Credit- Cartoon Lagoon Eain
Blog
-
စစ်ရာဇ၀တ်မှုစွပ်စွဲချက်အတွက် ပါလက်စတိုင်းပိုင်နက်တွင် ICC မှ လေ့လာဆန်းစစ်မှု ပြုလုပ်တော့မည်
ဇန်န၀ါရီ ၁၇၊ ၂၀၁၅
M-Mediaဂါဇာအား အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်ခဲ့မှုတွင်း မြင်ကွင်းတစ်ခု – အစ္စရေးနှင့် ပါလက်စတိုင်း တာဝန်ရှိသူများအား တရားစွဲဆိုမှုအထိ ဖြစ်လာနိုင်သော ပထမဆုံး တရားဝင်ခြေလှမ်းအဖြစ် ပါလက်စတိုင်းပိုင်နက်အတွင်း ကျူးလွန်နိုင်ဖွယ်ရှိသော စစ်ရာဇ၀တ်မှုများအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှ ကနဦးလေ့လာဆန်းစစ်မှုတစ်ခုကို ပြုလုပ်သွားမည်ဟု သိရသည်။
အဆိုပါ ကနဦးလေ့လာဆန်းစစ်မှုများမှ တွေ့ရှိချက်များကို သုံးသပ်၍ ပါလက်စတိုင်းပိုင်နက်အတွင်း ဖြစ်ပွားခဲ့သည်ဟု ပြောဆိုကြသည့် ရက်စက်မှုများနှင့်ပတ်သက်၍ ပြည့်ဝသည့် စုံစမ်းစစ်ဆေးမှုတစ်ခုကို ပြုလုပ်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ပါလက်စတိုင်းနှင့် အစ္စရေးတို့မှ တာဝန်ရှိသူများကို တရားစွဲဆိုသွားမည်ဖြစ်သည်။
`ကနဦးလေ့လာဆန်းစစ်မှုက စုံစမ်းစစ်ဆေးမှုမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရောမသဘောတူညီချက်မှာ ဖော်ပြထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ဖို့ အကျိုးအကြောင်းခိုင်လုံလားဆိုတာနဲ့ ပတ်သက်ပြီး တရားဝင် ဆုံးဖြတ်ချက်တစ်ခုချဖို့ သတင်းအချက်အလက်တွေရနိုင်မယ့် ဆန်းစစ်လေ့လာမှု လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်´ ဟု
ယမန်နေ့က ICC မှ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။ရာမာလာရှိ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ အမ်မရ် ဟီဂျာဇီကမူ ထိုကိစ္စတွင် ရှု့ထောင့်အားလုံးကို ထည့်သွင်းစဉ်းစားလိမ့်မည်ဟု ပါလက်စတိုင်းအာဏာပိုင်များက ယုံကြည်ကြောင်း၊ မိမိတို့ကလည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
`(ဂါဇာစစ်ပွဲမှာ) ပါလက်စတိုင်းပြည်သူတွေ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်ဆိုတဲ့ အခြေခံ ရှုထောင့် ရှိနေပါတယ်။ ဒီစစ်ပွဲမှာ ပါလက်စတိုင်းဘက်က ဥပဒေချိုးဖောက်မှုတွေ ရှိခဲ့မယ်ဆိုရင်လည်း ဒီအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်´ ဟု ဟီဂျာဇီက ဆိုသည်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး လီဘာမန်ကမူ ICC ၏ ထိုဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး အစ္စရေးဆန့်ကျင်ရေး သဘောတရားများမှ ဖြစ်ပေါ်လာသည့် ကိစ္စရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ကုသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ ပါလက်စတိုင်းအနေဖြင့် ICC