News @ M-Media

Blog

  • ယခုတစ်ပတ်ထုတ် မဂ္ဂဇင်းတွင် တမန်တော်မိုဟာမက်၏ ကာတွန်းပုံ ထည့်သွင်းမည်ဟု Charlie Hebdo မဂ္ဂဇင်းပြော

    ယခုတစ်ပတ်ထုတ် မဂ္ဂဇင်းတွင် တမန်တော်မိုဟာမက်၏ ကာတွန်းပုံ ထည့်သွင်းမည်ဟု Charlie Hebdo မဂ္ဂဇင်းပြော

    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media

    char

    – အယ်ဒီတာနှင့် ကာတွန်းဆရာများ အပါအ၀င် ၁၂ ဦးသေဆုံးခဲ့သည့် သေနတ်သမားများ၏ တိုက်ခိုက်ခံမှုပြီးနောက် ပထမဆုံး ထုတ်ဝေမည့် Charlie Hebdo မဂ္ဂဇင်းတွင် တမန်တော်မိုဟာမက်၏ ကာတွန်းပုံကို ထည့်သွင်းဖော်ပြမည်ဟု မဂ္ဂဇင်းတိုက် တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    ဇန်န၀ါရီ ၁၂ ရက်နေ့ ညပိုင်းက အွန်လိုင်းတွင် လွှင့်တင်ခဲ့သော အဆိုပါ မဂ္ဂဇင်း၏ မျက်နှာဖုံးကာဗာတွင် Je suis Charlie (I’m Charlie) ဟူသော စာတန်းကို ခေါင်းပေါင်းအဖြူဖြင့် အမျိုးသားတစ်ယောက်က ကိုင်ထားသည့်ပုံကို ဖော်ပြထားသည်။

    အဆိုပါ မဂ္ဂဇင်းတိုက်၏ ရှေ့နေဖြစ်သူ ရစ်ချက် မာလ်ကာကမူ မိမိတို့မှာ မည်သည့်အခါမှ နောက်ဆုတ်သွားမည် မဟုတ်ကြောင်း၊ Charlie မဂ္ဂဇင်း၏ မူမှာ ဘာသာတရားများအား စော်ကားပြောဆိုခွင့်ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ယခင်က အုပ်ရေ ၆၀၀၀၀ သာ ရိုက်နှိပ်ထုတ်ဝေနေသော အဆိုပါမဂ္ဂဇင်းကို ယခုတစ်ပတ် ဗုဒ္ဓဟူးနေ့ ထုတ်ဝေမည့်အချိန်တွင် စောင်ရေ ၃ သန်း ရိုက်နှိပ်ထုတ်ဝေသွားရန် စီစဉ်ထားသည်။

    ထိုက်ခိုက်မှုအတွင်း အသက်မသေဘဲ လွတ်မြောက်ခဲ့သည့် ကာတွန်းဆရာ လုဇ်ကမူ မိမိတို့မှာ အေးအေးဆေးဆေးဖြစ်နေပြီး အိပ်မက်ဆိုးများမှာလည်း လွင့်ပြယ်သွားပြီဖြစ်ကြောင်း၊ ယခုအချိန်တွင် မဂ္ဂဇင်းဖြန့်ဝေရေးအတွက်း ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

    အဆိုပါ မဂ္ဂဇင်းမှာ ယခင်ကလည်း တမန်တော်မိုဟာမက်နှင့် အစ္စလာမ်ဘာသာအပါအ၀င် အခြားသော ဘာသာတရာများအား စော်ကားလှောင်ပြောင်သည့် ကာတွန်းများကို အကြိမ်ကြိမ် ဖော်ပြခဲ့ပြီး ပြီးခဲ့သည့်သီတင်းပတ် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် သေနတ်သမားက ၎င်းမှာ တမန်တော်မိုဟာမက်အား လှောင်ပြောင်သော ကာတွန်းအတွက်
    လက်စားချေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်ရှိ သြဇာကြီးမာသော ခရစ်ယာန်ကက်သလစ်အဖွဲ့ တစ်ခုလည်း ဘာသာတရားများအား စော်ကားနေသည့် အဆိုပါမဂ္ဂဇင်းကို ဝေဖန်ခဲ့ပြီး အကြမ်းဖက်မှုများကို ရှုတ်ချသည့်နည်းတူ ဘာသာတရားများအား ထိုကဲ့သို့ စော်ကားမှုများကိုလည်း သည်းခံ၍မဖြစ်ဟု ပြီးခဲ့သည့်တစ်ပတ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    Ref : RT

