News @ M-Media

Blog

  • ၁၉၅၉ ခုနှစ်က နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင် ပေးပို့ခဲ့သည့် “တမန်တော်နေ့မြတ် သဝဏ်လွှာ”

    ၁၉၅၉ ခုနှစ်က နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင် ပေးပို့ခဲ့သည့် “တမန်တော်နေ့မြတ် သဝဏ်လွှာ”

    ဇန်နဝါရီ ၂၊ ၂၀၁၅
    M-Media

    ၁၄၃၂-ကြိမ်မြောက် တမန်တော်နေ့တွင် တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်သာသနာဝင်များထံ ပေးပို့သော နိုင်ငံတော် သမ္မတကြီး အဂ္ဂမဟာသရေ စည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးဝင်းမောင် (မန်းဝင်းမောင်)၏ ‘တမန်တော်နေ့မြတ်သဝဏ်လွှာ’

     

    ၁၄၃၂-ကြိမ်မြောက် တမန်တော် ကိုယ်တော်မြတ် ဖွားမြင်တော်မူသည့် အထိမ်းအမှတ်နေ့တွင် မြန်မာနိုင်ငံတော် သမ္မတကြီး ဦးဝင်းမောင်က အောက်ပါ သ၀ဏ်လွှာ ပါးလိုက်ကြောင်း။

    ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းရှိ မှီတင်းနေထိုင်ကြကုန်သော အစ္စလာမ်ဘာသာဝင် အပေါင်းတို့။

    အစ္စလာမ်ဘာသာဝင်အပေါင်းတို့၏ ကရုဏာရှင်ဖြစ်သော တမန်တော်ကြီး၏ မွေးနေ့အထိမ်းအမှတ် အစည်းအဝေးပွဲကြီးသို့ ဤသ၀ဏ်လွှာ ပေးပို့ ရသည့်အတွက် များစွာ နှစ်ထောင်းအားရ ၀မ်းမြောက်လှပါသည်။

    အစ္စလာမ်ဘာသာသည် ကမ္ဘာ့ဘာသာကြီးလေးမျိုးတွင် တမျိုးအပါအ၀င်ဖြစ်၍ မြောက်များလှစွာသော ကမ္ဘာသားတို့၏ ကြည်ညိုလေးစားမှုကို ခံယူရသော ဘာသာကြီးဖြစ်သည့် အလျောက် ကမ္ဘာ့အလည်တွင် တင့်တယ်ထင်ရှားလျက် မားမားမတ်မတ် တည်ရှိနေသော ဘာသာရပ်ကြီးပင် ဖြစ်ပါသည်။

    ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း၌ မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင် အပေါင်းတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအား ကျေးဇူးသစ္စာကို စောင့်သိ ရိုသေစွာဖြင့် ကောင်းမွန်စွာ ကျင့်သုံးကိုးကွယ်ကြသည့် အလျောက် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရကလည်း ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ စည်းမျဉ်း ဥပဒေတွင် လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် အခြားတတ်နိုင်သမျှ လိုအပ်သော အကူအညီများကိုလည်း အားပေးချီးမြှောက် လျက် ရှိပါသည်။

    ဘာသာတရားဟူသည်ကား မည်သည့် ဘာသာတရားမဆို ကမ္ဘာသူ ကမ္ဘာသား လူများတို့၏ တိုးတက်ကြီးပွားမှုတို့အတွက် အစောင့်အရှောက် အကွပ် အထိန်းပင် ဖြစ်ပေသည်။ ကြမ်းများသည် အကွပ်အထိန်းရှိမှ တောင့်တင်းခိုင်မာမှုရ၍ အကွပ်မရှိသည့်အခါတွင် ဗရမ်းဗတာကျိုးပဲ့ပြီး ပျက်စီးခြင်းသို့သာ ကျရောက်နိုင်သည်ဖြစ်သည့်အလျောက် ကမ္ဘာသူကမ္ဘာသား တို့သည်လည်း ဘာသာတည်းဟူသော အကွပ်အထိန်းက ထိန်းသိမ်းမှသာလျှင် ယဉ်ကျေးမှု၊ ညီညွတ်မှု၊ ကြင်နာမှု၊ ကိုယ်ချင်းစာမှုတို့ကို ကျင့်ကြံလိမ့်မည် ဖြစ်ပေသည်။