တွင် ဧပြီ ၁ ရက်နေ့မှစ၍ အဖွဲ့ဝင်ဖြစ်လာမည်ဟု မကြာသေးမီကပင် အတည်ပြုထားသည်။ ICC ၏ တာဝန်ရှိသူများက တရားစီရင်ရေးကိစ္စနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှ စတင်ကာ အကြုံးဝင်မည်ဟု ပြောကြားခဲ့သော ဇူလိုင်လအစောပိုင်းမှ စတင်ကာ ရက်ပေါင်း ၆၀ နီးပါး ကြာမြင့်ခဲ့သည့် အစ္စရေးတို့က ဂါဇာအား ကျူးကျော်တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနိုင်မည် ဖြစ်သည်။
ထိုတိုက်ခိုက်မှုတွင် ဂါဇာပြည်သူ ၂၃၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ ကလေးများနှင့် အမျိုးသမီးများ ဖြစ်ကြသည်။ အစ္စရေးဘက်က ၆၇ ဦး သေဆုံးခဲ့ပြီး ၆၁ ဦးမှာ ဂါဇာသို့ ကျူးကျော်ဝင်ရောက်လာသည့် အစ္စရေးစစ်သားများ ဖြစ်သည်။
Ref: aljazeera
-
တမန်တော်မုဟမ္မဒ် ကာတွန်းပုံများ အပေါ် တုန့်ပြန် အပ်သည့် လမ်းညွှန် ၇ ရပ်
ဇန်နဝါရီ ၁၆ ၊ ၂၀၁၅
M-Mediaမဂ္ဂဇင်းများ၌ တမန်တော်မုဟမ္မဒ်(ငြိမ်းချမ်းစေသား)အပေါ် ပုံဖော်ထားချက်တို့အား တွေ့မြင်ရလျှင် မည်သို့မည်ပုံ ရှောင်တခင် တုန့်ပြန်ရမည်၊ သဘောထားရမည်ကို မွတ်စ်လင်မ်များ အတွက် အကြံပြု လမ်းညွှန်ထားသည့် ယေဘူယျ အချက်များဖြစ်သည်။
၁။ တမန်တော်မြတ်အား ချစ်မြတ်နိုးခြင်းသည် သက်ဝင် ယုံကြည်ခြင်းတရား၌ အပါအ၀င်ဖြစ်သည်
——————————————————————————
တမန်တော်မြတ်အပေါ် ချစ်မြတ်နိုးရခြင်းသည် မွတ်စ်လင်မ်တိုင်း၏ သက်ဝင် ယုံကြည်မှုအတွက် မုချ လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့သည် အကြင် ပုဂ္ဂိုလ်အား ကျွန်ုပ်တို့၏ မိခင်၊ ဖခင်၊ သားနှင့် သမီးများထက် ချစ်ခင်မြတ်နိုး တန်ဖိုးထားကြသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုထက် အကြင် ပုဂ္ဂိုလ်မွန်ကို နှစ်သက်ကြသည်။၂။ ထိခိုက်နာကြင်နိုင်သည့် အခွင့်အရေးရှိသည်
—————————————————
ကာတွန်းပုံများဖြင့် ထုတ်ဝေဖြန့်ချိခြင်းက ကမ္ဘာ့လူဦးရေ၏ သန်းပေါင်း တစ်ထောင့်ရှစ်ရာ ပမာဏရှိ မွတ်စ်လင်မ်တို့ကို ထိခိုက် နာကြင်စေသည်။ အလားတူပင် တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းစေသား)၏ မဟာ ကိုယ်ရည် ကိုယ်သွေး အပေါ် လေးစားသမှု ရှိကြကုန်သော မွတ်စ်လင်မ် မဟုတ်သူ သန်းပေါင်းများစွာကိုလည်း စိတ်ထိခိုက်စေပါသည်။၎။ ထိလွယ်ရှလွယ် ကိစ္စများကို လေးစားအပ်သည်
—————————————————–
