News @ M-Media
Blog
  • သီတဂူဆရာတော် မဘသ အဖွဲ့နှင့် မဆက်နွှယ်ကြောင်း ကြေညာ
    သီတဂူဆရာတော် မဘသ အဖွဲ့နှင့် မဆက်နွှယ်ကြောင်း ကြေညာ
    ဇန်နဝါရီ ၁၄ ၊ ၂၀၁၄
    DVB (မြန်မာ) ပိုင်းမှ ကူးယူဖော်ပြသည်။
    10610594_754652011287140_247406745756847076_n
    အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ်များအဖွဲ့ဥက္ကဋ္ဌ သီတဂူဆရာတော် ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်ဉာဏိဿ ရဟာ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ရဲ့ အဓိပတိ၊ မန္တလေး မလွန်ဆန်လှူအသင်းကြီးရဲ့ သြ၀ါဒစရိယမှတပါး မြန်မာနိုင်ငံတွင်း တခြားသော မည်သည့် ဘာသာရေးအသင်း အဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့ စသည်တွေ မှာ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခြင်းမရှိကြောင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ကြေညာပါတယ်။
    Thitaguသီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးကောဝိဒက ဒီထုတ်ပြန်ကြေညာချက်ကို သီတဂူဆရာတော်ဘုရားကြီးရဲ့ မိန့်ကြားချက်အရ ဆောင်ရွက်တာလို့ မိန့်ပါတယ်။
    ဆရာတော် ဦးကောဝိဒက “အဲဒီကြေညာချက် ကွန်ဖန်းဖြစ်ပါတယ်ဆိုတာကို ဦးဇင်းပြောပါတယ်။ အွန်လိုင်းမှာ ဦးဇင်းတင်ထားတာပါ။ စီမံအုပ်ချုပ်ရေး အဖွဲ့ကနေ ဆောင်ရွက်ပေးရတာပါ။ ဦးဇင်းက ဆရာတော်ကြီးရဲ့ မိန့်ကြားချက်အတိုင်း ဆောင်ရွက်ရတာဆိုတော့ ဒီသတင်းထုတ်ပြန်မှုကိုလည်း ဆရာတော်ကြီးရဲ့ မိန့်ကြားချက်အတိုင်း ထုတ်ပြန်ရတာပါ”လို့ မိန့်ကြားပါတယ်။
    သီတဂူဆရာတော်ဘုရားကြီးဟာ အမျိုးဘာသာ သာသနာ ဘာသာပြန့်ပွားရေးအဖွဲ့မှာ ဒုတိယဥက္ကဋ္ဌ တာဝန်ကနေ နုတ်ထွက် ခဲ့ပါသလားလို့ မေးမြန်းလျောက်ထားရာမှာ ဆရာတော် ဦးကောဝိဒက
    “အဲဒါကို ဦးဇင်းသဘောမပေါက်ဘူး။ ဦးဇင်းကလည်း အဲဒီအစည်းအဝေးကို ဦးဇင်းကိုယ်တိုင် တက်ဖူးတာမဟုတ်တော့လေ။ ဆရာတော်ကြီးက နဂိုကတည်းက အဲဒီအဖွဲ့အစည်းထဲမှာပါ၊ မပါဆိုတာ ဦးဇင်းလည်း မသိဘူး။ ဘာဖြစ်လို့ နုတ်ထွက်တာဆိုတာကိုလည်း ဦးဇင်းက မသိဘူး။ ဦးဇင်းက ဆရာတော်ကြီးရဲ့ မိန့်ကြားချက်အတိုင်း ထုတ်ပြန်တာပါ။ ဘာမှ ထင်မြင်ချက်ပေးစရာ မရှိပါဘူး” လို့ မိန့်ကြားပါတယ်။
    အမျိုးဘာသာ သာသနာ ပြန့်ပွားရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ရွာမပရိယတ္တိ စာသင်တိုက် (အင်းစိန်)၊ နိုင်ငံတော် သြဝါဒစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ တိလောကာ ဘိဝံသကို မေးမြန်းလျောက်ထားရာမှာ ဆရာတော်ကြီးက “ဟုတ်တယ်။ သူက ဒီ ပထမအကြိမ် အောင်ဆန်း တပ်ဦးတောရကျောင်းရဲ့ ညီလာခံ၊ ပထမအကြိမ် ညီလာခံမှာ သူကိုယ်တိုင် ဒုတိယဥက္ကဋ္ဌဖြစ် ပါတယ်ဆိုတာ လက်မှတ်ထိုးပြီးတော့ ၀င်ထားတာ မှန်တယ်။ ၂ နှစ် သက်တမ်းလောက်ရှိပြီ ဆောင်ရွက် ခဲ့တယ်။ ဆောင်ရွက်ခဲ့တာလည်းပဲ အခု တို့ဆီမှာလည်းပဲ ဒါကို သူမလုပ်လိုပါဘူးဆိုတဲ့အကြောင်းလည်းပဲ ပြောတာ၊ အကြောင်းမကြားဘူး။ စာတင်တာလည်း ဘာမှ မရှိဘူးပေါ့။ အဲဒီသဘောပဲတို့က သိတယ်။ သို့သော် သူ့ဟာသူ ကြေညာတဲ့ အခြေအနေကတော့ အကြောင်း အမျိုးမျိုး ရှိကောင်း ရှိမယ်ပေါ့။ တို့နဲ့လည်း ဘာမှတော့ ဟိုဒင်းတော့ ပြဿ နာတော့ မရှိဘူး။ တခုရှိတာက သူ ဟိုတလောတုန်းက အီရန်နိုင်ငံကို သွားတယ်။ ဟိုမှာအခြေအနေတွေက နည်းနည်းလေး သူ ပတ်ဝန်းကျင် ဂယက်ရိုက်သွားတဲ့ သတင်းတွေ မြောက်မြားစွာရှိတယ်။ ဒါလေးကို သူ ပါးပါးနပ်နပ် ရှောင် လွှဲတာဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ တို့နဲ့တော့ အဆက်အသွယ်တော့ မပြတ်ပါဘူး။ လက်ရှိအခြေအနေအရ သူက ဘယ်ထဲမှ မပါဝင်သေးဘူးဆိုတဲ့ ပုံစံနဲ့ အခုပြောတာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ မှန်ပါတယ်” လို့ မိန့်ကြားပါတယ်။
    အဖွဲ့ရဲ့ရည်ရွယ်ချက်ထဲမှာ ပဋိပက္ခ မဖြစ်ရန် အသိပညာပေး တားဆီးရန်၊ နိုင်ငံသားများ ညီညွတ်မှု၊ စည်းကမ်းရှိမှုဖြင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး စည်းရုံးရန်၊ အမျိုးဘာသာ သာသနာကို တရားဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ဖွဲ့စည်းတာဖြစ်ပါတယ်။
    နိုင်ငံတ၀န်းမှာ မဘသ လို့ လူသိများထင်ရှားတဲ့ အမျိုးဘာသာ သာသနာပြန့်ပွား ရေးအဖွဲ့ဟာ မျိုးစောင့်ဥပဒေ ပေါ်ထွန်းရေးဆောင် ရွက်ချက်ကြောင့် လူ့အခွင့်အရေးအဖွဲ့ တွေရဲ့ ဝေဖန်မှုနဲ့ ကြုံတွေနေပါတယ်။
  • Charlie Hebdo မဂ္ဂဇင်း အသစ်ရှိ တမန်တော်အား လှောင်ပြောင်သည့် ကာတွန်း အတွက်   မွတ်စလင်ပညာရှင်များ ရှုတ်ချ
    Charlie Hebdo မဂ္ဂဇင်း အသစ်ရှိ တမန်တော်အား လှောင်ပြောင်သည့် ကာတွန်း အတွက် မွတ်စလင်ပညာရှင်များ ရှုတ်ချ
    ဇန်န၀ါရီ ၁၄၊ ၂၀၁၅
    M-Media
    ch
    – ပဲရစ်ရှိ မဂ္ဂဇင်းတိုက်တွင် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ထုတ်ဝေခဲ့သည့် Charlie Hebdo မဂ္ဂဇင်း မျက်နှာဖုံးတွင် တမန်တော် မိုဟာမက်၏ ကာတွန်းပုံအား ထပ်မံထည့်သွင်းထားခြင်းနှင့် ပတ်သက်၍ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များက ဝေဖန်ပြစ်တင် ခဲ့ကြသည်။
    `Charlie Hebdo အနေနဲ့ မဂ္ဂဇင်းထုတ်ဝေခွင့်ရှိသလိုမျိုး ကျွန်တော်တို့ဘာသာတရားရဲ့ ဥသျှောင်နဲ့ပတ်သက်ပြီး အဖျက်သဘောပါတဲ့ ဖော်ပြချက်အတွက် ငြိမ်းချမ်းစွာ တုံ့ပြန်ဖို့ ကျွန်တော်တို့မှာလည်း အခွင့်အရေးရှိပါတယ်။ (အဲဒီလုပ်ရပ်ကို) မကြိုက်ဘူးလို့ ပြောတာမျိုးဟာ အကြမ်းဖက် တိုက်ခိုက်တာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဒါပေမယ့် သည်းခံစိတ်ရှိဖို့နဲ့ အပြန်အလှန်နားလည်မှု တိုးမြင့်စေဖို့ဆိုတဲ့ စကားတွေကိုတော့ အများကြီး ပြောရပါမယ်´ ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR မှ နိုင်လုံးဆိုင်ရာ အမှုဆောင်ဒါရိုက်တာ နီဟတ် အ၀ဒ်က ပြောကြားခဲ့သည်။