    သို့အတွက် မည်သည့်လူမျိုး မည်သည့်ဘာသာဝင်မဆို မိမိတို့၏ ကိုးကွယ်ရာ ဘာသာတရားကို ထိန်းသိမ်းစောင့်ရှောက်လျက် ဘာသာတရားက လမ်းပြညွှန်ကြားထားသည့်အတိုင်း ကျင့်ကြံအားထုတ်စေရန် တိုက်တွန်းကြောင်းနှင့် အစ္စလာမ်ဘာသာဝင် အပေါင်းတို့သည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာရှိကြ၍ မိမိတို့၏ ဘာသာဝါဒကို လိုက်နာကျင့်သုံးခြင်းအားဖြင့် အစ္စလာမ်သာသနာတော်ကြီး ကြီးပွားရာ ကြီးပွားကြောင်း တိုးတက်ရာ တိုးတက်ကြောင်းတို့ကို ဆောင်ရွက်နိုင်ကြပါစေရန် ဆုတောင်းပတ္တနာ ပြုအပ်ပါသည်။

    (ဦးဝင်းမောင်)
    နိုင်ငံတော် သမ္မတ
    ပြည်ထောင်စုမြန်မာနိုင်ငံတော်

    (၁၉၅၉)ခုနှစ်၊ အောက်တိုဘာလထုတ် ကမ္ဘာ့အလင်းမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။

    Image via-Haji Zaw Tun FB

  • အီဂျစ်စွန့်စား သွားလာသူတစ်ဦး တောင်ဝင်ရိုစွန်းသို့ ရောက်ရှိ

    အီဂျစ်စွန့်စား သွားလာသူတစ်ဦး တောင်ဝင်ရိုစွန်းသို့ ရောက်ရှိ

    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media
    10906313_820585304650608_6006340081951807018_n
    – ကမ္ဘာ့အမြင့်ဆုံး တောင် ၇ လုံးကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် အီဂျစ်နိုင်ငံမှ စွန့်စားသွားလာသူတစ်ဦးမှာ ယခုတစ်ပတ်အတွင်း တောင်ဝင်ရိုးစွန်းသို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်ဟု သိရသည်။

    အိုမာ ဆမ်ရာဟုခေါ်သည့် အဆိုပါ အီဂျစ်နိုင်ငံသားမှာ ကမ္ဘာ့ အအေးဆုံး၊ လေအထန်ဆုံးနှင့် အခြောက်သွေ့ဆုံး တောင်ဝင် ရိုးစွန်းကို ရောက်ရှိရန်အတွက် အန်တာတိကတိုက်တွင် ၁၁၁ ကီလိုမီတာ အကွာအဝေးကို ခက်ခဲစွာ ကျော်ဖြတ်ခဲ့ရသည်။

    ဂျာမနီ၊ ရုရှားနှင့် အိန္ဒိယနိုင်ငံတို့မှာ အဖွဲ့ဝင် ၁၁ ဦးပါသည့် ဆမ်ရာတို့အဖွဲ့မှာ နေ့စဉ် ၉ နာရီခန့် နှင်းလျှောစီးကာ ခရီးသွားခဲ့ရပြီး ရာသီဥတုအခြေအနေကိုလိုက်၍ တစ်နေ့လျှင် ၁၄ ကီလိုမီတာမှ ၁၆ ကီလိုမီတာအထိ ခရီးတွင်ခဲ့ဟု ဆိုသည်။

    ဆမ်ရာမှာ တောင်ဝင်ရိုးစွန်းသို့ ပြီးခဲ့သည့် တနင်္လာနေ့က ရောက်ရှိခဲ့ခြင်းဖြစ်ပြီး တစ်ရက်အကြာ အင်္ဂါနေ့တွင် ၎င်း၏ အောင်မြင်မှုကို ဆိုရှယ်မီဒီယာများ၌ ရေးသားဖော်ပြခဲ့သည်။

