News @ M-Media

Blog

  • ဆွမ်ဆီးတိုက်စစ်မှူး ဘိုနီကို ခေါ်ယူရန် မန်စီးတီး သဘောတူညီချက်ရရှိ

    ဆွမ်ဆီးတိုက်စစ်မှူး ဘိုနီကို ခေါ်ယူရန် မန်စီးတီး သဘောတူညီချက်ရရှိ

    ဇန်န၀ါရီ ၁၁၊ ၂၀၁၅
    M-Media

    bny

    – အသင်း၏ တိုက်စစ်ကို အားဖြည့်မှုတစ်ရပ်အဖြစ် ဆွမ်ဆီးတိုက်စစ်မှူး ၀ိုင်းဖရိုင်း ဘိုနီအား ခေါ်ယူရန် သဘောတူညီချက် ရရှိခဲ့ပြီဟု မန်စီးတီးအသင်းက ပြောကြားလိုက်သည်။

    ဘိုနီအားခေါ်ယူရန် မန်စီးတီးက ပြီးခဲ့သည့် သီတင်းပတ်ကပင် ကြိုးစားခဲ့ခြင်း ဖြစ်ပြီး ယူရို ၃၅ သန်းဖြင့် သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ကာ ယခုအခါ ကာယကံရှင်နှင့် နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်။

    ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းကို မကျော်လွန်စေရန်အတွက် ဘိုနီ၏ တစ်ပတ်လုပ်ခကို ပေါင် ၉၆၀၀၀ သာမန်စီးတီးက ပေးထားသော်လည်း ဆုကြေးငွေများနှင့် အခြား ဘောနပ်စ်အမြောက်အများကို ရရှိမည်ဖြစ်သည်။

    အဆိုပါ လုပ်ခလစာမှာ နောက်ခံလူ နက်စတာဆစ် ရရှိသည့် လုပ်ခလစာဖြစ်ပြီး ဆောင်းရာသီ အပြောင်းအရွှေ့တွင် အသင်းပြောင်းရန် ရှိနေသောကြောင့် မန်စီးတီးက ဘိုနီ၏ လစာကို သတ်မှတ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

    မန်စီးတီးတိုက်စစ်မှာ အဂူရိုတစ်ဦးတည်းကိုသာ အားထားနေရပြီး ဘိုနီရောက်ရှိလာမည့် အတွက်ကြောင့် တိုက်စစ် ပိုမို တောင့်တင်းသွားကာ ချယ်ဆီးအား ပိုမို စိန်ခေါ်လာနိုင်မည်ဖြစ်သည်။ ယခုလက်ရှိတွင် ချယ်ဆီးက ၂ မှတ်အသာဖြင့် ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်ထားသည်။

    Ref: goal.com

  • ပလာတီနီ၏ အိမ်အတွင်းသို့ ရော်နယ်ဒို၏ ပရိတ်သတ်က ဘောလုံးများ ကန်သွင်း

    ပလာတီနီ၏ အိမ်အတွင်းသို့ ရော်နယ်ဒို၏ ပရိတ်သတ်က ဘောလုံးများ ကန်သွင်း

    ဇန်န၀ါရီ ၁၁၊ ၂၀၁၅
    M-Media

    rnd

    – ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or မည်သူရသင့်သည်ဆိုသည့် မှတ်ချက်ပေးမှုကို မကျေနပ်သည့်အတွက်ကြောင့် ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီ၏ အိမ်အတွင်းသို့ ခရစ္စတီယာနိုရော်နယ်ဒို၏ ပရိတ်သတ်များက ဘောလုံးများ ကန်သွင်းခဲ့သည်ဟု သိရသည်။

    လွန်ခဲ့သည့် ၁၂ လတာ ကာလအတွင်း စွမ်းဆောင်ခဲ့သည်များကို ကြည့်ရှုဆုံးဖြတ်ကာ ချီးမြှင့်မည့် အဆိုပါဆု ဇကာတင်စာရင်းတွင် ရော်နယ်ဒို၊ မက်ဆီနှင့် ဂျာမနီဂိုးသမား နူအာတို့ ပါဝင်နေပြီး ရော်နယ်ဒိုက ရရှိရန် ရေပန်းစားနေသည်။

