News @ M-Media

Blog

  • ဘိန်းဘုရင်ပုံတင်သည့် မန်ယူနောက်ခံလူ ရိုဂျို ဝေဖန်ခံနေရ

    ဘိန်းဘုရင်ပုံတင်သည့် မန်ယူနောက်ခံလူ ရိုဂျို ဝေဖန်ခံနေရ

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    ru

    – မန်ယူအသင်း၏ အားထားရသည့် နောက်ခံလူတစ်ဦးဖြစ်သူ မားကို့စ်ရိုဂျိုမှာ ကိုလံဘီယာ မူးယစ်ရာဇာတစ်ဦး၏ ဓာတ်ပုံကို ဆိုရှယ်မီဒီယာတွင် လွှင့်တင်မှုကြောင့် ဝေဖန်မှုများ ခံနေရသည်ဟု သိရသည်။

    အသက် ၂၄ နှစ်အရွယ်ရှိ အာဂျင်တိုင်းသား ရိုဂျိုမှာ ၁၉၈၀နှင့် ၁၉၉၀ ပြည့်နှစ်များအတွင်းက ကိုလံဘီယာတွင် ဖြစ်ပွားခဲ့သော ပြည်သူရာပေါင်းများစွာ သေဆုံးမှုနှင့် ဆက်စပ်ပတ်သက်နေသည့် မူးယစ်ရာဇာ ပါဘလို အက်စ်ကိုဘာ၏ ပုံကို ၎င်း၏ Twitter
    စာမျက်နှာတွင် ပြီးခဲ့သည့် ရပ်ပိုင်းအတွင်းက လွှင့်တင်ခဲ့သည်။

    အဆိုပါ ဓာတ်ပုံတွင် `ဘ၀အချိုးအကွေ့တစ်ခုမှာ အဆိုးတွေနဲ့ ကြုံတွေ့ရတုန်း ကျွန်တော်နဲ့အတူ အငတ်ခံခဲ့တဲ့သူတွေ၊ ကျွန်တော့်ဘေးနားမှာ ရှိခဲ့တဲ့သူတွေသာလျှင် ကျွန်တော့်ရဲ့စားပွဲဝိုင်းမှာ ထိုင်ရမှာပါ´ ဟု အဓိပ္ပါယ်ရသည့် စာတန်းကိုလည်း ရေးသားခဲ့သည်။

    လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် မူးယစ်ရာဇာတစ်ဦးအား အမွှမ်းတင်သော ရိုဂျို၏ ထိုလုပ်ရပ်ကြောင့် ကိုလံဘီယာပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

    ဂျာမီ အော်တီဂါအမည်ရှိ Twitter သုံးစွဲသူတစ်ဦးကမူ `အသုံးမကျတဲ့ အာဂျင်တိုင်းကောင်။ အက်စ်ကိုဘာကို သူတို့က အမွှမ်းတင်မှာပေါ့။ ငါတို့တိုင်းပြည်မှာ ခံစားခဲ့ရတဲ့ နာကျင်မှုမျိုးတွေကို သူတို့မှ မခံစားဘူးတာ။ ကိုလံဘီယာမှာထက် အာဂျင်တီးနားမှာ အဲဒီကောင်တွေကို
    ရှိစေချင်လိုက်တာ´ ဟု ရေးသားခဲ့သည်။

    အက်စ်ကိုဘာမှာ ဘိန်းလုပ်ငန်းဖြင့် ပေါင် ၂၀ ဘီလီယံခန့် ရှာဖွေခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်တွင် ကိုလံဘီယာရှိ မီဒယ်လင်မြို့၌ ရဲတပ်ဖွဲ့၏ ပစ်သက်မှုကို ခံခဲ့ရသည်။ ရိုဂျိုကမူ ၎င်း၏ ထိုလုပ်ရပ်အတွက် မည်သည့်ပြောဆိုမှုမျိုးကိုမှ ယခုအချိန်အထိ မပြုလုပ်သေးပေ။

