News @ M-Media
Blog
  • တမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ဆရာတော်များ မြေနီကုန်းတွင် ဟောပြောမည်။
    တမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ဆရာတော်များ မြေနီကုန်းတွင် ဟောပြောမည်။
    ဒီဇင်ဘာ ၃၁ ၊ ၂၀၁၄
    M-Media
    သူရိန်
    Talk2
    ၁၄၈၉ကြိမ်မြောက် မဟာတမန်တော်နေ့ အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံဆရာတော်များ ပါဝင်သော တရားပွဲ တစ်ရပ်ကို ဇန်နဝါရီလ ၅ရက်နေ့တွင် ရန်ကုန်မြို့ မြေနီကုန်းတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။
    ဟောပြောပွဲတွင် ဓမ္မနှင့် ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြင့် ဘာသာအသီးသီးမှ ဦးစီးရှေ့ဆောင် ဆရာတော်များ ဓမ္မကထိကများ က ဦးဆောင် ဟောပြောကြမည်လည်း ဖြစ်သည်။
    ဗုဒ္ဓဘာသာမှ မေတ္တာကမ်ပိန်း ပဓာန နာယက ဆရာတော်ကြီးဖြစ်သော မန္တလေးမြို့ မြဝတီမင်းကြီး ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ အရိယာဝံသာ ဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များက ဓမ္မနှင့် ငြိမ်းချမ်းရေး အမြင်များကို ဟောပြော ကြမည်လည်း ဖြစ်သည်။
    ထိုပြင် ခရစ်ယာန် ဘာသာမှ ကက်သလစ် ဘုန်းတော်ကြီး Fr.မောရစ် ညွန့်ဝေ ဟိန္ဒူ ဘုန်းတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဌ မေတ္တာကမ်ပိန်း နာယက စရီဦးမောင်မြင့်တို့ကလည်း ၄င်းတို့၏ တရားဓမ္မ အမြင်များကို မျှဝေဟောပြော ကြမည်လည်းဖြစ်သည်။
    အစီအစဉ်တွင် အစ္စလာမ်ဓမ္မဗိမာန် မှဦးဆောင်ဆော်သြရေးမှူး အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင်နှင့် အလ်ဟာဂ်ျ ဒေါက်တာဆောင်းလွင်အောင် တို့ကလည်း မဟာတမန်တော်မြတ်ကြီးနှင့် ငြိမ်းချမ်းရေး အကြောင်းကို ဟောပြောမည်ဟု သိရသည်။
    အဆိုပါ တရားပွဲအစီအစဉ်ကို ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့စမ်းချောင်းမြို့နယ် ရှမ်းကုန်းလမ်း ရှိ ကူဝသုလ် အစ္စလာမ် ရာသစ်ဗ် အဖွဲ့ ရုံးခန်းရှေ့ပရဝုဏ်အတွင်း ကျင်းပမည်ဖြစ်သည်။
    ညနေ ၇ နာရီမှ ည၁၀နာရီ ကျော်အထိ ကျင်းပမည့် အဆိုပါ ဘာသာပေါင်းစုံ ဟောပြောပွဲ အခမ်းအနားသို့ ဘာသာပေါင်းစုံမှ တရားနာပရိသတ်များ ကြွရောက် တရားနာယူနိုင်ကြောင်း သိရသည်။
    တရားပွဲကို မေတ္တာ ကမ်ပိန်း နှင့် ကူဝသုလ် အစ္စလာမ် ရာသစ်ဗ် အဖွဲ့တို့မှ မဟာတမန်တော်နေ့ အထိမ်းအမှတ် အဖြစ် ပူးတွဲစီစဉ် ကျင်းပခြင်းဖြစ်သည်။
    talk1
  • မသန်စွမ်း ကလေးငယ်များ ပညာရေး တိုးတက်ရန် မာလာဝီ မွတ်စလင်များ ကူညီပေးနေ
    မသန်စွမ်း ကလေးငယ်များ ပညာရေး တိုးတက်ရန် မာလာဝီ မွတ်စလင်များ ကူညီပေးနေ
    ဒီဇင်ဘာ ၃၁၊ ၂၀၁၄
    M-Media
    30-12-14_Malawi-Muslims-Give-Disabled-Children-New-Hope
    – နိုင်ငံအတွင်းရှိ လစ်လျူရှု ခံထားရသော မသန်စွမ်းကလေးငယ်များ၏ ပညာရေးပြဿနာကို ဖြေရှင်းနိုင်ရန် အတွက် မာလာဝီ မွတ်စလင်များက ဦးဆောင်ကာ ကူညီဆောင်ရွက်ပေးနေသည်ဟု သိရသည်။
