News @ M-Media

Blog

  • ပင်လယ်ကူးသင်္ဘောကဏ္ဍကို တစ်ခေတ်ဆန်းစေမည့် လင်းပိုင်အရေပြား ပန်ကာ

    ပင်လယ်ကူးသင်္ဘောကဏ္ဍကို တစ်ခေတ်ဆန်းစေမည့် လင်းပိုင်အရေပြား ပန်ကာ

    ဇူလိုင် ၁၈၊ ၂၀၂၄
    M-Media

    -ပင်လယ်ကူး သင်္ဘောကြီးတွေရဲ့ ဧရာမပန်ကာကို လင်းပိုင်အရေပြားပုံစံ ဖန်တီး အသုံးပြုတာကြောင့် လောင်စာဆီသုံးစွဲမှုကို လျော့ချနိုင်ပြီး၊ သဘာ၀ပတ်၀န်းကျင်အတွက် ပိုမို ကောင်းမွန်စေတယ် ဆိုတာကို တရုတ်ပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

    ပန်ကာတွေရဲ့ တွန်းအားကို ပိုမိုကောင်းမွန်အောင် ရေနေသတ္တ၀ါတွေရဲ့ ကူးလူးသွားလာမှုကို အတုယူ စမ်းသပ်ဖန်တီးရာကနေ အခုလို အောင်မြင်မှုမျိုး ရရှိလာခဲ့တာပါ။ လင်းပိုင်ရဲ့ အရေပြားတည်ဆောက်ပုံနဲ့ အရေပြားမှာရှိတဲ့ အချွဲတစ်မျိုးဟာ အရေပြားနဲ့ ရေတို့အကြား ပွတ်တိုက်မှုကို လျော့ပါးစေပါတယ်။

    တန်ချိန် ၃ သိန်းရှိတဲ့ ရေနံတင်သင်္ဘောရဲ့ ပန်ကာကို ဒီလိုပုံစံ ဖန်တီးပြီး ၃ ကြိမ် အသွားအပြန် ခုတ်မောင်းခဲ့ရာမှာ ဆီစား ၂ ရာခိုင်နှုန်း သက်သာတာကို ပညာရှင်တွေက တွေ့ခဲ့ရပါတယ်။ တစ်နှစ်ကို ဆီတန်ချိန် ၃၀၀ လောက် သက်သာသွားမှာပါ။

    သင်္ဘောရဲ့ ဒေါက်တစ်ခါ၀င်ရတဲ့ ၂ နှစ်ခွဲကာလမှာ စွမ်းအင်သုံးစွဲမှု ၁ ဒဿမ ၅ ရာခိုင်နှုန်းလောက် ချွေတာနိုင်မှာဖြစ်ပြီး ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု တန်ပေါင်း ၉၀၀ လောက်ကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

    Ref: Interesting Engineering

  • ပါလက်စတိုင်းသို့ ယူကရိန်းက ဂျုံတန်ချိန် ၁၀၀၀ လှူဒါန်း

    ပါလက်စတိုင်းသို့ ယူကရိန်းက ဂျုံတန်ချိန် ၁၀၀၀ လှူဒါန်း

    ဇူလိုင် ၁၈၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – ဂါဇာမှ ကလေးငယ်များ)

    -အစ္စရေးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုဒဏ်ကို ခံစားနေရတဲ့ ပါလက်စတိုင်းပြည်သူတွေထံ ယူကရိန်းက ဂျုံမှုန့်တန်ချိန် တစ်ထောင်ကို ပေးပို့ လှူဒါန်းလိုက်ပါတယ်။

    ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ဒေသတွေကို လယ်ယာထွက်ကုန်ပစ္စည်း ထောက်ပံ့ကူညီရေး ယူကရိန်းသမ္မတ ဇယ်လင်စကီးရဲ့ စီမံကိန်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ယူကရိန်းဟာ ပါလက်စတိုင်းကို ဂျုံမှုန့်ထောက်ပံ့မှု ၃ ကြိမ် ပြုလုပ်သွားမှာဖြစ်ပြီး ပါလက်စတိုင်းမိသားစု တစ်သိန်းကျော် တစ်လစာ ဖူလှုံလိမ့်မယ်လို့ ယူကရိန်းနိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ပါလက်စတိုင်းတွေဟာ အစ္စရေးရဲ့ ကျူးကျော်နယ်မြေလု၊ အကြမ်းဖက်မှုကို ခံနေရသလိုပဲ ယူကရိန်းဟာလည်း ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို နှစ်နဲ့ချီ ခံစားနေရတာ ဖြစ်ပါတယ်။

    Ref: Aljazeera


  • တရုတ်နည်းပညာရှင်များကို ဆွဲဆောင်မယ့် အိန္ဒိယ

    တရုတ်နည်းပညာရှင်များကို ဆွဲဆောင်မယ့် အိန္ဒိယ

    ဇူလိုင် ၁၇၊ ၂၀၂၄
    M-Media

    -တိုင်းပြည်ကုန်ထုတ်လုပ်မှုမှာ ဒေါ်လာ ဘီလီယံနဲ့ချီ ဆုံးရှုံးနေတာကို ကုစားဖို့အတွက် တရုတ်နည်းပညာရှင်တွေကို ဗီဇာ မြန်မြန်ဆန်ဆန် ထုတ်ပေးနိုင်ဖို့ အိန္ဒိယနိုင်ငံက စီစဥ်နေပါတယ်။

    ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းက ဟိမ၀န္တာမှာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားပြီးနောက်ပိုင်း အိန္ဒိယဟာ တရုတ်ခရီးသွားတွေနဲ့ ပညာရှင်တွေကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်း လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုစက်ရုံတွေမှာ စက်ပစ္စည်းတွေဟာ တရုတ်ထုတ်တွေဖြစ်ပြီး ပြုပြင်ထိန်းသိမ်း ကြပ်မတ်ဖို့ တရုတ်ပညာရှင်တွေ လိုအပ်နေတာ ဖြစ်ပါတယ်။ တရုတ်ပညာရှင်တွေကို ဗီဇာပိတ်မှုကြောင့် အိန္ဒိယကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ ဆုံးရှုံးမှုတန်ဖိုးဟာ ၄ နှစ်အတွင်း ကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ရှိခဲ့ပါတယ်။

    ဒါ့ကြောင့် ဗီဇာပိတ်ထားမှုကို ပြန်လည်သုံးသပ်ပေးဖို့ ကုန်သွယ်ရေး၀န်ကြီးဌာနနဲ့ အုပ်ချုပ်ရေးပိုင်း တာ၀န်ရှိသူတွေက အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးဌာနကို တောင်းဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့ နို၀င်ဘာကနေ အခုနှစ် ဧပြီလအထိ အိန္ဒိယကို၀င်ရောက်ဖို့ ဗီဇာလျှောက်ထားတဲ့ တရုတ်ပညာရှင် အရေအတွက်ဟာ ၁၆၀၀ လောက်ရှိနေပါတယ်။

    Ref: CNA

  • ICJ ဆုံးဖြတ်ချက်နောက်ပိုင်း အစ္စရေးက တစ်လ ၂၅၀၀ ကျော်နှုန်း သတ်ဖြတ်ထား

    ICJ ဆုံးဖြတ်ချက်နောက်ပိုင်း အစ္စရေးက တစ်လ ၂၅၀၀ ကျော်နှုန်း သတ်ဖြတ်ထား

    ဇူလိုင် ၁၇၊ ၂၀၂၄
    M-Media

    -နိုင်ငံတကာခုံသမာဓိရုံး ICJ က အကြမ်းဖက်သတ်ဖြတ်မှုတွေ ရပ်ဖို့ အမိန့်ထုတ်ပြန်ပြီး နောက်ပိုင်း အစ္စရေးရဲ့ ပါလက်စတိုင်းပြည်သူတွေကို သတ်ဖြတ်မှုနှုန်းဟာ တစ်လကို ၂၅၀၀ အထိ ရှိလာပါတယ်။

    ပါလက်စတိုင်းတွေကို လူမျိုးတုန်း သတ်ဖြတ်ခံရမှုကနေ ကာကွယ်ပေးရမှာဖြစ်ပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို အစ္စရေးက ရှောင်ကျဥ်ဖို့ ICJ က ဇန်န၀ါရီ ၂၆ ရက်နေ့မှာ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

    အဲဒီနောက်ပိုင်းက အခုအချိန်အထိ ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုဟာ စုစုပေါင်း ၁၂၆၃၀ ဦး ရှိခဲ့ပြီး ဒါဟာ တစ်လကို ၂၅၀၀ ကျော်နှုန်း သတ်ဖြတ်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က ၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၁၆ နေ့အထိ ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရသူအရေအတွက်ဟာ ၂၆၀၈၃ ဦး ရှိပါတယ်။

    Ref: Aljazeera

  • ကုလအကူအညီပေးရေး၀န်ထမ်း ၂၀၀ နီးပါးကို သတ်ဖြတ်ထားသည့် အစ္စရေး

    ကုလအကူအညီပေးရေး၀န်ထမ်း ၂၀၀ နီးပါးကို သတ်ဖြတ်ထားသည့် အစ္စရေး

    ဇူလိုင် ၁၇၊ ၂၀၂၄
    M-Media

    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ ကုလအကူအညီပေးရေးအဖွဲ့ UNRWA က ၀န်ထမ်း ၂၀၀ လောက် အသတ်ခံထားရတယ်လို့ သိရပါတယ်။

    UNRWA ဟာ အစ္စရေးရဲ့ နယ်မြေလု အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပါလက်စတိုင်းပြည်သူတွေကို အဓိက အကူအညီပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

    ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ၉ လကျော်အတွင်း ဂါဇာကမ်းမြှောင်က UNRWA အဆောက်အဦး ၁၈၉ ခုကို အစ္စရေးက ဖျက်ဆီးထားပြီး ၀န်ထမ်း ၁၉၇ ဦးကို သတ်ဖြတ်ထားပါတယ်။ UNRWA က ဖွင့်လှစ်ထားတဲ့ ကျန်းမာရေးစင်တာ ၂၆ ခုမှာ ၁၆ ခုက ဖျက်ဆီးခံထားရပြီး လက်ရှိမှာ ၁၀ ခုသာ သုံးလို့ရပါတယ်။

    အစ္စရေးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေထဲမှာ UNRWA ရဲ့ အဆောက်အဦးနဲ့ အဆောက်အဦးထဲက ရှိနေသူတွေကို ထိခိုက်ခဲ့တဲ့ အခြေအနေပေါင်း ၄၅၈ ခု ရှိတယ်လို့ ကုလရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ၉ လကျော်အတွင်း ဂါဇာမှာ အသတ်ခံရသူ အရေအတွက်ဟာ ၃၈၇၉၄ ဦး ရှိလာခဲ့ပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အသတ်ခံရသူ အရေအတွက်က ၈၁ ဦး ရှိပါတယ်။

    Ref: Aljazeera