    ယနေ့တွင် ထုတ်ဝေခဲ့သော Charlie Hebdo မဂ္ဂဇင်းကာဗာတွင် တမန်တော်မိုဟာမက်၏ ပါးမှ မျက်ရည်ကျနေကာ `Je suis Charled´ ဟုသော စာတမ်းအား ကိုင်ဆောင်ထားပုံ ကာတွန်းကို ရေးဆွဲထားသည်။ ထို့ပြင် ခေါင်းစဉ်ကိုလည်း `All Is Forgiven´ (အားလုံးခွင့်လွတ်လိုက်ပြီ) ဟု အမည်ပေးထားသည်။
    အ၀ဒ်ကမူ အစ္စလာမ်သာသနာမှာ လွတ်လပ်စွာပြောဆိုခွင့်ကို ကာကွယ်ပေးထားပြီး အမြင်မတူသည့် အချိန်ကာလမျိုးတွင်ပင် အခြားသူများ၏ ၀င်ရောက်ပြောကြားမှုကို အလေးထားကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ပုဂ္ဂိုလ်ရေးအရ
    တိုက်ခိုက်စော်ကားမှုများကိုမူ ခွင့်ပြုထားခြင်းမရှိဟု ဆိုသည်။
    အခြားသော မွတ်စလင်ခေါင်းဆောင်များကလည်း ထိုမဂ္ဂဇင်း၏ ကာဗာအတွက် ဝေဖန်ခဲ့ကြသည်။
    `ဒါမျိုးဖော်ပြချက် ထည့်သွင်းလာတဲ့အတွက် အကျိုးဆက် အနည်းငယ်တော့ ရှိမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ စော်ကားတဲ့ပုံစံမျိုးနဲ့ တမင်တကာ လှုံ့ဆော်ပေးတဲ့ ပုံစံမျိုး ဖြစ်နေတာကြောင့်ပါ´ ဟု မီချီဂန် CAIR အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒါဝူးလ်ဝါလစ်ဒ်က CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။
    ဆိုရှယ်စာမျက်နှာများတွင် မွတ်စလင်များက Charlie Hebdo မဂ္ဂဇင်း၏ ထိုဖော်ပြချက်ကို ဝေဖန်ခဲ့ကြပြီး ညီညွတ်ခြင်း သတင်းစကားကို ဖြန့်ဖြူးခြင်း ဆိုသည့် ပြောစကားနှင့် ဆန့်ကျင်နေသည်ဟု ပြောကြားခဲ့သည်။
    `ငြိမ်းချမ်းစွာနေကြတဲ့ သန်း ၁၆၀၀ သောလူတွေကို ပုဂ္ဂိုလ်ရေး အရစော်ကားပြီး ဘယ်လိုများ ပျော်ရွှင်နိုင်ကြသလဲ ဆိုတာ စဉ်းစားလို့ကို မရပါဘူး။ သန်း ၁၆၀၀ ရှိတဲ့ မွတ်စလင်တွေက ရာဇ၀တ်မှုတစ်ခုကို ညီညီညွတ်ညွတ် ဆန့်ကျင်ခဲ့ကြပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ (Charlie Hebdo) ကတော့ မွတ်စလင်တွေ ဒီလိုဆန့်ကျင်ပြီး (တမန်တော်၏ ရုပ်ပြောင်ကာတွန်းလို) လှောင်ပြောင်သရော်မှုကို လက်ခံရမယ်လို့ ပြောနေသလိုပါပဲ။ ဒါမျိုးကတော့ No ပါ´ ဟု @Libyaliberty အမည်ဖြင့် Twitter အကောင့် ပိုင်ရှင်က ရေးသားဖော်ပြခဲ့သည်။
    အမေရိကန်မှ ကျော်ကြားသည့် အစ္စလာမ့် ဓမ္မပညာရှင် ယာစီရ် ကွာဒ်ဟီကလည်း မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) နှင့် ပတ်သက်၍ မည်သည့် ကာတွန်းမျိုး ရေးခြင်းကို မဆို မကြိုက်ကြောင်း၊ မိမိအနေဖြင့် လွတ်လပ်စွာ ပြောဆိုဖော်ပြခွင့်ကို လေးစားသော်လည်း အနောက်နိုင်ငံ လူ့အဖွဲ့အစည်းနှင့် Hebdo မဂ္ဂဇင်း တို့ကမူ ထိုအခွင့်အရေးကို စံနှစ်မျိုးသတ်မှတ်ကာ ပြောင်လှောင် သရော်မှုအတွက် အသုံးချနေကြောင်း ပြောကြားခဲ့သည်။
    `ကာတွန်းဆရာတွေ သေသွားတာကို လှောင်ပြောင်တဲ့ ကာတွန်းမျိုး၊ သူတို့ရဲ့ လုပ်ရပ်နဲ့ ကြိုးစားအားထုတ်မှုတွေကို သရော်တဲ့ ကာတွန်းမျိုး သူတို့ ဆွဲဖူးကြလား´ (သူတို့ကို လှောင်ပြောင်တာ သူတို့ မကြိုက်ကြဘူး) ဟု ကွာဒ်ဟီ က ပြောကြားခဲ့သည်။