    သို့သော်လည်း မကြာသေးမီက ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပလာတီနီက ရော်နယ်ဒိုကိုကျော်၍ နူအာက ရရှိသင့်သည်ဟု ဖြေကြားခဲ့ပြီး ထိုမှတ်ချက်ကို မကျေနပ်သည့် ရော်နယ်ဒို၏ ပရိတ်သတ်များက ပဲရစ်မြို့ရှိ ပလာတီနီ၏ နေအိမ်အတွင်းသို့ ဘောလုံး ၆၁ လုံး ကန်သွင်းခဲ့သည်။

    ဘောလုံးကန်သွင်းကြသူများမှာ တစ်ကိုယ်လုံး အနက်ရောင် ၀တ်ဆုံများ ၀တ်ဆင်ထားပြီး ၎င်းတို့ ကန်သွင်းသော အရေအတွက်မှာလည်း ပြီးခဲ့သည့် ၁၂ လအတွင်း ရော်နယ်ဒို သွင်းယူခဲ့သည့် ဂိုးအားလုံး၏ အရေအတွက် ဖြစ်သည်။

    ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရော်နယ်ဒိုက ပလာတီနီအား လက်ဆွဲနှုတ်ဆက်ခြင်း မပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး ဆက်ဆံရေးမှာ ချောမွေ့မှုမရှိဟု သတင်းများက ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ရော်နယ်ဒိုနှင့် ပလာတီနီတို့ ၂ ဦးစလုံးက ထိုသတင်းကို ငြင်းဆိုခဲ့ကြသည်။

    ဖီဖာဥက္ကဌ ဆပ်ဘလတ္တာကလည်း ရော်နယ်ဒိုမှာ ဘောလုံးကစားခြင်းထက် ဆံပင်သခြင်း၌သာ ပို၍ အချိန်ကုန်သည်ဟု ပြီးခဲ့သည့် တစ်နှစ်ခန့်က ဝေဖန်ပြောကြားခဲ့ဖူးသည်။

    Ref: Goal.com

  • ပျောက်ဆုံး Air Asia လေယာဉ်၏ Black Box တွေ့ရှိရန် နီးစပ်လာ

    ဇန်န၀ါရီ ၁၁၊ ၂၀၁၅
    M-Media

    asa
    ပျက်ကျသွားခဲ့သည့် လေယာဉ်အမြီးပိုင်း

     

    – ဂျာဗားပင်လယ်ထဲသို့ ပျက်သွားခဲ့သည့် Air Asia လေကြောင်းလိုင်းမှ Airbus A320-200 လေယာဉ် အမြီးပိုင်း ဆယ်ယူရရှိခဲ့သော နေရာ၏ ၁ ကီလိုမီတာ အကွာဝေးမှနေ၍ Black Box အချက်ပြမှုကို ထင်ထင်ရှားရှား ရရှိနေသည်ဟု အင်ဒိုနီးရှား တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ပြောကြားလိုက်သည်။

    အမြီးပိုင်းကိုမူ ယမန်နေ့က ဆယ်ယူရရှိခဲ့ပြီး ပင်လယ်ရေအောက် မီတာ ၃၀ အနက်တွင် ရှိမည်ဟု ယူဆရသည့် အဆိုပါ Black Box တည်နေရာကို စစ်တပ်မှ ရေငုပ်သမားများက ရှာဖွေလျက်ရှိနေသည်ဟု အင်ဒိုနီးရှား အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီ ဒါရိုက်တာ အက်စ် ဘီ ဆူပရီယာဒီက ဆိုသည်။

    `အမြီးပိုင်း တွေ့ရှိတဲ့နေရာရဲ့ အရှေ့ဘက် ၁ ကီလိုမီတာလောက်မှာ အချက်ပြမှု ကို ဖမ်းယူရရှိခဲ့ပါတယ်´ ဟု ဆူပရီယာဒီက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    သို့သော်လည်း Air Asia စီအီးအိုဖြစ်သူ တိုနီဖာနန်ဒက်ဇ်ကမူ Black Box ဟုတ်မဟုတ် မသေချာသေးဟု ပြောကြားခဲ့သည်။

    အင်ဒိုနီးရှား မိုလေ၀သဌာနကမူ Airbus A320-200 ပျက်ကျမှုမှာ ရာသီဥတုကြောင့် ဖြစ်နိုင်သည်ဟု ပြောကြားထားသော်လည်း လောာဉ်မှုများ၏ နောက်ဆုံးစကားများကို မှတ်တမ်းတင်ထားသည့် Black Box ရှာဖွေရှိမှသာ လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်း တိတိကျကျကို သိရှိနိုင်မည်ဖြစ်သည်။