    `မာလာဝီနိုင်ငံရဲ့ ကျေးလက်ဒေသ အများစုမှာ၊ အချို့မိသားစုတွေဟာ မသန်စွမ်း ကလေးငယ်တွေအတွက် ပညာရေးရဲ့တန်ဖိုးကို မသိကြပါဘူး။ အဲဒီကလေးတွေဟာ အိမ်တွင်းမှာပဲ ပိတ်လှောင်ခံထားရပြီး လူ့အသိုင်းအ၀ိုင်းနဲ့ ကင်းကွာနေကြပါတယ်။ ဒီအခြေအနေဟာ ၀မ်းနည်းစရာကောင်းတဲ့ အခြေအနေပါ။ ဘာ့ကြောင့်လည်းဆိုတော့ ဒီကလေးတွေဟာ ပညာသင်ကြားခွင့်ရဖို့ အခွင့်အရေးတွေ ဆုံးရှုံးစေလို့ပါပဲ´ ဟု အစ္စလာမ့်သတင်းအချက်အလက်ဗျူရို IIB မှ စီမံခန့်ခွဲရေးမှူး ရှိလ် ဒီနာလာ ချာဘူလီကာက ပြောကြားခဲ့သည်။
    အာဖရိကတောင်ဘက်ရှိ မာလာဝီနိုင်ငံမှာ ဒေသတွင်း၌ စာမတတ်သူ အရေအတွက် အမြင့်ဆုံးနိုင်ငံလည်း ဖြစ်သည်။ ထို့ပြင် မသန်စွမ်း ကလေးငယ်များမှာ မိသားစုအတွက် ကျိန်စာဖြစ်သည်ဟုသော အယူအဆများလည်းရှိနေပြီး၊ မသန်စွမ်းကလေးများအား ၀ိုင်းကျဉ်ထားသည့် ဓလေ့ထုံးတမ်းလည်း ရှိနေသည်။
    ချာဘူလီကာကမူ IIB ၏ လုပ်ဆောင်မှုများအတွင်း မွတ်စလင်ကျောင်းဆရာများ အသင်း MUTA ၏ ပါဝင်မှုမှ တစ်ဆင့် ခရစ်ယာန်နှင့် မွတ်စလင်အသိုင်းအ၀ိုင်းများရှိ မသန်စွမ်းကလေးများ၏ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးသွားမည်ဟု ဆိုသည်။
    `ကလေးငယ်တွေကို ပညာသင်ကြားရေးကနေ ဖယ်ထုတ်ဖို့ `မသန်စွမ်းခြင်း´ ဆိုတဲ့ အကြောင်းပြချက် ပေးလို့မရဘူးလို့ မွတ်စလင်နဲ့ ခရစ်ယာန်အသိုင်းအ၀ိုင်းတွေကို ကျွန်တော်တို့ ပြောနေပါတယ်။ ပညာရေးဆိုတာ လူ့အခွင့်အရေးတစ်ခုပါ။ ဒါ့ကြောင့် မသန်စွမ်းမှုဆိုတဲ့အပေါ်မှာ ခွဲခြားတာမျိုးမရှိဘဲနဲ့ လူတိုင်းဟာ အဲဒီအခွင့်အရေးကို အပြည့်အ၀ ရသင့်ပါတယ်´ ဟု ချာဘူလီကာက ထပ်လောင်းပြောကြားခဲ့သည်။
    မွတ်စလင်အများစုရှိရာ နိုင်ငံတောင်ဘက်မှ အကြီးအကဲတစ်ဦးဖြစ်သူ ကာဒီဝဲကလည်း မသန်စွမ်းကလေးငယ်များ၏ ပညာရေးနှင့် ပတ်သက်၍ မွတ်စလင်နှင့် ခရစ်ယာန် အသိုင်းအ၀ိုင်း နှစ်ခုစလုံးမှာ လုံလောက်အောင် ဆောင်ရွက်ခြင်းမရှိဟု ၀န်ခံခဲ့သည်
    ကာဒီဝဲမှာ ၎င်းနေထိုင်ရာဒေသတွင်း မသန်စွမ်းသူများ၏ ပညာရေး တိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်နေသူဖြစ်ပြီး၊ မာလာဝီလူ့အဖွဲ့အစည်း အတွင်းရှိ ကျိုးကြောင်းခိုင်လုံမှု မရှိသည့် အယူအဆများကိုလည်း တိုက်ဖျက်နေသူဖြစ်သည်။
    `မသန်းစွမ်းဖြစ်ခြင်းဟာ ကျိန်စာ မဟုတ်ဘူးဆိုတဲ့ သတင်းစကားကို လူ့အဖွဲ့အစည်းအတွင်းမှာ ကျွန်တော်တို့ ပေးအပ်နေပါတယ်။ ဒီလိုသတင်းစကားတွေက လူတွေရဲ့ အတွေးအခေါ်ကို ပြောင်းလဲရာမှာ အကူအညီဖြစ်စေပါတယ်´ ဟု ကာဒီဝဲက ပြောကြားခဲ့သည်။
    ချီးကျူးခံရ
    ———-
    မာလာဝီမွတ်စလင်များ၏ ထိုကဲ့သို့ ဆောင်ရွက်မှုကို အစိုးရအဖွဲ့နှင့် ပညာရေး တက်ကြွ လှုပ်ရှားသူများကလည်း ချီးကျူးပြောဆိုခဲ့သည်။
    `နိုင်ငံအတွင်းမှာ ဒုတိယ အကြီးဆုံးဖြစ်တဲ့ အစ္စလာမ်သာသနာဟာ ယုံကြည်သက်ဝင်သူတွေ များတာကြောင့် ဒီလိုဆောင်ရွက်မှုကနေ တစ်ဆင့် နိုင်ငံအတွင်းက မသန်စွမ်း ကလေးငယ်တွေဟာ မသန်စွမ်းမှုဆိုတဲ့အပေါ် ခွဲခြားမခံရဘဲနဲ့ ပညာရေး အခွင့်အလမ်းတွေရဲ့ အကျိုးကို ခံစားရတော့မှာပါ´ ဟု မာလာဝီ ပညာရေးဝန်ကြီး ဒေါက်တာ အီမန်နျူယဲလ် ဖာဘီယာနိုက ပြောကြားခဲ့သည်။
    ထို့ပြင် မွတ်စလင်များ၏ ထိုလုပ်ငန်းများ အောင်မြင်ရေးအတွက် အစိုးရက ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး ပညာရေးကသာ မသန်စွမ်းသူများ အတွက် ကောင်းမွန်သောအနာဂတ်ကို အာမခံနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    လူသိများသည့် ပညာရေးတက်ကြွလှုပ်ရှားသူ ဘန်နီဒစ်တို ကွန်ဒိုဝီကလည်း မိဘများအနေဖြင့် မသန်စွမ်းသူ ကလေးငယ်များအတွက် ပညာရေး၏ အရေးပါပုံကို ကောင်းမွန်စွာ မသိရှိခြင်းကြောင့် မိမိတို့၏ မသန်စွမ်း သားသမီးများကို ကျောင်းသို့ ပို့ရန် ဆန္ဒမရှိကြကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
    `ဒီဆောင်ရွက်မှုတွေဟာ သိပ်ကို အားကျစရာပါပဲ။ ဒါမျိုးကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက စနိုင်ခဲ့ရင် အခုလက်ရှိကြုံနေရတဲ့ အခြေအနေမျိုးနဲ့ တော်တော့်ကို ခြားနားသွားမှာပါ။
    ပညာရေးဟာ ဆင်းရဲမွဲတေမှု အတားအဆီးတွေကို ချေဖျက်ဖို့ အကူအညီ ပေးပါတယ်။ ဒါ့ကြောင့် တကယ်လို့ ဒီကလေးတွေဟာ အခုအချိန်မှာ ပညာသင်ခွင့် မရဘူးဆိုရင်တော့ ကျွန်တော်တို့ဟာ ဆင်းရဲမွဲတေတဲ့ မျိုးဆက်ကို ဖန်းတီးနေတာပဲ ဖြစ်ပါလိမ့်မယ်´ ဟု ကွန်ဒိုဝီက ပြောကြားခဲ့သည်။
    မာလာဝီပြည်သူများ၏ စာမတတ်မှုနှုန်းမှာ ၆၅ ရာခိုင်နှုန်းရှိပြီး အာဖရိကနိုင်ငံများ တွင် အမြင့်ဆုံးဖြစ်နေသည်။
    နိုင်ငံ လူဦးရေ၏ ၃၆ ရာခိုင်နှုန်းရှိသော မွတ်စလင်လူအဖွဲ့အစည်းမှာမူ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်းမှ စတင်ကာ နိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက်ရန်အတွက် ဇောက်ချ လုပ်ကိုင်လာကြသည်။
    OnIslam
  • အာရဗ်ကမ္ဘာမှ အပယ်ခံ ထိပ်တန်း သူရဲကောင်း ငါးဦး
    အာရဗ်ကမ္ဘာမှ အပယ်ခံ ထိပ်တန်း သူရဲကောင်း ငါးဦး
    ဒီဇင်ဘာ ၃၁ ၊ ၂၀၁၄
    M-Media
    မင်းထွဋ်ခေါင် တင်ဆက်သည်။
    b693a22e-eeb3-44b0-9095-92deb94c706e_16x9_600x338
    ယူအေအီး၏ နာမည်ကြီး အမျိုးသမီးလေသူရဲ မရ်ယမ် အလ်မန်စူရီမှ အီဂျစ်၏ “ပါးစပ်ပိတ်ထား အိုဘားမား” လှုပ်ရှားမှုခေါင်းဆောင် မိုနာ အလ်ဘီဟိုင်ရီအထိ အရှေ့အလယ်ပိုင်းဒေသအမျိုးသမီးများကို ကမ္ဘာ့ခေါင်းစီ်းသတင်း၌ ၂၀၁၄ ခုနှစ်တစ်လျှောက် မြင်တွေ့ကြရသည်။
    သို့သော် မျိုးရိုးဗီဇ၊ အဏုဇီဝ၊ ဥပဒေ စသည့်နယ်ပယ်အတွင်း စွမ်းစွမ်းတမံ အားထုတ်ဆောင်ရွက်နိုင်သူများကိုမူ မီဒီယာမီးမောင်းအောက်မှ တိတိကျကျ အသားပေးဖော်ပြချက်ဟူ၍ အနည်းအကျဉ်းမျှပင် မတွေ့ကြရချေ။
    သို့ဖြစ်ရာ ယခုနှစ် အာရဗ်လောက၏ အပယ်ခံသူရဲကောင်းအနည်းငယ်မျှကို တစ်ဦးချင်း စွမ်းဆောင်ချက်အလိုက် ဖော်ပြပါအံ့။
    ၁။ ဗယာန် မဟ်မူးဒ် အလ် ဇဟ်ရာန် – Bayan Mahmoud al-Zahran
    ——————————————————————-
    b5e45149-737e-4b30-b05e-9b93e7543b42
    ရှေးရိုးစွဲဆော်ဒီအာရေဗျ၏ ပထမဆုံးအမျိုးသမီးရှေ့နေဖြစ်လာသူ ဇဟ်ရာန်သည် ယခုနှစ်အစပိုင်းတွင် နောက်ထပ် ပထမဆုံးအောင်မြင်မှု အလံကို လွှင့်ထူခဲ့သည်။ ၎င်းမှာ ဘုရင့်နယ်မြေ၏ ပထမဆုံး အမျိုးသမီးရေးရာ ဥပဒေအကျိုးဆောင်လုပ်ငန်းစု ဖြစ်သည်။