    ပြင်သစ် မွတ်စလင်ကောင်စီနှင့် ပြင်သစ်အစ္စလာမ် အသင်းအဖွဲ့များ သမဂ္ဂတို့ကမူ ယမန်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထိုကြေညာချက်တွင် ပြင်သစ်မွတ်စလင်များ အနေဖြင့် တည်ငြိမ်စွာနေကြရန်နှင့် စိတ်ခံစားမှုကို ရှေ့တန်းမတင်ကြရန် တိုက်တွန်းခဲ့သည်။
    Ref : Onislam
  • လူယောင်ဆောင်ထားသော ‘ပြာ’ များ သမိုင်းလှပါစေ
    လူယောင်ဆောင်ထားသော ‘ပြာ’ များ သမိုင်းလှပါစေ
    ဇန်နဝါရီ ၁၄ ၊ ၂၀၁၅
    M-Media
    ညီသွေးရေးသည်။
    11
    စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်မှာ ဓားတစ်စင်းဟာ အစိုးရဖြစ်ခဲ့လျှင် ဓားကိုင်တဲ့လက်ဟာ ပြည်သူလူထုပဲဖြစ်ရမယ်။ သို့မှသာ ဒီဓားကို အသုံးချပြီး ပြည်သူတွေကို အလိုရှိတဲ့ဘဝ၊ လုံခြုံစိတ်ချရတဲ့ လူနေမှုစနစ်ကို ရယူပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ဘဲ ဓားကိုင်တဲ့လက်တွေဟာ အစိုးရမင်းများဖြစ်နေခဲ့ပြီ။ မလိုအပ်ပဲနဲ့ အဲဒီဓားကို သူတို့ခုတ်ချင်နေတဲ့နေရာမှာ စည်းမရှိကမ်းမရှိ ခုတ်ထစ်နေမယ်ဆိုလျှင်တော့ ပြည်သူတွေရဲ့ဘဝဟာ အသွားတွေတုံး၊ တွန့်လိမ်ကောက်ကွေးသုံး စားမရတဲ့ဓားဘဝ ရောက် ရပါလိမ့်မယ်။ ဒီနိုင်ငံမှာတော့ ဓားကိုင်တဲ့လက်တွေဟာ အစိုးရလား ပြည်သူလားဆိုတာ စဉ်းစားစရာမလိုတော့အောင် ကွဲပြားခြားနားသိသာထင်ရှားပြီး ဖြစ်ပါတယ်။
    အခုဓားကိုင်သော လက် ပုစ္ဆာများကို တင်ပြပါတော့မယ်။ မျက်စိသောတဆင်ကြပါတော့ခင်ဗျာ။
    စစ်သားကြီးကို ကျွန်တော်မျှော်မှန်းသည်ဆိုတဲ့ ၂၅ ရာခိုင်နှုန်းသောအစုက လွှတ်တော်ထဲမှာ အခန့်သား၊ တိုင်းပြည်ဟာ စိုးရိမ်သောကဗျာ ပါဒတွေနဲ့ ပြည်သူဟာ ဓားကိုင်တဲ့လက်မဟုတ်တော့ဘူး။ လက်ပံတောင်းတောင်ဟာ ပြားပြားဝပ်လို့ လယ်သမားတောင်သူဟာ ထောင် ထမင်းထောင် ဟင်းစားလို့ ပြည်သူဟာ ဓားကိုင်တဲ့ လက်မဟုတ်တော့ဘူး။ ညီငယ် ညီမငယ်တွေ နေရောင်အောက်မှာ ခမောက် ကလေးတွေဆောင်းလို့၊ ဂျပ်ဆင်အောက်မှာ အသံတွေပြာလို့ ပြည်သူဟာ ဓားကိုင်တဲ့ လက်မဟုတ်တော့ဘူး။ ကိုပါကြီးဟာ ရင်ဟောင်းလောင်းပွင့်လို့ ပဋာစာရီ မသန္တာဟာ မျက်ရည်ချောင်းဖြစ်လို့ ပြည်သူဟာ ဓားကိုင်တဲ့ လက်မဟုတ်တော့ဘူး။ မင်းကတိ မတည်ဝန်ကဆိုခဲ့တဲ့ စကားမမြဲ၊ ထွက်ပြီးသား ဆင်စွယ်ပြန်ဝင်ရရှာပြီ ပြည်သူဟာ ဓားကိုင်တဲ့ လက်မဟုတ်တော့ဘူး။
    နောက်ထပ် ကိုပါကြီးတွေ အများကြီးရှိနေသေးပေမယ့် ကိုပါကြီးအဖြစ်တွေ ထပ် မဖြစ်စေချင်တော့ပါဘူး။ နောက်ထပ် အာဇာနည် ကျောင်းသား ကျောင်းသူတွေ အများကြီးကျန်နေသေးပေမယ့် ဒုတိယမ္မိ ဘုန်းမော်တွေ၊ ဒုတိကမ္မိ ဝင်းမော်ဦးတွေ အပူလုံးကြွ ယူကြုံးမဝတဲ့ ဘဝတွေ လွန်ပါစေတော့။ နောက်ထပ်ပြည်သူတွေ အများကြီးကျန်နေသေးပေမယ့် နောက်တစ်ခေါက် ၈၈ တွေ၊ နောက်တစ်ခေါက် လက်ပံတောင်းတောင်တွေ၊ နောက်တစ်ခေါက် ဒီပဲယင်းတွေကုန်ပါစေတော့။ အမှုမှန်ပေါ်ပေါက်အောင် ဆိုတဲ့ စကားလုံးနဲ့ လူထုကိုချပြတဲ့နေရာမှာ ပွင့်လင်းမြင်သာဆိုတဲ့ စကားလုံးတွေဟာ နောက်ထပ်မျက်နှာ မငယ်ရပါစေနဲ့တော့။