    လွန်ခဲ့သည့် နှစ်ပတ်ခန့်က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူသို့အသွား လမ်းတွင် ပျောက်ဆုံးသွားခဲ့သည့် အဆိုပါ လေယာဉ်တွင် လေယာဉ်အမှူထမ်းနှင့် ခရီးသည် စုစုပေါင်း ၁၆၂ ဦး ပါဝင်ဦး မည်သူမှ အသက်ရှင်ကျန်ရစ်ဖွယ် မရှိချေ။

    Ref : channelnewsasia

  • ပဲရစ်မြို့ တိုက်ခိုက်မှုများကြားမှ ဒုတိယမြောက် မွတ်စလင်သူရဲကောင်း

    ပဲရစ်မြို့ တိုက်ခိုက်မှုများကြားမှ ဒုတိယမြောက် မွတ်စလင်သူရဲကောင်း

    ဇန်န၀ါရီ ၁၁၊ ၂၀၁၅
    M-Media

    Lassana 2.jpg
    ဈေးဝယ်သူများအား ဘေးလွတ်ရာတွင် ၀ှက်ထားပေးခဲ့သူ မွတ်စလင်လူငယ် ဘာသီလီ

     

    – ပြင်သစ်သတင်းစာတစ်စောင်ဖြစ်တဲ့ Charlie Hebdo ရဲ့ ပဲရစ်က ရုံးခန်းကို သေနတ်သမားတွေက ၀င်ရောက်ပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာ ပဲရစ်က Porte de Vincennes ဒေသ ဂျူးရပ်ကွက်မှာရှိတဲ့ Hyper Cacher စူပါမားကတ်ကို သေနတ်သမားတစ်ယောက်က ၀င်ရောက် စီးနင်းခဲ့ပါတယ်။

    စီးနင်းတဲ့သူက အေမီဒီ ကောင်လီဘလီဆိုသူ ဖြစ်ပြီး သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သတင်းစာတိုက် တိုက်ခိုက်တဲ့သူတွေကို လွှတ်ပေးဖို့ အကြပ်ကိုင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က အဲဒီ စူပါမားကတ်ကို ၀င်ရောက်စီးနင်းခဲ့ပြီး သေနတ်သမားကို ပစ်သတ်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ဓားစာခံလေးယောက် သေဆုံးသွားခဲ့ပြီး ရဲတပ်ဖွဲ့ကတော့ သူတို့ စီးနင်းမှုမတိုင်ခင်မှာ
    သေဆုံးခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

    အဲဒီစီးနင်းမှုမှာ ဈေးဝယ်သူအချို့ကို ဘေးလွတ်ရာမှာ ဖွက်ထားပေးခဲ့ပြီး တည်တည်ငြိမ်ငြိမ်နဲ့ အပြင်ထွက်လာကာ ရဲတပ်ဖွဲ့ကို အဖိုးတန် သတင်းတွေ ပေးခဲ့တဲ့ သူရဲကောင်းတစ်ယောက် ရှိခဲ့ပါတယ်။

    အဲဒါကတော့ မာလီနွယ်ဖွား အသက် ၂၄ နှစ်အရွယ် လက်စ်စနာ ဘာသီလီလို့ခေါ်တဲ့ မွတ်စလင်လူငယ်တစ်ဦးပဲ ဖြစ်ပါတယ်။

    အဲဒီစူပါမားကတ်က ၀န်ထမ်းတစ်ဦးဖြစ်တဲ့ ဘာသီလီဟာ သေနတ်သမား စူပါမားကတ်ထဲ ၀င်လာတဲ့အခါမှာတော့ သူရဲ့ ဆက်ရှင်မှာရှိတဲ့ ဈေးဝယ်သူ အယောက် ၂၀ လောက်ကို အအေးခန်းထဲခေါ်ပြီး ဖွက်ထားခဲ့ပါတယ်။