လွတ်လပ်စွာထုတ်ဖော် တင်ပြခြင်းကို မွတ်စ်လင်မ်တို့မှ အမှန် ယုံကြည်လက်ခံကြသည်။ ထို့ပြင် မိမိတို့မှမှန်ကန်သည်ဟု ယုံကြည်ထားရာ ပြောဆိုခွင့် ဟူသော လူ့အခွင့်အရေးကိုလည်း လေးစားကြသည်။ သို့သော် လွတ်လပ်စွာ ထုတ်ဖော်တင်ပြခြင်း ဟူသည်မှာ ယင်းကဲ့သို့ အကြွင်းမဲ့ အထိန်းအကွပ်မဲ့ မဟုတ်ကြောင်းကိုလည်း ကျွန်ုပ်တို့ သိရှိပြီးလည်း ဖြစ်ပါသည်။ လူသားတို့၏ ပိုင်ဆိုင်မှုနှင့် ဂုဏ်သိက္ခာအား ကာကွယ်ပေးရမည့် ဥပဒေများ ရှိကြပေသည်။ ကျွန်ုပ်တို့သည် လူသားမျိုးနွယ်နှင့် ဘာသာတရား အပေါင်းကို လေးစားအပ်သည်နှင့်အညီ လူတစ်ဦးချင်းစီနှင့် အာဏာပိုင် လက်ဝေခံများအားလုံးထံ ဤသို့ ထိလွယ်ရှလွယ် ကိစ္စများအပေါ် လေးစားမှုရှိရေး အတွက် ကျွန်ုပ်တို့မှ တိုက်တွန်းပါသည်။၎။ ခန္တီစတရား လက်ကိုင်ပြုပါ
———————————
ကာတွန်းများ ထပ်မံရေးဆွဲဖြန့်ချိဦးမည်၊ မွတ်စ်လင်မ်တို့ အနေနှင့် ထိခိုက်နာကျင် အမျက်ထွက်ဦးမည်မှာလည်း ရှောင်လွှဲမရနိုင်ပါ။ သို့တစေ ကျွန်ုပ်တို့၏ တုန့်ပြန်မှုသည် ကျွန်ုပ်တို့မှ မခံမရပ်နိုင်အောင်ဖြစ်ရသူ၊ ချစ်ခင်မြတ်နိုးရသူ၏ သြ၀ါဒပုံရိပ်သာ ဖြစ်ရပါမည်။ ကျွန်ုပ်တို့ ချစ်ကြည်မြတ်နိုး ရပါသော တမန်တော်မြတ်(ငြိမ်းချမ်းစေသား)၏ စာရိတ္တမွန် အတိုင်း ခန္တီစတရား၊ နားလည်မှု၊ သိမ်မွေ့ခြင်းနှင့် မေတ္တာကို ရင်ဝယ်ပိုက်ထားခြင်းက အကောင်းဆုံး ရှောင်တခင် တုန့်ပြန်မှု မည်ပေသည်။“ထိုမှတပါး အသိအလိမ္မာ ကင်းမဲ့သူများမှ ၎င်းတို့အား စကားပြောဆိုကြသောအခါ ၎င်းတို့သည် ပဋိပက္ခကင်းငြိမ်းသော အပြစ်မဖြစ်စေသောစကားကို ပြောဆိုကြကုန်၏” ဟူသည့် ကျမ်းတော်မြတ်ကုရ်အာန်(၂၅း၆၃)၏ ဆိုထားချက်အတိုင်း ကျွန်ုပ်တို့သည် ဂုဏ်သိက္ခာရှိရှိဖြင့် မိမိ၏ စိတ်ရိုင်းကို ချွန်းအုပ်ထားနိုင်ရပါမည်။
ကျွန်ုပ်တို့၏ အလေးကဲမှုကြောင့် ကာတွန်းများကို မရည်ရွယ်ဘဲ ပိုမို ထင်ရှားခွင့် မပေးမိစေပါနှင့်။ မွတ်စ်လင်မ်တို့သည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူများထဲတွင် တည်ငြိမ်ခြင်း၊ ငြိမ်းချမ်းခြင်း စွဲမြဲတည်ရှိနေပါစေ။ တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းစေသား) လက်ကိုင်ပြုတော်မူ ခဲ့သော ကုရ်အာန့် စကားအရ အဆိုးကို အကောင်းနှင့် တုန့်ပြန်တတ်ရပါမည်။ ၎င်းနောက် ဥပဒေကြောင်း အရ အရေးယူမှု၊ ဆန္ဒ ထုတ်ဖော်ခြင်း၊ စာပေ၊ တရားတော်နှင့် အညီ အခြား လမ်းကြောင်းများကို ဆောင်ရွက်နိုင်ပေသည်။
၆။ ပုံဖော်ချက်က ကိုယ်တော့်ပုံရိပ်အား မညှိုးနွမ်းစေပါ
———————————————————
တမန်တော်မြတ်(ငြိမ်းချမ်းစေသား) အပေါ် ပုံဖော်သရော်ချက်များသုံး၍ ကိုယ်တော့် ပုံရိပ်အား မည်သူမျှ ညှိုးနွမ်းအောင် မပြုနိုင်ကြပါ။ ကိုယ်တော်မြတ်သည် ထိုအချက်များမှ ကင်းလွတ် သန့်စင်၍ဖြစ်သည်။ အလ္လာဟ်အသျှင်မြတ် မိန့်တော်မူထားပါသည်။“ထိုမှတပါး ငါအသျှင်မြတ်သည် အသင်(မုဟမ္မဒ်)၏ ဂုဏ်သတင်းကို ကျော်စောစေပြီး ဖြစ်တော်မူသည်” ကုရ်အာန်(၉၄း၎)