    ဗုရ်ခါ မည်သော ဆော်ဒီအမျိုးသမီးရိုးရာ တစ်ကိုယ်လုံးဖုံးအုပ်ဝတ်စုံဖြင့် ဆင်ယင်သော ဇဟ်ရာန်သည် သူမ၏အကျိုးဆောင်လုပ်ငန်းစတင်ထူထောင်စဉ်အတွင်း “ဘုရင့်နယ်မြေရှိ အခြားအမျိုးသမီးကောင်းကျိုးအလို့ငှာ မိမိ၏ကိုယ်ပိုင်အလေ့အထကို ချမှတ်ခဲ့သည်” ဟု ဆိုသည်။
    “အမျိုးသမီးရှေ့နေ(ဥပဒေပညာရှင်)များလည်း ဥပဒေစနစ်အများအပြားမှာ ပါဝင်ဆောင်ရွက်နိုင်ကြောင်း ကျွန်မ ယုံကြည်ထားပါတယ်။ ယခင်တုန်းက အမျိုးသမီးရှေ့နေနဲ့ အမျိုးသမီးတွေကို ကိုယ်စားပြုအရေးဆိုတာမျိုး မတွေ့ခဲ့ဖူးပါဘူး” ဟူ၍ ဆော်ဒီအခြေစိုက် Arab News နေ့စဉ်ထုတ်သတင်းစာသို့ ပြောပြခဲ့သည်။
    သို့ရာတွင် အမျိုးသမီးရှုထောင့်မှ ဥပဒေကြောင်းအရ အရေးဆိုမှုများအပေါ် တရားရုံးများ၏နားလည်သိမြင်နိုင်ရေးမျှော်လင့်ချက်ဖြင့် သူမမှ တည်ထောင်ထားသည့် လုပ်ငန်းစုသည် “သူမ၏လုပ်ရပ်မှာ အမျိုးသမီးများသက်သက်အတွက်သာ ဥပဒေအကူအညီပေးခြင်းနှင့် ဘောင်ခတ်ကန့်သတ်ထားသည်မဟုတ်ကြောင်း အရေဗီးယားသတင်းဌာနသို့ ပြောကြားသည်။
    “ဆော်ဒီအာရေဗျရဲ့ ဥပဒေစံနစ်က အမျိုးသားနဲ့အမျိုးသမီးတွေကို တန်းတူဆက်ဆံပါတယ်။ ရှေ့နေတစ်ဦးဟာ အမျိုးသားနဲ့အမျိုးသမီးတွေအပေါ် ကိုယ်စားပြုနိုင်ခွင့်ရှိပါတယ်” ဟု သူမက ဆိုသည်။
    ယခုနှစ်နှောင်းပိုင်းတွင် ဒူဘိုင်းအခြေစိုက် Arabian Business မဂ္ဂဇင်းတွင် အာရဗ်ကမ္ဘာတစ်ဝှန်း သြဇာအကြီးမားဆုံးအမျိုးသမီးများစာရင်း၏ သတ္တမနေရာ၌ သူမအား ဖော်ပြခဲ့သည်။
    ဆော်ဒီနိုင်ငံ၊ ဂျစ်ဒဟ်အသံလွှင့်ဌာန ပင်တိုင်သတင်းကြေငြာသူနှင့် Al Arabiya သတင်းစာ၏ ဆောင်းပါးရှင်း စမာရ် ဖာတာနီက ဇဟ်ရာန်အား ဆော်ဒီအာရေဗျအပြောင်းအလဲယန္တရား၏မဏ္ဍိုင်လူငယ်များ၏ သွေးသစ်တစ်စက် ဟု တင်စားဖော်ပြသည်။
    “ဆော်ဒီအာရေဗျမှာ အမျိုးသမီးဥပဒေပညာရှင်များအပေါ် နှစ်များစွာခွဲခြားခဲ့ပြီးနောက် အမျိုးသမီးအခွင့်အရေးတွေနဲ့ပတ်သက်လို့ တမူထူးခြားခုခံကာကွယ်ပေးနိုင်တဲ့ အတိုက်အခံ ပညာရှင်အမျိုးသမီးတစ်ဦးကို ကျွန်တော်တို့ ရရှိပြီဖြစ်ပါတယ်” ဟူ၍ ၎င်းမှ ထပ်လောင်းညွှန်းဆိုခဲ့သည်။
    ၂။ ဇိုင်နာ ဒက်ကေ့ရှ် – Zeina Daccache
    ——————————————–
    0e400446-6372-4ff4-ba26-de51dc303337_4x3_296x222
    သရုပ်ဆောင်၊ ဒါရိုက်တာအလုပ်ကို ရုပ်ရှင်ထုတ်လုပ်မှုနှင့်တွဲ၍ စိတ်ဓာတ်ပြုပြင်/နှစ်သိမ့်ဆွေးနွေးရေးအလုပ်ကိုလည်း လုပ်ဆောင်နေသော လက်ဘနွန်နိုင်ငံသူ ဒက်ကေ့ရှ်သည် အမျိုးသမီးရေးရာများနှင့် လက်ဘနွန်အကျဉ်းထောင်များရှိ အခြေအနေများအား ဇောင်းပေးသည့် ရုပ်ရှင်တို့ကို ထုတ်လုပ်သူဖြစ်သည်။
    ၂၀၀၉ ခုနှစ်တွင် “12 Angry Lebanese” မှတ်တမ်းရုပ်ရှင်ကို သူမ အပြီးသတ်ရိုက်ကူးသည်။ ၎င်းမှာ လက်ဘနွန်နိုင်ငံ၏အကြီးမားဆုံးထိန်းသိမ်းရေးစခန်း Roumieh အကျဉ်းထောင်ရှိ သူမ၏အမျိုးသားလူနာများနှင့် လုပ်ကိုင်ဆောင်ရွက်ပုံများကို အမေရိကန်ဂန္ထ၀င် 12 Angry Men ဇာတ်ကားကို မှီငြမ်းထားခြင်းဖြစ်သည်။