    `သူတို့ပြေးဝင်လာတဲ့အခါမှာ ကျွန်တော်ဟာ အအေးခန်းတံခါးကို ဖွင့်ပေးခဲ့ပါတယ်။ လူတော်တော်များများက ကျွန်တော့်ဆီ ပြေးဝင်လာကြတာပါ။ ကျွန်တော် မီးပိတ်လိုက်တယ်။ အအေးခန်းခလုတ်ကိုလည်း ပိတ်လိုက်ပါတယ်။ ပြီးတော့ အအေးလျှော့ လိုက်တယ်။ လူတွေကို အထဲထည့်လိုက်တယ်။ တံခါးကိုပိတ်လိုက်ပြီး သူတို့ကိုလည်း တည်တည်ငြိမ်ငြိမ်နေပါလို့ ကျွန်တော် ပြောခဲ့ပါတယ်´ လို့ သူ့ရဲ့ ကယ်တင်မှုအကြောင်းနဲ့ ပတ်သက်ပြီး ဘာသီလီက ပြောကြားခဲ့ပါတယ်။

    အဲဒီနောက်မှာတော့ ဘာသီလီဟာ ကုန်ပစ္စည်တွေပို့တဲ့ ဓာတ်လှေကားကနေ အပြင်ကိုထွက်ခဲ့ပြီး အထဲမှာ ဘာတွေဖြစ်နေတယ် ဆိုတာ ရဲတပ်ဖွဲ့ကို အလျင်အမြန်ပဲ သတင်းသွားပို့ခဲ့ပါတယ်။

    ဘာသီလီရဲ့ ကယ်တင်မှုကြောင့် ဈေးဝယ်သူတွေဟာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပြီး အခြေအနေတွေအားလုံး တည်ငြိမ်သွားတဲ့အခါမှာတော့ သူတို့တွေက ဘာသီလီကို ကျေးဇူးတင်ကြောင်း လာရောက် ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မွတ်စလင်သူရဲကောင်း ဘာသာလီရဲ့ ဓာတ်ပုံဟာလည်း ဆိုရှယ်မီဒီယာတွေမှာ တစ်မဟုတ်ချင်း ပြန့်နှံ့သွားခဲ့ပါတယ်။

    ရက်ပိုင်းအတွင်းမှာပဲ ပဲရစ်မြို့မှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး ဗုဒ္ဓဟူးနေ့က သတင်းစာတိုက် တိုက်ခိုက်မှုကတော့ တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်တဲ့ ကာတွန်းတွေ ရေးဆွဲခဲ့တဲ့အတွက် လက်တုံ့ပြန်ခြင်း ဖြစ်တယ်လို့ ယူဆရပါတယ်။

    အဲဒီတိုက်ခိုက်မှု အတွင်းမှာလည်း မွတ်စလင်သူရဲကောင်းတစ်ဦး ပေါ်ပေါက်ခဲ့ပြီး သူကတော့ လူ့အသက်တွေကို ကာကွယ်ဖို့ကြိုးစားရင်း သေနတ်သမားတွေရဲ့ ပထမဆုံး ပစ်သတ်မှုကို ခံခဲ့ရတဲ့ မွတ်စလင်ရဲအရာရှိ မီရာဘတ်ပဲ ဖြစ်ပါတယ်။

    Ref: dailymail

  • ပါဠိ ပါမောက္ခဆရာကြီး အဟ်မဒ်ကာစင်

    ပါဠိ ပါမောက္ခဆရာကြီး အဟ်မဒ်ကာစင်

    ဇန်နဝါရီ ၁၁၊ ၂၀၁၅
    -ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်

    ProfAhmedKasim

    ဆရာကြီးကို ပါတော်မူပြီးစကာလတွင် ဖွားမြင်သည်။ ဆရာကြီးသည် ကာလကတ္တား တက္ကသိုလ်မှ ဘီအေဘွဲ့ကို ဂုဏ်ထူးနှင့် အောင်မြင်သည်။ ဦးစွာ အဲမ်၊ အဲမ် ရန်ဒေးရီယား အထက်တန်းကျောင်းတွင် ဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်သည်။ ၁၉၁၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စတင် အမှုထမ်းသည်။

    ဆရာကြီးသည် အရဗီ၊ ဖာရစီ၊ အူရဒူနှင့် အင်္ဂလိပ်စာတို့ ကျွမ်းသည်။ မြန်မာနှင့် ပါဠိဘာသာ တွင် အလွန်ထူးချွန်သည်။ ဆရာကြီးသည် ၁၉၂၀ တွင် ပါမောက္ခဆရာကြီး ဦးဖေမောင်တင် နိုင်ငံရပ်ခြားသို့ ပညာသင်သွား သောအခါ ပါဠိဌာနမှူးဖြစ်လာသည်။

