News @ M-Media

Blog

  • တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး ၄ သန်း မြန်မာကို ထပ်ရောက်

    တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး ၄ သန်း မြန်မာကို ထပ်ရောက်

    စက်တင်ဘာ ၂၇၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံကနေ ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေး Sinopharm အလုံးရေ ၄ သန်း မနေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံဟာ တရုတ်ထုတ်ကာကွယ်ဆေး စုစုပေါင်း အလုံးရေ ၁၆.၆ သန်း ရရှိထားပြီး အဲဒီအထဲက ၃.၉ သန်းကို တရုတ်နိုင်ငံက လှူဒါန်းတာလို့ မြန်မာနိုင်ငံ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီရဲ့ မှတ်တမ်းတွေအရ နိုင်ငံတစ်ဝှမ်း ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်စလုံးထိုးပြီးသူ ၃.၇၂ သန်း ရှိနေပြီး တစ်ကြိမ်ထိုးထားသူက ၃.၄၇ သန်း ရှိတယ်လို့ ဆိုပါတယ်။

    NLD အစိုးရလက်ထက်က ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ၊ ပြည်သူလူထုက လှူဒါန်းထားတဲ့ ကာကွယ်ဆေးဝယ်ဖို့ အလှူငွေတွေကို ဘယ်လို သုံးစွဲသလဲဆိုတာတွေနဲ့ပတ်သက်လို့ အာဏာသိမ်းပြီး ၉ လအထိ စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    Ref: CGTN

  • အကြမ်းဖက်နိုင်ငံ၊ ဖက်ဆစ်နိုင်ငံဟု အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြန်အလှန် စွပ်စွဲပြောဆို

    အကြမ်းဖက်နိုင်ငံ၊ ဖက်ဆစ်နိုင်ငံဟု အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြန်အလှန် စွပ်စွဲပြောဆို

    စက်တင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -တောင်အာရှ ရန်ဘက်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အပြန်အလှန် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

    သောကြာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီဟာ နိုင်ငံအတွင်းက မွတ်စလင်တွေကို ‘မျိုးဖြုတ်ဖို့ စီစဉ်နေတယ်’ လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

    ဒါ့အပြင် မိုဒီဦးဆောင်တဲ့ အိန္ဒိယအစိုးရကို ‘ဖက်ဆစ်’ လို့လည်း သမုတ်ခဲ့ပါတယ်။

    “အစ္စလာမ်ကြောက်ရောဂါ ဆိုးဆိုးရွားရွား ဖိစီးနေတဲ့သူက လက်ရှိမှာ အိန္ဒိယကို အုပ်စိုးနေတယ်။ ဖက်ဆစ်အဖွဲ့ RSS-BJP က ဖြန့်ဖြူးပြီး အမုန်းပြည့်နေတဲ့ Hindutva အတွေးအခေါ်ဟာ အိန္ဒိယက သန်းပေါင်း ၂၀၀ သော မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် အကြမ်းဖက်မှု၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို မွေးဖွားပေးလိုက်တာပါ ”

    BJP ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီဖြစ်ပြီး၊ RSS ဟာ BJP ရဲ့ အတွေးအခေါ်ပိုင်းကို မွေးဖွားပေးတဲ့ ဟိန္ဒူအစွန်းရောက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

    BJP အာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ် ခုနှစ်ကစပြီး အိန္ဒိယမှာ ဟိန္ဒူအစွန်းရောက်တွေ ခေါင်းထောင်ထလာကာ ဒါလစ်ဇာတ်နိမ့်၊ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။

    အိန္ဒိယက တုန့်ပြန်

    စနေနေ့က ကုလအထွေထွေညီလာခံမိန့်ခွန်းမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီက အာဖဂန်နစ္စတန်မှာဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေအပေါ် ဘယ်နိုင်ငံကမှ အမြတ်ထုတ်လို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။

    အာဖဂန်က အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ လူနည်းစုတွေကို ကူညီပေးဖို့ မိုဒီက နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုခဲ့ပြီး၊ တစ်ချို့နိုင်ငံတွေက ကိုယ့်အကျိုးစီးပွားအတွက် အာဖဂန်နစ္စတန်ကို အမြတ်ထုတ်မယ့်အရေး သတိထားဖို့ လိုအပ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