    `နှစ်သစ်ရောက်ဖို့ နီးကပ်နေတဲ့အချိန်မှာ ရရှိခဲ့တဲ့ ဒီအောင်မြင်မှုနဲ့အတူ ၂၀၁၅ ခုနှစ်ဟာ အီဂျစ်နိုင်ငံနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်ကြတဲ့ လူတိုင်းအတွက် ကောင်းမွန်တဲ့ နှစ်တစ်နှစ် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်´ ဟု ဆမ်ရာက ၎င်း၏ အောင်မြင်မှုကို ဖွင့်ဟခဲ့သည်။

    ထို့ပြင် ၎င်းအနေဖြင့် အစာအိမ်ရောဂါပြင် အချို့သောအခက်အခဲများကို ကြုံတွေ့ခဲ့ရသော်လည်း မိမိ၏ သက်လုံကို ထိန်းကာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    တိုက်ကြီး ၇ တိုက်မှ ကမ္ဘာ့အမြင့်ဆုံး တောင် ၇ လုံးကို တက်ရောက်နိုင်ခဲ့သည့် ဆမ်ရာမှာ `စွန့်စားသွားလာမှု ဂရင်စလင်းပြိုင်ပွဲ´ အား အောင်မြင်ရန် အတွက် လက်ရှိတွင် မြောက်ဝင်ရိုးစွန်းကိုသာ သွားရောက်ရန် ကျန်ရှိနေပြီး ၎င်းကလည်း ၂၀၁၅ ခုနှစ် ဧပြီလတွင် မြောက်ဝင်ရိုစွန်းသို့ သွားရောက်မည်ဟု ပြောကြားခဲ့သည်။
    10906102_820585324650606_2313581754703299524_n
    ယခုနှစ်မှာ အာရပ်စွန့်စားသွားလာသူများ အောင်မြင်သည့် နှစ်တစ်နှစ်ဖြစ်ပြီး ပြီခဲ့သည့်မေလကလည်း ဆော်ဒီအာရေဗျမှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ရာဟာမိုဟာရက်မှာ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ကို တက်ရောက်နိုင်ခဲ့သည်။

    ထိုသို့ တက်ရောက်နိုင်ခဲ့ခြင်းကြောင့် မိုဟာရက်မှာ ဧ၀ရက်တောင်ထိပ်ကို ရောက်ရှိသည့်ဆော်ဒီအာရေဗျ၏ ပထမဆုံးအမျိုးသမီး ဖြစ်လာခဲ့ပြီး အာရပ်များထဲမှ အသက်အငယ်ဆုံး ဧ၀ရက်တောင်ရောက် အမျိုးသမီးလည်း ဖြစ်သည်။

    Source : alarabiya

    ပုံ ၁ – တောင်ဝင်ရိုးစွန်းသို့ ရောက်ခဲ့သည့် အိုမာဆမ်ရာ
    ပုံ ၂ – ဧ၀ရက်တောင်ကိုတက်ခဲ့သူ ဆော်ဒီအာရေဗျမှ ရာဟာ မိုဟာရက်

  • အလုပ်ခိုင်းသည်ကို မကျေနပ်၍ အမေရိကန်တွင် မိခင်ဖြစ်သူအား သားက ခေါင်းဖြတ်သတ်

    အလုပ်ခိုင်းသည်ကို မကျေနပ်၍ အမေရိကန်တွင် မိခင်ဖြစ်သူအား သားက ခေါင်းဖြတ်သတ်

    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media

    10418993_820584941317311_364137281325967456_n
    – အလုပ်များခိုင်းလွန်းသည်ကို မကျေနပ်သည့်အတွက် သားဖြစ်သူက မိခင်အား ခေါင်းဖြတ်သတ်မှုတစ်ခု အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ဒီဇင်ဘာ ၃၁ ရက်နေ့ညက ဖလော်ရီဒါပြည်နယ် အိုလ်ဒ်စ်မာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူမှာ အသက် ၄၈ နှစ်အရွယ်ရှိ မာရီယာ ဆွာရက်ဇ် ကက်ဆက်နီဆိုသူ ဖြစ်သည်။