  • “ဓမ္မစကူး-ဗုဒ္ဓဘာသာ ယဉ်ကျေး လိမ္မာသင်တန်း” များ တွင် ကလေးများ၏ နှလုံးသား အတွင်းသို့ အမုန်းတရား များ ရိုက်သွင်းနေမှု မလုပ်စေချင် (ပေးစာ)

    “ဓမ္မစကူး-ဗုဒ္ဓဘာသာ ယဉ်ကျေး လိမ္မာသင်တန်း” များ တွင် ကလေးများ၏ နှလုံးသား အတွင်းသို့ အမုန်းတရား များ ရိုက်သွင်းနေမှု မလုပ်စေချင် (ပေးစာ)

    ဇန်နဝါရီ ၁၃ ၊ ၂၀၁၄
    M-Media
    .ရွှေကရိတ် မောင်မောင် ပေးပို့သည်။
    47
    ကလေးသူငယ်များအား မိမိတို့ ကိုးကွယ်ရာ ဘာသာရေး အဆုံးအမများ ကိုသင်ကြားပေးခြင်း သရဏဂုံစွဲမြဲအောင် လေ့ကျင့်ပေးခြင်းတို့ သည် မွန်မြတ်ကောင်းမွန်သော လုပ်ငန်းများဖြစ်ပါသည်-

    သို့သော်-

    လိမ္မာယဉ်ကျေးသင်တန်း-ဟုအမည်ခံ၍ တိုင်းပြည်၏ အနာဂတ်ကို ပျက်စီးရာပျက်စီးကြောင်းကို ရည်ရွယ်ပြီး လူငယ်များ၏ရင်တွင်းအသည်းတွင်းသို့ အမုန်းတရားများ ရိုက်သွင်းပေးနေခြင်းသည် အလွန် အန္တရာယ်ကြီးသော လုပ်ရပ်ဖြစ်ပါသည်- အဆိုပါ လုပ်ငန်းကို မဘသအဖွဲ့နှင့် ကြံ့ခိုင်ရေးပါတီဝင် များက အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိပါသည်-

    ၁၁-၁-၂၀၁၅ ရက် တနင်္ဂနွေနေ့ နံနက် (၉)နာရီက ရမည်းသင်းမြို့တွင် ဓမ္မစကူး(ယဉ်ကျေးလိမ္မာသင်တန်း) ကျောင်းဆင်းပွဲ အခန်းအနားကျင်းပပြုလုပ်ခဲ့ပါသည်-

    အဆိုပါ အခန်းအနားသို့ ရမည်းသင်းမြို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကိုလည်း ဖိတ်ကြားတက် ရောက်စေခဲ့ပါသည်-

    ရမည်းသင်းမြို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှာ သမ္မတကြီးဦးသိန်းစိန်၏ ခမည်းခမက်ဖြစ်သူ သံအမတ် ကြီးဟောင်း ဦးစိန်ဝင်းအောင် ဥက္ကဌအဖြစ်ဆောင်ရွက်နေ သော မြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့၏ မြို့နယ်အဖွဲ့ခွဲဖြစ်ပါသည်-

    အဆိုပါအခန်းအနားတွင် ကြံခိုင်ရေးပါတီ၏ မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်ဝင်း (ပညာရေးမှူး/ငြိမ်း)မှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပါသည်-

    ထိုသို့ပြောကြားရာ၌ ဦးဇော်ဝင်းက ဓမ္မစကူး တက်ရောက်ခြင်း၏ အကျိုးကျေးဇူးကို သူ၏သားငယ် ကိုဥပမာပြ၍ ပြောသွားပါသည်-

