News @ M-Media

Blog

  • အသင်းမှ ထုတ်ပယ်ခံရမည်မဟုတ်ဟု ကျူပီအာရ်နည်းပြ ပြော

    အသင်းမှ ထုတ်ပယ်ခံရမည်မဟုတ်ဟု ကျူပီအာရ်နည်းပြ ပြော

    ဇန်န၀ါရီ ၁၇၊ ၂၀၁၅
    M-Media

    rnap

    – အသင်း၏ ဆိုးရွားသော အခြေအနေကြောင့် မိမိ၏ အနာဂတ်မှာ ယခုတစ်ပတ် မန်ယူအသင်းနှင့်ပွဲတွင် မူတည်နေသည်ဆိုသော သတင်းများကို ကျူပီအာရ်နည်းပြ ဟယ်ရီ ရက်နပ်က ငြင်းပယ်လိုက်သည်။

    ကစားပြီးသမျှ အဝေးကွင်းပွဲစဉ် ၁၀ ပွဲတွင် အားလုံးရှုံးနိမ့်ကာ စံချိန်တင်ထားသည့် ကျူပီအာရ်အသင်းမှာ လက်ရှိတွင် အဆင့် ၁၉ တွင် ရှိနေပြီး အောက်ဆုံးမှ လက်စတာနှင့် ၂ မှတ်သာ ကွာဟသည်။ ထို့ကြောင့် ၎င်း၏ အနာဂတ်မှာ ယခုတစ်ပတ် စနေနေ့တွင် ကစားမည့် မန်ယူနှင့်ပွဲရလဒ်တွင် မူတည်နေသည်ဟု သတင်းများက ဖောပြခဲ့ကြသည်။

    သို့သော်လည်း ရက်နပ်က ထိုသတင်းအား ငြင်းဆိုခဲ့ပြီး မိမိနှင့် အသင်းပိုင်ရှင်တို့မှာ ကောင်းမွန်သော ဆက်ဆံရေးရှိသည်ဟု ပြောကြားခဲ့သည်။

    `အသင်းပိုင်ရှင်၊ ရှယ်ယာရှင်တွေနဲ့ ကျွန်တော်ဟာ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပါတယ်။ ဒါပေမယ့် သူတို့က အခြေအနေကို ပြောင်းလဲချင်တယ်ဆိုရင်တော့ ဒါဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ သူတို့ဆောင်ရွက်တာနဲ့ ပတ်သက်ပြီး ကျွန်တော်လုပ်နိုင်တာ ဘာမှမရှိပါဘူး။ (အသင်းပိုင်ရှင်) တိုနီဖာနန်ဒက်ဇ်နဲ့ ကျွန်တော် မနေ့ကရော၊ တစ်ပတ်လုံး စကားပြောခဲ့ပြီး ကျွန်တော့်ကိစ္စနဲ့ ပတ်သက်လို့တော့ သူ ဘာမှ မပြောပါဘူး´ ဟု ရက်နပ်က ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    Ref: goal.com

  • တောရက်စ်မှာ အက်သလက်တီကိုနှင့် အံဝင်ခွင်ကျဖြစ်သည်ဟု ဘိုင်ယန်နည်းပြဆို

    တောရက်စ်မှာ အက်သလက်တီကိုနှင့် အံဝင်ခွင်ကျဖြစ်သည်ဟု ဘိုင်ယန်နည်းပြဆို

    ဇန်န၀ါရီ ၁၇၊ ၂၀၁၅
    M-Media

    trs

    – တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်အား ပြန်လည်ခေါ်ယူခဲ့သည့် နည်းပြ ဆီမြွန်နီ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ပြီး တောရက်စ်မှာလည်း အက်သလက်တီကို အသင်းဖြင့်သာ အံဝင်ခွင်ကျဖြစ်သည်ဟု ဘိုင်ယန်နည်းပြ ဂွာဒီယိုလာက ပြောကြားလိုက်သည်။

