News @ M-Media
Blog
  • အသင်းမှာ ဒိုင်လူကြီးများပေးသော ခရစ္စမတ် လက်ဆောင်ရခဲ့ဟု မော်ရင်ဟိုလှောင်ပြောင်
    အသင်းမှာ ဒိုင်လူကြီးများပေးသော ခရစ္စမတ် လက်ဆောင်ရခဲ့ဟု မော်ရင်ဟိုလှောင်ပြောင်
    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media
    1907930_820869471288858_8908235107315474131_n
    – ပြီးခဲ့သည့်ပွဲစဉ် ၂ ခုတွင် မိမိတို့မှာ ဒိုင်လူကြီးကပေးသော ခရစ္စမတ်လက်ဆောင် များ ရရှိခဲ့သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက လှာင်ပြောင်ပြောကြား လိုက်သည်။
    မော်ရင်ဟိုမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့ကပင် မိမိအသင်းအား အပြစ်ပေးရန် ဒိုင်လူကြီးများအကြား လှုပ်ရှားမှုများ ရှိနေသည်ဟု ပြောကြား ခဲ့ပြီး၊ ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချယ်ဆီးမှာ မြို့ခံပြိုင်ဘက် စပါး အသင်းအား ၅ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်တွင် မူ ဒိုင်လူကြီးများအပေါ် မော်ရင်ဟို၏ သဘောထားမှာ ပိုမိုတင်းမာလာခဲ့သည်။
    `ကျွန်တော်အရှုံးကို မုန်းပါတယ်။ ဒါပေမယ့် နယူးကာဆယ်နဲ့ပွဲရှုံးတာကို ကျွန်တော်လက်ခံပါတယ်။ ပွဲတာဝန်ရှိသူတွေရဲ့ စွမ်းဆောင်ရည်က သန့်ရှင်း ခဲ့တယ်လေ။ ရှုံးသွားတဲ့ပွဲအတွက် မတူညီတဲ့ ခံစားမှုမျိုး ရှိပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ခုမှာ ကျွန်တော်တို့ အရေးပါတဲ့ ခရစ္စမတ်လက်ဆောင်တွေ ရခဲ့ပါတယ်။ ဘောလုံးကို ချစ်မြတ်နိုးသူတိုင်း မကြိုက်တဲ့ လက်ဆောင်မျိုးပေါ့ဗျာ´ ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
    ထို့ပြင် စပါးအသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် မိမိတို့အသင်းမှာ နောက်တန်းအမှားများ ရှိခဲ့ကြောင်း၊ စပါးအသင်းမှ တိုက်စစ်မှူးများကို မထိန်းနိုင်ခဲ့ကြောင်း မော်ရင်ဟိုက ၀န်ခံပြောကြားခဲ့သည်။
    Ref : goal.com
  • လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ် ရာသီကုန်လျှင် ထွက်ခွာတော့မည်
    လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ် ရာသီကုန်လျှင် ထွက်ခွာတော့မည်
    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media
    10898217_820864254622713_2846870656984165381_n
    – လီဗာပူးလ်အသင်းတွင် ၁၆ နှစ်ကျော် ကစားလာခဲ့သည့် အင်္ဂလန်ကွင်းလယ်လူ စတီဗင်ဂျရတ်က မိမိအနေဖြင့် ရာသီ ကုန်တွင် အသင်းမှ ထွက်ခွာတော့မည်ဟု ပြောကြားလိုက်သည်။
    ဂျရတ်၏ လက်ရှိစာချုပ်မှာ ယခုနှစ်ဘောလုံးရာသီအပြီးတွင် ကုန်ဆုံးမည်ဖြစ်ပြီး နည်းပြ ဘရန်ဒန်ရော်ဂျာကမူ ဂျရတ်အား အသင်းတွင် ဆက်လက် ရှိနေစေချင်ကာ အသင်းကလည်း ပြီးခဲ့သည့် ဒီဇင်ဘာလတွင် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သည်။
    သို့သော်လည်း အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျရတ်က ၎င်းအနေဖြင့် မိမိ၏ ဘောလုံးသမားဘ၀အား ပရီးမီးယားလိဂ် အပြင်ဘက်တွင် ကုန်ဆုံး ချင်သည်ဟု ဆိုသည်။
    `ကျွန်တော့်ရဲ့ဘ၀မှာ အခက်ခဲဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး ကျွန်တော်နဲ့ ကျွန်တော့် မိသားစုဟာ ကောင်းမွန်တဲ့ အချိန်တစ်ခု အတွက် တော်တော်လေးစဉ်းစားပြီး ဆုံးဖြတ်ခဲ့တာပါ´ ဟု ဂျရတ်က ပြောကြားခဲ့သည်