    ဦးဇော်ဝင်းသည် သူ၏သားငယ်နှင့်အတူ မန္တလေးမြို့သို့ အလည်အပတ်သွားခိုက် လမ်းခရီး ကားခေတ္တ ရပ်နားစဉ် သားငယ်က မုန့်စားချင်သည်ဆို၍ မုန့်ဖိုးပေး မုန့်ဝယ်ခိုင်း သောအခါ မုန့်ဝယ်ထွက်သွားပြီးအပြန် သားငယ်လက်ထဲ မုန့်ပါမလာဘဲ ပိုက်ဆံသာပြန်ပါလာသဖြင့် သားငယ်အား မုန့်ဆိုင်မရှိဘူးလားမေးရာ- “မုန့်ဆိုင်က မုတ်ဆိတ်ကြီးနဲ့ ဘာသာခြားတွေဘဲတွေ့လို့ အားမပေးခဲ့ဘူး” ဟုဆိုကာ မုန့်ဖိုးပိုက်ဆံကို ဖခင်အား ပြန်ပေးသဖြင့်-ဦးဇော်ဝင်း အနေနှင့် သားဖြစ်သူအတွက် ဂုဏ်ယူရကြောင်း-

    ဤသည်မှာ ဓမ္မစကူး(ယဉ်ကျေးလိမ္မာသင်တန်း)တက် ရောက်ခဲ့သည့် အကျိုးကျေးဇူးပင်ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါသည်-

    ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင် ဘာသာခြားများ၏ ရှေ့မှောက်တွင် ရည်ရွယ်ချက်ရှိရှိပြောကြားခဲ့ခြင်းဖြစ်ပါ သည်-မည်သည့် ရည်ရွယ်ချက်ဆိုသည်ကိုတော့ မသိရပါ-

    အခန်းအနားသို့ တက်ရောက်ခဲ့သူ ဗုဒ္ဓဘာသာဝင်များ ကိုယ်တိုင်က ဦးဇော်ဝင်း၏ပြော စကားများအတွက် များစွာ စိတ်မချမ်းမမြေ့ဖြစ်နေကြကြောင်း-

    တည်ငြိမ်အေးချမ်းသည့် အခြေအနေတွင်သာ အားလုံး နေလိုကြပြီဖြစ်ကြောင်း-

    ယခုလို ပြောကြားမှုဟာ တည်ငြိမ်အေးချမ်းမှုကို အနှောက်အယှက်ပြုရာရောက်ကြောင်း-

    ကလေးငယ်များ၏ နှလုံးသား အတွင်းသို့ အမုန်းတရား များရိုက်သွင်းနေသည့် ဓမ္မစကူး၏ သင်ရိုးညွှန်းတမ်းများ ကို ပြန်လည်စီစစ် ပြင်ဆင်ရန် လိုအပ်နေပြီဖြစ်ကြောင်း-

    ဦးဇော်ဝင်းပြောကြားချက်များသည် ဓမ္မစကူးနှင့် ဗုဒ္ဓဘာ သာ၏ပုံရိပ်ကို အလွန်အမင်း အကျဉ်းတန်စေကြောင်း- ရမည်းသင်းမြို့ခံများမှ ပြောကြားခဲ့ကြပါသည်-

    မကြာမှီ ရောက်ရှိလာတော့မည့် နွေရာသီ အားလပ်ရက် များတွင် အနယ်နယ်အရပ်ရပ်၌ ဓမ္မစကူး(ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း)များ ဖွင့်လှစ်ကြတော့မည်ဖြစ် ပေသည်-

    ယခုလက်ရှိပုံစံဖြင့် ကလေးသူငယ်များကို လူမျိုးရေး ဘာသာရေးခွဲခြားမှု အမုန်းတရားများ ရိုက်သွင်းပေးနေပါ က ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြ သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ အနာဂတ်မှာ စိုးရိမ်ဖွယ်သာဖြစ်ပါကြောင်း-တင်ပြအပ်ပါသည်-။

    သရုပ်ဖော်ကာတွန်း- လဂွန်းအိန်

    —————————
    M-Media ပေးစာကဏ္ဍတွင် ဖော်ပြပေးစေလိုသူများ [email protected] သို့ စာမူများ ပေးပို့နိုင်ပါသည်။