ကျွန်ုပ်တို့သည် ယင်းသို့သော စိတ်မချမ်းမြေ့မှုချိန်ခါသမယများကို ဆုမွန်များစွာတောင်းဆိုခြင်း၊ ကိုယ်တော့်အား ကောင်းခြီးပေး မေတ္တာ ပို့သခြင်းတို့ဖြင့် ကျော်ဖြတ်သင့်ပါသည်။ အလ္လာဟ်အသျှင်မြတ်၏ ကရုဏာ၊ ငြိမ်းချမ်းမှုနှင့် ကောင်းခြီးမင်္ဂလာတို့သည် ကိုယ်တော့်ဝိဥာဏ ထံသို့ သက်ရောက်တော်မူပါစေ။
၆။ ကိုယ်တော့်ပေါ်ထားရှိသည့် အချစ်တရားကို ထုတ်ဖော်ပါ
—————————————————————
အသင့်ခံစားချက်များအကြောင်းကို အခြားသူများ သိစေပါ။ တမန်တော်မြတ်ပေါ် ထားရှိသော အသင့်အချစ်ကို ထုတ်ဖော်ပြောဆိုပါ။ ကျွန်ုပ်တို့၏ယုံကြည်ချက်အပေါ် လှောင်ပြောင်ခြင်းကို အမျက်ဖြစ်ခြင်းသည် နည်းလမ်းကျနကြောင်း အသင်၏ မွတ်စ်လင်မ်မဟုတ်သော မိတ်ဆွေများ သိရှိအောင်လုပ်ရန် မတွန့်ဆုတ် မရှက်ရွံ့ပါနှင့်။ ကျွန်ုပ်တို့၏ နဗီ(တမန်တော်)ကို ကျွန်ုပ်တို့မှ မည်မျှ ချစ်ခင်မြတ်နိုးကြောင်း လူတို့ သိရှိထားရန် လိုအပ်ပါသည်။၇။ လေ့လာပါ၊ မျှဝေပါ
———————–
မဟာတမန်တော်မြတ်ကြီး မုဟမ္မဒ်(ငြိမ်းချမ်းစေသား) အကြောင်းကို ဆထက်ထမ်းပိုး လေ့လာ၍ ထုတ်ဖော်မျှဝေပေးလိုက်ပါ။xxxxxxxxxxxxx
Shaykh Yunus Haleebi နှင့် Yahya Adel Ibrahim ရေးသားသော 7 Guidelines on How to React to Cartoons of the Prophet Muhammad ကို “ သြရသ ရေချမ်း ” မှ ဆီလျော်အောင်ပြန်ဆိုသည်။
-
ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးဆုများ ချီးမြှင့်
ဒီဇင်ဘာ ၁၆၊ ၂၀၁၅
M-Media– ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးဆုများကို ပေးအပ်ချီးမြှင့်ခဲ့ရာ မန်စီးတီးနည်းပြ ပယ်လီဂရီနီနှင့် ကျူပီအာရ်တိုက်စစ်မှူး ချာလီအော်စတင်တို့က အသီးသီး ရရှိခဲ့သည်ဟု သိရသည်။
ပယ်လီဂရီနီမှာ ဒီဇင်ဘာလအတွင်း ကစားခဲ့သည့် မန်စီးတီး၏ ပွဲစဉ် ၆ ပွဲတွင် ၅ ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ရှုံးပွဲ လုံးဝမရှိခဲ့ချေ။ ထို့ပြင် အများဆုံး ရရှိနိုင်သည့် အမှတ် ၁၈ မှတ်မှ ၁၆ မှတ်အထိရရှိအောင် နည်းပြပေးနိုင်ခဲ့သောကြောင့် တစ်လတာ အကောင်းဆုံးနည်းပြဆု ရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မန်စီးတီးမှာ ထိပ်ဆုံးမှ ချယ်ဆီးနှင့် အမှတ်ကွာဟချက် ၂ မှတ်သာ ရှိတော့သည်။
တိုက်စစ်မှူး အော်စတင်မှာ ကျူပီအာရ်အသင်းနှင့်အတူ ခြေစွမ်းပြနေပြီး အသင်းအတွင် စုစုပေါင်း ၁၃ ဂိုး သွင်းပေးထားသည်။ ဒီဇင်ဘာလအတွင်း ၀စ်က်ဘရွန်းအသင်းနှင့်ပွဲ ဟက်ထရစ်အပါအ၀င် ပရီးမီးယားလိဂ်တွင် ၅ ဂိုး သွင်းယူပေးခဲ့သည်။ ထို့ပြင် ဂိုးသွင်းယူနိုင်ရန်အတွက် ဖန်တီးပေးပို့မှု တစ်ကြိမ် ပြုလုပ်ပေးခဲ့ပြီး ၎င်း၏ ပေးပို့မှုများမှ ၇၀ ရာခိုင်နှုန်းမှာ အသင်းအတွက်