    “12 Angry Lebanese” သည် Muhr Arab Documentary ပထမဆု၊ ၂၀၀၉ ဒူဘိုင်း နိုင်ငံတကာရုပ်ရှင်ပြပွဲတွင် ပရိသတ်ရွေးချယ်ဆုနှင့် ၂၀၁၀ DOX BOX နိုင်ငံတကာမှတ်တမ်းရုပ်ရှင်ပြပွဲတွင် ပရိတ်သတ်အကြိုက်ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
    ထို့နောက် ယခုနှစ်တွင် နောက်ထပ်ထောင်တစ်ခုရှိ အမျိုးသမီးလူနာတို့နှင့်အတူ ဇာတ်ရုံဖျော်ဖြေမှုအခြေတည်ပြီး အမျိုးသမီးအကျဉ်းထောင်အကြောင်းအား ပထမဆုံးစင်တင်မိတ်ဆက်ပေးသော “Scheherazade’s Diary” အမည်ရ မှတ်တမ်းရုပ်ရှင် တစ်ကားကို ထပ်မံ တင်ဆက်ခဲ့သည်။ ၎င်းအတွင်း လက်ဘနွန်လူ့အဖွဲ့အစည်း၏ ပုံရိပ်လွှာကို ထပ်ဟပ်စေသည်ဟု သူမက The Australian သို့ သြဂုတ်လတွင် ပြောကြားခဲ့သည်။
    “မူးယစ်သားကောင်၊ မုဒိန်းကောင်နဲ့ လင်ယောက်ျားတွေကို သတ်ဖြတ်ခဲ့တဲ့ ဒီလူတွေဟာ ပြည်တွင်းအကြမ်းဖက်မှု၊ စိတ်ဒဏ်ရကလေးဘ၀၊ အိမ်ထောင်ပြိုကွဲခြင်း၊ အချစ်ကံခေမှု၊ မိခင်ဘ၀ကင်းကွာနေခြင်း စတဲ့အကြောင်းအရာများကို ပြောပြနေပါတယ်” ဟု သူမက ဆိုသည်။
    လက်ဘနွန်သား ဂျာနယ်လစ်၊ စာရေးသူနှင့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ Joumana Haddad က သူမအား သတ္တိခဲနှင့် ပါရမီရှင်အဖြစ် ဖော်ပြခဲ့သည်။ “လူ့အဖွဲ့အစည်းရဲ့ ဖယ်ကြဉ်ခံအဖြစ် သတ်မှတ်ထားခံရသူများရဲ့အသံကို သူမက ခံစားချက်၊ ခံယူချက်၊ မေတ္တာကို အရင်းတည်ပြီး အပြည့်အ၀ တင်ပြနေသူဖြစ်တယ်။ သူမကို ကျွန်တော် တကယ် လေးစားအားကျပါတယ်” ဟုလည်း Al Arabiya News သို့ ပြောပြခဲ့သည်။
    ၃။ ဟိုစမ် ဇိုဝါ၀ီ – Hosam Zowawi
    ————————————–
    1f4f3761-ea16-4e30-9a9a-e3ffec4c3e31_4x3_296x222
    ဆော်ဒီအာရေဗျမှပေါ်ထွက်လာသော အသက် ၃၀ နှစ်အရွယ် အဏုဇီဝပညာရှင် ဇိုဝါ၀ီသည် ဂျစ်ဒဟ်ဆေးရုံ၌ လက်တွေ့ဆင်းစဉ် ခွဲစိပ်ထားသည့်လူနာများမှာ ကြောက်စရာ ပိုးကူးစက်မှုဒဏ်ခံရကြောင်း သတိထားမိရာမှ ဆေးဝါးမတိုးသည့်ပြဿနာ “superbugs” အပေါ် စူးစမ်းလေ့လာရေးအမြင် စတင်ခဲ့သူဖြစ်သည်။
    ပိုးမွှားကူးစက်ခြင်းအမျိုးအစားကို အလျင်အမြန် ခွဲခြားသတ်မှတ်နိုင်သည့် အလွယ်သုံးကိရိယာတစ်မျိုးအား သူက ဆန်းသစ်ဖော်ဆောင်လိုက်၏။ ယင်းကိရိယာက လူနာ၏အရေးပေါ်အခြေအနေမရောက်မှီ တိကျသည့်ကုသမှုကို ညွှန်ကြားစေနိုင်ခြင်းဖြင့် အသက်ကယ်တင်ရေး အထောက်အကူ ဖြစ်သွားစေသည်။
    ဇိုဝါ၀ီသည် အသက် ၇ နှစ်အရွယ်ကပင် အဏုကြည့်မှန်ပြောင်းတစ်ခု လက်ဆောင်ရချိန်မှစ၍ အဏုဇီဝပညာရပ်ကို စတင်စိတ်ဝင်စားခဲ့သည်။ “superbugs” မှာ ကမ္ဘာနှင့်အ၀ှန်း အလျင်မြန်ဆုံးကျယ်ပြန့်လာသည့်ပြဿနာဖြစ်နေခဲ့ရာ ၎င်းနှင့် ရင်ဆိုင်ယှဉ်ပြိုင်ရန် မျှော်လင့်ထားခဲ့ကြောင်း သူက ယခုနှစ်အစောပိုင်း၌ Time မဂ္ဂဇင်းသို့ ပြောပြသည်။
    “ superbugs ရဲ့အနေအထားက ကမ္ဘာ့အနှံ့မှာ တော်တော်ဆိုးနေလို့ တစ်ကမ္ဘာလုံးက သတိထားနေရပါတယ်။ ဒီကဏ္ဍနဲ့ပတ်သက်ပြီး ပင်လယ်ကွေ့ဒေသမှာ အသိပညာနဲ့သုတေသနအပိုင်းရဲ့ ကွက်လပ်ဖြည့်နိုင်ဖို့ အရေးကြီးတယ်လေ” ဟူ၍ ၎င်းအပေါ် စူးစိုက်သုတေသနပြုခဲ့ခြင်းအကြောင်း ဆက်လက်ပြောကြားသည်။
    ဒူဘိုင်းရှိ အမေရိကန်ဆေးရုံမှ ကူးစက်ရောဂါအထူးကုဆရာဝန် Moeena Zain က ထိုသုတေသနပြုချက်သည် တန်ဖိုး မဖြတ်နိုင်ပါဟု ဆိုခဲ့သည်။