    ဒါဟာ ပါကစ္စတန်ကို ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    အိန္ဒိယရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့က တာဝန်ရှိသူ စနီဟာ ဒူဘီက အလ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကို ခိုလှုံခွင့်ပေးခဲ့တာကို ထောက်ပြခဲ့ပြီး ပါကစ္စတန်ဟာ အကြမ်းဖက်တွေကို မွေးထုတ်ပေးတဲ့နိုင်ငံဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးစစ်ပွဲမှာ ဘင်္ဂါလီတွေကို ဘာသာရေး၊ ယာဉ်ကျေးမှု မျိုးတုန်းအောင် လုပ်ဆောင်ခဲ့ကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးက တိုက်ခိုက်ဖျက်ဆီးခဲ့သည့် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း လာမည့်လတွင် စတင်မည်

    အစ္စရေးက တိုက်ခိုက်ဖျက်ဆီးခဲ့သည့် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း လာမည့်လတွင် စတင်မည်

    စက်တင်ဘာ ၂၆၊ ၂၀၂၁

    M-Media

    -အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေကြောင့် အကြီးအကျယ် ပျက်ဆီးခဲ့ရတဲ့ ဂါဇာကမ်းမြှောင်ဒေသ ပြန်လည်တည်ဆောက်ရေး ပထမအဆင့်လုပ်ငန်းတွေကို မကြာခင် စတင်တော့မယ်လို့ သိရပါတယ်။

    အစ္စရေးဟာ ဂါဇာဒေသကို မကြာခဏ လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးလေ့ရှိပါတယ်။ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်ကို တိုက်ခိုက်တာလို့ အကြောင်းပြပေမယ့် ထိခိုက်သေဆုံးမှုအများစုက အရပ်သားတွေပါ။ အစ္စရေးဟာ ဂါဇာက လူနေတိုက်တာတွေ အခြေခံအဆောက်အဦးတွေကိုလည်း ပစ်မှတ်ထား ဖျက်ဆီးလေ့ရှိပါတယ်။

    ပြီးခဲ့တဲ့မေလ ၁၁ ရက်ကြာမြင့်တဲ့ အစ္စရေးရဲ့ နောက်ဆုံးတိုက်ခိုက်မှုအတွင်း ကလေးငယ် ၆၆ ဦးအပါအ၀င် ပါလက်စတိုင်းအရပ်သား ၂၆၀ ကျော် သေဆုံးခဲ့ပါတယ်။

    လူနေအိမ်ပေါင်း ၂၀၀၀ လောက် လုံး၀ ဖျက်ဆီးခံလိုက်ရပြီး၊ တစ်စိတ်တစ်ပိုင်း ပျက်ဆီးသွားတဲ့ နေအိမ်ပေါင်း ၂၂၀၀၀ ကျော် ရှိပါတယ်။ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    အထပ်မြင့်အဆောက်အဦး ၄ ခု၊ စာသင်ကျောင်း၊ ဆေးရုံတို့အပါအ၀င် အများပြည်သူဆိုင်ရာ အဆောက်အဦး ၇၄ ခုကိုလည်း အစ္စရေးက တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။

    ဒီတိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာ အနည်းဆုံး ကန်ဒေါ်လာ ၅၀၀ ဖိုးလောက် ပျက်ဆီးဆုံးရှုံးခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ဂါဇာ အိုးအိမ်ဌာန၊ ကာတာရဲ့ ဂါဇာ ပြန်လည်တည်ဆောက်ရေးကော်မတီ၊ အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး လာမယ့်လမှာ စတင်မှာပါ။

    ကာတာက လူနေအိမ်တွေတည်ဆောက်ဖို့ ဒေါ်လာ သန်း ၅၀၀ ကူညီပေးမှာ ဖြစ်ပြီး၊ အီဂျစ်က လမ်းတံတားတွေအတွက် ဒေါ်လာသန်း ၅၀၀ ထောက်ပံ့မှာ ဖြစ်ပါတယ်။

    အစ္စရေးဟာ ဂါဇာဒေသကို ဆောက်လုပ်ရေးပစ္စည်းတွေ လုံး၀ တင်သွင်းခွင့်မပြုဘဲ၊ အီဂျစ်ကလည်း ဂါဇာနယ်စပ်ကို ၁၄ နှစ်ကြာ ပိတ်ထားခဲ့တာပါ။

