News @ M-Media

Blog

  • ဂီနီတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က သမ္မတဖြစ်လာ

    ဂီနီတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က သမ္မတဖြစ်လာ

    အောက်တိုဘာ ၂၊ ၂၀၂၁
    M-Media

    -အာဖရိကအလယ်ပိုင်း ဂီနီနိုင်ငံမှာ စက်တင်ဘာ ၅ ရက်နေ့က အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင် ဗိုလ်မှူး မမ်မာဒီ ဒွမ်ဘူယာဟာ မနေ့က အသွင်ကူးပြောင်းရေးအစိုးရရဲ့ သမ္မတအဖြစ် ကျမ်းကျိန်ပါတယ်။

    မိမိတို့အစိုးရဟာ အသွင်ကူးပြောင်းရေးကာလမှာ အခြေခံဥပဒေ ပြန်လည်ရေးဆွဲတာ၊ ခြစားမှုတိုက်ဖျက်တာ၊ ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲတာတွေလုပ်ဆောင်ကာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်မှာဖြစ်ပြီး အဲဒီနောက်ပိုင်း လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးသွားမယ်လို့ ဒွမ်ဘူယာက ဆိုပါတယ်။

    ရွေးကောက်ပွဲကျင်းပတဲ့အခါ စစ်တပ်က သူအပါအဝင် ဘယ်သူမှ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူဦးဆောင်တဲ့ အသွင်ကူးပြောင်းရေးအစိုးရ သက်တမ်း ဘယ်လောက်ရှိမလဲဆိုတာ တိတိကျကျ မသိရပါဘူး။

    အရင်အစိုးရတွေက ချုပ်ဆိုထားတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ သဘောတူညီချက်တွေကို ဆက်လက်လိုက်နာ စောင့်ထိန်းသွားမယ်လို့လည်း ဒွမ်ဘူယာက ဆိုပါတယ်။

    ဒွမ်ဘူယာဟာ ပြင်သစ်ရဲ့ နိုင်ငံခြားတပ်ဖွဲ့ဟာ အချိန်အတော်ကြာအမှုထမ်းခဲ့ပြီး အစ္စရေး၊ ယူကေနဲ့ အခြားနိုင်ငံတစ်ချို့မှာ စစ်သင်တန်းတွေလည်း တက်ခဲ့ပါတယ်။ ဂီနီသမ္မတ အလ်ဖာကွန်ဒီက ၂၀၁၈ ခုနှစ်မှာ ဒွမ်ဘူယာကို ပြန်ခေါ်ကာ အထူးတပ်ဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခိုင်းခဲ့ပြီး အဲဒီအထူးတပ်ဖွဲ့ကပဲ ပြီးခဲ့တဲ့လမှာ ကွန်ဒီကို ဖြုတ်ချ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

    Ref: AFP

  • အမျိုးသမီးများပညာရေးကိစ္စ တာလီဘန်၏ ဆောင်ရွက်ချက်ကို ကာတာဝေဖန်

    အမျိုးသမီးများပညာရေးကိစ္စ တာလီဘန်၏ ဆောင်ရွက်ချက်ကို ကာတာဝေဖန်

    အောက်တိုဘာ ၂၊ ၂၀၂၁
    M-Media

    -မိန်းကလေးငယ်တွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး တာလီဘန်တွေရဲ့ ဆောင်ရွက်ချက်ဟာ အလွန်စိတ်ပျက်စရာကောင်းတဲ့လုပ်ရပ်၊ ခေတ်နောက်ပြန်ဆွဲတဲ့လုပ်ရပ်ဖြစ်တယ်လို့ ကာတာနိုင်ငံက ဝေဖန်လိုက်ပါတယ်။

    ကာတာနိုင်ငံဟာ တာလီဘန်ကို အမေရိကန်နဲ့ စေ့စပ်ဆွေးနွေးနိုင်ဖို့ ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပြီး တာလီဘန်နိုင်ငံရေးရုံးကလည်း ကာတာနိုင်ငံ ဒိုဟာ မြို့မှာ ဖွင့်လှစ်ထားတာပါ။

    ၁၉၉၆-၂၀၀၁ အာဏာရတုန်းကလို အမျိုးသမီးတွေကို ပညာသင်ခွင့်မပေးတာ၊ အလုပ်လုပ်ခွင့်မပေးတာတွေ ထပ်လုပ်မှာမဟုတ်ဘူးလို့ တာလီဘန်က ပြောကြားထားပေမယ့် လက်ရှိမှာတော့ အလယ်တန်းကျောင်းသူတွေကို ပညာဆက်လက်သင်ကြားခွင့် မပေးတော့ပါဘူး။