    ဆရာကြီးသည် ၁၉၁၇ ခုတွင် ရန်ကုန်ကောလိပ်မွတ်စလင်မ် အသင်းကို စတင်တည်ထောင်သည်။ အသင်း၏ ပထမဆုံး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ နောင်နှစ်ပေါင်းများစွာတိုင်လည်း ဥက္ကဋ္ဌအဖြစ် ဆက်ခါဆက်ခါ တာဝန်ယူရသည်။ နောက်ပိုင်းတွင်လည်း အသင်းနာယက ကြီးအဖြစ် ထာဝစဉ် ကူညီပံ့ပိုးသည်။

      ၁၉၃၀ ပြည့်နှစ်တွင် တက္ကသိုလ်သုံး ဝေါဟာရများကို မြန်မာ ဘာသာပြန်ဆိုသည်။ ဆရာကြီးသခင်ဘသောင်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ဆွေးနွေးတိုင်ပင် ပြန်ဆိုသူများတွင် ထိုစဉ်က ပါဠိ ကထိကဖြစ်သော ဆရာကြီးလည်း ပါဝင်သည်။ မြန်မာနိုင်ငံ ပါဠိ ပထမပြန် စာမေးပွဲကိစ္စများကို စီစဉ်ဆောင်ရွက်ရန် အစိုးရက ပါဠိပညာရေးအဖွဲ့ ဖွဲ့ရာတွင်လည်း ဆရာကြီးပါဝင်သည်။

    ၁၉၃၇ ခုနှစ်တွင် ပါမောက္ခကြီး ဦးဖေမောင်တင်သည် ကျောင်းအုပ်ကြီး ရာထူးတိုးသွား သောအခါ အရှေ့တိုင်းဘာသာ စာပေ လေ့လာရာဌာနသည် မြန်မာစာဌာနနှင့် ပါဠိဘာသာဌာန ၂-ဌာန ဖြစ်လာသည်။ ပါမောက္ခဆရာကာစင်သည် ၁၉၄၁ ခုနှစ်အထိ ပါဠိဌာနမှူး တာဝန်ထမ်း ဆောင်ရသည်။

    Presidents

    ဆရာကြီးသည် သူဌေးကြီး ဦးဘအိုဒါနပြုသည့် ကုရ်အာန် ကျမ်းတော်မြတ် မြန်မာဘာသာပြန်လုပ်ငန်းတွင် တည်းဖြတ်ကူညီခဲ့သည်။ အထူးသဖြင့် ၁၉၄၁ ခုတွင် ကုရ်အာန်ကျမ်းတော်ကြီး အရဗီ အင်္ဂလိပ် မြန်မာအဘိဓာန်ကို ကြီးကြပ်စစ်ဆေးပေးခဲ့သည်။ ယင်းအဘိဓာန်သည် မြန်မာနိုင်ငံ အစ္စလာမ်စာပေသမိုင်းတွင် အရဗီစကားနှင့် စပ်လျဉ်းသည့် ပထမဆုံး အဘိဓာန်ကြီးဖြစ်သည်။ အလားတူပင် သာသနာ့စာပေ ထုတ်ဝေရေး လုပ်ငန်းအ၀၀တွင် တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးသည်။

    ဆရာကြီးသည် ၁၉၄၈ ခုနှစ် တက္ကသိုလ်မှ အငြိမ်းစားယူပြီးနောက် မူလ ရန်ဒေရီးယား အထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီး အဖြစ် ပြန်လည်ဆောင်ရွက်သည်။ ဒုတိယကမ္ဘာစစ်ကြီးဒဏ်ကို မရှုမလှခံရသော ထိုကျောင်းကြီးသည် ဆရာကြီး၏ဇွဲ လုံ့လကြောင့် ကျော်ကြားသော ကျောင်းကြီး အဖြစ် ရောက်ခဲ့သည်။

    ၁၉၄၈ခု မေလ ၁ရက်နေ့တွင် မြန်မာနိုင်ငံအစ္စလာမ် သာသနာ ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ကြသည်။ အဖွဲ့ဥက္ကဋ္ဌအဖြစ် မစ္စတာအဟ်မဒ် အစ်ဗရာဟင်ကိုလည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ပါမောက္ခဆရာကြီး အဟ်မဒ်ကာစင်အား လည်းကောင်း ရွေးချယ်တင်မြှောက်ကြသည်။

