News @ M-Media

Blog

  • နယူးကာဆယ်နည်းပြ ပါဂျူး ခရစ္စတယ်ပဲလေ့စ်ရောက်ပြီ

    နယူးကာဆယ်နည်းပြ ပါဂျူး ခရစ္စတယ်ပဲလေ့စ်ရောက်ပြီ

    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media
    24628F0D00000578-0-image-a-25_1420276356210
    – ရာသီအစမှ စတင်ကာ နယူးကာဆယ်အသင်းတွင် အခက်အခဲမျိုးစုံကို ရင်ဆိုင် ကျော်လွှားခဲ့ရသည့် နည်းပြ အလန်ပါဂျူးမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ကိုင်တွယ်တော့မည်ဟု သိရသည်။

    ရာသီအစ အသင်း၏ ဆိုးရွားသောရလဒ်များကြောင့် ပရိတ်သတ်များ၏ ညိုငြင်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရသော်လည်း ပါဂျူးမှာ နောက်ပိုင်းပွဲစဉ်များတွင် နယူးကာဆယ်အသင်းအား လမ်းကြောင်းမှန်ပေါ်သို့ ပြန်တင်ပေးနိုင်ခဲ့သည်။

    သို့သော်လည်း အသင်းနည်းပြ လစ်လပ်လျက်ရှိနေသည့် ခရစ္စတယ်ပဲလေ့စ်က နယူးကာဆယ်အသင်းအား လျော်ကြေး ၃.၅ သန်းပေးကာ ပါဂျူးကို အသင်းသို့ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

    ပါဂျူးမှာ ယမန်နေ့က ခရစ္စတယ်ပဲလေ့စ်အသင်း ရုံးခန်းသို့ လာရောက်ခဲ့ပြီး အပြောင်းအရွှေ့ကိစ္စအတွက် လာရောက်စီစဉ်ခဲ့သည်။

    `သူတို့ ဆွေးနွေးနေကြတုန်းပါပဲ။ ဘာပြဿနာမှတော့ မရှိပါဘူး။ ရှေ့နေတွေက စာချုပ်ကို အဆုံးသတ်နေကြပါတယ်။ လုပ်ထုံးလုပ်နည်းအရတော့ နည်းနည်း ကြာအုံးမှာပါ။ အလန်(ပါဂျူး)က ၀န်ထမ်းတွေနဲ့ အစည်းဝေးလုပ်ခဲ့ပြီး အများကြီး ပြောခဲ့ပါတယ်။ ပြီးတော့ ကစားသမားတွေကိုလည်း သူက စကားပြောခဲ့ပြီး နောက်ပိုင်းမှာတော့ လေ့ကျင့်ခန်း ဆင်းခဲ့ပါတယ်´ ဟု ခရစ္စတယ်ပဲလေ့စ်၏ ယာယီနည်းပြ ကိသ်မီလန်က ပြောကြားခဲ့သည်။

    ခရစ္စတယ်ပဲလေ့စ်အသင်းမှာ မနက်ဖြန်တွင် FA ဖလားပွဲအဖြစ် ဒိုဗာအသင်းနှင့် ကစားရမည်ဖြစ်ပြီး ပါဂျူးမှာ ထိုပွဲအား ကိုင်တွယ်ဖွယ်ရှိနေသည်။

    ကိသ်မီလန်ကမူ ပါဂျူးမှာ ၎င်းအတွက် အဓိပ္ပါယ် အများကြီးရှိသည့် ခရစ္စတယ်ပဲလေ့စ်အား ကိုင်တွယ်ရမည့် အတွက် စိတ်လှုပ်ရှားနေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref : dailymail

  • အီဘိုလာ ကင်းစင်ရေး ၂၀၁၅ နှစ်ကုန်ပိုင်းမှ ဖြစ်နိုင်မည်

    အီဘိုလာ ကင်းစင်ရေး ၂၀၁၅ နှစ်ကုန်ပိုင်းမှ ဖြစ်နိုင်မည်

    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media
    10897106_821501671225638_730381160276546252_n
    – အာဖရိကအနောက်ပိုင်း နိုင်ငံများတွင် ကူးစက်ပြန့်နှံ့နေကာ လူတစ်သောင်းနီးပါး သေဆုံးခဲ့သည့် အီဘိုလာကပ်ရောဂါမှာ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှသာ အဆုံး သတ်လိမ့်မည်ဟု ကုလသမဂ္ဂ အီဘိုလာတိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲ အန်ထော်နီ ဘန်ဘူရီက ပြောကြားလိုက်သည်။