  • ပြင်သစ်ချီတက်ပွဲ နေတန်ယာဟုတက်ရောက်မှု တူရကီသမ္မတ ဝေဖန်

    ပြင်သစ်ချီတက်ပွဲ နေတန်ယာဟုတက်ရောက်မှု တူရကီသမ္မတ ဝေဖန်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media

    adg

    – ပါက်လက်စတိုင်းပြည်သူ ၂၀၀၀ ကျော် သေဆုံးခဲ့သည့် ဂါဇာအား ကျူးကျော် စစ်ပွဲကို ပြုလုပ်ခဲ့သော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ပြင်သစ်ရှိ ချီတက်ပွဲကို တက်ရောက်ခဲ့ခြင်းအတွက် တူရကီသမ္မတ အာဒိုဂန်က ရှုတ်ချလိုက်သည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နှင့် အန်ကာရာတွင် ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အာဒိုဂန်က ထိုကဲ့သို့ ရှုတ်ချခဲ့ခြင်းဖြစ်ပြီး နေတန်ယာဟုအနေဖြင့် ထိုပွဲသို့ တက်ရောက်ရဲသည်ကို နားမလည်နိုင်ဖြစ်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် ဂါဇာတွင် သေဆုံးခဲ့ရသည့် ကလေးငယ်များနှင့် အမျိုးသမီးများအတွက် တာဝန်ယူရန်လည်း နေတန်ယာဟုကို တိုက်တွန်းခဲ့သည်။

    တနင်္ဂနွေနေ့က ပဲရစ်၌ ပြုလုပ်ခဲ့သော အကြမ်းဖက်ဆန့်ကျင်ရေး ချီတက်ပွဲသို့ အာဒိုဂန်အပါအ၀င် အဘတ်စ်လည်း တက်ရောက်ခဲ့သည်။ သို့သော်လည်း အာဒိုဂန်ကမူ နေတန်ယာဟုမှာ ထိုချီတက်ပွဲသို့ တက်ရောက်ခွင့်မရှိဟု ဆိုသည်။

    `ဂါဇာမှာ လူ ၂၅၀၀ လောက်ကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ အကြမ်းဖက်တိုင်းပြည်က လူတစ်ယောက် လက်ဝှေ့ယမ်းပြနေတာ ဘယ်လိုကြည့်လို့ရမလဲ´ ဟု အာဒိုဂန်က ဝေဖန်ပြောကြားခဲ့သည်။

    အာဒိုဂန်မှာ အစ္စရေးနှင့်ပတ်သက်၍ မကြာခဏ ဝေဖန်ပြောကြားမှုများရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း အစ္စရေး၏ ရက်စက် ကြမ်းကြုတ်မှုများမှာ ဟစ်တလာ၏ ရက်စက်ကြမ်းကြုတ်မှုများထက်ကို သာလွန်နေပြီဟု ပြောကြားခဲ့သည်။

    `အစ္စရေးရဲ့ ဥပဒေပလုပ်ရပ်တွေကို တူရကီနိုင်ငံက ဆက်လက်တွန်းလှန်သွားမှာ ပါ´ ဟု အာဒိုဂန်က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဥရောပအတွင်း ပြန့်နှံ့နေသည့် မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ရှုတ်ချရန် ပျက်ကွက်နေကြသည့် ဥရောပ ခေါင်းဆောင်များမှာ ပဲရစ်တိုက်ခိုက်မှု တွင်မှ သူတော်ကောင်းယောင် ဆောင်ပြနေသည်ဟု အာဒိုဂန်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref : alarabiya

  • ၂၀၁၄ ခုနှစ်အတွင်း အစ္စလာမ်သာသနာသို့ ပြောင်းလဲ သက်ဝင်ခဲ့သည့် ထင်ရှားကျော်ကြားသူများ

    ၂၀၁၄ ခုနှစ်အတွင်း အစ္စလာမ်သာသနာသို့ ပြောင်းလဲ သက်ဝင်ခဲ့သည့် ထင်ရှားကျော်ကြားသူများ

