News @ M-Media

အီဘိုလာကူးစက်မှု စံချိန်တင်လျော့ကျ

ဒီဇင်ဘာ ၁၅၊ ၂၀၁၅
M-Media

Burial team prepare to enter the home suspected Ebola virus victim in Freetown

– ပြီးခဲ့သည့်နှစ် နှစ်ဆန်းပိုင်းက စတင်ဖြစ်ပွားလာခဲ့သည့် အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှုနှုန်းမှာ ယခုသီတင်းပတ်တွင် စံချိန်တင်လျော့ကျခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်သည်။

ပြန့်ပွားမှုအများဆုံး ၃ နိုင်ငံဖြစ်သည့် ဆီရာလီယွန်နီ၊ ဂိနီနှင့် လိုက်ဘေးရီးယား နိုင်ငံများတွင် စံချိန်တင် လျော့ကျခဲ့ခြင်းဖြစ်ပြီး ဆီရာလီယွန်နီနှင့် ဂီနီနိုင်ငံများတွင် ၂၀၁၄ ခုနှစ် သြဂုတ်လနောက်ပိုင်း ကူးစက်ပြန့်ပွားမှုနှုန်း အနိမ့်ဆုံးအထိ ကျဆင်းခဲ့ကာ လိုက်ဘေးရီးယားနိုင်ငံတွင်မှု ကူးစက်ပြန့်ပွားမှု လုံးဝ မရှိခဲ့ချေ။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ အဆိုပါကပ်ရောဂါမှာ ၂၀၁၅ ခုနှစ် နှစ်လည်ပိုင်းတွင် အဆုံးသတ်နိုင်မည်ဟု စောစောပိုင်းက ပြောကြားထားသည်။ သို့သော်လည်း WHO ကမူ မည်သည့်အချိန်တွင် အီဘိုလာကင်းစင်းနိုင်သည်ဆိုသည့် ခန့်မှန်းချက်ပေးရန် ငြင်းဆိုခဲ့သည်။

`အဆိုးဝါးဆုံး ကူးစက်နေတဲ့ နိုင်ငံတွေဖြစ်တဲ့ ဆီရာလီယိုနီ၊ လိုက်ဘေးရီးယားနဲ့ ဂီနီတို့မှာ အီဘိုလာဟာ အမြန်ဆုံး အဆုံး သတ်လိမ့်မယ်လို့ WHO က မျှော်လင့်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာရင် အဆုံးသတ်မလဲ ဆိုတာကိုတော့ WHO က မခန့်မှန်းပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ လူ့အဖွဲ့အစည်းတိုင်းက ရရှိနိုင်မယ့် ဆေးဘက်ဆိုင်ရာ အသုံးအဆောင်တွေ အပေါ် မူတည်တာကြောင့်ပါပဲ´ ဟု WHO မှ ပြောရေးဆိုခွင့်ရှိသူ ၀င်နီ ရိုမဲရီလ်က ပြောကြားခဲ့သည်။

အီဘိုလာရောဂါပိုးကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးခဲ့သူများမှာ လက်ရှိအချိန်တွင် ၈၄၂၉ ဦး ရှိနေပြီး ကူးစက်မှုမှာ ၂၁၂၉၆ ခု ရှိပြီဖြစ်သည်။

ဆီရာလီယိုနီသမ္မတ အားန်နက်စ် ဘိုင် ကိုရိုမာကမူ WHO ၏ သတ်မှတ်ချက်အရ မိမိတို့နိုင်ငံအနေဖြင့် လာမည့်မေလအတွင်း အီဘိုလာကင်းစင်နယ်မြေ ဖြစ်လာ မည်ဟု ခန့်မှန်းထားကြောင်း ယခုသီတင်းပတ်အတွင်း ပြောကြားထားသည်။

နိုင်ငံတစ်နိုင်ငံအနေဖြင့် အီဘိုလာကင်းစင်သည့် နယ်မြေအဖြစ် သတ်မှတ်လိုပါက ၄၂ ရက်ဆက်တိုက် ကူးစက်မှုအသစ် မရှိရဟု WHO က သတ်မှတ်ထားသည်။

Ref : aljazeera

Comments

Leave a Reply