    ဇန်န၀ါရီ ၂ ရက်နေ့က ကုလသမဂ္ဂ အီဘိုလာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ NUMEER အခြေစိုက်ရာ အက္ကရာတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အန်ထော်နီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါရောဂါ အဆုံးသတ်ရေး အတွက် လပေါင်းများစွာ ခက်ခက်ခဲခဲ လုပ်ဆောင်ရမည်ဟုလည်း ဆိုသည်။

    `ဒီပြဿနာ အဆုံးသတ်ဖို့အတွက် မနီးစပ်သေးပါဘူး။ အဖွဲ့ဖွဲ့ပြီးကတည်းက ရက်ပေါင်း ၉၀ အတွင်းမှာ ကျွန်တော်တို့ အောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့ပေမယ့် ရှေ့ဆက်သွားဖို့ ရှည်လျားခက်ခဲတဲ့ ခရီး ရှိနေပါတယ်´ ဟု အန်ထော်နီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းက ဂီနီနိုင်ငံတွင် စတင်တွေ့ခဲ့ရသည့် အဆိုပါ အီဘိုလာဗိုင်းရပ်စ်ပိုး ပြန့်နှံ့မှုအတွက် နိုင်ငံတကာက အသိုင်းအ၀ိုင်းက လုံလောက်သော ဆောင်ရွက်မှုများ မရှိဟုဝေဖန်ပြစ်တင်ခံခဲ့ရပြီးနောက် ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က NUMEER အဖွဲ့ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    ဂီနီ၊ ဆီရာလီယိုနီ၊ လိုက်ဘေးရီးယားအပါအ၀င် အနောက်အာဖရိက နိုင်ငံ ၆ နိုင်ငံ၌ ပြန့်ပွားနေသာ အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်နေသူမှာ ယခုလက်ရှိတွင် ၂၀၀၀၀ ခန့်ရှိပြီး သေဆုံးသူမှာ ၈ ထောင်နီးပါး ရှိနေသည်။

    Ref : aljazeera

  • ဆိုက်ဘာ တိုက်ခိုက်မှုအတွက် မြောက်ကိုရီးယားအား အမေရိကန်က ပိတ်ဆို့မှုအသစ် ချမှတ်

    ဆိုက်ဘာ တိုက်ခိုက်မှုအတွက် မြောက်ကိုရီးယားအား အမေရိကန်က ပိတ်ဆို့မှုအသစ် ချမှတ်

    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media
    10885143_821553067887165_7283784292178715849_n
    – The Interview ရုပ်ရှင် ထုတ်လုပ်မှုကို မကျေနပ်၍ မြောက်ကိုရီးယား ဟက်ကာအဖွဲ့ ဆိုနီကုမ္ပဏီအား ဆိုက်ဘာတိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ အမေရိကန်က မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ် ချမှတ်လိုက်သည်ဟု သိရသည်။

    အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုကို မြောက်ကိုရီးယားအစိုးရက ပြုလုပ်ခဲ့သည်ဟု အိမ်ဖြူတော်က စွပ်စွဲခဲ့ပြီးနောက် ယခုကဲ့သို့ ပိတ်ဆို့မှုသစ်ကို ပြုလုပ်လိုက်ခြင်း ဖြစ်ပြီး မြောက်ကိုီးယား ထောက်လှမ်းရေးနှင့် လက်နက်အဖွဲ့အစည်းသုံးခု၊ လက်နက်တင်ပို့သူများ အပါအ၀င် အစိုးရတာဝန်ရှိသူ ၁၀ ဦးတို့အား အမည်ပျက် စာရင်းသွင်းရန်အတွက် အမေရိကန်က ဘဏ္ဍာရေးဌာနအား အိုဘားမားက ယမန်နေ့တွင် အမိန့်ပေးခဲ့သည်။