    ဇန်နဝါရီ ၁၃၊ ၂၀၁၅
    M-Media
    .လေးမောင် စုစည်းတင်ဆက်သည်။

    – ၂၀၁၄ ခုနှစ်ကတော့ ကားလိပ်ချခဲ့ပါပြီ။ ဒီနှစ်အတွင်းထဲမှာ နားလည်မှု လွဲမှားခံရဆုံး အယူဝါဒကို ပြပါဆိုရင် အစ္စလာမ်ဖြစ်နေတယ် ဆိုတာကို တွေ့ရမှာပါ။ ဘာ့ကြောင့်လဲဆိုရင်တော့ ဘာသာဝင်တွေရဲ့ ဘာသာတရားကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးရှာမှု၊ မွတ်စလင်တွေရဲ့ ဘာသာတရား ရိုသေကိုင်းရှိုင်းမှုကို မနာလို မရှုစိမ့်သူတွေရဲ့ ၀ါဒဖြန့်မှု၊ ကောလဟာလတွေ၊ ခြောက်လှန်မှုတွေ၊ လှိမ့်လုံးတွေ၊ စွပ်စွဲစော်ကားမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတားအဆီးတွေကိုကျော်ပြီး အစ္စလာမ့်ရဲ့ စစ်မှန်တဲ့ သွန်သင်ဆုံးမမှုတွေကို လေ့လာကာ အစ္စလာမ့်အေးရိပ် ဆာယာအောက်ကို ခိုလှုံခဲ့သူတွေလည်း ဒီနှစ်အတွင်းမှာ ဒုနဲ့ဒေး ရှိနေပါတယ်။ အဲဒီအထဲကမှ ၂၀၁၄ ခုနှစ် အတွင်း အစ္စလာမ်သာသနာကို သက်ဝင် ယုံကြည်လာသူတွေထဲက အထင်ရှားဆုံး ပုဂ္ဂိုလ် ၄ ဦးကို ဖော်ပြလိုက်ပါတယ်။

    ၁။ အစ္စကန်ဒါ ဗန် ဒေါန် (Iskander Van Doorn )
    ——————————————————

    1
    ဟော်လန်မှာ တစ်ချိန်က အစ္စလာမ်ဆန့်ကျင်ရေး၊ ဗလီဝတ်ကျောင်းတော်တွေကို ဆန့်ကျင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တဲ့ လက်ယာစွန်းရောက် နိုင်ငံရေးသမား အာနော့ဒ် ဗန်ဒေါန်ရဲ့ သားဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ၂၀၁၃ ခုနှစ်မှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့ပြီး အစ္စကန်ဒါကလည်း ဖခင်ရဲ့ ခြေရာကိုနင်းကာ ၂၀၁၄ ခုနှစ် ဧပြီလမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူ ဖြစ်လာခဲ့ပါတယ်။ အစ္စကန်ဒါဟာ သာမန် အပေါ်ယံ ၀င်လာတာမျိုးဟုတ်ဘဲ ကုရ်အာန် ကျမ်းတော်မြတ်ကို ကျကျနန လေ့လာခဲ့ပြီးတဲ့နောက်မှာ အစ္စလာမ်ကို သက်ဝင်ယုံကြည်လာခဲ့သူ ဖြစ်ပါတယ်။ ဧပြီလအတွင်းက ဒူဘိုင်းမှာပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံမှာ ရှဟာဒသ် (အစ္စလာမ်ကိုသက်ဝင်ကြောင်း သက်သေခံချက်) ထွက်ဆိုခဲ့တာဖြစ်ပြီး အဲဒီညီလာခံမှာ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့သူ ၃၇ ဦးထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

    `အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ပြီးတဲ့နောက် ဖေဖေဟာ ပိုပြီး ငြိမ်းချမ်းလာတာကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီဘာသာတရားမှာ ကောင်းတာတစ်ခုခု ရှိမယ်လို့ ကျွန်တော် အသိတရားရခဲ့ပါတယ်။ ပြီးတော့ အဖေ့ရဲ့ အပြုအမူတွေက မွတ်စလင်တွေအပေါ် ကျွန်တော့်ရဲ့ထင်မြင်ချက်တွေကိုလည်း ပြောင်းလဲစေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကုရ်အာန်ကျမ်းတော်မြတ်ကို စတင်လေ့လာခဲ့ပြီး အစ္စလာမ့် ဓမ္မပညာရှင်တွေရဲ့ ဟောကြားချက်တွေကိုလည်း နားထောင်သင်ယူခဲ့ပါတယ်´ (အစ္စကန်ဒါ ဗန် ဒွမ်း)