    ဥရောပသမဂ္ဂ နိုင်ငံခြားရေးအကြီးအကဲ ဂျိုးဆပ် ဘောရဲလ်နဲ့ ကြာသာပတေးနေ့က သတင်းစာရှင်းလင်းပွဲမှာ ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ် မိုဟာမက် ဘင် အဘ်ဒူရဟ်မန် အလ်-သာနီက အလယ်တန်းကျောင်းသူတွေကို ကျောင်းပြန်တက်ခွင့်မပေးတာအပြင် တာလီဘန်ရဲ့ ဆောင်ရွက်ချက်တွေကို ဝေဖန်ခဲ့ပါတယ်။

    “အာဖဂန်နစ္စတန်မှာ တော်တော် စိတ်ပျက်စရာကောင်းပြီး၊ ခေတ်နောက်ပြန်ဆွဲတဲ့ လုပ်ရပ်မျိုးတွေကို ကျွန်တော်တို့ တွေ့နေရပါတယ်”

    တာလီဘန်ရဲ့ လက်ရှိလုပ်ရပ်တွေကို တားဆီးပြီး၊ တစ်ခြားမွတ်စလင်နိုင်ငံတွေက အစ္စလာမ့်ဥပဒေတွေကို ဘယ်လိုကျင့်သုံးလဲဆိုတာ နမူနာယူလာအောင် ဆောင်ရွက်ရမယ်လို့လည်း ကာတာနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    “တာလီဘန်တွေနဲ့ ဆက်လက်ထိတွေ့ဆက်ဆံပြီး၊ ဒီလိုအလုပ်မျိုးတွေမလုပ်ဖို့ တိုက်တွန်းရပါမယ်။ ဒါ့အပြင် မွတ်စလင်တိုင်းပြည်တွေဟာ ဥပဒေတွေကို ဘယ်လို ပြဌာန်းကျင့်သုံးရတယ်၊ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရတယ်ဆိုတာတွေကို တာလီဘန်တွေ သိမြင်လာအောင် ပြသဖို့လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ကာတာနိုင်ငံကို ဥပမာပေးလို့ရပါတယ်။ မွတ်စလင်နိုင်ငံဖြစ်တယ်။ ကျွန်တော်တို့ရဲ့စနစ်ကို အစ္စလာမ့်ရှရီအသ်နဲ့သွားတယ်။ တိုင်းပြည်ရဲ့လုပ်သားအင်အား၊ အစိုးရဌာနနဲ့ ပညာရေးတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက်တောင် ပိုများနေပါသေးတယ်”

    ပြီးခဲ့တဲ့နှစ်တွေအတွင်း ရရှိခဲ့တဲ့ တိုးတက်တက်မှုတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ တာလီဘန်ကို ကာတာနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သလို၊ အာဖဂန်နစ္စတန်ကို ပစ်မထားကြဖို့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • တရုတ်၏ လေပိုင်နက်ကျူးကျော်မှုကြောင့် ထိုင်ဝမ်က တိုက်လေယာဉ်များ ပျံတက်သတိပေး

    တရုတ်၏ လေပိုင်နက်ကျူးကျော်မှုကြောင့် ထိုင်ဝမ်က တိုက်လေယာဉ်များ ပျံတက်သတိပေး

    အောက်တိုဘာ ၂၊ ၂၀၂၁
    M-Media

    -တရုတ်လေတပ်က လေယာဉ် ၄၀ နီးပါးလောက် မိမိတို့ပိုင်နက်ကို ကျူးကျော်ပျံသန်းလာတဲ့အတွက် တိုက်လေယာဉ်တွေ ပျံတက်သတိပေးခဲ့ရတယ်လို့ ထိုင်ဝမ်က ထုတ်ပြန်ပါတယ်။

    ‘တရုတ်ဟာ စစ်ဖက်ကျူးကျော်မှုကို လက်လွတ်စပယ် လုပ်ဆောင်ခဲ့ပြီး၊ ဒေသတွင်း ငြိမ်းချမ်းရေး ထိခိုက်ပျက်ဆီးစေပါတယ်’ လို့ ထိုင်၀မ်ဝန်ကြီးချုပ် Su Tseng-chang က ဒီကနေ့ မနက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ တရုတ်ဖက်က J-16 တိုက်လေယာဉ် ၁၈ စင်း၊ Su-30 တိုက်လေယာဉ် ၄ စင်း၊ နျူဗုံးသယ်နိုင်တဲ့ H-16 ဗုံးကြဲလေယာဉ် ၂ စင်း၊ ရေငုပ်သင်္ဘောခွင်း လေယာဉ်တစ်စင်း သောကြာနေ့က မိမိပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် တိုက်လေယာဉ်တွေ ပျံတက်သတိပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

