News @ M-Media

Blog

  • ယူဂန်ဒါတွင် ဧရာမအမှိုက်ပုံ ပြိုကျမှုဖြစ်ပြီး အနည်းဆုံး လူ တစ်ဒါဇင် သေဆုံး

    ယူဂန်ဒါတွင် ဧရာမအမှိုက်ပုံ ပြိုကျမှုဖြစ်ပြီး အနည်းဆုံး လူ တစ်ဒါဇင် သေဆုံး

    သြဂုတ် ၁၁၊ ၂၀၂၄
    M-Media

    -အာဖရိက ယူဂန်ဒါနိုင်ငံ မြို့တော် ကမ်ပါလာမှာ သြဂုတ်လ ၁၀ ရက်နေ့ မနက်အစောပိုင်းက ဧရာမ အမှိုက်ပုံကြီး ပြိုကျမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။

    မြို့တွင်းက အမှိုက်တွေကို ဆယ်စုနှစ်ချီ စုပုံလွှင့်ပစ်ထားတာကြောင့် အဲဒီအမှိုက်ပုံကြီးဟာ တောင်သဖွယ် ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှိုက်ပုံကြီး ပြိုကျကာ ပတ်၀န်းကျင်မှာရှိတဲ့ လူနေအိမ်တွေကို ဖုံးလွှမ်းသွားခဲ့ပါတယ်။

    ပြိုကျလာတဲ့ အမှိုက်ပုံထဲ ပိတ်မိ ပျောက်ဆုံးနေသူတွေလည်း ရှိနေပြီး အာဏာပိုင်တွေက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

    ဒီအမှိုက်ပုံကြီးဟာ လူတွေရဲ့ ကျန်းမာရေးနဲ့ အသက်အိုးအိမ်ကို တစ်ချိန်မှာ ထိခိုက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက နှစ်ပေါင်းများစွာ သတိပေးထားခဲ့ပေမယ့် အာဏာပိုင်တွေက လစ်လျူရှုထားခဲ့တာ ဖြစ်ပါတယ်။

    Ref: Reuters

  • မြင်းနို့ရေခဲမုန့်မှာ နွားနို့ရေခဲမုန့်ထက် ပို၍ ကျန်းမာရေးနှင့် ညီညွတ်

    မြင်းနို့ရေခဲမုန့်မှာ နွားနို့ရေခဲမုန့်ထက် ပို၍ ကျန်းမာရေးနှင့် ညီညွတ်

    သြဂုတ် ၁၀၊ ၂၀၂၄
    M-Media

    -နွားနို့နဲ့ ပြုလုပ်တဲ့ ရေခဲမုန့်ထက် မြင်းနို့နဲ့လုပ်တဲ့ ရေခဲမုန့်ဟာ ကျန်းမာရေးနဲ့ ပိုမိုညီညွတ်တယ်ဆိုတာကို ပိုလန် သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

    ပုံမှန်အားဖြင့် ရေခဲမုန့်တွေကို နွားနို့နဲ့ ပြုလုပ်တာဖြစ်ပါတယ်။ မြင်းနို့မှာတော့ နွားနို့မှာ မပါ၀င်တဲ့ လူ့ခန္ဓာကိုယ်အကျိုးဖြစ်စေတဲ့ အင်ဇိုင်းတွေ၊ ပရိုတိန်းတွေ ပါ၀င်ပါတယ်။

    ပိုလန်နိုင်ငံ West Pomeranian နည်းပညာတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ မြင်းနို့နဲ့ ရေခဲမုန့် ၄ မျိုး ဖန်တီးခဲ့ပါတယ်။

    လူ ၆၀ လောက်ကို အစမ်းကျွေးခဲ့ရာမှာ ပုံစံနဲ့ အရသာတွေဟာ နွားနို့နဲ့လုပ်တဲ့ ရေခဲမုန့်ထက် ပိုကောင်းတယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။

    သိပ္ပံပညာရှင်တွေဟာ မြင်းနို့နဲ့ ဒိန်ချဥ်ကိုလည်း ဖန်တီးခဲ့ပါတယ်။

    Ref: Interesting Engineering

  • lAl-Tabin စစ်ရှောင်စခန်းက အစ္စရေး၏ အကြမ်းဖက် လူသတ်ပွဲ

    lAl-Tabin စစ်ရှောင်စခန်းက အစ္စရေး၏ အကြမ်းဖက် လူသတ်ပွဲ

    သြဂုတ် ၁၀၊ ၂၀၂၄
    M-Media

    -ဂါဇာကမ်းမြှောင် အလယ်ပိုင်း ဂါဇာစီးတီးမြို့က စစ်ရှောင် ဒုက္ခသည်တွေ နေထိုင်တဲ့ Al-Tabin စာသင်ကျောင်းကို သြဂုတ်လ ၁၀ ရက်နေ့မှာ အစ္စရေးက အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။

    တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ အစ္စရေးက အဲဒီစာသင်ကျောင်းဟာ ဟားမက်စ်အဖွဲ့ရဲ့ ဌာနချုပ်ဖြစ်တယ်လို့ ပြောပါတယ်။ ခိုင်မာတိကျတဲ့ အထောက်အထားမျိုးကို အစ္စရေးဖက်က မပြနိုင်ပါဘူး။ အစ္စရေးဟာ ဂါဇာမှာရှိတဲ့ ဆေးရုံတွေ၊ စစ်ဘေးရှောင်စခန်းတွေကို ဟားမက်စ်ဌာနချုပ်ဖြစ်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း များစွာ ပြုလုပ်ထားပါတယ်။

    Al-Tabin အကြမ်းဖက်တိုက်ခိုက်မှုကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာတစ်၀ှမ်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

    အစ္စရေးဟာ ပါလက်စတိုင်းတွေကို လူမျိုးတုန်းသတ်ဖြတ်နေတာဖြစ်ပြီး၊ နိုင်ငံတကာ ဥပဒေတွေ၊ လူသားချင်းစာနာထောက်ထားမှု စည်းမျဥ်းတွေကို လုံး၀ လစ်လျူရှု တိုက်ခိုက်သတ်ဖြတ်နေတယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ထောက်ပြပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

    (ဓာတ်ပုံ – တိုက်ခိုက်မှုအပြီး မြင်ကွင်းများ)

  • အစ္စရေး၏ လူသတ်ပွဲကို တုန်လှုပ်နေဆဲဖြစ်သည့် ဥရောပသမဂ္ဂ

    အစ္စရေး၏ လူသတ်ပွဲကို တုန်လှုပ်နေဆဲဖြစ်သည့် ဥရောပသမဂ္ဂ

    သြဂုတ် ၁၀၊ ၂၀၂၄
    M-Media

    -ဂါဇာကမ်းမြှောင် al-Tabin စာသင်ကျောင်းက သတ်ဖြတ်ခံထားရတဲ့ ပုံရိပ်တွေကို မြင်ရချိန်မှာ ကြောက်ရွံ့တုန်လှုပ်မိတယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ တာ၀န်ရှိသူ ဂျိုးဆက်ပ် ဘိုရဲလ်က ပြောပါတယ်။

    စစ်ရှောင်တွေ ခိုလှုံနေတဲ့ al-Tabin ကျောင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၄ သောင်းနီးပါး ရှိလာပါပြီ။ အစ္စရေးကို အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက လက်နက်နဲ့ ငွေကြေး ထောက်ပံ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဂျပန်တွင် ငလျင်ကြီးတစ်ခု လှုပ်ခတ်မည့် စိုးရိမ်မှု မြင့်တက်လာ

    ဂျပန်တွင် ငလျင်ကြီးတစ်ခု လှုပ်ခတ်မည့် စိုးရိမ်မှု မြင့်တက်လာ

    သြဂုတ် ၁၀၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ- ကြာသာပတေးနေ့က ငလျင်လှုပ်ခတ်ပြီးနောက် မြင်ကွင်း)

    -ဂျပန်နိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၇ ဒဿမ ၁ ရှိတဲ့ ငလျင်တစ်ခု ကြာသာပတေးနေ့က လှုပ်ခတ်သွားပြီးတဲ့နောက် နောက်ထပ် ငလျင်ကြီးတစ်ခု လှုပ်ခတ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှု မြင့်တက်လာပါတယ်။

    မီဒီယာတွေက ငလျင်သတင်းဖော်ပြမှုနောက်ဆက်တွဲ အခြေခံလူသုံးကုန်နဲ့ စားသောက်ကုန်တွေကို ပြည်သူတွေ အလုအယက် ၀ယ်ယူလာကြတာကြောင့် ပြတ်လပ်မှုတွေလည်း ဖြစ်ပေါ်လာပါတယ်။

    အာဏာပိုင်တွေက ဒီလို အလုအယက်၀ယ်ယူမှုကို သတိပေးထားပြီး သောက်ရေလို အရေးကြီးတဲ့ ပစ္စည်းတွေကို ခွဲတမ်းစနစ်နဲ့ ရောင်းချတာမျိုးတွေ လုပ်ဆောင်လာပါတယ်။

    ပစိဖိတ်သမုဒ္ဒရာက မြေလွှာချပ်ကြီး နှစ်ခုဆုံရာ ဂျပန်တောင်ပိုင်း နန်ကိုင်ဒိုဒေသဟာ ငလျင်ကြီးတွေ ပုံမှန် လှုပ်လေ့ရှိတဲ့ ဒေသဖြစ်ပါတယ်။ နှစ် ၁၀၀ ကနေ ၂၀၀ အတွင်းမှာ နည်းဆုံး ၈ ကြိမ်၊ ၉ ကြိမ်လောက် လှုပ်လေ့ရှိတတ်ပြီး လာမယ့် နှစ်ပေါင်း ၃၀ အတွင်း ငလျင်ကြီးတစ်ခု ထပ်လှုပ်လိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားတာ ဖြစ်ပါတယ်။

    Ref: CNA