    အက်သလက်တီကိုအသင်းနှင့် အောင်မြင်ခဲ့သည့် တောရက်စ်မှာ ၂၀၀၇ ခုနှစ်က လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်းတွင် ချယ်ဆီး၊ အေစီမီလန်အသင်းတို့၌ ကျင်လည်ခဲ့သော်လည်း ခြေစွမ်းကောင်းများ ပြသနိုင်ခြင်း မရှိခဲ့ပေ။

    သို့သော်လည်း အသင်းဟောင်းအက်သလက်တီကိုက ယခုနှစ်ဆောင်းရာသီတွင် ၎င်းအားအေစီမီလန်အသင်းမှ အငှားဖြင့် ပြန်လည်ခေါ်ယူခဲ့သည်။ ပုံမှန်ခြေစွမ်း မပြနိုင်ဘဲ ဂိုးပေါက်ပျောက်နေသည့် တောရက်စ်အတွက် ဝေဖန်မှုများ ရှိခဲ့သော်လည်း တောရက်စ်မှာ ကြာသာပတေးနေ့က ကစားခဲ့သည့် စပိန်ရှုံးထွက်ဖလားပွဲ ဒုတိယအကျော့ ရီးယဲလ်နှင့် ၂ ဂိုးစီ သရေကျသည့်ပွဲစဉ်တွင် အသင်းအတွက် ၂ ဂိုးစလုံး သွင်းယူပေးခဲ့သည်။

    ပထမအကျော့တွင် အနိုင်ရရှိထားသည့် အက်သလက်တီကိုမှာ ထိုပွဲသရေကြောင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

    ဘာစီလိုနာအသင်း၏ နည်းပြဟောင်းဖြစ်ပြီး လက်ရှိတွင် ဘိုင်ယန်မြူးနစ် နည်းပြဖြစ်နေသည့် ဂွာဒီယိုလာကမူ တောရက်စ်မှာ အက်သလက်တီကို အသင်းနှင့်သာ လိုက်ဖက်သည်ဟု ပြောကြားခဲ့သည်။

    `တောရက်စ်က ကစားသမားကောင်းတစ်ယောက်ပါ။ အက်သလက်တီကိုဟာ သူ့ရဲ့နှလုံးသားထဲက အသင်းဆိုတာ သူ သိပါတယ်။ သူဟာ အဲဒီအသင်းနဲ့ အလိုက်ဖက်ဆုံးသူပါ။ ဆီမြွန်နီဟာ တန်ပြန်တိုက်စစ်ကစားရတာကို ကြိုက်ပြီး တောရက်စ်ကလည်း အဲဒီစနစ်နဲ့ အံ့ဝင်ခွင်ကျဖြစ်ပါတယ်´ ဟု ဂွါဒီယိုလာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ချန်ပီယံလိဂ်တွင် ဘိုင်ယန်၏ အကြီးမားဆုံး ပြိုင်ဘက် ၅ သင်းမှ တစ်သင်းလည်း ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal.com

  • ဗိုလ်မှူးကြိး ဘရှင် ရာပြည့်အကြို အခမ်းအနားပြုလုပ်မည်။

    ဗိုလ်မှူးကြိး ဘရှင် ရာပြည့်အကြို အခမ်းအနားပြုလုပ်မည်။

    ဇန်နဝါရီ ၁၇ ၊ ၂၀၁၅
    M-Media
    သီဟ
    2
    သမိုင်းပညာရှင် ဇေယျာကျော်ထင် ဗိုလ်မှူးကြီးဘရှင် ရာပြည့်အကြို အခမ်းအနားတရပ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့ တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါတယ်။

    ဗိုလ်မှူးကြီးဘရှင်ကို ၁၉၁၅ ခု ဒီဇင်ဘာ ၂၇ ရက် တွင် ဖွားမြင်ခဲ့တာဖြစ်ပြီး  ၁၉၃၃-၃၈ တွင် ရန်ကုန်တက္ကသိုလ် ယုဒသန်ကောလိပ်ပညာသင်ကြားကာ ၁၉၃၈ ခုနှစ်တွင် အရှေ့တိုင်းရာဇ၀င် ဂုဏ်ထူးတန်းအောင်မြင်ပြီး ၀ိဇ္ဇာဂုဏ်ထူးဘွဲ့ကာ ရန်ကုန်တက္ကသိုလ်တွင် အရှေ့တိုင်းရာဇ၀င်ဌာနတွင် နည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