    “ကျွန်မတို့လုပ်စရာရှိတာကို အေးအေးချမ်းချမ်းနဲ့ပြည်သူလည်း မနာအောင် ကျွန်မတို့တိုင်းပြည်ကိုလည်း သိက္ခာမကျအောင် လုပ်သွားပါမယ် လို့ ပြောလိုပါတယ်။” ဒါကပြည်သူ့ အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးစကားပါ။ အဲဒီအတိုင်း တစ်ကယ်ဖြစ်လာ ခဲ့လျှင်တော့ အတိုင်းအထက် အလွန်တံခွန်နဲ့ ကုက္ကားပေါ့။ ဒါပေမယ့် တစ်ကယ်ဖြစ်နေတာကတော့ ပြည်သူတွေဟာ နာရုံမက၊ ပြာနှမ်းနေတဲ့သူ၊ အသက်ထွက်တဲ့သူ၊ ဘဝပျက်တဲ့သူ၊ သိုက်မြုံစွန့်ရတဲ့သူတွေ များခဲ့ရပါပြီ။ တိုင်းပြည်ကို သိက္ခာမကျအောင်ဆိုတဲ့ စကားကိုအကောင်အထည်ဖော်နိုင်ဖို့ ရန်မှာတော့ အချို့မျက်ရည်တွေကို ဥပေက္ခာပြုရပါလိမ့်မယ်။ အချို့မတရားမှုတွေကို လျစ်လျူရှု ရပါလိမ့်မယ်။ အပြီးပြတ်သေးတဲ့ အမှုတွဲတွေထဲက ဥဒါန်းမကျေဆိုတာတွေကို အပြီးတိုင်မြေမြှပ် ပစ်ရပါလိမ့်မယ်။ အခက်ခဲဆုံးအပိုင်းတွေကို ၁၀၀% ရင်ဆိုင်ရပါလိမ့်မယ်။ ဒီအခြေအနေမှာပြည်သူ လူထုအနေနှင့် နှစ်ခုပဲရွေးစရာ ရှိပါတယ်။ တစ်ခုက ကိုယ်တိုင် ဦးဆောင်နိုင်တဲ့သူဖြစ်ချင်ဖြစ် မဟုတ်ခဲ့လျှင် နောက်လိုက်ကောင်းဖြစ် ဒီနှစ်ခုပဲ ရှိပါတော့တယ်။ အရည်အချင်း ရှိအောင်လုပ် (သို့) အရည်အချင်း ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်။ ကိုမင်းကိုနိုင်က ကိုပါကြီးကိစ္စ ဆန္ဒဖော်ထုတ်ပွဲ အရေးယူဖို့ကြိုးစားခဲ့ရင် နောင်ရာဂဏန်း၊ ထောင်သောင်း သိန်းသန်းတွေကို ရင်ဆိုင်ဖို့ပြင်ထား ပါလို့ပြောချင်တယ်ဆိုတဲ့ အဲဒီအင်အားစုထဲမှာ ပါဝင်နစ်မြှပ် လိုက်ဖို့ပဲရှိပါတယ်။
    တိုင်းပြည်ရဲ့အကြီးမားဆုံးအင်အားဆိုတာ စည်းလုံးညီညွတ်သော စိတ်ဝမ်းမကွဲပြားသော ပြည်သူလူထုရဲ့လက်ထဲမှာပဲ ရှိပါတယ်။ ပြည်သူ အင်အားစုများဟာ အကွဲကွဲအပြားပြားဖြစ်နေမယ် ဆိုလျှင်တော့ ဝါးအစည်းပြေကိုချိုးသလို တစ်ချောင်းချင်း အချိုးခံရဖို့ကိန်းပဲရှိပါတယ်။ တစ်ချို့ အကြံအစည်တွေဟာ စကောလောက် မနက်ပါဘူး။ ဒါပေမယ့် အဲဒီငါးမျှားချိတ် မမြင်ဘဲ ငါးစာကိုသာမြင်ခဲ့တဲ့ပြည်သူ အချို့ဟာ သုတ်ကနဲပါသွားခဲ့ရရှာပါတယ်။ အဲဒီရဲ့သာဓကတွေကတော့ ရခိုင် အရေးအခင်းရှိပါတယ်။ မိထ္တီလာအရေးအခင်းရှိပါတယ်။ မန္တလေး အရေးအခင်းရှိပါတယ်။ နေက်ထပ်လည်း အလှမ်းမတော်လျှင် ပြည်သူလူထုဟာ ငါးမျှားချိတ်ပါတဲ့ ငါးစားတွေကို ဟပ်မိသွားနိုင်ပါတယ်။ ပြည်သူလူထုအနေနှင့် အလိုအပ်ဆုံးအချိန်မှာ သုံးဖို့ခုချိန်မှာ ကိုယ့်ကိုယ်ကိုထက်နေအောင်သွေးနေဖို့ လိုပါတယ်။ အချိန်တစ်ချိန်ဆိုတာ ကျိန်းသေရောက်လာမှာပါ။ Plan A, Plan B တွေနဲ့ အလုပ်မဖြစ်တော့တဲ့အခါ Plan C သုံးရမယ့် အချိန်ရောက်လာပြီဆိုလျှင်တော့ ကျွန်တော်တို့ပြည်သူတွေ အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဆုံးဖြတ်ချက်တွေ ချရပါလိမ့်မယ်။