    Read More =>http://www.m-mediagroup.com/news/26869

    ၂။ မက်ဇန့်စ် ဘက်တေး (Maxence Buttey)
    ——————————————————

    2
    ပြင်သစ်က လက်ယာစွန်းရောက် FN ပါတီရဲ့ ပါတီဝင်တစ်ယောက်ဖြစ်ပြီး ပြင်သစ်အရှေ့ပိုင်း Noisy-le-Grand ဒေသ ပါတီအဖွဲ့ခွဲရဲ့ ကြီးကြီးမာစတာတစ်ယောက် ဖြစ်ပါတယ်။ လက်ယာစွန်းရောက်ဆိုတဲ့အတိုင်း အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့တဲ့သူ တစ်ဦးပါပဲ။ ဒါပေမယ့် မိမိရဲ့အတ္တစိတ်ကို ချွန်းအုပ်နိုင်ခဲ့တဲ့ ဘက်တေးတစ်ယောက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အစ္စလာမ် သာသနာကို သက်ဝင်ယုံကြည် လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း FN ပါတီက တာဝန်ရှိသူတွေထံကို ဗီဒီယိုတစ်ခု ပေးပို့ခဲ့ပြီး အဲဒီဗီဒီယိုမှာ ကုရ်အာန်ကျမ်းတော်မြတ်က ရှင်းရှင်းလင်းလင်းဖော်ပြထားတဲ့ အကျင့်သီလတွေကို ချီးကျူးခဲ့ပြီး ပါတီဝင်တွေကိုလည်း အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ဖို့ ထပ်ဆင့် ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီဗီဒီယိုက ပါတီအဖွဲ့ဝင် အများအပြားကို အံ့သြစေခဲ့ပြီး FN ပါတီက ဒေသတွင်း ကော်မတီကနေ ဘက်တေးကို တာဝန်ရပ်ဆိုင်းခဲ့ကာ ဒီဇင်ဘာလမှာတော့ လုံးဝ ထုတ်ပယ်ပစ်ခဲ့ပါတယ်။

    `ကုရ်အာန်ကျမ်းတော်မြတ်ကို သေသေချာချာ ကျွန်တော် ဖတ်ရှုလေ့လာတဲ့အခါမှာ အစ္စလာမ်သာသနာဟာ ပိုပြီး ပွင့်လင်းရိုးရှင်းတယ်ဆိုတာ နားလည်သဘောပေါက်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အတွက် မဲပေးသူတွေက စိတ်ပျက်ကောင်း စိတ်ပျက်ပါလိမ့်မယ်။ ဒါပေမယ့် အမျိုးသား၊ အမျိုးသမီးအားလုံး မခွဲခြားဘဲ စည်းလုံးညီညွတ်ကြဖို့ မစ်ရှစ်တစ်ခုကတော့ အစ္စလာမ်သာသနာမှာ ရှိနေတယ်ဆိုတာကို ကျွန်တော် ရှင်းပြဖို့ အသင့်ပါပဲ´ ( မက်ဇန့်စ် ဘက်တေး )

    Read More =>http://www.m-mediagroup.com/news/33473

    ၃။ မိုနီကာ (Monica)
    —————————

    3
    အိန္ဒိယက ငယ်ရွယ်ပျိုမျစ်တဲ့ မင်းသမီးချောတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် မေလအတွင်းမှာ သူမဟာ အစ္စလာမ်ဘာသာဝင်တစ်ယောက် ဖြစ်နေပါပြီလို့ ကြေညာခဲ့ပြီး အစ္စလာမ်က သတ်မှတ်ထားတဲ့ ခေါင်းဆောင်း ပုဝါကိုလည်း မဆိုင်းမတွ ၀တ်ဆင်ခဲ့ပါတယ်။ နာမည်ကို အမ်ဂျီ ရဟီမာလို့ ပြောင်းခဲ့ပြီး၊ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အလှအပကို ဖော်ထုတ်ပြသကာ စီးပွားရှာမှုကို အစ္စလာမ်က တားမြစ်တားတာကြောင့် မိုနီကာတစ်ယောက် ၀င်ငွေကောင်းတဲ့ ရုပ်ရှင်လုပ်ငန်းကနေ အပြီးတိုင် အနားယူခဲ့ပါတယ်။ ငယ်ငယ်ကလေး ကတည်းက အနုပညာ အသိုင်းအ၀ိုင်းထဲကို ခြေချခဲ့တဲ့ မိုနီကာဟာ ရုပ်ရှင်ဇာတ်ကားပေါင်း ၅၀ ကျော် ရိုက်ကူးခဲ့ပါတယ်။ သူမဟာ အိန္ဒိယတောင်ပိုင်းဒေသက တဲလ်ဂူ၊ မလာယာလမ်နဲ့ ကန်နာဒါလူမျိုးတွေ ကြားထဲမှာလည်း ရေပန်းစားသူ တစ်ဦး ဖြစ်ပါတယ်။

