ပေးခဲ့သည်ဟု ကုလသမဂ္ဂက အတည်ပြုခဲ့ပြီး ကလေးစစ်သားများ လွှတ်ပေးရေး ၂၀၁၂ ခုနှစ်က ကုလနှင့် မြန်မာ့တပ်မတော်တို့ လက်မှတ်ရေးထိုးခဲ့ပြီး နောက်ပိုင်း စံချိန်တင်ပမာဏလည်းဖြစ်သည်။
    မိုင်းစမ်းရာတွင် အသုံးပြုရန် ကလေးများအား အတင်းအဓမ္မ စုဆောင်းသည်ဟူသည့် စွပ်စွဲမှုအပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြုလုပ်နေသည်ဟူသော စွပ်စွဲချက်အများအပြား ရှိနေသည့် မြန်မာစစ်တပ်တွင် ကလေးစစ်သား မည်မျှရှိနေကြောင်း အတိအကျမသိရသေးပေ။
    ၂၀၁၂ ခုနှစ် ကုလနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီးကတည်းက မြန်မာစစ်တပ်မှ လွှတ်ပေးခဲ့သည့် ကလေးစစ်သားအရေအတွက်မှာ စုစုပေါင်း ၅၉၅ ဦး ရှိခဲ့ပြီး ထိုအရေအတွက်မှ ၇၀ ရာခိုင်နှုန်းဖြစ်သော ၄၁၈ ဦးမှာ ပြီးခဲ့သည့် ၁၂ လအတွင်း လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
    `အချိန်တစ်နှစ်အတွင်းမှာ စစ်တပ်ကလွတ်လာတဲ့ ကလေးတွေရဲ့ ဒီစံချိန်တင်အရေအတွက်ဟာ ကလေးတွေကို တပ်သားသစ်အဖြစ် စုဆောင်ခြင်း၊ အသုံးပြုခြင်းဆိုတဲ့ ထိခိုက်နစ်နာစေတဲ့ ကျင့်သုံးမှု အဆုံးသတ်ဖို့ မြန်မာအစိုးရနဲ့ တပ်မတော်တို့ရဲ့ အရှိန်မြင့်တင်ဆောင်ရွက်မှုကို ရောင်ပြန်ဟပ်နေ ပါတယ်´ ဟု မြန်မာနိုင်ငံမှ ကုလသမဂ္ဂအရာရှိ ရီနာတာ လော့-ဒက်ဆာလီယန်က ကြေညာချက် တွင် ပြောကြားခဲ့သည်။
    စစ်တပ်မှလွှတ်ပေးခဲ့သည့် အဆိုပါကလေးများမှာ ၁၈ နှစ်အောက်များ ဖြစ်ကြပြီး လူ့အခွင့်အရေး အဖွဲ့များကလည်း စစ်တပ်၏ ထိုလုပ်ရပ် အတွက် ကြိုဆိုခဲ့ကြသည်။ အချို့အဖွဲ့များကမူ မြန်မာစစ်တပ်မှာ ကလေးများအသုံးပြုမှုကို လုံးဝ ရပ်တန့်ခြင်းမရှိသေးဟု ပြောကြားခဲ့ကြသည်။
    ကုလကမူ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်များမှ အနည်းဆုံး ၇ ဖွဲ့ကလည်း ကလေးများအား စစ်သားအဖြစ်အသုံးပြုနေကြသည်ဟု ဆိုသည်။
    Ref:themalaymail