    Ref: dailymail

  • ဆလီနာဂိုးမက်ဇ် အချစ်သစ်တွေ့နေပြီလား

    ဆလီနာဂိုးမက်ဇ် အချစ်သစ်တွေ့နေပြီလား

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    slgm

    – ကမ္ဘာကျော်ပေါ့ပ်စတား ဆလီနာဂိုးမက်ဇ်တစ်ယောက် အချစ်သစ်တွေ့နေပြီလားဆိုတဲ့ မေးခွန်းတွေ ဖြစ်ပေါ်စေမယ့် ဓာတ်ပုံတွေ အခုရက်ပိုင်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။

    ဒါကတော့ ဘွန်ဒစ်လီဂါ ဟိုဖင်ဟင်မ်အသင်းက အလယ်တန်းကစားသမား ဆာလီဟိုဗစ်နဲ့
    အတူရှိနေတဲ့ ဓာတ်ပုံတွေပါပဲ။

    ဘွန်ဒစ်လီဂါ ရာသီဝက်အနားပေးချိန်မှာ အရှေ့အလယ်ပိုင်းကို ခရီးထွက်ခဲ့တဲ့ ဘော့စနီးယားသား အသက် ၃၀ အရွယ် ဆာလီဟိုဗစ်ဟာ ခရီးဖော်အဖြစ် ဆလီနာဂိုးမက်ဇ်နဲ့ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ သူတို့တစ်တွေဟာ ကုလားအုတ်အတူစီးရင်း၊ ထမင်းအတူစာရင်းနဲ့ နှစ်သစ်ကူးကို ဒူဘိုင်းမှာ ကုန်ဆုံးခဲ့ကြ ပါတော့တယ်။

    slgm 2

    ကမ္ဘာကျော် အလှပဂေးနဲ့ အတူတူပျော်ရွှင်ရတာလောက်နဲ့ ဆာလီဟိုဗစ်တစ်ယောက် မတင်းတိမ်ခဲ့ပါဘူး။ သူတို့နှစ်ယောက်ရဲ့ ကုလားအုတ်စီးနေတဲ့ပုံတွေ၊ ထမင်းအတူစားနေတဲ့ပုံတွေကို Instagram မှာ လွှင့်တင်ခဲ့ပြီး ဒီလို ပျော်ရွှင်ဖွယ်ရာ အတွေ့အကြုံတွေကို ဆောင်ကျဉ်းပေးခဲ့သူတွေကို ကျေးဇူးတင်ကြောင်း ကြွားကြွားဝံ့ဝံ့ ဖော်ပြခဲ့ပါသေးတယ်။

    ဆလီနာဂိုးမက်ဇ်ကလည်း အားကျမခံ တူနှစ်ကိုယ် ထမင်းလက်ဆုံစားနေတဲ့      ဓာတ်ပုံကို လွှင့်တင်ခဲ့ပြီး `ငါတို့ဒီလိုစားခဲ့ကြတာပေါ့´ လို့ ထပ်ပြီး ကွန့်ခဲ့ပါတယ်။

    ဒီလိုပွင်းလင်းမှုတွေကြောင့် Baby သီချင်းနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဂျက်စတင်ဘီးဘာရဲ့  အဆက်ဟောင်း ဆလီနာဂိုးမက်ဇ်တစ်ယောက် အချစ်သစ်တွေ့နေပြီလားလို့ မေးခွန်း  တွေ ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဟုတ်လား၊ မဟုတ်လားဆိုတာကိုတော့  ကာယကံရှင်မှလွဲပြီး ဘယ်သူမှ မသိနိုင်ကြောင်းပါ။

    Ref: dailymail

  • နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ ပါလက်စတိုင်း ဆက်သွယ်ခွင့်ရပြီ

    နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ ပါလက်စတိုင်း ဆက်သွယ်ခွင့်ရပြီ

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    pls 0

    – ပါလက်စတိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာရာဇ၀တ်ခုံရုံး ICC သို့ ဧပြီလ ၁ ရက်နေ့မှစ၍ အဖွဲ့ဝင်အဖြစ် ၀င်ရောက် ဆက်သွယ် ဆောင်ရွက်လိ့မ်မည်ဟု ကုလသမ္မဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားလိုက်သည်။

    နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ ၀င်ရောက်ရန်အတွက် နောက်ဆုံးအဆင့် ဆောင်ရွက်မှုအဖြစ် ICC ၏ အခြေခံမူဖြစ်သည့် ရောမ သဘောတူညီချက်တွင် လက်မှတ်ထိုးခွင့်ရရေး ပါလက်စတိုင်း၏ လျှောက်လွှာကို ပြီးခဲ့သည် သောကြာနေ့က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဆက်သွယ်ဆောင်ရွက်ခွင့် ရခဲ့ခြင်းလည်း ဖြစ်သည်။

    ယမန်နေ့ညပိုင်းက ကုလသမဂ္ဂ ၀ဘ်ဆိုက်တွင် ဘန်ကီမွန်က `ရောမသဘောတူညီချက်ဟာ ပါလက်စတိုင်းနိုင်ငံအပေါ် ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်နေ့ကစပြီး သက်ရောက်ပါလိမ့်မယ်´ ဟု ရေးသားဖော်ပြထားပြီး အဆိုပါ စာရွက်စာတမ်းများ အတည်ပြု လက်မှတ်ရေးထိုးခြင်း အတွက် မိမိအနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ICC သို့ဝင်ရောက်ရန် ပါလက်စတိုင်း၏ ကြိုးစားမှုအတွက် လက်တုံ့ပြန်သွားမည်ဟု အစ္စရေးက ခြိမ်းခြောက်ထားပြီး၊ အမေရိကန် ကလည်း ထိုဆောင်ရွက်မှုမှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးကို အတားအဆီးဖြစ်စေနိုင်သည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံတကာရာဇ၀တ်ခုံရုံးနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်ရပြီးနောက် ပါလက်စတိုင်းမှာ အစ္စရေး၏ စစ်ရာဇ၀တ်မှုများအတွက် တရားစွဲဆိုနိုင်မည် ဖြစ်သည်။

    Ref : www.aljazeera

  • အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဂျာမနီရှိ အထင်ကရ ပုဂ္ဂိုလ်များ ရှုတ်ချ

    အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဂျာမနီရှိ အထင်ကရ ပုဂ္ဂိုလ်များ ရှုတ်ချ

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    DEU UNESCO Welterbe Liste
    အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆန့်ကျင်ခဲ့သည့် ကိုးလုံးမှ ကက်သလစ် ဘုရားကျောင်း

    – လက်ယာစွန်းရောက်အဖွဲ့ PEGIDA မှ ဆောင်ရွက်နေသည့် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန်အတွက် ဂျာမနီရှိ နိုင်ငံရေးသမားများနှင့် အထင်ကရ ပုဂ္ဂိုလ် ၅၀ က တိုက်တွန်းလိုက်ပြီး ထိုဆောင်ရွက်မှုများမှာ လူမျိုးခြားကြောက်ရောဂါ မြင့်တက်လာခြင်းပင် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    PEGIDA မှ နိုင်ငံအရှေ့ပိုင်း ဒရက်စ်ဒန်မြို့နှင့် ကိုးလုံးမြို့တို့တွင် အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို တနင်္လာနေ့က ပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း ဂျာမန်ပြည်သူများက PEGIDA အဖွဲ့မှာ လူမျိုးရေးခွဲခြားမှုနှင့် သည်းမခံနိုင်မှုကို ပျံ့နှံအောင် ဆောင်ရွက်နေသည်ဟု ပြောဆိုခဲ့ပြီး ဒရက်စ်ဒန်မြို့အပါအ၀င် ဘာလင်၊ ကိုးလုံးနှင့် အခြားမြို့များတွင် PEGIDA အဖွဲ့၏ လုပ်ရပ်အား ဆန့်ကျင်သည့် တန်ပြန်ဆန္ဒပြမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။