    ဂျရတ်အား ထိပ်တန်းအသင်း အများအပြားက စိတ်ဝင်စားနေပြီး အမေရိကန် မေဂျာလိဂ်ကလပ် အလ်အေ ဂလက်ဆီ အသင်းကလည်း ခေါ်ယူရန် ကြိုးစားနေသည်။
    ဂျရတ်ကမူ အသင်းမှ ထွက်ခွာတော့မည်ဟု ကြေညာခြင်းမှာ မိမိ၏ အနာဂတ်နှင့် ပတ်သက်၍ ကောလဟာလများက နည်းပြနှင့် အသင်းအား အနှောက်အယှက် မဖြစ်စေရန် ဖြစ်ကြောင်း၊ မိမိ၏ဘ၀တွင် ကြီးမားသောအစိတ်အပိုင်းမှ ပါဝင်သည့် ကလပ်အသင်းအား နှုဆက်ပါသည်ဟု ပြောကြားရခြင်းမှာ အလွန်ခက်ခဲကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref : goal.com
  • ၁၉၅၃-ခုနှစ်က နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု ပေးပို့ခဲ့သည့် “တမန်တော်နေ့မြတ် သဝဏ်လွှာ”
    ၁၉၅၃-ခုနှစ်က နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု ပေးပို့ခဲ့သည့် “တမန်တော်နေ့မြတ် သဝဏ်လွှာ”
    ဇန်နဝါရီ ၃၊ ၂၀၁၅
    M-Media
    ၁၄၂၆-ကြိမ်မြောက် တမန်တော်နေ့တွင် တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်သာသနာဝင်များထံ ပေးပို့သော
    နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ ‘တမန်တော်နေ့မြတ်သဝဏ်လွှာ’
    ၁၉၅၃-ခုနှစ် နိုဝင်ဘာလ ၂၀-ရက်နေ့၌ ကျင်းပမည့် ၁၄၆၂-နှစ်မြောက် တမန်တော် မုဟမ္မဒ် မွေးနေ့ အထိမ်းအမှတ် ပွဲနေ့တွင် ပြည်ထောင်စု မြန်မာ နိုင်ငံတော် အတွင်းရှိ အစ္စလာမ်ဘာသာဝင် အပေါင်းတို့အား မေတ္တာစကား ပို့သလိုက်ပါသည်။
    တမန်တော် မုဟမ္မဒ်သည် လူ့လောကအကျိုးငှာ အစ္စလာမ် လမ်းစဉ်ကို ဟောကြားတော်မူရာတွင် ‘စာရိတ္တဗလကို အစွမ်းကုန် ပြုပြင် မြှင့်တင်ရန် သာလျှင် ငါလာရောက်ခဲ့၏’ဟု မိန့်မြွက်တော်မူသည်။ တမန်တော် မုဟမ္မဒ်သည် အပြောသာမဟုတ်ဘဲ လက်တွေ့ ကျင့်ဆောင်တော်မူခဲ့ရာတွင် ငြိမ်းချမ်းသာယာမှုကို ဖန်တီးနိုင်သည့် စာရိတ္တဗလကို ပြုပြင် မြှင့်တင်ခြင်း၌ အလွန်တရာ အောင်မြင်ခဲ့၏။ ဤအတိုင်း ငြိမ်းချမ်းသာယာမှုကို လိုလားတောင့်တလျက် နေကုန်သော အစ္စလာမ် ဘာသာဝင်အပေါင်းတို့သည် တမန်တော် မုဟမ္မဒ်၏ သိမ်မွေ့နက်နဲသော အပြုအမူနှင့် သြ၀ါဒ လမ်းစဉ်ကို လိုက်နာ ကျင့်သုံးခြင်းဖြင့် ငြိမ်းချမ်းသာယာမှုကို ရရှိနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း။
    (ပုံ) မောင်နု
    ပြည်ထောင်စု မြန်မာနိုင်ငံတော်
    နေ့စွဲ ၁၉၅၃-ခု၊ နိုဝင်ဘာလ ၁၉-ရက်
    (၁၉၅၃ ခုနှစ်၊ ဒီဇင်ဘာလထုတ် ကမ္ဘာ့အလင်းမဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။)
    Image via-Haji Zaw Tun FB
  • ကိုယ့်တက်လမ်းကိုတော့ ကိုယ်တိုင် မပိတ်ကြပါနဲ့ (ပေးစာ)
    ကိုယ့်တက်လမ်းကိုတော့ ကိုယ်တိုင် မပိတ်ကြပါနဲ့ (ပေးစာ)
    ဇန်နဝါရီ ၂ ၊ ၂၀၁၄
    M-Media
    .ပေးပို့သူ- ချယ်ရီမင်းဆွေ
    hard working
    လူငယ်လေး အချို့မှာ လွဲမှားနေတဲ့ အယူတွေရှိတာကို အစ်မ ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတော့ အံ့သြမိတာပေါ့ ငယ်လေးတို့ရေ.။
    ကြည့်စမ်း….ကိုယ့်တက်လမ်းကို ကိုယ် ကိုယ်တိုင် ပိတ်ထားပါလား???  ဆိုတဲ့ အတွေးနဲ့အတူ ငယ်လေးတို့ကို ပြောပြချင်သွားတယ် ။ ဒီလိုလေ.. အစ်မရဲ့ လုပ်ငန်းခွင်မှာ ကြုံတွေခဲ့ရတာပါ….
