News @ M-Media

အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဂျာမနီရှိ အထင်ကရ ပုဂ္ဂိုလ်များ ရှုတ်ချ

ဇန်န၀ါရီ ၇၊ ၂၀၁၅
M-Media

DEU UNESCO Welterbe Liste
အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆန့်ကျင်ခဲ့သည့် ကိုးလုံးမှ ကက်သလစ် ဘုရားကျောင်း

– လက်ယာစွန်းရောက်အဖွဲ့ PEGIDA မှ ဆောင်ရွက်နေသည့် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန်အတွက် ဂျာမနီရှိ နိုင်ငံရေးသမားများနှင့် အထင်ကရ ပုဂ္ဂိုလ် ၅၀ က တိုက်တွန်းလိုက်ပြီး ထိုဆောင်ရွက်မှုများမှာ လူမျိုးခြားကြောက်ရောဂါ မြင့်တက်လာခြင်းပင် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

PEGIDA မှ နိုင်ငံအရှေ့ပိုင်း ဒရက်စ်ဒန်မြို့နှင့် ကိုးလုံးမြို့တို့တွင် အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို တနင်္လာနေ့က ပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း ဂျာမန်ပြည်သူများက PEGIDA အဖွဲ့မှာ လူမျိုးရေးခွဲခြားမှုနှင့် သည်းမခံနိုင်မှုကို ပျံ့နှံအောင် ဆောင်ရွက်နေသည်ဟု ပြောဆိုခဲ့ပြီး ဒရက်စ်ဒန်မြို့အပါအ၀င် ဘာလင်၊ ကိုးလုံးနှင့် အခြားမြို့များတွင် PEGIDA အဖွဲ့၏ လုပ်ရပ်အား ဆန့်ကျင်သည့် တန်ပြန်ဆန္ဒပြမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။

ဂျာမနီ၏ အရောင်းရဆုံး စာစောင်ဖြစ်သော Bild တွင်လည်း ယမန်နေ့က `PEGIDA အလိုမရှိ´ ဟူသော ခေါင်းစဉ်ဖြင့် ဂျာမနီရှိ နိုင်ငံရေးသမားများနှင့် ထင်ရှားကျော်ကြားသူများ၏ သဘောထားများကို စာမျက်နှာ လေးမျက်နှာခန့် ဖော်ပြခဲ့သည်။

`(သူတို့တွေဟာ) လူမျိုးခြားကြောက်ရောဂါကို `အလိုမရှိ´ လို့ ပြောကြပြီး မတူကွဲပြားမှုနဲ့ ညီညွတ်စွာနေထိုင်မှုကိုသာ `အလိုရှိသည်´ လို့ ပြောနေကြပါတယ်။ ကျွန်တော်တို့ရဲ့ လမ်းမတွေကို အနှစ်သာရမရှိတဲ့ လှုံ့ဆော်အော်ဟစ်သံတွေအတွက် လက်ဆင့်မကမ်းသင့်ပါဘူး´
ဟု Bild ၏ လက်ထောက် အယ်ဒီယာဖြစ်သူ ဘဲလာအန်ဒါက နိဒါန်းတွင် ရေးသားခဲ့သည်။

Bild စာစောင်၌ ၎င်းတို့၏ သဘောထားများကို ဖော်ပြခဲ့သူများတွင် ယခင်အဓိပတိဟောင်း ဟဲလ်မွတ် ရှမစ်ဒ်၊ ဘဏ္ဍာရေးဝန်ကြီး ၀ုလ်ဖ်ဂန်း ရွှဲဘဲလ်၊ ရော့ခ်စတား အူဒို လင်ဒန်ဘာ့ဂ်၊ ပေါ့ပ်စတား ဟီနို၊ ဂျာမနီဘောလုံးအသင်းခေါင်းဆောင်ဟောင်း အိုလီဗာ ဘီရ်ဟော့တို့ အပါအ၀င် အခြားထင်ရှားကျော်ကြားသူများလည်း ပါဝင်ခဲ့သည်။

PEGIDA အဖွဲ့၏ လှုပ်ရှားမှုများကို ဂျာမန်ပြည်သူများအပြင် ခရစ်ယာန်ဘုရားကျောင်းများကလည်း ဆန့်ကျင်ခဲ့ကြသည်။ ဂျာမနီရှိ အထင်ကရ ဘုရားကျောင်းများထဲမှ တစ်ခုဖြစ်သော ကိုးလုံး ကက်သလစ်ဘုရားကျောင်းကမူ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြသူများ လာရောက်သည့်အချိန်တွင် ဘုရာကျောင်းရှိ မီးအားလုံးကို ပိတ်ပစ်ခဲ့သည်။

`ဒီလို ဆန္ဒပြမှုအတွက် ဒီဘုရားကျောင်း စတိတ်စင်တော့ အဖြစ်ခံမှာ မဟုတ်ပါဘူး။ လူမျိုးခြားကြောက်ရောဂါ၊ လူမျိုးရေးခွဲခြားမှု၊ ဖယ်ထုတ်ထားမှုတွေကို ဆန့်ကျင်ကန့်ကွက်တယ်ဆိုတာ မြင်သာဖို့အတွက် ဘုရားကျောင်းရဲ အပြင်ဘက်မီးတွေကို သူတို့
ဆန္ဒပြမယ့် ဇန်ဝါရီ ၅ ရက်နေ့မှာ ပိတ်ထားလိုက်တာပါ´ ဟု ဘုရားကျောင်း အကြီးအကဲ နောရ်ဘာ့တ် ဖဲလ်ဒ်ဟော့ဖ်က ပြောကြားခဲ့သည်။

ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်ကလည်း အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများမှာ မလိုတမာစိတ်ထားနှင့် လူမျိုးရေးခွဲခြားမှုတို့မှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် ထိုလှုပ်ရှားမှုများတွင် မပါဝင်ရန် နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

Ref alaraiy, thinkprogress

Comments

Leave a Reply