    ၁၉၄၂-၄၃ တွင် ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံး၊ ဥာဏဗလတာဝန်ခံ၊ ၁၉၃၄ ခုနှစ်တွင်ဗမာ့ကာကွယ်ရေးတပ်မတော်၌ ဗိုလ်ကြီး၊ တပ်မတော်ပညာရေးအရာရှိ၊ ပဲခူးစံပြတပ်မတော်သမိုင်းနည်းပြနှင့် ဂျပန်တော်လှန်ရေးတွင် တိုင်း(၄) မှပါဝင်ခဲ့သည်။ ၁၉၄၅-၅၆ တွင် မြန်မာ့တပ်မတော်၌ ဗိုလ်မှူး၊ အင်္ဂလန်တွင် စစ်သံမှူး၊ ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ မှ ၇၀ တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင် ဆပ်ကော်မရှင်(ခ)အလယ်ခေတ်(အေဒီ၁၃၆-၁၇၅၂) ကျမ်းပြုအရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။ ဗိုလ်မှူးကြီး ဘရှင်သည် မြန်မာနိုင်ငံသုတေသနအသင်း အမှုဆောင်ကော်မတီ (၁၉၆၅-၆၉)၊ မြန်မာစာ ကော်မရှင်အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ဘွဲ့လွန်သင်တန်းများတွင် အထူးကထိက တာဝန်များကို ထမ်းဆောင်ခဲ့သည်။ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အထွေထွေ အတွင်းရေးမှူးချုပ်(၁၉၅၆-၁၉၇၀)အဖြစ် ဆောင်ရွက်ခဲ့သည်။

    သမိုင်းစာပေများစွာ ရေးသား ပြုစုခဲ့သူပြိး မြန်မာရာဇ၀င်ဟူသော ဝေါဟာရအစား မြန်မာသမိုင်းဟူသော စကားကို ပထမဆုံးအသုံးပြုသည့် သမိုင်းပညာရပ်စာအုပ် ပြုစု နှင့် လောကထိပ်ပန်မင်စာကို ရှာဖွေဖော်ထုတ် သုတေသနပြုတင်ပြသူ ခဲ့သူဖြစ်သည်။

    ဆက်စပ်ပိုစ်များ ဖတ်လိုလျှင်
    http://www.m-mediagroup.com/news/tag/bashin

  • စစ်ရာဇ၀တ်မှုစွပ်စွဲချက်အတွက် ပါလက်စတိုင်းပိုင်နက်တွင် ICC မှ လေ့လာဆန်းစစ်မှု  ပြုလုပ်တော့မည်

    စစ်ရာဇ၀တ်မှုစွပ်စွဲချက်အတွက် ပါလက်စတိုင်းပိုင်နက်တွင် ICC မှ လေ့လာဆန်းစစ်မှု ပြုလုပ်တော့မည်

    ဇန်န၀ါရီ ၁၇၊ ၂၀၁၅
    M-Media

    gaza
    ဂါဇာအား အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်ခဲ့မှုတွင်း မြင်ကွင်းတစ်ခု

     

    – အစ္စရေးနှင့် ပါလက်စတိုင်း တာဝန်ရှိသူများအား တရားစွဲဆိုမှုအထိ ဖြစ်လာနိုင်သော ပထမဆုံး တရားဝင်ခြေလှမ်းအဖြစ် ပါလက်စတိုင်းပိုင်နက်အတွင်း ကျူးလွန်နိုင်ဖွယ်ရှိသော စစ်ရာဇ၀တ်မှုများအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှ ကနဦးလေ့လာဆန်းစစ်မှုတစ်ခုကို ပြုလုပ်သွားမည်ဟု သိရသည်။