    ထိုကဲ့သို့ ပိတ်ဆို့မှုအသစ် ချမှတ်ရခြင်းမှာ ၂၀၁၄ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလ များအတွင်း ပြုလုပ်ခဲ့သည့် ဖျက်လိုဖျက်ဆီးလိုသော၊ နိုင့်ထက်စီးနင်းပြုသော ဆိုက်ဘာတိုက်ခိုက်မှုများ အပါအ၀င် မြောက်ကိုရီးယား၏ ရန်လိုသော၊ မတည်မငြိမ်ဖြစ်စေလိုသော၊ ဖိနှိပ်ချုပ်ချယ်လိုသော လုပ်ရပ်များအတွက်ကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မြောက်ကိုရီးယား၏ ထိုလုပ်ရပ်များက အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေး ပေါ်လစီနှင့် အမေရိကန်၏ စီးပွားရေးကို ဆက်လက်ခြိမ်းခြောက်နေခြင်းလည်း ဖြစ်ကြောင်း၊ မိမိတို့၏ ပိတ်ဆို့မှုမှာ မြောက်ကိုရီးယားပြည်သူများအား ပစ်မှတ် ထားခြင်းမဟုတ်ဘဲ မြောက်ကိုရီးယား အစိုးရကိုသာ ရည်ရွယ်ခြင်းဖြစ်ကြောင်း အိုဘားမားက ထပ်လောင်းပြောကြားခဲ့သည်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား လုပ်ကြံသည့် ဇာတ်လမ်းကို ဟာသနှောက ဆိုနီကုမ္ပဏီမှ ရိုက်ကူးထားသည့် အဆိုပါ The Interview ဇာတ်ကားနှင့် ပတ်သက်၍ မကျေနပ်သည့်အတွက် မြောက်ကိုရီးယား ဟက်ကာအဖွဲ့က ဒီဇင်ဘာလအတွင်း ဆိုနီကုမ္ပဏီကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ထို့ပြင် အဆိုပါ ဇာတ်ကားပြသမည့် ရုပ်ရှင်ရုံများကိုလည်း တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

    Ref : aljazeera

  • မီလန်သို့ရောက်ရှိလာသည့် ပိုဒေါစကီးအား အင်တာ ပရိတ်သတ်များ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့

    မီလန်သို့ရောက်ရှိလာသည့် ပိုဒေါစကီးအား အင်တာ ပရိတ်သတ်များ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့

    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media
    10494524_821553887887083_2283268430121297707_n
    – အာဆင်နယ်အသင်းမှ ရာသီကုန်အငှားစာချုပ်ဖြင့် ကစားရန် လာရောက်သည့် ဂျာမနီတိုက်စစ်မှူး ပိုဒေါစကီးအား အင်တာမီလန် ပရိတ်သတ်များက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

    အာဆင်နယ်တွင် ပုံမှန်နေရာမရသည့် ပိုဒေါစကီးမှာ မန်စီနီ ပြန်လည်ကိုင်တွယ် နေသော အင်တာမီလန်အသင်းထံသို့ ပေါင် ၁.၅ သန်းတန်ဖိုးရှိမည့် အငှားစာချုပ် အတွက် ယမန်နေ့က မီလန်ရှိ လီနာတေး လေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

    အင်တာမီလန်ပရိတ်သတ်များကမူ ပိုဒေါစကီးအား သောင်းသောင်းဖျဖျ ကြိုဆို ခဲ့ကြပြီး လက်မှတ်များထိုးခိုင်းခဲ့ကာ၊ ပိုဒေါစကီးနှင့် ဓာတ်ပုံများလည်း တွဲရိုက်ခဲ့ကြ သည်။ထို့ပြင် အီတလီရုပ်သံများကလည်း ပိုဒေါစကီးအား တွ့ဆုံမေးမြန်းခဲ့သည်။

    `ကျွန်တော် ဒီကိုရောက်လာတာ ပျော်ပါတယ်။ စီးရီးအေကို ကျွန်တော်နားလည်ပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတစ်ခုပါပဲ။ အင်တာမီလန်ကို ချန်ပီယံလိဂ် ၀င်ခွင့် ရအောင် ကျွန်တော် ကူညီချင်ပါတယ်။ ပရိတ်သတ်တွေအတွက် ပြောဖို့ရှိလား ဆိုရင်တော့ – ကျွန်တော်ပျော်ပါတယ်။ အင်တာနဲ့အတူ ကောင်းမွန်တဲ့ ရာသီဖြစ် မယ်လို့ မျှော်လင့်ပါတယ်´ ဟု ပိုဒေါစကီးက Sky Italia သို့ ပြောကြားခဲ့သည်။