    ဂျာမနီ၏ အရောင်းရဆုံး စာစောင်ဖြစ်သော Bild တွင်လည်း ယမန်နေ့က `PEGIDA အလိုမရှိ´ ဟူသော ခေါင်းစဉ်ဖြင့် ဂျာမနီရှိ နိုင်ငံရေးသမားများနှင့် ထင်ရှားကျော်ကြားသူများ၏ သဘောထားများကို စာမျက်နှာ လေးမျက်နှာခန့် ဖော်ပြခဲ့သည်။

    `(သူတို့တွေဟာ) လူမျိုးခြားကြောက်ရောဂါကို `အလိုမရှိ´ လို့ ပြောကြပြီး မတူကွဲပြားမှုနဲ့ ညီညွတ်စွာနေထိုင်မှုကိုသာ `အလိုရှိသည်´ လို့ ပြောနေကြပါတယ်။ ကျွန်တော်တို့ရဲ့ လမ်းမတွေကို အနှစ်သာရမရှိတဲ့ လှုံ့ဆော်အော်ဟစ်သံတွေအတွက် လက်ဆင့်မကမ်းသင့်ပါဘူး´
    ဟု Bild ၏ လက်ထောက် အယ်ဒီယာဖြစ်သူ ဘဲလာအန်ဒါက နိဒါန်းတွင် ရေးသားခဲ့သည်။

    Bild စာစောင်၌ ၎င်းတို့၏ သဘောထားများကို ဖော်ပြခဲ့သူများတွင် ယခင်အဓိပတိဟောင်း ဟဲလ်မွတ် ရှမစ်ဒ်၊ ဘဏ္ဍာရေးဝန်ကြီး ၀ုလ်ဖ်ဂန်း ရွှဲဘဲလ်၊ ရော့ခ်စတား အူဒို လင်ဒန်ဘာ့ဂ်၊ ပေါ့ပ်စတား ဟီနို၊ ဂျာမနီဘောလုံးအသင်းခေါင်းဆောင်ဟောင်း အိုလီဗာ ဘီရ်ဟော့တို့ အပါအ၀င် အခြားထင်ရှားကျော်ကြားသူများလည်း ပါဝင်ခဲ့သည်။

    PEGIDA အဖွဲ့၏ လှုပ်ရှားမှုများကို ဂျာမန်ပြည်သူများအပြင် ခရစ်ယာန်ဘုရားကျောင်းများကလည်း ဆန့်ကျင်ခဲ့ကြသည်။ ဂျာမနီရှိ အထင်ကရ ဘုရားကျောင်းများထဲမှ တစ်ခုဖြစ်သော ကိုးလုံး ကက်သလစ်ဘုရားကျောင်းကမူ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြသူများ လာရောက်သည့်အချိန်တွင် ဘုရာကျောင်းရှိ မီးအားလုံးကို ပိတ်ပစ်ခဲ့သည်။

    `ဒီလို ဆန္ဒပြမှုအတွက် ဒီဘုရားကျောင်း စတိတ်စင်တော့ အဖြစ်ခံမှာ မဟုတ်ပါဘူး။ လူမျိုးခြားကြောက်ရောဂါ၊ လူမျိုးရေးခွဲခြားမှု၊ ဖယ်ထုတ်ထားမှုတွေကို ဆန့်ကျင်ကန့်ကွက်တယ်ဆိုတာ မြင်သာဖို့အတွက် ဘုရားကျောင်းရဲ အပြင်ဘက်မီးတွေကို သူတို့
    ဆန္ဒပြမယ့် ဇန်ဝါရီ ၅ ရက်နေ့မှာ ပိတ်ထားလိုက်တာပါ´ ဟု ဘုရားကျောင်း အကြီးအကဲ နောရ်ဘာ့တ် ဖဲလ်ဒ်ဟော့ဖ်က ပြောကြားခဲ့သည်။

    ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်ကလည်း အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများမှာ မလိုတမာစိတ်ထားနှင့် လူမျိုးရေးခွဲခြားမှုတို့မှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် ထိုလှုပ်ရှားမှုများတွင် မပါဝင်ရန် နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    Ref alaraiy, thinkprogress