    အဆိုပါ ကနဦးလေ့လာဆန်းစစ်မှုများမှ တွေ့ရှိချက်များကို သုံးသပ်၍ ပါလက်စတိုင်းပိုင်နက်အတွင်း ဖြစ်ပွားခဲ့သည်ဟု ပြောဆိုကြသည့် ရက်စက်မှုများနှင့်ပတ်သက်၍ ပြည့်ဝသည့် စုံစမ်းစစ်ဆေးမှုတစ်ခုကို ပြုလုပ်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ပါလက်စတိုင်းနှင့် အစ္စရေးတို့မှ တာဝန်ရှိသူများကို တရားစွဲဆိုသွားမည်ဖြစ်သည်။

    `ကနဦးလေ့လာဆန်းစစ်မှုက စုံစမ်းစစ်ဆေးမှုမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရောမသဘောတူညီချက်မှာ ဖော်ပြထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ဖို့ အကျိုးအကြောင်းခိုင်လုံလားဆိုတာနဲ့ ပတ်သက်ပြီး တရားဝင် ဆုံးဖြတ်ချက်တစ်ခုချဖို့ သတင်းအချက်အလက်တွေရနိုင်မယ့် ဆန်းစစ်လေ့လာမှု လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်´ ဟု
    ယမန်နေ့က ICC မှ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ရာမာလာရှိ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ အမ်မရ် ဟီဂျာဇီကမူ ထိုကိစ္စတွင် ရှု့ထောင့်အားလုံးကို ထည့်သွင်းစဉ်းစားလိမ့်မည်ဟု ပါလက်စတိုင်းအာဏာပိုင်များက ယုံကြည်ကြောင်း၊ မိမိတို့ကလည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    `(ဂါဇာစစ်ပွဲမှာ) ပါလက်စတိုင်းပြည်သူတွေ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်ဆိုတဲ့ အခြေခံ ရှုထောင့် ရှိနေပါတယ်။ ဒီစစ်ပွဲမှာ ပါလက်စတိုင်းဘက်က ဥပဒေချိုးဖောက်မှုတွေ ရှိခဲ့မယ်ဆိုရင်လည်း ဒီအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်´ ဟု ဟီဂျာဇီက ဆိုသည်။

    အစ္စရေးနိုင်ငံခြားရေးဝန်ကြီး လီဘာမန်ကမူ ICC ၏ ထိုဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး အစ္စရေးဆန့်ကျင်ရေး သဘောတရားများမှ ဖြစ်ပေါ်လာသည့် ကိစ္စရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကုသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ ပါလက်စတိုင်းအနေဖြင့် ICC တွင် ဧပြီ ၁ ရက်နေ့မှစ၍ အဖွဲ့ဝင်ဖြစ်လာမည်ဟု မကြာသေးမီကပင် အတည်ပြုထားသည်။ ICC ၏ တာဝန်ရှိသူများက တရားစီရင်ရေးကိစ္စနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှ စတင်ကာ အကြုံးဝင်မည်ဟု ပြောကြားခဲ့သော ဇူလိုင်လအစောပိုင်းမှ စတင်ကာ ရက်ပေါင်း ၆၀ နီးပါး ကြာမြင့်ခဲ့သည့် အစ္စရေးတို့က ဂါဇာအား ကျူးကျော်တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနိုင်မည် ဖြစ်သည်။

    ထိုတိုက်ခိုက်မှုတွင် ဂါဇာပြည်သူ ၂၃၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ ကလေးများနှင့် အမျိုးသမီးများ ဖြစ်ကြသည်။ အစ္စရေးဘက်က ၆၇ ဦး သေဆုံးခဲ့ပြီး ၆၁ ဦးမှာ ဂါဇာသို့ ကျူးကျော်ဝင်ရောက်လာသည့် အစ္စရေးစစ်သားများ ဖြစ်သည်။

    Ref: aljazeera