    ကက်ဆက်နီ၏ သား မာရီယိုဂိုးမက်စ်ဇ်က မိခင်ဖြစ်သူမှာ အသတ်ခံထားရသည်ဟု တိုင်ကြားခဲ့သောကြောင့် ရဲတပ်ဖွဲ့က သွားရောက် ကြည့်ရှုခဲ့ရာ တမ်ပါရာဒေသရှိ ၎င်းတို့နေအိမ်အပြင်ဘက် အမှိုက်ပုံးများအနီးတွင် ကက်ဆက်နီ၏ ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ရကာ အမှိုက်ပုံး တစ်ခုတွင် ဦးခေါင်းအား ရှာဖွေတွေ့ရှိခဲ့သည်။

    မာရီယိုကမူ ၎င်း၏ညီဖြစ်သူ ခရစ္စတီယန်ဂိုးမက်ဇ်က ထိုကဲ့သို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိတွင် ထွက်ပြေးနေ သည်ဟု ပြောကြား ခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ရာ စက်ဘီးဖြင့် ထွက်ပြေးနေသည့် အသက် ၂၃ နှစ်အရွယ် ခရစ္စတီယန်အား နာရီဝက် အကြာတွင် ဖမ်းဆီးရမိခဲ့သည်။

    ခရစ္စတီယန်ကလည်း မိခင်ဖြစ်သူအား သတ်ဖြတ်ခဲ့သည်ကို ၀န်ခံခဲ့ပြီး ပြီးခဲ့သည့် ၂ ရက်အတွင်း သေတ္တာအချို့အား အထပ်ခိုးပေါ်သို့ရွှေ့ရန် တစ်ကျီကျီလုပ်ခြင်းကြောင့် သတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။ ၎င်းအား လက်ရှိအချိန်တွင် ပထမအဆင့် လူသတ်မှုဖြင့် တရားစွဲဆိုထားသည်။

    Source : CNN

    ဓာတ်ပုံ – မိခင်ဖြစ်သူအား ခေါင်းဖြတ်သတ်ခဲ့သူ ခရစ္စတီယန် ဂိုးမက်ဇ်

  • ပျောက်ဆုံး Air Aisa လေယာဉ်မှ ခရီးသည်၏ ပထမဆုံး ဈာပန အခမ်းအနား ကျင်းပ

    ပျောက်ဆုံး Air Aisa လေယာဉ်မှ ခရီးသည်၏ ပထမဆုံး ဈာပန အခမ်းအနား ကျင်းပ

    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media
    1503893_820584651317340_4982769200097546992_n
    – ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပျောက်ဆုံး သွားခဲ့သည့် Air Asia လေကြောင်းလိုင်းမှ လေယာဉ်အမှတ် QZ8501 တွင် လိုက်ပါသွားခဲ့သည့် ခရီးသည်များမှ ပထမဆုံး ဈာပနကို အင်ဒိုနီးရှား၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဆူရာဘာယာမှ ဟာယတ်တီ လတ်ဖီယာ ဟာမီဆိုသည့် အမျိုးသမီး၏ အသုဘ အခမ်းအနားဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို အတည်ပြုခဲ့ပြီးနောက် မိသားစုအား လွှဲပြောင်းပေးအပ်ခဲ့ကာ ဇန်န၀ါရီ ၁ ရက်နေ့ နေ့လည်ပိုင်းက ဆူရာဘာယာတွင် သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်သည်။

    ဟာမီ၏ အိမ်တွင် ၀တ်ပြုဆုတောင်းခဲ့ကာ အဆိုပါ ဈာပနသို့ လိုက်ပါပို့ဆောင်သူ ရာချီရှိခဲ့သည်။ အင်ဒိုနီးရှား ကယ်ဆယ်ရေး တာဝန်ရှိသူများကမူ အမျိုးသမီးငယ်တစ်ဦး၏ ရုပ်အလောင်းကိုလည်း မည်သူမည်ဝါဖြစ်ကြောင်း ထပ်မံအတည်ပြုရန် ကြိုးစားနေ သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါလေယာဉ်တွင် လိုက်ပါသွားသည့် ခရီးသည်များတွင် ယခုအချိန်အထိ လူ ၉ ဦး၏ အလောင်းကိုသာ ဆယ်ယူရရှိသေးပြီး ဆိုးရွားသော ရာသီဥတုကြောင့် ရှာဖွေမှုများ နှောင့်နှေးလျက် ရှိနေသည်။

    အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားခဲ့သည့် အဆိုပါ လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းနှင့် ခရီးသည်စုစုပေါင်း ၁၆၂ ဦးပါဝင်ပြီး ၁၅၀ မှာ အင်ဒိုနီးရှားနိုင်ငံသားများ ဖြစ်ကြသည်။

    Ref : aljazeera

  • အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ မလိုတမာစိတ်နှင့် အမုန်းတရား များသာဖြစ်သည်ဟု ဂျာမနီ ၀န်ကြီးချုပ်ပြော

    အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ မလိုတမာစိတ်နှင့် အမုန်းတရား များသာဖြစ်သည်ဟု ဂျာမနီ ၀န်ကြီးချုပ်ပြော

    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media
    10888964_820476331328172_2469225279220563838_n
    – ပဋိပက္ခများဖြစ်ပွားနေသော နိုင်ငံများမှ ဒုက္ခသည်များကို နိုင်ငံအတွင်း ၀င်ရောက် ခိုလှုံခွင့်ပေးရန် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလမာကဲလ်က တိုက်တွန်းလိုက်ပြီး နိုင်ငံ အတွင်း ဖြစ်ပွားနေသော အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှာမှုများကလည်း အမုန်းတရားများပြည့်နေသော လူမျိုးရေး ခွဲခြားမှုလုပ်ရပ်သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဒီဇင်ဘာ ၃၁ ရက်နေ့ ညပိုင်းက တိုင်းပြည်အား ပြောကြားခဲ့သော နှစ်သစ်မိန့်ခွန်းတွင် မာကဲလ်က ယခုကဲ့သို့ ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ အခြေချသူများအား ကြိုဆိုရန်အတွက် လည်း ဂျာမန်ပြည်သူများအား တိုက်တွန်းခဲ့သည်။

    `ကျွန်မတို့ တိုင်းပြည်မှာ ခိုလှုံချင်တဲ့သူတွေကို ကူညီဖို့ဆိုတာ ပြောစရာကို မလိုပါဘူး´ ဟု မာကဲလ်က ဆိုသည်။

    ထို့ပြင် လွန်ခဲ့သည့် သီတင်းပတ်များက နိုင်ငံအရှေ့ပိုင်း ဒရက်စ်ဒန်မြို့တွင် ပြုလုပ်ခဲ့သော မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုအုပ်စု PEGIDA ၏ အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြမှု မြင့်တက်လာခြင်း အတွက်လည်း ၀မ်းနည်းမိသည်ဟု မာကဲလ်က ဖွင့်ဟခဲ့သည်။

    `ဒီနေ့ခတ်မှာ လူတွေဟာ နေ့စဉ်နေ့တိုင်း `ငါတို့ လူမျိုးကွ´ လို့ အော်လာကြပါ တယ်။ ဒါဟာ တစ်ကယ်တော့ အသားအရောင် ဒါမှမဟုတ် ဘာသာတရားကြောင့် တစ်ချို့ကတော့ ဒီထဲ မပါဘူးလို့ ဆိုလိုတာပါပဲ။ ဒါ့ကြောင့် ဒီလှုပ်ရှားမှု ပြုလုပ်တဲ့သူတွေကို ပြောချင်တာက – ဒီလှုပ်ရှားမှုထဲမှာပါဖို့ လာခေါ်တိုင်း မလိုက်ပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ သူတို့တွေရဲ့ နှလုံးသားတွေထဲမှာ မလိုတမာစိတ်နဲ့ အမုန်းတရားတွေသာ ရှိနေတာပါ ´ ဟု ပြိုကျသွားခဲ့သည့် ဘာလင်တံတိုင်းရှေ့တွင် ပြုလုပ်ခဲ့သော မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ပတ်သက်၍ မာကဲလ်က ထပ်လောင်းပြောကြားခဲ့သည်။