    `အစ္စလာမ်သာသနာက သတ်မှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ အထူးသဖြင့် အစ္စလာမ်ကပေးတဲ့ အမျိုးသမီးအခွင့်အရေးက ကျွန်မကို ညှို့ယူဖမ်းစားခဲ့တာကြောင့် ကျွန်မ အစ္စလာမ်သာသနာကို သက်ဝင် ယုံကြည်ခဲ့တာပါ။ အစွန်းရောက်ဝါဒကို အားပေးတဲ့ အယူဝါဒပဲဆိုတဲ့ အစွဲနဲ့ ၂၀၁၀ လောက်ကတည်းက အစ္စလာမ်ကို စလေ့လာ ခဲ့ပါတယ်။ ဒါပေမယ့် လေ့လာရင်းလေ့လာရင်းနဲ့ အစ္စလာမ်ဆိုတာ တကယ့်ကို ငြိမ်းချမ်းရေး သာသနာဆိုတာ တွေ့ခဲ့ရပါတယ်ရှင်။ အခုတော့လည်း အစ္စလာမ်သာသနာကို လိုက်နာကျင့်သုံးခဲ့တာ ၄ နှစ်နီးပါးတောင် ရှိနေပါပြီ´

    ၄။ ယူဗန် ရှန်ကာ ရာဂျာ
    —————————

    4
    အိန္ဒိယက နာမည်ပြီး တေးရေးဆရာတစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ အစ္စလာမ် သာသနာကို ပြောင်းလဲ သက်ဝင်ခဲ့ပြီး ဒီဆုံးဖြတ်ချက် အတွက်လည်း ဂုဏ်ယူမိတယ်လို့ ရာဂျာက ဆိုပါတယ်။ မိဘတွေ ကလည်း သူ့ရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံ အားပေးခဲ့ပြီး ရာဂျာတစ်ယောက် အခုအချိန်မှာတော့ ငါးကြိမ်ဆွလာသ် ၀တ်ပြုမှုကို မပြတ်မကွက် ဆောက်တည်နေပါပြီ။

    `ရုတ်တရက်ချတဲ့ ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ပါဘူး။ အစ္စလာမ်နဲ့ပတ်သက်ပြီး ၂ နှစ်လောက် ကျွန်တော်ဟာ စာအုပ်တွေဖတ်၊ ဗဟုသုတတွေ ရှာမှီးခဲ့တာပါ။ နောက်ပိုင်းမှာတော့ ကုရ်အာန်ကျမ်းတော်မြတ်ကို စတင်လေ့လာခဲ့ပြီး ဒီကျမ်းက ကျွန်တော်ရဲ့ စိတ်ကူးထဲက မေးခွန်းတွေ၊ သံသယတွေ၊ ဘ၀နဲ့ပတ်သက်ပြီး မကျေလည်မှုတွေကို တဖြည်းဖြည်းနဲ့ အဖြေတွေပေးခဲ့ပါတယ်။ အစ္စလာမ်သာသနာက ကျွန်တော့်ကို ရွေးချယ်လိုက်ပြီလို့ ကျွန်တော် ခံစားခဲ့ရပါတယ်။ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ဖို့ ဘယ်သူကမှ ကျွန်တော့်အပေါ် လွှမ်းမိုးချယ်လှယ်တာမျိုး မရှိခဲ့ပါဘူး´ (ယူဗန် ရှန်ကာ ရာဂျာ)

    ၂၀၁၄ ခုနှစ် အတွက် အစ္စလာမ်သို့ ကူးပြောင်းသက်ဝင်လာသည့် အခြားသော ထင်ရှားကျော်ကြားသူများ
    ———————————————————–
    နာမည်ကျော် ထိုင်း သရုပ်ဆောင် မင်းသမီး နွက် ဆူသီဒါ
    http://www.m-mediagroup.com/news/35023

    ဘယ်လ်ဂျီယံ အလှမယ် လင်ဆေးဗန်ဂီလီ
    http://www.m-mediagroup.com/news/32376

    ကင်မရွန်းမှ လူငယ်ဘောလုံး အသင်း
    http://www.m-mediagroup.com/news/31894

    ပလေးဘွိုင်းကိုယ်ဟန်ပြမယ်ဟောင်း Felixia Yeap
    http://www.m-mediagroup.com/news/29219