    အမေရိကန်သမ္မတ အိုဘားမားလာတာ သူ့အကျိုးစီးပွားအများကြီးပါတယ်။ IS တွေကို တိုက်ခိုက်ချေမှုန်းတဲ့ ကိစ္စရပ်မှာတောင် သူ့ပြည်သူလူထု ဘဏ္ဍာငွေ ၅.၆ ဘီလီယံကို အမေရိကန် ကွန်ကရက်က တစ်ဆင့်တောင်းခံခဲ့ပါတယ်။ တရုတ်ဝန်ကြီးချုပ်လာတဲ့ ကိစ္စမှာကတော့ သူ့အကျိုး ၁၀၀% ကျော်ပါပါတယ်။ အားလုံးကတော့ သူတို့ တွက်ကိန်းနဲ့ သူတို့လာတာချည်းပါ။ ကိုယ့်နိုင်ငံအရေးက ကိုယ်တွေမှာပဲ တာဝန်ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ သာမန်လူသား တစ်ဦးပါ။ ဒါပေမယ့် နိုင်ငံအတွက် တာဝန်ခံစိတ်အပြည့်၊ စွန့်လွှတ်လိုစိတ်အပြည့်၊ ကိုယ်ကျိုးမဖက်တဲ့ စိတ်အပြည့်နဲ့ဆိုတော့ သူ့နောက်ကပြည်သူ တစ်ရပ်လုံးက ယုံကြည်ကိုးစားမှုနဲ့ မားမားရပ်ခဲ့ကြပါတယ်။ ဘယ်သူက ဘယ်လောက် ကိုယ်ကျိုးစွန့်မလဲ ဘယ်လောက် တာဝန်ခံမလဲ၊ သူ့နောက်မှာရဟန်းရှင်လူ အများပြည်သူ အားလုံးက ဝန်းရံကြတာ မဆန်းပါဘူး။
    ပြည်သူလူထုခမျာစားဝတ်နေရေး လူတန်းမစေ့နိုင်သေးဘူး။ ဒီလိုအချိန်မှာ ရှေ့တန်း စစ်ဆင်ရေး နယ်မြေမှာ သန်းတစ်ရာအကုန်ကျခံပြီး ဘန်ကာ (၅) လုံး တည်ဆောက်မယ်တဲ့။ ငြိမ်းချမ်းရေး လုပ်နေသည်လည်းပြောရဲ့၊ ပြီးတော့ ဒီဘန်ကာတွေ ဆောက်ပြီး ဘယ်သူတွေကို တိုက်စစ်ဆင်မှာလည်း။ အမှန်တစ်ကယ်ငြိမ်းချမ်းစေချင်သည် ဆိုလျှင် ဒီလောက် ပမာဏငွေကြေးနှင့် တိုင်းရင်းသား ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထည့်သွင်း အသုံးချလိုက်ပါက ဒေသခံပြည်သူများ၏ ယုံကြည် အားကိုးမှုများရရှိနိုင်ကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကိုလည်း သွယ်ဝိုက် အကျိုးရှိစေမည်ဖြစ်သည်။ အခုတော့ တစ်ဖက်ကငြိမ်းချမ်းရေး တစ်ဖက်က စစ်ဆင်ရေး တစ်နည်းအားဖြင့် ကိုယ့်တိုင်းရင်းသား အချင်းချင်း ပစ်ခတ်တိုက်ခတ်ဖို့ အတွက် အဲဒီလောက်ငွေကြေး သုံးစွဲမည်ဆိုသော စိတ်ဓာတ်က အော်ဂလီဆန်စရာ ကောင်းလှပါသည်။ နောက်ထပ် ပိုဆိုးသည်မှာ ဗိုလ်ရူခံစင်မြင့်ခေါင်းစဉ်နှင့် သန်း ၆၀၀၀ ကျော် သုံးခဲ့သော စီမံကိန်း။ ဗိုလ်ရူခံ စင်မြင့် မရှိဘဲနေလာသည်မှာ နှစ် (၆၀) ကျော်၊ ယခုရှိလာတော့လည်း ဘာများ တိုင်းပြည်အတွက် ထူးခြားသွားမှာလည်း။ ဗိုလ်ရူခံစင်မြင့် မဆောက်လျှင် တိုင်းပြည်ချောက်ထဲ ကျမှာလား၊ ဘယ်လောက်တောင် ဂုဏ်သိက္ခာတွေ ထိခိုက် ကျဆင်းသွားနိုင်မှာမို့လို့လည်း။ ပြည်သူ့ ဘဏ္ဍာငွေ ယိုစိမ့်မှုကြီး သပ်သပ်သာဖြစ်သော ထိုသို့သော စီမံခန့်ခွဲမှုများနှင့်ပြည့်နှက်နေသော အဖွဲ့အစည်း၏နောက်ကွယ်တွင် ဘယ်လောက်ပြည်သူတွေကမှ မားမားမတ်မတ် ရပ်တည်ပေးမည် မဟုတ်။
    တိုင်းပြည်ရဲ့အနာဂတ် ရည်မှန်းချက်ထဲမှာ ပြည်သူတွေ လူတန်းစေ့နေထိုင်ရေး၊ လူတန်းစေ့ စားသောက်နိုင်ရေး၊ လူတန်းစေ့ကျန်းမာရေး အကျိုးခံစားခွင့်ရရှိရေးတို့ မလွဲမသွေပါဝင်ရပါမယ်။ နိုင်ငံတကာနဲ့ လုပ်နေတဲ့ စီးပွားရေး စီမံကိန်းတွေ၊ လျှပ်စစ်စွမ်းအင် ရှာဖွေရေးစီမံကိန်း၊ စစ်ရေးအစီအမံတွေအားလုံးဟာ ပြည်သူ့ အကျိုးစီးပွားရဲ့နောက်မှာပဲ နေရာယူရပါမယ်။ အခုတော့ ပြည်သူ့ အကျိုးအတွက် တစ်ကယ်လုပ်နေတဲ့ စီမံကိန်းဆိုတာ အိမ်မက်ထဲမှာပဲ သန္နေတည်ဆဲအဆင့်ရှိသေးတယ်ထင်ပါတယ်။ တစ်ခုမှ အကောင်အထည်အဖြစ် ပေါ်မလာသေးပါဘူး။ အစိုးရအဖွဲ့ဝငလူကြီးမင်းများကလည်း တစ်ပြုံကြီး၊ ခွင်တွေကလည်း တအုံကြီးပေါ့။ လောကမှာ အရှည်ဆုံးအကွာအဝေး ဆိုတာ ဦးနှောက်ကနေ နှလုံးသားကို သွားတဲ့ အကွာအဝေးတဲ့။ ဒီအကွာအဝေး အတွက် ကျွန်တော်တို့အားလုံးဘဝ တသက်တာကို အသုံးပြုကြရပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ဦးနှောက်ကနေ ရင်ဘတ်ထဲကို စီးသွားတဲ့ “ကိုယ်ချင်းစာစိတ်၊ ကြင်နာစိတ်၊ ဂရုဏာစိတ်၊ သနားချစ်ခင်စိတ်… ” စတဲ့မှတ်တိုင်တွေ ပါဝင်ပါတယ်။ တစ်ကယ်သာပြည်သူ့ အကျိုးအတွက်ဆိုတဲ့မေတ္တာတရားသာရှေ့ထားနိုင်ခဲ့ရင် ဘယ်စီမံကိန်းမဆို ကျိန်းသေအောင်မြင်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့အားလုံးဟာ လူတွေပါ။ အိုဘားမားလည်းလူ၊ နာရန်ဒရာမိုဒီလဲလူ၊ ကာချုပ်လည်းလူ၊ သမ္မတကြီး ဦးသိန်းစိန်လည်းလူပါပဲ။ လူဟာဘယ်လောက်ပဲ အလုပ်တွေရှုပ်ပြီး ပြာယာခတ်နေခဲ့ပါစေ တစ်နေ့ ကျိန်းသေပြာဖြစ်မှာပါပဲ။ အဲဒီလို ပြာဖြစ်စေမယ့်နေ့ရက် တစ်ရက်ကိုမေ့လို့မရပါဘူး။ ဘယ်လောက်ပဲ အာဏာ ပါဝါပြခဲ့ပြခဲ့ တစ်နေ့ ဇရာကျလာမယ့် ဆက်တင်တွေကိုမေ့လို့ မရပါဘူး။ ဘယ်လောက်ပဲ ပကာသနတွေနဲ့ အလှဆင်ယင်ခဲ့ပါစေ။ တစ်စပြင် ဂယ်လာရီကိုမေ့လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံး တစ်နေ့မှာ မသာချမှပဲ အထာကျ ရတာကိုက လူ့ဘဝ လူ့အပီကေးရှင်းဖြစ်နေလို့ပါပဲ။
    ညီသွေး
  • လိင်တူ စိတ်ဝင်စားသူ အမျိုးသမီး ဈာပန ကျင်းပရန် အမေရိကန်မှ ခရစ်ယာန် ဘုရားကျောင်း  ငြင်းဆန်
    လိင်တူ စိတ်ဝင်စားသူ အမျိုးသမီး ဈာပန ကျင်းပရန် အမေရိကန်မှ ခရစ်ယာန် ဘုရားကျောင်း ငြင်းဆန်
    ဇန်န၀ါရီ ၁၄၊ ၂၀၁၅
    M-Media
    gay
    – အမျိုးသမီးချစ်သူနှင့် နမ်းရှုံ့နေသည့် ဓာတ်ပုံပါဝင်သော မှတ်တမ်းဗီဒီယို ပြသခြင်းကို မကြိုက်နှစ်သက်သောကြောင့် လိင်တူချစ်သူ အမျိုးသမီးတစ်ဦး၏ ဈာပနအခမ်းအနားကို ကျင်းပပြုလုပ်ရန် အမေရိကန်ရှိ ဘုရားကျောင်းက ငြင်းဆန်ခဲ့သည်ဟု သိရသည်။
    ကိုလိုရာဒိုပြည်နယ် ဒန်ဗာမြို့ရှိ New Hope Ministries ခရစ်ယာန်ဘုရားကျောင်းဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့က သေဆုံးခဲ့သော ဗန်နက်ဆာ ကော်လီယာအမည်ရှိ အမျိုးသမီးတစ်ဦး၏ ဈာပနကို ပြီးခဲ့သည့်စနေနေ့က ပြုလုပ်ခဲ့ရာ လိုက်ပါပို့ဆောင်သူ အားလုံး ဘုရားကျောင်းသို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်းမှ ဈာပနအခမ်းအနား ကျင်းပရန် ဘုရားကျောင်းက ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။
    `လူတွေက နံနက် ၁၀ နာရီမှာ ရောက်လာကြတယ်။ ၁၀ နာရီ ၁၅ လောက်ကြတော့ သင်းအုပ်ဆရာက `နည်းပညာပိုင်းဆိုင်ရာ အခက်အခဲကြောင့် ဈာပနအခမ်းအနားကို တစ်ခြားနေရာကို ရွှေ့လိုက်ပါတယ်´ လို့ ပြောခဲ့ပါတယ်´ ဟု သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူက ပြောကြားခဲ့သည်။