  • သက်ရှိများ နေထိုင်နိုင်ဖွယ်ရှိသည့် ဂြိုဟ်သစ် ၈ လုံး ထပ်မံတွေ့ရှိ

    သက်ရှိများ နေထိုင်နိုင်ဖွယ်ရှိသည့် ဂြိုဟ်သစ် ၈ လုံး ထပ်မံတွေ့ရှိ

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    pln

    – မပူလွန်း မအေးလွန်းသည့်ဇုန် Goldilocks Zone တွင် ရှိပြီး ရေနှင့် သက်ရှိများရှိနိုင်သည်ဟု ယူဆရကာ ကိုယ်ပိုင်ကြယ်များကို လှည့်ပတ်နေသော ဂြိုဟ်သစ် ၈ လုံးကို ထပ်မံ တွေ့ရှိခဲ့သည်ဟု နက္ခတဗေဒပညာရှင်များက ယမန်နေ့တွင် ကြေညာလိုက်သည်။

    ထိုတွေ့ရှိမှုကြောင့် လူသားများနေထိုင်၍ရသောဇုန်အတွင်း ရှိမည်ဟု ယုံကြည်ရပြီး ကမ္ဘာနီးနီးအရွယ်အစားရှိ ဂြိုဟ်များ၏ အရေအတွက်ကို ၂ ဆနီးပါး ဖြစ်လာစေမည် ဖြစ်သည်။

    အဆိုပါ ဂြိုဟ် ၈ လုံးမှ ၂ လုံးမှာ မိမိတို့ နေအဖွဲ့အစည်း၏ အပြင်ဘက်တွင် ယခုအချိန်အထိ တွေ့ရှိထားသော ဂြိုဟ်များထဲမှ ကမ္ဘာနှင့်အတူဆုံး ဖြစ်နေသည်ဟု ဆီယက်တဲလ်တွင် ပြုလုပ်ခဲ့သည့် အမေရိကန် နက္ခတဗေဒအသိုက်အ၀န်း၏ ၂၂၅ ကြိမ်မြောက် အစည်းဝေးတွင် နက္ခတဗေဒပညာရှင်များက ထည့်သွင်းပြောကြားခဲ့သည်။

    `ဒီဂြိုဟ်တွေထဲက အများစုမှာ ကမ္ဘာလို ကုန်းမြေတွေရှိဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်´ ဟု နက္ခတဗေဒပညာရှင် ဂူလီယာမို တောရက်စ်က ပြောကြား ခဲ့သည်။

    အဆိုပါဂြိုဟ်များကို နာဆာ၏ ကက်ပလာမစ်ရှင်အတွင်း တွေ့ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ထုထည်ကို တိုင်းတာရန် အလွန်သေးငယ်နေသော ကြောင့် BLENDER ဟုခေါ်သည့် ကွန်ပျူတာ ပရိုဂရမ်တစ်ခုကို အသုံးပြုခဲ့ရသည်။

    ယခုအချိန်အထိ တွေ့ရှိခဲ့ရသည့် ဂြိုဟ်များအနက်မှ ကမ္ဘာနှင့်အတူဆုံးဟု သတ်မှတ်ထားသည့် ဂြိုဟ်များမှာ ကမ္ဘာဂြိုလ်မှ အလင်းနှစ် ၄၇၀ အကွာအဝေးတွင်ရှိသည့် Kepler- 438b နှင့် အလင်းနှစ် ၁၁၀၀ အကွာအဝေးတွင်ရှိသည့် Kepler-442b ဂြိုဟ်တို့ ဖြစ်ကြသည်။

    Kepler-438b မှာ ကမ္ဘာကြီးထက် ၁၂ ဆခန့်ကြီးပြီး ကမ္ဘာကဲ့သို့ ကုန်းမြေရှိနိုင်သည့် ရာခိုင်နှုန်းမှာ ၇၀ ခန့်ရှိသည်ဟု သိပ္ပံပညာရှင်များက ဆိုသည်။ Kepler-442b မှာလည်း ကမ္ဘာထက် ၃ ခန့်ကြီးပြီးကုန်းမြေတည်ရှိမှု ဖြစ်နိုင်ချေမှာ ၅ ပုံ ၃ ပုံခန့် ရှိနေသည်။

    Ref: alarabiya