    စနေနေ့ မနက်ပိုင်းကလည်း J-16 တိုက်လေယာဉ် ၁၀ စင်း၊ H-6 လေယာဉ် ၂ စင်းနဲ့ ကင်းထောက်လေယာဉ် ၁ စင်းတို့ ထပ်မံ ကျူးကျော်ဝင်ရောက်လာခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

    ထိုမ်ဝမ်ရဲ့ထုတ်ပြန်မှုကို တရုတ်ဖက်က တုန်ပြန်တာမျိုး မရှိသေးပါဘူး။ တရုတ်က ထိုင်ဝမ်ဟာ မိမိတို့ရဲ့ပိုင်နက် ဖြစ်တယ်လို့ ပြောကြားထားတာပါ။ ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးရှိတဲ့ဒေသလည်း ဖြစ်ပါတယ်။

    ပရာတက်စ်ကျွန်းနဲ့ကပ်နေတဲ့ နိုင်ငံအနောက်တောင်ပိုင်းက လေကြောင်းကာကွယ်ရေးဇုန်ကို တရုတ်လေ​တပ်က ကျူးကျော်ဝင်ရောက်မှုတွေ လုပ်ဆောင်တယ်လို့ လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီး ထိုင်ဝမ်ဖက်က မကြာခဏ ထုတ်ပြန်လေ့ရှိပါတယ်။

    တရုတ်ဟာ ထိုင်ဝမ်အပေါ် စစ်ရေး၊ နိုင်ငံရေးဖိအားတွေပိုသုံးပြီး သူတို့ရဲ့​ အုပ်ချုပ်မှုကို လက်ခံအောင် ပိုမိုလုပ်ဆောင်လာပါတယ်။ ထိုင်ဝမ်ကတော့ မိမိတို့ဟာ လွတ်လပ်တဲ့ အချုပ်အခြာပိုင်နိုင်ငံဖြစ်ပြီး လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကို ကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

    Ref: Reuters

  • တူနီးရှား၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် နဂျ်လာ ရွမ်ဟာနီဆိုတာ ဘယ်သူလဲ?

    တူနီးရှား၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် နဂျ်လာ ရွမ်ဟာနီဆိုတာ ဘယ်သူလဲ?

    စက်တင်ဘာ ၃၀၊ ၂၀၂၁
    M-Media

    -တူနီးရှားသမ္မတ ကာအစ် စအီးဒ်ဟာ မနေ့က နဂျ်လာ ဘူဒန် ရွမ်ဟာနီဆိုတဲ့ အမျိုးသမီးကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပြီး အစိုးသစ်ဖွဲ့ဖို့ တာဝန်ပေးလိုက်ပါတယ်။

    ဒါဟာ တူနီးရှားနိုင်ငံသမိုင်းမှာ အမျိုးသမီးတစ်ဦး ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာတာပါ။

    “တူနီးရှားနိုင်ငံသမိုင်းမှာ အမျိုးသမီးတစ်ဦးU အစိုးရကို ပထမဆုံး ဦးဆောင်ရတာ ဖြစ်ပါတယ်” လို့ စအီးဒ်က သမ္မတရုံး Facebook စာမျက်နှာမှာ လွှင့်တင်ထားတဲ့ ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

    အစိုးရအဖွဲ့အစည်းအတွင်းမှာ ပြန့်နှံ့နေတဲ့ ခြစားမှုတွေ၊ ပြဿနာတွေကို ဖြေရှင်းဖို့ ဝန်ကြီးချုပ် ရွမ်ဟာနီနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း စအီးဒ်က ဆိုပါတယ်။

    အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွမ်ဟာနီဟာ မြို့တော်တူနစ် အင်ဂျင်နီယာတက္ကသိုလ်က ဘူမိဗေဒ ပရော်ဖက်ဆာတစ်ဦးပါ။ ၁၉၅၈ ခုနှစ် နိုင်ငံအလယ်ပိုင်း ကိုင်ရိုအန်ပြည်နယ်မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။

    ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မခံရခင် အဆင်မြင့်ပညာရေးနှင့် သုတေသနဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ရွမ်ဟာနီဟာ နိုင်ငံရေးအတွေ့အကြုံနည်းသူဖြစ်ပြီး ဘယ်နိုင်ငံရေးပါတီကိုမှလည်း မဝင်ထားပါဘူး။

    ရွမ်ဟာနီကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မှုအတွက် ဩဇာကြီးတဲ့ အလုပ်သမားသမဂ္ဂအပါဝင် ဘယ်နိုင်ငံရေးအဖွဲ့အစည်းကမှ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