အထောက်အကူပြုခဲ့သည်။အော်စတင်မှာ ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာ၊ ဆောက်သက်တမ် တိုက်စစ်မှူး ဂရာဇီယာနို ပီလီ၊ ၀က်စ်ဟမ်းတိုက်စစ်မှူး ဆာခို၊ မန်စီးတီး တိုက်စစ်မှူး အဂူရိုတို့ပြီးနောက် ယခုနှစ် ဘောလုံးရာသီအတွင်း တစ်လတာ အကောင်းဆုံးကစားသမားဆုအား ရရှိခဲ့သည့် ပဉ္စမမြောက် တိုက်စစ်မှူးလည်းဖြစ်သည်။
Ref : dailymail
-
တရုတ်နိုင်ငံရှိ စားသောက်ကုန်စက်ရုံ ထက်ဝက်ခန့်မှာ စံချိန်စံညွှန်းများနှင့် မညီညွတ်
ဇန်န၀ါရီ ၁၆၊ ၂၀၁၅
M-Media– တရုတ်နိုင်ငံရှိ အစားအသောက်ထုတ်လုပ်သည့် စက်ရုံများ၏ ထက်ဝက်ခန့်မှာ နိုင်ငံတကာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ညီညွတ်ခြင်းမရှိဟု စစ်ဆေးမှုများအရ တွေ့ရှိခဲ့ရကြောင်း AsiaInspection အဖွဲ့က ပြောကြားလိုက်သည်။
အာရှနိုင်ငံများတွင် စားသောက်ကုန်လုပ်ငန်း အရည်အသွေးထိန်းချုပ်ရေး စစ်ဆေးသည့် အဆိုပါ အဖွဲ့မှာ ပြီးခဲ့သည့်နှစ်အတွင်းက တရုတ်နိုင်ငံရှိ အစားအသောက်စက်ရုံ ထောင်ပေါင်းများစွာကို စစ်ဆေးခဲ့ပြီး ထိုအထဲမှ ၄၈ ရာခိုင်နှုန်းမှာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ညီညွှတ်ခြင်းမရှိသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
`ဆိုးရွားတဲ့ အကြောင်းအရင်းတွေ ထင်ထင်ရှားရှား ရှိနေပါတယ်။ သန့်ရှင်းမှု စံနှုန်းနဲ့ပတ်သက်ပြီး ဘာအခြေခံမှမရှိတဲ့ စက်ရုံတွေကိုတောင် ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ လူတွေက လက်အိတ်တွေမပါဘဲနဲ့ အစားအသောက်တွေကို ကိုင်တွယ်နေကြပါတယ်´ ဟု AsiaInspection အဖွဲ့၏ ဒုတိယဥက္ကဌဖြစ်သူ မက်သယူး လာဘက်ဆီက ပြောကြားခဲ့သည်။
ထို့ပြင် အချို့သော စားသောက်ကုန်များတွင်း စားသုံးသူများအား အန္တရာယ်ဖြစ်စေနိုင်သော ပိုးသက်ဆေး၊ ပဋိဇီဝပစ္စည်းများ၊ သတ္ထုစများ၊ ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးများပင် ပါဝင်နေကြောင်း၊ အချို့တွင်မူ ထုတ်ပိုးမှု မမှန်ကန်ခြင်း၊ သာမန်မဟုတ်သော ဆိုးဆေးများ၊ အနံ့များ ထည့်ခြင်း၊ ပင်လယ်စာများတွင် အချိန်စီးစေရန် ရေထိုးခြင်းတို့ ရှိနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက် ပြဿနာများမှာ လွန်ခဲ့သည့် နှစ်နည်းငယ်အတွင်းမှစ၍ တရုတ်နိုင်ငံတွင် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့ပြီး လတ်တလောဖြစ်ပွားခဲ့သည့် အကြောင်းအရာများထဲမှ အထင်ရှားဆုံးမှာ McDonald’s၊ Starbucks၊ KFC၊ Pizza Hut စသည့် အသင့်စား စားသောက်ဆိုင်များသို့ တရုတ်နိုင်ငံတွင်လည်ပတ်နေသည့် အမေရိကန် စက်ရုံတစ်ခုက ရက်လွန်နေသည့် အသားများ၊ ပုပ်သိုးနေသောအသားများ ပိုဆောင်သည့် ကိစ္စဖြစ်သည်။
တရုတ်နိုင်ငံတွင် စားသောက်ကုန်လုပ်ငန်းပေါင်း ၅ သိန်းခန့ှ်ရှိပြီး ထိုအထဲမှ ၇၀ ရာခိုင်နှုန်းမှာ အလုပ် ၁၀ ဦးအောက်ဖြင့် လည်ပတ်နေသည့် လုပ်ငန်းများဖြစ်သည်။
Ref: CNN