    ဂါဇာကမ်းမြှောင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းမှာ အဆင့် ၃ ဆင့် ပါ၀င်မှာဖြစ်ပြီး ပထမအဆင့်မှာ လူနေအိမ်တွေကို စတင်ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။ ကူ၀ိတ်က ဖျက်ဆီးခံလိုက်ရတဲ့ အထပ်မြင့်အဆောက်အဦး ပြန်လည်ဆောက်လုပ်ပေးမယ်လို့ အစောပိုင်းမှာ ကတိပြုထားပေမယ့် နောက်ဆုံးသဘောတူညီချက် ထွက်မလာသေးပါဘူး။

    ဂါဇာအိုးအိမ်ဌာန တာ၀န်ရှိသူ နာဂျီ ဆာရ်ဟန်က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းမှာ ပင်လယ်ကွေ့နိုင်ငံများအဖွဲ့(GCC)၊ ဥရောပသမဂ္ဂတို့ အပါအ၀င် အခြားတိုင်းပြည်တွေ၊ နိုင်ငံကတာအဖွဲ့အစည်းတွေ ပါ၀င်ကူညီပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းပိုင်နက်မှ တစ်နှစ်အတွင်းထွက်သွားရန် အစ္စရေးကို သမ္မတအဘတ်စ် ရာဇသံပေး

    ပါလက်စတိုင်းပိုင်နက်မှ တစ်နှစ်အတွင်းထွက်သွားရန် အစ္စရေးကို သမ္မတအဘတ်စ် ရာဇသံပေး

    စက်တင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -ကျူးကျော်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေကနေ တစ်နှစ်အတွင်း ထွက်သွားဖို့ အစ္စရေးကို ပါလက်စတိုင်း သမ္မတ အမဟ်မူးဒ် အဘတ်စ်က ရာဇသံပေးလိုက်ပါတယ်။

    ၁၉၆၇ ခုနှစ်က နယ်နမိတ်အတိုင်း ပါလက်စတိုင်းနိုင်ငံ တည်ထောင်ဖို့နဲ့ အပြန်အလှန်အားဖြင့် အစ္စရေးကို ပါလက်စတိုင်းက အသိအမှတ်ပြုဖို့ ၁၉၉၃ ခုနှစ်မှာ ပါလက်စတိုင်းနဲ့ အစ္စရေးတို့ သဘောတူညီခဲ့ကြတာပါ။ သဘောတူညီချက်အတိုင်း ပါလက်စတိုင်းက အစ္စရေးကို အသိအမှတ်ပြုခဲ့ပေမယ့် အစ္စရေးက အခုအချိန်အထိ ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်နေတာ ဖြစ်ပါတယ်။

    မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့တဲ့မိန့်ခွန်းမှာ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ကျူးကျော်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေကနေ တစ်နှစ်အတွင်း မထွက်သွားဘူးဆိုရင် အစ္စရေးကို အသိအမှတ်ပြုမှု ရပ်ဆိုင်းမယ်လို့ သတိပေးခဲ့ပါတယ်။

    “အရှေ့ဂျေရုစလင် အပါအဝင် ၁၉၆၇ ခုနှစ်ကတည်းက ကျူးကျော်သိမ်းပိုက်လာတဲ့ ပိုင်နက်တွေကနေ တစ်နှစ်အတွင်း ထွက်သွားဖို့ ကျူးကျော်သူ အစ္စရေးကို ပြောလိုပါတယ်။ တကယ်လို့ ဒါမျိုး မလုပ်ဘူးဆိုရင် ၁၉၆၇ ခုနှစ် နယ်နမိတ်အတိုင်း အစ္စရေးကို ဘာ့ကြောင့် ကျွန်တော်တို့ အသိအမှတ်ပြုတော့မလဲ”

    ပါလက်စတိုင်းကိစ္စ နိုင်ငံတကာ ငြိမ်းချမ်းရေ ညီလာခံကျငးပဖို့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို အဘတ်စ်က တိုက်တွန်းခဲ့ပြီး၊ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ ဆုံးဖြတ်ချက်တွေအတိုင်း အစ္စရေး၊ ပါလက်စတိုင်းပြဿနာကို အပြီးသတ်ဖြေရှင်းဖို့ စိတ်ဆန္ဒရှိတယ်လို့လည်း ဆိုပါတယ်။