    အဖွဲ့၏ဦးစွာ စတင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းမှာ ကုရ်အာန်ကျမ်း မြတ်ကို မြန်မာဘာသာဖြင့် ပြန်ဆိုရေးသားခြင်းဖြစ်သည်။ ၁၉၅၀-ခု နိုဝင်ဘာလတွင် ဘာသာပြန်လုပ်ငန်းကိုအစပြုသည်။ ကျမ်းမြတ်ကို မြန်မာ ဘာသာဖြင့် စတင်ပြန်ဆို မရေးသားမီ အစ္စလာမ်သာသနာရေးဆိုင်ရာ Technical  Terms ပညာရပ်ဆိုင်ရာ ပုဒ်များအတွက် အသုံးအနှုန်း များကို ရှာဖွေစုဆောင်းရသည်။ ဆရာကြီး အဟ်မဒ်ကာစင်သည် ဘာသာပြန် ဌာနကြီးကို ကြီးကြပ် အုပ်ချုပ်၍ ဘာသာပြန် စာမူကြမ်းများကို တည်းဖြတ်ခဲ့သည်။

    တာဝန်ခံဘာသာပြန်မှူးဆရာဃာဇီ မုဟမ္မဒ်ဟာရှင်မ်နှင့် တွဲဘက် ဘာသာပြန်မှူး ဆရာမက္ကဆူဒ် အဟ်မဒ်တို့၏ ဘာသာပြန်ဆိုပြီး စာမူကြမ်းများကို ဆရာကြီး အဟ်မဒ်ကာစင် သဘာပတိပြုလုပ်သောအဖွဲ့က စိစစ် ဝေဖန်တည်းဖြတ်ပြီးမှ စက်တင်ပုံနှိပ်သည်။ ဆရာကြီးသည် ဘာသာပြန်ဆိုမှု နှင့်ပတ်သက်၍ အကြံဥာဏ်အများဆုံး ပေးနိုင်ခဲ့သည်။ အလားတူပင် ပုဂ္ဂလိကထုတ် သာသနာ့စာပေများလည်း သုတ်သင် တည်းဖြတ်ပေးခဲ့သည်။

    AhmedCassim

    ဘာသာပြန်ကော်မတီ၏ သဘာပတိပါမောက္ခဆရာကြီး အဟ်မဒ် ကာစင်သည် ၁၉၅၄-ခု နိုဝင်ဘာလ ၂၂ ရက်နေ့တွင် နှလုံးရောဂါဖြင့် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသည်။ ထိုစဉ် မြန်မာနိုင်ငံအစ္စလာမ် သာသနာရေးအဖွဲ့နှင့် မွတ်စလင်မ် ဗဟိုရန်ပုံငွေအဖွဲ့ဥက္ကဋ္ဌ၊ သတ္တုတွင်း ဌာန၀န်ကြီး ဦးရာရှစ်က-

    “ဆရာကြီး ကွယ်လွန် အနိစ္စရောက်သွားသဖြင့် များစွာပင် နှမြောတသ ယူကျုံးမရ ဖြစ်ကြသည်။ ကုရ်အာန်ကျမ်းမြတ် ဘာသာပြန်ဆိုရေးတွင် ကြီးစွာသော ဆုံးရှုံးမှုတစ်ခုဖြစ်ပါသည်”
    ဟု တမ်းတမ်းတတ ဖော်ကျူးပါသည်။

    မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးအဖွဲ့က ကမကထပြုသော ကုရ်အာန်ကျမ်းမြတ်၏ မြန်မာအဋ္ဌကထာတွင် –
    ၁။ အ၀ယ၀တ္တနှင့် ပိဏ္ဍတ္တအဓိပ္ပာယ်နှစ်သွယ်
    ၂။ အဋ္ဌကထာပိုင်းရှစ်ပိုင်း
    ၃။ မာတိကာ ခြောက်မျိုး
    တို့ဖြင့် တန်ဆာဆင်ယင်ကာ စီရင်ရေးသားထားပါသည်။ ထို့ကြောင့် အဆိုပါ အဋ္ဌကထာကို ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းဟူ၍ အမည် နာမပြုသည်။ စာရှုသူများအတွက် စာမြည်းအဖြစ် ဗိစ်မိလဒာဟ် အဓိပ္ပာယ် ပြန်ဆိုပုံမှ ကောက်နုတ်တင်ပြပါသည်။
    အ၀ယ၀တ္တအဓိပ္ပာယ်