    “ဇီဝပျက်စီးမှုကိုတောင့်ခံပေးတဲ့ ကလာပ်စည်းပြဿနာ အလွန်မြင့်မားနေရတဲ့ ကျွန်တော်တို့လောကမှာ အဲ့ဒါဟာ အလွန်အမင်းကို အသုံးဝင်လှပါတယ်။ လူနာ့ကျောပြင်ရဲ့အသားစ နမူနာကနေ အဖြေရယူဖို့ ၇၂ နာရီကြာမြင့်တတ်ပေမယ့် သူ့ သုတေသနပြုချက်ကြောင့် ၃ နာရီ သို့မဟုတ် ၄ နာရီအတွင်း ရရှိသွားစေပါတယ်”။
    ကြွယ်ဝချမ်းသာသော ပင်လယ်ကွေ့ဒေသတွင်းရှိ လူနာများစွာသည် antibiotic ဆေးဝါးများကို အထိန်းအကွပ်မဲ့ ရရှိသုံးစွဲနေသည်၌ ခန္ဓာကိုယ်ခုခံအားစနစ် ယိုယွင်းနိုင်သည့် ပြဿနာအား ရင်ဆိုင်နေရကြောင်း Zain က ဆိုသည်။
    “ဇိုဝါ၀ီရဲ့ သုတေသနနယ်ပယ်ဟာ ထူးခြားပြောင်မြောက်ယုံမက အချိန်မီအသုံးချနိုင်စရာ ဖြစ်နေပါတယ်။ ကျွန်တော်တို့ဒေသတွင်းမှာ antibiotic ဆေးဝါးတွေကို လွတ်လပ်စွာ ရရှိနိုင်တာကြောင့် လူတိုင်းက လိုအပ်ချိန်တိုင်း သုံးစွဲနိုင်ကြတယ်လေ။ သူတို့ဟာ ဆေးဆိုင်ကိုသွားပြီး ၀ယ်လိုက်ယုံပဲ။ သူ့ရဲ့စမ်းသပ်ချက်က အဲ့ဒီဆေးဝါး မလျော်သုံးစွဲခြင်းကို လျှော့ချပေးနိုင်သွားပါတယ်”။
    ၄။ မရ်ယမ် မတ္တာ – Maryam Matar
    —————————————
    0c82acdd-5fa0-4a26-99f3-b1cb749092ac_4x3_296x222
    အာရဗ်စော်ဘွားများနိုင်ငံသူ ဆရာဝန် မတ္တာသည် ပင်လယ်ကွေ့ဒေသတွင် ပျံ့နှံ့လာသော မျိုးဗီဇဆိုင်ရာရောဂါများနှင့်ပတ်သက်၍ နစ်မြုပ်လုံးပန်းခဲ့သူဖြစ်သည်။
    ၂၀၀၅ ခုနှစ်၌ သူမသည် Down Syndrome Association ပြည်တွင်းအဖွဲ့ကို ထူထောင်ခဲ့ပြီး တစ်နှစ်လွန်သော် Genetic Disease Association အဖြစ်အမည်တွင်လာသည်။ လက်ရှိတွင် ယင်းအဖွဲ့အစည်းအား ဦးဆောင်လျက်ရှိသည်။
    ယခုနှစ်ဆန်းပိုင်းတွင် Down Syndrome Association နှင့် Genetic Disease Association အဖွဲ့အစည်းနှစ်ရပ်လုံးထူထောင်သူ မတ္တာသည် ယူအေအီးနိုင်ငံတွင် အဖြစ်များနေသော သွေးရောဂါအပေါ် သုတေသနတစ်ရပ်ကို ဂျပန်နိုင်ငံ၊ ယာမာဂူချီတက္ကသိုလ်၌ အပြီးသတ်ဆောင်ရွက်နိုင်ခဲ့သည်။ နှစ်နိုင်ငံအကြား ခေါက်တုန့်ခေါက်ပြန်ပြေးလွှားကာ အချိန်လုဆောင်ရွက်ခဲ့ရသည်။
    ဒူဘိုင်း၌ရှိစဉ်လည်း မတ္တာသည် ကောလိပ်၊ တက္ကသိုလ်များတွင် မျိုးဗီဇ ကစဥ့်ကလျားဖြစ်ခြင်း ရှိမရှိ စစ်ဆေးမှုခံယူကြရန် လှုံ့ဆော်တိုက်တွန်းမှုများ ပြုလုပ်သည်။ သူမသည် နေ့စဉ်နှင့်အမျှ စိန်ခေါ်ချက်အချို့ကို ရင်ဆိုင်နေရကြောင်း UAE နေ့စဉ်သတင်းစာသို့ အောက်ပါအတိုင်း ပြောကြားထားသည်။
    “မိသားစုဝင် ၁၂ ဦးရှိတဲ့ ကျောင်းသားတစ်ဦးကို G6PD [glucose-6-phosphate dehydrogenase] ချို့တဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်။ ပုံမမှန်မျိုးဗီဇများဟာ မိခင်ကနေ သားတွေဆီ လက်ဆင့်ကမ်းလာခဲ့တာပါ။ မိဘနှစ်ဦးလုံးကလည်း ပညာမတတ်သူများ ဖြစ်ကြလို့ မျိုးဗီဇတွေအကြောင်း ကျွန်မအနေနဲ့ ရှင်းပြခဲ့ရတယ်”။
    ဒူဘိုင်းအခြေစိုက် Arabian Business ကုန်သွယ်စီးပွားစာစောင်မှ ၂၀၁၂ ခုနှစ်တွင် မတ္တာအား “အကောင်းဆုံး လူထုအကျိုးဆောင်သူ”တစ်ဦး အပါအ၀င်အဖြစ် သတ်မှတ်ခဲ့သည်။