    ဂျာမနီ၏ ဒုက္ခသည်ခိုလှုံခွင့်ပေးမှုဆိုင်ရာ ဥပေဒမှာ ကမ္ဘာပေါ်တွင် လစ်ဘရယ် အကျဆုံး နိုင်ငံများထဲတွင် အပါအ၀င်ဖြစ်ပြီး အများစုကမူ ထိုကဲ့သို့ ဒုက္ခသည်များအား လက်ခံမှုမှာ အတိတ်က နာဇီများ၏ ပုံစံမျိုး ဖြစ်မလာအောင် တုံ့ပြန်ခြင်းဖြစ်သည်ဟု ရှုမြင်နေကြသည်။ ကမ္ဘာတစ်ဝှမ်းမှ ဒုက္ခသည်များကို လက်ခံခြင်းမှာ နာဇီဝါဒ ရှင်သန်မှုကို အတားအဆီးဖြစ်စေသည်။

    ဂျာမနီသို့ ဒုက္ခသည်များ လာရောက်ခိုလှုံမှု အရေအတွက်မှာ ယခုနှစ်တွင် ၂ သိန်းခန့်အထိ ရောက်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်ကထက် လေးဆ တက်လာခဲ့ကာ နှစ် ၂၀ အတွင်း အမြင့်ဆုံး ပမာဏလည်း ဖြစ်သည်။

    ဂျာမနီရှိ အစ္စလာမ်ဘာသာဝင်ဦးရေမှာ စုစုပေါင်း ၄ သန်းခန့်ရှိပြီး ထိုမွတ်စလင် လူဦးရေ၏ ၃ ပုံ ၂ ပုံမှာ တာ့က်အနွယ်များ ဖြစ်သည်။

    လွန်ခဲ့သည့် သီတင်းပတ် အနည်းကပင် PEGIDA အုပ်စုမှာ မွတ်စလင် ဆန့်ကျင်ရေးနှင့် ပြောင်းရွှေ့ အခြေသူများအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြမှုများကို ကျင်းပခဲ့ကြသည်။

    ပြီးခဲ့သည့် သီတင်းပတ် တနင်္လာနေ့ကလည်း နိုင်ငံအရှေ့ပိုင်း ဒရက်စ်ဒန်မြို့တွင် ပြုလုပ်ခဲ့သော မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် စံချိန်တင် လူပေါင်း ၁၇၅၀၀ ခန့် ပါဝင်ခဲ့ပြီး သီတင်းပတ်များအတွင်း ၁၀ ကြိမ်မြောက် ဆန္ဒပြမှုလည်း ဖြစ်သည်။ ဆန္ဒပြမှုများ အတွက် ဂျာမန်ပြည်သူများက `Dresden Nazi-free´ (ဒရက်စ်ဒန်မြို့တွင် နာဇီဝါဒ ကင်းစင်ရမည်) ဟူသော ခေါင်းစဉ်ဖြင့် တန်ပြန်ဆန္ဒပြမှု ပြုလုပ်ခဲ့ပြီး လူပေါင်း ၄၅၀၀ ခန့် ပါဝင်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြမှုတွင် ဂျူးများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် Holocaust အဖြစ်အပျက်မျိုး ဖြစ်ပွားစေခဲ့သော လူမျိုးရေး ခွဲခြားမှုနှင့် လူမျိုးခြားကြောက်ရောဂါများ အတွက် ဂျာမနီတွင် နေရာမရှိဟု သတိပေးခဲ့ကြသည်။

    ဂျာမနီစက်မှုလက်မှု အသင်းမှ ဥက္ကဌဖြစ်သူ အူလ်ရစ်ခ်ျ ဂရီလိုကလည်း ထိုကဲ့သို့ အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ နိုင်ငံ၏ အကျိုးစီးပွားနှင့် တန်ဖိုးများကို အခြေပျက်စေသည်ဟု ပြောကြားခဲ့သည်။

    Ref : Reuters