    ထိုကဲ့သို့ ပြောင်းရွှေ့ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကော်လီယာ၏ အမှတ်တရများကို ရိုက်ကူးထားသည့် ဗီဒီယိုတွင် ၎င်း၏ချစ်သူ အမျိုးသမီးတစ်ဦးနှင့် နမ်းရှုံ့နေသည့် ဓာတ်ပုံကြောင့်ဖြစ်သည်ဟု ဆိုသည်။
    ဘုရားကျောင်းမှ သင်းအုပ်ဆရာ ရေးချာဗက်ဇ်က ဗီဒီယိုအား ပြသချင်ပါက ထိုပုံအား ဖျက်ပေးရန် တောင်းဆိုခဲ့သော်လည်း မိသားစုက သဘောမတူခဲ့ပေ။ ထို့ကြောင့် ဈာပနအခမ်းအနားအား တစ်လမ်းကျော်ရှိ ရေခဲတိုက်၌ ကျင်းပပြုလုပ်ရန် ဘုရားကျောင်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး မိသားစုများကမူ ဘုရားကျောင်း၏ ထိုလုပ်ရပ်အတွက် ဒေါသထွက်ခဲ့ကြသည်။
    ဗန်နက်ဆာ၏ သူငယ်ချင်းများကမူ `ဗန်နက်ဆာရဲ့ ဂုဏ်သိက္ခာ´ `New Hope ဘုရားကျောင်းမှာ ခင်ဗျားတို့ ခရစ်တော်ကို ရှာတွေ့မှာမဟုတ်ဘဲ သူတော်ကောင်းယောင်ဆောင်မှုကိုသာ တွေ့ရမှာပါ´ စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ
    ဓာတ်ပုံရိုက်ပြီး ဆိုရှယ်စာမျက်နှာများပေါ်တွင် လွှင့်တင်ခဲ့ကြသည်။
    ထို့ပြင် ၎င်းတို့အနေဖြင့် ဘုရားကျောင်းမှ တောင်းပန်မှုကို လိုချင်သည်ဟုလည်း ရေးသားဖော်ပြခဲ့ကြသည်။ New Hope Ministries ဘုရားကျောင်းကမူ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့် မှတ်ချက်မှ မပေးခဲ့ပေ။
    Ref : CNN
  • သမိုင်းတစ်လျှောက် အမြင့်ဆုံး ကာကွယ်ရေးအသုံးစားရိတ် ဂျပန်အတည်ပြု
    သမိုင်းတစ်လျှောက် အမြင့်ဆုံး ကာကွယ်ရေးအသုံးစားရိတ် ဂျပန်အတည်ပြု
    ဇန်န၀ါရီ ၁၄၊ ၂၀၁၅
    M-Media
    jpn
    – ကင်းထောက်လေယာဉ်များနှင့် F-35 တိုက်ခိုက်ရေး တိုက်လေယာဉ်များ ၀ယ်ယူခြင်းအပါအ၀င် နိုင်ငံ၏ စစ်အင်အား တိုးချဲ့ရေး ဆောင်ရွက်ရန် အစီအစဉ်အဖြစ် သမိုင်းတစ်လျှောက် စံချိန်တင် ကာကွယ်ရေးအသုံးစားရိတ်ကို ဂျပန်နိုင်ငံက အတည်ပြုလိုက်သည်ဟု သိရသည်။
    ဂျပန်နိုင်ငံမှာ ယခင်က ကာကွယ်ရေးအသုံးစားရိတ်ကို ကန့်သတ်ထားခဲ့ပြီး ဒီဇင်ဘာ ၂၀၁၂ ရှင်ဇိုအာဘေး တက်လာချိန်မှစ၍ အဆိုပါကန့်သတ်မှုကို ရုပ်သိမ်းခဲ့ကာ သုံးနှစ်ဆက်တိုက် ကာကွယ်ရေးအသုံးစားရိတ်ကို တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
    အဆိုပါ ကာကွယ်ရေးအသုံးစားရိတ်တွင် P-1 ကင်းထောက်လေယာဉ်များ၊ F-35 တိုက်လေယာဉ်များနှင့် အခြား စစ်သုံးယာဉ်များ တိုးမြှင့်ရန် ပါဝင်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် တပ်ဖြန့်ချထားနိုင်ရန် စီစဉ်ထားသည့် Global Hawk ဒရုန်းလေယာဉ်၏ အစိတ်အပိုင်းများ ၀ယ်ယူခြင်းလည်း ပါဝင်မည်ဖြစ်သည်။
    တရုတ်နှင့် ဂျပန်တို့မှာ အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းစုတစ်ခု ပိုင်ဆိုင်မှုအတွက် အချင်းများနေကြပြီး ထိုအချက်က ဂျပန်၏ ကာကွယ်ရေးအင်အားတိုးမြှင့်ရန် ဆောင်ရွက်ရသည့် အကြောင်းအရင်းတစ်ရပ်လည်း ဖြစ်သည်။
    Ref : aljazeera