    သိတဲ့အတိုင်း (အိမ်ဆောက်ပစ္စည်းနဲ့ပရိဘောဂ လုပ်ငန်းသုံး) Aluminum ချောင်းတွေမှာ အမျိုးအစားက ရာကျော်ရှိတာ ။ အစ်မ အလုပ်ဝင်တော့ အဲဒါတွေကို ပုံလေးတွေနဲ့တကွ အမည်ကို တွဲပြီးမှတ်ရသလို တစ်ခါတစ်ရံ ဂိုဒေါင်ထဲသွားပြီး ပစ္စည်းတွေကြည့်ရင်း လေ့လာမှတ်သားရတယ် ။ တစ်နေ့ ပိုင်ရှင်လာကြည့်တဲ့အချိန် ပစ္စည်းထုတ်လက်စ ရောက်တာ သိပ်မကြာသေးတဲ့ အသစ် ၀န်ထမ်းလေးက ဘာမှမသိသလိုလေး ချက်ခြင်းဖြစ်သွားတာကို အစ်မ တအံ့တသြနဲ့ သတိပြုမိသွားတာပေါ့။
    ပိုင်ရှင်ပြန်သွားချိန်မှာ “ဘာဖြစ်လို့ ဆက် မထုတ်တာလဲ” မေးတော့”ကျွန်တော် သိနေ ၊ တတ်နေတာ သိသွားရင် ကျွန်တော်ဘဲ ပိုပင်ပန်းမှာပေါ့”တဲ့လေ။ဘယ့်လောက်တောင် ဥာဏ်နည်းရသလဲကွယ်။
    အစ်မတော့မချင့်မရဲ ဖြစ်မိပြီး နားဝင်အောင် ရှင်းပြခဲ့ရတယ် ငယ်လေးတို့ရေ။
    “မင်း ဒီလောက်အချိန်ပိုင်းလေးအတွင်းမှာ ဒီအမျိုးအစားတွေ တော်တော်လေး တီးမိခေါက်မိသွားတာကို ပိုင်ရှင်သာ သိသွားကြည့်..မင်းကို ပထမဆုံး သတိထားမိသွားမှာ ..
    ပြီးတော့ မင်းကို ဂရုတစိုက် စောင့်ကြည့်သွားမှာ..
    နောက်မင်းရဲ့ လုပ်ရည်ကိုင်ရည် ကြိုးစားမှုကို အချိန်နဲ့အမျှ သိသွားတဲ့နောက် မင်းက အချိန်တိုလေးအတွင်းမှာ အဆင့်တခုကို မြင့်တက်သွားမှာပေါ့ ငယ်လေးရ..