    ပြင်သစ်လက်ရွေးစင် ကစားသမားဟောင်း ဖရန်စီအို့စ် ဘရက်စီ
    http://www.m-mediagroup.com/news/27157

    အမေရိကန် အဆိုတော် ဂျနီဖာဂရောက်(Jennifer Grout)
    http://www.m-mediagroup.com/news/23316

    နိုက်ဂျီးရီယားလက်ရွေးစင် ဘောလုံးကစားသမားဟောင်းဖြစ်သူ အီမဲကာ အက်ဇယူဂို
    http://www.m-mediagroup.com/news/22739

    Ref : onislam, ibtimes

  • ၂၀၁၄ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဆွတ်ခူး

    ၂၀၁၄ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဆွတ်ခူး

    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media

    rnd 2

    – ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    ဆုကြေညာခြင်း အခမ်းအနားကို ဇူးရစ်ခ်ျမြို့တွင် ယမန်နေ့ ညနေက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရော်နယ်ဒိုမှာ စုစုပေါင်း မဲအရေအတွက် ၃၇.၆၆ ရာခိုင်နှုန်းဖြင့် မက်ဆီ၊ နူအာတို့ကိုကျော်ကာ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ မက်ဆီကမူ ၁၅.၇၆ ရာခိုင်နှုန်းဖြင့် ဒုတိယရရှိခဲ့ပြီး ဂျာမန်ဂိုးသမား နူအာက ၁၅.၇၂ ရာခိုင်နှုန်းဖြင့် တတိယရရှိခဲ့သည်။

    `ကျွန်တော့်အမေနဲ ကျွန်တော့်ရဲ့မိသားစုကို တွေ့နေရပါတယ်။ ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော့် နည်းပြ၊ အသင်းဖော်တွေနဲ့ အသင်းရဲ့ ဥက္ကဌကိုရောပေါ့ဗျာ။ မမေ့နိုင်စရာ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ဒီလိုဆုကို ရခဲ့တာဟာ ထူးခြားမှုဖြစ်ပြီး ကျွန်တော် ပြောချင်တာကတော့ လက်ရှိအတိုင်း ဆက်လက်ကြိုးစားသွားမှာဖြစ်ပြီး တစ်ဦးချင်း၊ အသင်းလိုက် ဆုတံဆိပ်တွေ ပိုမိုရရှိအောင် ကြိုးစားသွားမှာပါ။ ကျွန်တော့် မိဘတွေ အတွက်ပေါ့ဗျာ´ ဟု ရော်နယ်ဒိုက ဆုလက်ခံရယူပြီးနောက် ပြောကြားခဲ့သည်။

    ယမန်နှစ်ကလည်း အဆိုပါဆုကို ရရှိခဲ့သည့်အတွက် ယခုဆုမှာ ရော်နယ်ဒို၏ သုံးကြိမ်မြောက် Ballon d’Or ဆုဖြစ်ပြီး ၂ ကြိမ်ဆက်ရရှိခဲ့သည့် ပထမဆုံး ရီးယဲလ်ကစားသမား ဖြစ်လာခဲ့သည်။

    ရော်နယ်ဒိုကမူ မိမိအနေဖြင့် ထိုဆုကို သုံးကြိမ်သုံးခါတိုင်တိုင် ရရှိလိ့မ်မည်ဟု မမျှော်လင့်ခဲ့ကြောင်း၊ သမိုင်းတစ်လျှောက် အကောင်းဆုံးဘောလုံးသမားတစ်ဦး ဖြစ်ချင်ကြောင်း၊ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

    အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားအတွင် အကောင်းဆုံး နည်းပြဆုကိုလည်း ချီးမြှင့်ခဲ့ပြီး ဂျာမနီအသင်း ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲနိုင်အောင် ဦးဆောင်ပေးခဲ့သည့် နည်းပြ ဂျိုအာချင်းလိုက အန်ဆယ်လော့တီ၊ ဆီမြွန်နီတို့ကို ကျော်ဖြတ်၍ အကောင်းဆုံး နည်းပြဆု ရရှိခဲ့သည်။

    Ref : dailymail