    Muslim Science ၀က်ဘ်ဆိုဒ်မှလည်း ယခုနှစ်အစောပိုင်းက သူမအား “အစ္စလာမ့်လောက၏ သိပ္ပံနယ်ပယ်မှ သြဇာအကြီးမားဆုံး မွတ်စ်လင်မ်အမျိုးသမီး ၂၀ ဦး” စာရင်းထဲ ထည့်သွင်းဖော်ပြသည်။ ၎င်း၏အဆိုအရ မတ္တာ၏အောင်မြင်မှုများအပေါ် အဆင့်ဆင့်အကဲဖြတ်ပြီးနောက် သူမမှာ ထူးခြားစွာ အစပြုသူများ၊ ပုံဖော်သူများနှင့် အနာဂတ်သိပ္ပံသူရဲကောင်းများ စာရင်းဝင်ခဲ့သည်ဟု သိရသည်။
    ၅။ ဒါနီယာ အလ်ဂျာဗရီ – Dania al-Jaabari
    ———————————————–
    05bf70bd-6f0d-40cd-b649-d6f1f94dca3d_4x3_296x222
    အသက် ၁၄ နှစ်အရွယ် ပါလက်စတိုင်းကျောင်းသူလေး ဂျာဗရီသည် ဒီဇင်ဘာလက ကျင်းပသော နိုင်ငံတကာထက်မြက်မှုစွမ်းရည်ပြိုင်ပွဲ၌ သင်္ချာမေးခွန်းပေါင်း ၂၄၀ ကို ၆ မိနစ်အတွင်း အဖြေရှာပြခြင်းဖြင့် ပထမဆုကို ဆွတ်ခူးသွားခဲ့သည်။
    ယင်းပြိုင်ပွဲကို စင်္ကာပူ National Mathematical Olympiad မှ စီစဉ်ကျင်းပပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံအထက်မှ ပြိုင်ပွဲဝင် ၃၀၀၀ ကျော်အား စိတ်တွက်သင်္ချာဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်၏။ ၎င်း၌ လက်နှစ်ဖက်သုံး ပေသီးစနစ်ကို အသုံးပြုစေသည်။
    ယူအေအီးရှိ American University of Sharjah ၏ သင်္ချာပညာရှင်နှင့်ဌာနမှူးဖြစ်သူ Mahmoud Anabtawi က ဂျာဗရီ၏အောင်ပွဲကို “ပြောင်မြောက်လှသည့်အောင်မြင်မှု” ဟု ခေါ်ဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဦးနှောက်၏ ၀ဲဖက်ခြင်းနှင့် ယာဖက်ခြမ်း နှစ်မျိုးစလုံးကို တပြိုင်နက် အသုံးချသွားနိုင်သည့် သူမ၏ (သာမန်နှင့်မတူ) ထူးခြားစွမ်းရည်ကြောင့် ဖြစ်သည်။
    “၄၇ နှစ်ထိ တရားမ၀င် စစ်အုပ်ချုပ်ရေးအောက်ရောက်နေတဲ့ – ၆၇ နှစ်ထိ နယ်ချဲ့မှုနဲ့ မျိုးသုဉ်းရှင်းလင်းမှုကို ခံစားနေရတဲ့ လူ့အဖွဲ့အစည်းထဲက ဒီ(ဂျာဗရီ လို ကလေးငယ်တွေ) ထွက်ရှိနေခြင်းဟာ တကယ့်အတွေးပွားစရာ တစ်ခုပါပဲ။ ဒီလိုအောင်မြင်မှုတွေဟာ ပါလက်စတိုင်းသားတွေရဲ့ အဖိနှိပ်မခံလိုမှု၊ အစ္စရေးကပေးတဲ့ သေခြင်းတရားလက်ဆောင်တွေထဲက ရုန်းကြွချက်ခွန်အား သက်သေအဖြစ် ပေါ်လွင်နေစေပါတယ် ” ဟု အမေရိကန် ဂျာနယ်လစ်နှင့် ရုပ်ရှင်ထုတ်လုပ်သူ Ben Norton မှ ရေးသားဖော်ပြလိုက်သည်။
    ref_ Al Arabiya
  • ယခုနှစ်ပရီးမီးယားလိဂ် ပထမဆုံး နည်းပြ ထုတ်ပယ်သည့်အသင်း ၀က်စ်ဘရွန်းဖြစ်လာ
    ယခုနှစ်ပရီးမီးယားလိဂ် ပထမဆုံး နည်းပြ ထုတ်ပယ်သည့်အသင်း ၀က်စ်ဘရွန်းဖြစ်လာ
    ဒီဇင်ဘာ ၃၁၊ ၂၀၁၄
    M-Media
    10891975_818582281517577_975568449408734700_n
    – ယခုနှစ်ရာသီအစက စာချုပ်ချုပ်ခဲ့သော်လည်း အသင်းအား ရလဒ်ကောင်းများ ရရှိအောင် မစွမ်းဆောင်ပေးနိုင်ခဲ့သည့် မိမိတို့နည်းပြ အလန် အာဗိုင်းအား အသင်းမှ ထုတ်ပယ်လိုက်ပြီဟု ၀က်စ်ဘရွန်းအသင်းက ကြေညာလိုက်သည်။
    အသက် ၅၆ နှစ်အရွယ်ရှိ အာဗိုင်းမှာ အသင်းအား ၆ လသာ ကိုင်တွယ်ရသေးပြီး ပွဲစဉ် ၁၉ အပြီးတွင် ၄ ပွဲသာအနိုင်ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည်။ ထို့ပြင် နောက်ဆုံးကစားသည့် ၃ ပွဲစလုံးကို ရှုံးနိမ့်ခဲ့ကာ အသင်းမှာ အဆင့် ၁၆ တွင်ရှိနေသည်။