    ကြိုးစားတာက ဘယ်သောအခါမှ အချီးနှီးမဖြစ်ဘူးလေ။ မင်း အခု အနိမ့်ဆုံးအဆင့် အထမ်းသမား ကနေ နောက် အထမ်းသမားတွေရဲ့ ခေါင်းဆောင် နောက် ပစ္စည်းထုတ် တာဝန်ခံ နောက် ဂိုဒေါင်မှုး အဆင့်ဆင့် မင်းအမြန်ဆုံး တိုးတက်ပြောင်းလဲသွားမှာလေ။
    မင်းမြင်တတ်ရမှာပေါ့ ငယ်လေးရယ် ။ မင်းက ကျွန်တော် တတ်တာသိသွားရင် ပင်ပန်းမှာပေါ့ ဆိုပေမယ့်ပင်ပန်းခံတာနဲ့အမျှ မင်းကြိုးစားမှုကို မင်းအထက်အရာရှိကရော လစ်လှုရှုမယ်ထင်သလား..သူ့ရဲ့လက်အောက်က ဘယ်ဝန်ထမ်းဟာဖြင့်ကြိုးစားတယ် ဘယ်သူကဖြင့် အပါးခိုတယ် ၊ပျင်းရိတယ် စသည်ဖြင့်အစည်းအဝေးတိုင်းမှာ ပြောရတယ် ။ဆုပေး ဒဏ်ပေး စနစ်ဆိုတာရှိတယ်ကွ ။
    ပိုင်ရှင်က အဆင့်ဆင့်အုပ်ချုပ်မှုတွေ ချပေးထားတာကလည်း သူ့ဝန်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည်ကို သိချင်လို့ဘဲလေ။ မင်းတို့အထက်နေရာတွေကို အပြင်ကခေါ်ယူတာထက် အောက်ခြေကတက်လာတဲ့ ကျွမ်းကျင်ပြီးဖြစ်တဲ့မင်းတို့ထဲကတော်တဲ့သူတွေကိုဘဲ အဆင့်ဆင့် မြေတောင်မြှောက်ပေးချင်တာ ပိုင်ရှင်တွေရဲ့စိတ်ဘဲကွ။
    မင်းဘက်ကလည်း အလုပ်ကို တာဝန်ကျေအောင်လုပ်ပေးနေတာထက် စေတနာလေးပါ ပိုဆောင်းပြီး လုပ်ပေးကြည့်စမ်းပါအုံး..အဲဒီ့စေတနာတွေအတွက်လည်း အလကားမဖြစ်ဘူး ငယ်လေးရ ။
    ငါ့ကိုဒီလောက်ဘဲ ပေးထားတာ ဒါနဲ့ဘဲ တန်အောင်လုပ်ပေးမယ် ဆိုတာထက် ကိုယ်လုပ်နေတဲ့ အလုပ်ကို (ဘယ်လောက်ဘဲ သေးနှုတ်ပါစေ) စေတနာလေးထားပြီး ဂရုတစိုက် စိတ်နှစ်ပြီး လုပ်ပေးလိုက်ပါ ငယ်လေးရယ် ။
    ကြိုးစားတဲ့သူအတွက် ကြိုးစားမှုကြောင့်ရတဲ့ အောင်မြင်မှုရဲ့ အသီးအပွင့်တွေကို ချိုမြိန်စွာ ခံစားရလေ့ရှိပါတယ်လို့ တရှည်တလျှားရှင်းပြခဲ့ရသေးတယ် ။
    အစ်မ လေးလေးနက်နက် ပြောချင်တာက ကိုယ့်တက်လမ်းကိုတော့ ကိုယ်တိုင် မပိတ်ကြပါနဲ့ ငယ်လေးတို့ရယ်။။။
    —————————
    M-Media ပေးစာကဏ္ဍတွင် ဖော်ပြပေးစေလိုသူများ [email protected] သို့ စာမူများ ပေးပို့နိုင်ပါသည်။
  • ၁၉၅၉ ခုနှစ်က နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင် ပေးပို့ခဲ့သည့် “တမန်တော်နေ့မြတ် သဝဏ်လွှာ”
    ၁၉၅၉ ခုနှစ်က နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင် ပေးပို့ခဲ့သည့် “တမန်တော်နေ့မြတ် သဝဏ်လွှာ”
    ဇန်နဝါရီ ၂၊ ၂၀၁၅
    M-Media
    ၁၄၃၂-ကြိမ်မြောက် တမန်တော်နေ့တွင် တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်သာသနာဝင်များထံ ပေးပို့သော နိုင်ငံတော် သမ္မတကြီး အဂ္ဂမဟာသရေ စည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးဝင်းမောင် (မန်းဝင်းမောင်)၏ ‘တမန်တော်နေ့မြတ်သဝဏ်လွှာ’
    ၁၄၃၂-ကြိမ်မြောက် တမန်တော် ကိုယ်တော်မြတ် ဖွားမြင်တော်မူသည့် အထိမ်းအမှတ်နေ့တွင် မြန်မာနိုင်ငံတော် သမ္မတကြီး ဦးဝင်းမောင်က အောက်ပါ သ၀ဏ်လွှာ ပါးလိုက်ကြောင်း။
    ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းရှိ မှီတင်းနေထိုင်ကြကုန်သော အစ္စလာမ်ဘာသာဝင် အပေါင်းတို့။
    အစ္စလာမ်ဘာသာဝင်အပေါင်းတို့၏ ကရုဏာရှင်ဖြစ်သော တမန်တော်ကြီး၏ မွေးနေ့အထိမ်းအမှတ် အစည်းအဝေးပွဲကြီးသို့ ဤသ၀ဏ်လွှာ ပေးပို့ ရသည့်အတွက် များစွာ နှစ်ထောင်းအားရ ၀မ်းမြောက်လှပါသည်။
    အစ္စလာမ်ဘာသာသည် ကမ္ဘာ့ဘာသာကြီးလေးမျိုးတွင် တမျိုးအပါအ၀င်ဖြစ်၍ မြောက်များလှစွာသော ကမ္ဘာသားတို့၏ ကြည်ညိုလေးစားမှုကို ခံယူရသော ဘာသာကြီးဖြစ်သည့် အလျောက် ကမ္ဘာ့အလည်တွင် တင့်တယ်ထင်ရှားလျက် မားမားမတ်မတ် တည်ရှိနေသော ဘာသာရပ်ကြီးပင် ဖြစ်ပါသည်။
    ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း၌ မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင် အပေါင်းတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအား ကျေးဇူးသစ္စာကို စောင့်သိ ရိုသေစွာဖြင့် ကောင်းမွန်စွာ ကျင့်သုံးကိုးကွယ်ကြသည့် အလျောက် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရကလည်း ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ စည်းမျဉ်း ဥပဒေတွင် လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် အခြားတတ်နိုင်သမျှ လိုအပ်သော အကူအညီများကိုလည်း အားပေးချီးမြှောက် လျက် ရှိပါသည်။
    ဘာသာတရားဟူသည်ကား မည်သည့် ဘာသာတရားမဆို ကမ္ဘာသူ ကမ္ဘာသား လူများတို့၏ တိုးတက်ကြီးပွားမှုတို့အတွက် အစောင့်အရှောက် အကွပ် အထိန်းပင် ဖြစ်ပေသည်။ ကြမ်းများသည် အကွပ်အထိန်းရှိမှ တောင့်တင်းခိုင်မာမှုရ၍ အကွပ်မရှိသည့်အခါတွင် ဗရမ်းဗတာကျိုးပဲ့ပြီး ပျက်စီးခြင်းသို့သာ ကျရောက်နိုင်သည်ဖြစ်သည့်အလျောက် ကမ္ဘာသူကမ္ဘာသား တို့သည်လည်း ဘာသာတည်းဟူသော အကွပ်အထိန်းက ထိန်းသိမ်းမှသာလျှင် ယဉ်ကျေးမှု၊ ညီညွတ်မှု၊ ကြင်နာမှု၊ ကိုယ်ချင်းစာမှုတို့ကို ကျင့်ကြံလိမ့်မည် ဖြစ်ပေသည်။
    သို့အတွက် မည်သည့်လူမျိုး မည်သည့်ဘာသာဝင်မဆို မိမိတို့၏ ကိုးကွယ်ရာ ဘာသာတရားကို ထိန်းသိမ်းစောင့်ရှောက်လျက် ဘာသာတရားက လမ်းပြညွှန်ကြားထားသည့်အတိုင်း ကျင့်ကြံအားထုတ်စေရန် တိုက်တွန်းကြောင်းနှင့် အစ္စလာမ်ဘာသာဝင် အပေါင်းတို့သည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာရှိကြ၍ မိမိတို့၏ ဘာသာဝါဒကို လိုက်နာကျင့်သုံးခြင်းအားဖြင့် အစ္စလာမ်သာသနာတော်ကြီး ကြီးပွားရာ ကြီးပွားကြောင်း တိုးတက်ရာ တိုးတက်ကြောင်းတို့ကို ဆောင်ရွက်နိုင်ကြပါစေရန် ဆုတောင်းပတ္တနာ ပြုအပ်ပါသည်။
    (ဦးဝင်းမောင်)
    နိုင်ငံတော် သမ္မတ
    ပြည်ထောင်စုမြန်မာနိုင်ငံတော်
    (၁၉၅၉)ခုနှစ်၊ အောက်တိုဘာလထုတ် ကမ္ဘာ့အလင်းမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
    Image via-Haji Zaw Tun FB