    သမ္မတ ကာအစ် စအီဒ်းအပေါ်မှာတော့ တူနီးရှား နိုင်ငံရေးအသိုင်းအ၀ိုင်းက ဝေဖန်မှုတွေ ရှိပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက သမ္မတဖြစ်လာခဲ့တဲ့ စအီးဒ်ဟာ ပြီးခဲ့တဲ့ ၂ လအရင်က သမ္မတရဲ့ အထူးအခွင့်အာဏာကို ကျင့်သုံးပြီး ဝန်ကြီးချုပ်ကို ထုတ်ပယ်ခဲ့သလို လွှတ်တော်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

    လက်ရှိ အရေးပေါ်ကာလကြေငြာထားချိန်မှာ ရွမ်ဟာနီဦးဆောင်တဲ့ အစိုးရကလည်း သမ္မတ စအီးဒ်ရဲ့ အမိန့်အောက်မှာ လုပ်ဆောင်ရမှာပါ။

    အချို့လွှတ်တော်အမတ်တွေကတော့ လက်ရှိမှာ ဖျက်သိမ်းထားတဲ့ လွှတ်တော်ရဲ့ သဘောတူညီချက်မရဘဲ ခန့်အပ်တဲ့ အစိုးရရဲ့ တရားဝင်မှုကို မေးခွန်းထုတ်သွားမယ်လို့ သတိပေးထားပါတယ်။

    တူနီးရှားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် အနည်းငယ်ကတည်းက နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြဿနာတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပုံပြောင်းကိုဗစ်ဒဏ်ကိုလည်း လတ်တလော ပြည်နယ်တော်တော်များများမှာ ရင်ဆိုင်နေရပါတယ်။

    တူနီးရှားနိုင်ငံက တော်တော်များများကတော့ အာရပ်နွေဦးတော်လှန်ရေးအပြီး အောင်မြင်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လုပ်ဆောင်နိုင်ခဲ့တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်တဲ့ တူနီးရှားရဲ့ပုံရိပ်ကို ပြန်လည်ရှင်သန်အောင် ရွမ်ဟာနီက လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

    Ref: Aljazeera

  • မြန်မာ့အရေး နိုင်ငံတကာက အရေးတကြီး တုန့်ပြန်ရန် လိုအပ်နေကြောင်း ကုလအတွင်းရေးမှူးပြော

    မြန်မာ့အရေး နိုင်ငံတကာက အရေးတကြီး တုန့်ပြန်ရန် လိုအပ်နေကြောင်း ကုလအတွင်းရေးမှူးပြော

    စက်တင်ဘာ ၃၀၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ​မြန်မာနိုင်ငံမှာ ဖြစ်လာတဲ့ နိုင်ငံရေးပြဿနာအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက အလျင်အမြန် တုန့်ပြန်ဖြေရှင်းဖို့ လိုအပ်တယ်လို့ ကုလအထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။

    ‘မြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထုတ်ပြန်တဲ့အစီအရင်ခံစာမှာ စစ်တပ်ရဲ့ အာဏာဆုပ်ကိုင်ထားမှုကို တုန့်ပြန်ဖို့ ပိုမိုခက်ခဲလာမှာ စိုးရိမ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။

    “ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းပေါ် မြန်မာနိုင်ငံ ပြန်ရောက်ရေး ကူညီနိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေက စည်းစည်းလုံးလုံးနဲ့ တုန့်ပြန်ဆောင်ရွက်မှု ချက်ခြင်းလုပ်ဆောင်ဖို့ လိုအပ်နေပါပြီ”

    ဂူတာရက်စ်ရဲ့ ဒီအစီရင်ခံစာကို ကုလမှာ အတည်ပြုဖို့အတွက် နိုင်ငံပေါင်း ၁၁၉ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး တရုတ်အပါအဝင် ၃၆ နိုင်ငံက ကြားနေခဲ့ကာ၊ ဘီလာရုစ်နိုင်ငံက ကန့်ကွက်မဲ ပေးခဲ့ပါတယ်။

    ဖမ်းဆီးခံထားရတဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား အစိုးရတာဝန်ရှိသူတွေ ပြန်လည်လွတ်မြောက်လာရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြိုးပမ်းအားထုတ်ဖို့ ဂူတာရက်စ်က တိုက်တွန်းခဲ့သလို၊ ရိုဟင်ဂျာမွတ်စလင်တွေအပါအဝင် ထိခိုက်ခံစားလွယ်တဲ့ အုပ်စုတွေဟာ လူသားချင်းစာနာ​ထောက်ထားမှုဆိုင်ရာ အကူအညီတွေ အလျင်အမြန် လိုအပ်နေတယ်လို့လည်း သတိပေးခဲ့ပါတယ်။

    “စစ်တပ်က အာဏာခိုင်အောင်လုပ်နေတာကို တားဆီးဖို့ အခွင့်အလမ်း နည်းလာပါပြီ”

    Ref: AFP