    ပိုဒေါစကီး၏ အာဆင်နယ်နှင့်စာချုပ်သက်တမ်းမှာ ယခုနှစ်ဘောလုံးရာသီကုန်လျှင် ပြည့်တော့မည်ဖြစ်ပြီး ၎င်းအနေဖြင့် အင်တာမီလန် အသင်းနှင့်သာ အမြဲတမ်း စာချုပ် ချုပ်ဆိုဖွယ်ရှိနေသည်။

    အင်တာမီလန်အသင်းမှာ စီးရီးအေတွင် ရုန်းကန်နေရပြီး ယခုလက်ရှိတွင် အဆင့် ၁၁ တွင်ရှိနေကာ ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ တစ်ပွဲသာ အနိုင်ရရှိထားသည်။

    Ref : dialymail

  • အချက်အခြာကျသည့် ရွာတစ်ရွာအား IS လက်မှ အီရတ်ရှိ ကာ့ဒ်တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့

    အချက်အခြာကျသည့် ရွာတစ်ရွာအား IS လက်မှ အီရတ်ရှိ ကာ့ဒ်တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့

    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media
    10885530_821554631220342_2892188931424385047_n
    – အီရတ်နိုင်ငံမြောက်ပိုင်း ကာ့ဒ်ဒေသတွင်းရှိ မဟာဗျူဟာကျသော ရွာတစ်ရွာကို IS တပ်များလက်မှ ကာ့ဒ်တပ်များက ယမန်နေ့တွင် သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

    သိမ်းယူခဲ့သည့် ရွာမှာ ကာဒ့်ဒေသမြို့တော် အာရ်ဘီလ်မှ ကီလိုမီတာ ၈၀ ကျော် အကွာတွင်ရှိသည့် ဆူလ်တန် အဘ်ဒူလာ ရွာဖြစ်ပြီး ကာဒ့်တပ်ဖွဲ့ Peshmerga မှ တပ်များမှာ IS တပ်ဖွဲ့များကို တစ်အိမ်တက်ဆင်း လိုက်လံ ချေမှုန်းခဲ့ကြသည်။

    တစ်ဂရစ်မြစ်ကမ်းနဖူးတွင် ရှိနေသည့် အဆိုပါရွာမှာ အီရတ်၏ ဒုတိယမြို့တော် မူဆိုးလ်သို့သွားသည့်  အဝေးပြေးလမ်း ဖြတ်သန်းရာ ရွာလည်းဖြစ်ပြီး ထိုရွာအား ဆုံးရှုံးခြင်းက အာရ်ဘီလ်မြို့အား IS အဖွဲ့၏ ကျူးကျော်မှုကို လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်မည်ဖြစ်သောကြောင့် ကာ့ဒ်တပ်များက ထိုရွာအား ထိန်းချုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

    IS အဖွဲ့ကို အီရတ်ရဲတပ်ဖွဲ့၊ စစ်တပ်၊ ကာ့ဒ်တပ်ဖွဲ့များ၊ ရှီအာ ပြည်သူ့စစ်များ၊ ဆွန်နီ လူမျိုးစုများက ပူးပေါင်းကာ တိုက်ခိုက် တွန်းလှန်နေကြပြီး IS လက်ထဲမှ ဒေသအများအပြားကိုလည်း ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

    ၂၀၁၄ ခုနှစ်အတွင်း အီရတ်နိုင်ငံ၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် အရပ်သားနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၁၅၀၀၀ ကျော် သေဆုံးခဲ့ရသည်ဟု အီရတ်အစိုးရက ကြာသာပတေးနေ့က ထုတ်ပြန်သောစာရင်းတွင် ဖော်ပြ ထားသည်။ ထိုသေဆုံးမှုမှာ ၂၀၀၃ ခုနှစ် အမေရိကန်က ကျူးကျော်ခဲ့ပြီးနောက်ပိုင်း တစ်နှစ်အတွင်း သေဆုံးမှုအများဆုံးလည်း ဖြစ်ခဲ့သည်။

    Ref : Aljazeera