    – အလ္လာဟ်အသျှင်မြတ်၏ နာမတော်ဖြင့် (အစပြုပါ၏)
    – အနန္တကရုဏာရှင်ဖြစ်တော်မူသော
    – (မဟာနုဒယော မဟာနုကမ္ဘကော) မပြတ်မစဲ ကရုဏာတော်မူသော
    ပိဏ္ဍတ္တအဓိပ္ပာယ်

    မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အနန္တ ကရုဏာတော် အရှင်ဖြစ်တော်မူထသော (မဟာနုဒယော မဟာနုကမ္မကော) အလ္လာဟ်အသျှင်မြတ်၏ နာမတော်ဖြင့် အစပြု၏။

    ဗစ်မိလဒာဟ် ကုရ်အာန်ကျမ်းမြတ်တွင် ကိုးကွယ်ရာဟူသော သဘောတရားနှင့် စပ်လျဉ်း၍ “အလဒာဟ်”ဟူသောပုဒ်နှင့် “အလ္လာဟ်” ဟူသော ပုဒ်ကို မြောက်မြားစွာသော နေရာတို့၌ သုံးထားသည်။ ကွဲပြားချက်မှာကား ဤသို့တည်း။ “အလ္လာဟ်”ဟူသော ပုဒ်သည် လူမျိုးအသီးသီးတို့ မိမိတို့ အယူဝါဒအလျောက် ယုံကြည်ကိုးစားသော ကိုးကွယ်ရာများအတွက် အသုံးပြုနိုင်သာပုဒ်ဖြစ်သည်။ “အလ္လာဟ်”ဟူသော ပုဒ်များကား ဧကန်ဆတ်ဆတ် မုချတ္တကိုးကွယ်ခြင်းကို ခံထိုက်တော်မူသော

    (ဧကေ၀) တစ်ဆူတည်းသော
    (အသာဓာရဏေ) ဆက်ဆံသူကင်းသော
    (နိမမာတာ) အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူထသော
    (အနာဒိကော) အစမရှိသော
    (အနန္တိကော) အဆုံးမရှိသော
    (အနတိယော) ပေါင်းဖော်ပေါင်းဖက်ကင်းသော
    (အသမော) အတုမရှိသော
    (အပ္ပဋိပုဂ္ဂလော) ပြိုင်ဘက်မရှိသော
    (အပ္ပမေယျော) မနှိုင်းယှဉ်အပ်သော
    (အတုလော) တူသူမရှိသော
    (အစိန္တေယျော) မကြံစည်ကောင်းသော
    (သဗ္ဗညူ၊ သဗ္ဗ၀ိဒူ) ခပ်သိမ်းကုန်သော အရာတို့ကို မိမိ တန်ခိုး အာနုဘော်ဖြင့် အလိုအလျောက် သိတော်မူထသော
    (နိစ္စထာဝရ) အမြဲတည်လျက်ရှိသော ကိုးကွယ်ရာအရှင်မြတ် အဖို့သာ သီးသန့်၍ သုံးရသော ဧက၀ိဓနာမ်ပုဒ်ဖြစ်သည်။

    အလ္လာဟ်အရှင်မြတ်၏ နာမံတော် ၉၉ ပါးကို ဤကဏ္ဍ၏ နောက်ဆက်တွဲတွင် အရဗီ၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာဖြင့် ရေးသားဖော်ပြ ထားသည်။

    “အလ္လာဟ်”ဟူသောပုဒ်သည် ဂုဏ်နာမ်မဟုတ်၊ ဧက၀ိဓနာမ် ဖြစ်သည့် အတွက် ယင်းပုဒ်၏အနက်အဓိပ္ပာယ်ကို တိကျ ပြည့်စုံစွာ ပေးနိုင်သောပုဒ်ဟူ၍ မည်သည့်ဘာသာ မျှမရှိပေ။ သို့အတွက်ကြောင့် ဤကျမ်းတွင် ယင်းပုဒ်ကို မူရင်းအတိုင်းပင် ထားရပေသတည်း။
    ဟု ဖော်ပြပါရှိသည်။ အရေးအသား သိသာနိုင်ရုံမျှ ကောက်နုတ်တင်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး(အဟ်မဒ်ကာစင်)တို့ အထူးဝါယမစိုက်ထုတ် ပြုစုခဲ့ သော ဘာသာပြန်အရေးအသားကား ဂုဏ်ယူဖွယ်ဖြစ်ပါသတည်း။။
    ————————————-
    **မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။