    အသင်း၏ နည်းပြအသစ်ကို ယခုသီတင်းပတ် အတွင်း ရှာဖွေသွားရန် ၀က်စ်ဘရွန်းက စီစဉ်နေပြီး လက်ရှိတွင် လက်ထောက် နည်းပြ ရော့ဘ် ကီလီနှင့် ကိသ်ဒေါင်းနင်းတို့က ပူးတွဲကိုင်သွားမည်ဟု ကြေညာခဲ့သည်။
    အာဗိုင်းမှာ ရာသီအစမှစ၍ ယခုအချိန်အထိ ပရီးမီးယားလိဂ်တွင် ပထမဆုံး ထုတ်ပယ်ခံရသော နည်းပြဖြစ်သည်။ ထို့ပြင် ယခုနှစ် ပရီးမီးယားလိဂ်မှာ ၁၈ နှစ်အတွင်း နည်းပြတည်မြဲမှု တတိယအကြာဆုံး ရာသီအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
    ၁၉၉၅-၉၆ ဘောလုံးရာသီတွင် ပထမဆုံးနည်းပြအပြောင်းအလဲမှာ ဇန်န၀ါရီ ၄ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်း တစ်လျှောက် နည်းပြတည်မြဲမှု ဒုတိယ အကြာဆုံး ရာသီဖြစ်သည်။ ၁၉၉၂-၉၃ ဘောလုံးရာသီကမူ နည်းပြတည်မြဲမှု အရှည်ကြာဆုံး ရာသီဖြစ်ပြီး ပထမဆုံး နည်းပြအပြောင်းအလဲမှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင်မှ ဖြစ်ပေါ်ခဲ့သည်။
    Ref : goal.com
  • Globe Soccer Awards ၏ အကောင်းဆုံး နည်းပြဆုကို ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ ဆွတ်ခူး
    Globe Soccer Awards ၏ အကောင်းဆုံး နည်းပြဆုကို ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ ဆွတ်ခူး
    ဒီဇင်ဘာ ၃၁၊ ၂၀၁၄
    M-Media
    1908038_818661028176369_8491398351294569178_n
    – ရီးယဲလ်မက်ဒရစ်သို့ ပထမဆုံးရောက်ရှိသော ရာသီတွင်ပင် နှစ်ပေါင်းများစွာ စောင့်စားခဲ့ရသည့် ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ် ဖလားအား ဆွတ်ခူးပေးနိုင်ခဲ့သည့် နည်းပြ အန်ဆယ်လော့တီမှာ Globe Soccer Awards ဆု ပေးအပ်ချီးမြှင့်ပွဲတွင် အကောင်းနည်းပြဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
    ယမန်နေ့က ဒူဘိုင်းတွင်ပေးအပ်ခဲ့သည့် အဆိုပါဆုအတွက် အန်ဆယ်လော့တီမှာ ဂျာမနီအသင်းအား ကမ္ဘာဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဂျာမနီနည်းပြ ဂျိုအာချင်းလိုကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။
    ထိုဆုမှာ အီတလီ၊ အင်္ဂလန်နှင့် ပြင်သစ် အမှတ်ပေးချန်ပီယံဘွဲ့များကို အေစီမီလန်၊ ချယ်ဆီးနှင့် ပီအက်စ်ဂျီတို့နှင့်အတူ ဆွတ်ခူးရရှိခဲ့ဖူးသည့် အန်ဆယ်လော့တီ၏ တောက်ပသော နည်းပြဘ၀အတွက် မှတ်တိုင်တစ်ခုလည်း ဖြစ်သည်။
    `ကစားသမားကောင်း အများအပြားနဲ့ အံသြဖွယ်ကောင်းတဲ့ ၀န်ထမ်းတွေ ရှိတာကြောင့် ကျွန်တော့်အတွက် အေးဆေးပါပဲ။ သူတို့တွေဟာ အခြားသင်းတွေထက် ရီးယဲလ်ကိုနည်းပြဖို့အတွက် လွယ်ကူစေပါတယ်´ ဟု ဆုရယူပြီးနောက် ပြောကြားခဲ့သည်။
    10885050_818661051509700_7722086060282423551_n
    အန်ဆယ်လော့တီနှင့်အတူ ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာလည်း တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။
    ဘောလုံးနှင့်ပတ်သက်သည့် ဆုများကို ပေးအပ်ချီးမြှင့်သော Globe Soccer Awards တွင် အကောင်းဆုံအေးဂျင့်ဆုနှင့် အကောင်းဆုံး ကလပ်အသင်း ဒါရိုက်တာဆုတို့လည်း ပါဝင်ခဲ့သည်။
    Ref : goal.com