    အဘတ်စ်ရဲ့ ကုလမိန့်ခွန်းမှာ အစ္စရေးက ပါလက်စတိုင်းနေမြေတွေကို ဆက်လက်ကျူးကျော် သိမ်းပိုက်နေတာတွေကို ရှုတ်ချခဲ့ပြီး အစ္စရေးဟာ ပါလက်စတိုင်းတွေအပေါ် ‘လူမျိုးစုလိုက် ရှင်းလင်းသုတ်သင်မှု’ လုပ်ဆောင်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အစ္စရေးရဲ့ နယ်မြေကျူးကျော်မှု ပိုမိုထင်ရှားစေဖို့အတွက် နိုင်ငံကာခုံသမာဓိရုံး (ICJ) အထိသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ အဘတ်စ်က ဆိုပါတယ်။

    ကုလဆိုင်ရာ အစ္စရေးသံအမတ် ဂီလဒ် အာရ်ဒန်က ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးညှိနှိုင်းမှုကို လိုလားသူတွေဟာ အဘတ်စ် ကုလမှာ ပြောခဲ့တဲ့မိန့်ခွန်းလို ဖြစ်နိုင်ဖွယ်မရှိတဲ့ ခြိမ်းခြောက်ရာဇသံတွေ ပေးမှာမဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • ရိုဟင်ဂျာများ မြန်မာနိုင်ငံပြန်နိုင်ရေး ကူညီပေးရန် ဥရောပသမဂ္ဂကို ဘင်္ဂလားဒေ့ရှ် တောင်းဆို

    ရိုဟင်ဂျာများ မြန်မာနိုင်ငံပြန်နိုင်ရေး ကူညီပေးရန် ဥရောပသမဂ္ဂကို ဘင်္ဂလားဒေ့ရှ် တောင်းဆို

    စက်တင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ဒုက္ခသည်စခန်း

    -နိုင်ငံအတွင်းရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော် နေရပ် မြန်မာနိုင်ငံကို ပြန်နိုင်ရေး ဥရောသမဂ္ဂက ပိုမိုကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

    လူသားချင်းစာနာထောက်ထားမှုအရ ဒီဒုက္ခသည်တွေကို လက်ခံထားရတာဟာ တိုင်းပြည်အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အေကေ အဘ်ဒူလ်မိုဟန်က ဥရောပသမဂ္ဂ နိုင်ငံခြားရေးအကြီးအကဲ ဂျိုးဆပ် ဘော်ရဲလ်ကို ပြောခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဝန်ကြီးနှစ်ဦးဟာ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံအပြီး ကြာသာပတေးနေ့က တွေ့ဆုံခဲ့ကြတာပါ။ ရိုဟင်ဂျာတွေ နေရပ်ပြန်ပြီး အတည်တကျ ပြန်လည်နေထိုင်နိုင်မယ့် အခြေအနေတစ်ခု ပေါ်ပေါက်လာရေးမှာ ဥရောပသမဂ္ဂက ပိုမိုထိရောက်တဲ့ ပူးပေါင်းပါဝင်မှုမျိုး လုပ်ဆောင်ပေးဖို့ မိုဟန်က မေတ္တာရပ်ခံခဲ့ပါတယ်။

    မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဟာ ၁၉၆၀ ပြည့်နှစ်တွေကစတင်ပြီး စစ်အာဏာရှင်အဆက်ဆက်ရဲ့ ညှင်းပမ်းနှိပ်စက်မှု၊ သတ်ဖြတ်မောင်းထုတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို မကြာခဏ ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

    ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာထောင်ချီ အသတ်ခံရပြီး ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထပ်မံထွက်ပြေးခဲ့ရကာ ဒီကိစ္စကို ကမ္ဘာတစ်ဝှမ်းက အာရုံစိုက်လာခဲ့ပါတယ်။

    ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်လောက်ကို လက်ခံထားရတာဟာ လူမှုရေး၊ စီးပွားရေးနဲ့ သဘာ၀ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စတွေမှာ ဘင်္ဂလားဒေ့ရှ်ကို အများကြီး ထိခိုက်စေတယ်လို့လည်း အဘ်ဒူလ်မိုဟန်က ဆိုပါတယ်။

    ဥရောပသမဂ္ဂ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ ဂျိုးဆပ် ဘော်ရဲလ်က ရိုဟင်ဂျာတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျေးဇူးတင်ရှိပြီး၊ ရိုဟင်ဂျာတွေ နေရပ် မြန်မာနိုင်ငံကို ပြန်နိုင်ရေးကိုလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Anadolu